← Chapters

ဗာကီရီ အဖွဲ့ဝင်များ (၄)

Vol. 119 Ch. 1653

ဗာကီရီ အဖွဲ့ဝင်များ (၄)

Vol. 119 Ch. 1653

အားနူမှာ ပြန်လည် လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... အဝါရောင် မြေကြီး စက်လုံး၏ ချဲ့ထွင်မှုကြောင့် သူ၏ မေးရိုးများမှာ နေရာလွဲသွားလေရာ ပြန်လည် ပိတ်လို့ မရနိုင်တော့ချေ။ ရွှယ်ရီဖေးမှာ အားနူထံသို့ ပျံသန်းလာ၏။ ထို့နောက် သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးတောင့် တစ်ခု ပျံသန်းလာကာ အားနူ၏ ပါးစပ် အတွင်း ဝင်ရောက်သွားခဲ့သည်။ ၎င်းက နူးညံ့သည့် ရွှေရောင် အလင်းများ အဖြစ် ကွဲထွက်သွားကာ အားနူ၏ ပါးစပ်ကို လွှမ်းခြုံလိုက်လေ၏။

တစ်ခဏမျှ အတွင်းမှာပင် အားနူ၏ မေးရိုးမှာ ပြီးပြည့်စုံသည့် အနေအထားသို့ ပြန်လည် ရောက်ရှိသွားခဲ့ကာ ခံစားခဲ့ရသည့် ဒဏ်ရာများမှာလည်း လျှို့ဝှက် အာဏာရှင်များ၏ မျက်လုံးများကိုပင် လှည့်စားနိုင်လောက်သော အမြန်နှုန်းဖြင့် ပျောက်ကင်း သွားခဲ့သည်။

“နောက်ကို ဘယ်တော့မှ မပေါ့ဆနဲ... ဘယ်လို ရန်သူမျိုးကိုမှ အထင်မသေးနဲ့...”

ရွှယ်ရီဖေးက အဘွားတစ်ယောက်၏ လေသံဖြင့် သူ၏ မြစ်ကလေးကို ဆုံးမလိုက်၏။ အားနူ၏ မျက်လုံးများမှာ ဒေါသဖြင့် ဝင်းဝင်းတောက် နေသော်လည်း နာခံစွာဖြင့် ခေါင်းညိတ်လိုက်သည်။

ဘုန်း...

ထိုအခိုက်တွင်ပင် ကောင်းကင်မျိုးနွယ်မှာ သူလဲပြိုကျသွားခဲ့သည့် ချောက်နက် အတွင်းမှ ပြန်လည် ထွက်ပေါ်လာ၏။ သူက မိုင်ပေါင်းရာချီ ကွာဝေးသည့် ကောင်းကင် တစ်နေရာတွင် ပျံသန်း နေခဲ့သည်။

“မင်းက သေမျိုးတွေ နဂါးနတ်မိမယ်လို့ ခေါ်တဲ့သူလား...”

သူ၏ ခန္ဓာကိုယ်က အားကောင်းသည့် လျှို့ဝှက် စွမ်းအင်များနှင့် ဆက်လက် ဝန်းရံနေဆဲ ဖြစ်သည်။ ရွှယ်ရီဖေး၏ တိုက်ခိုက်မှု၌ များစွာ မထိခိုက်ခဲ့ကြောင်း ထင်ရှားပေသည်။

ရွှယ်ရီဖေး တစ်ယောက် ဝေ့ဝူယင် ပြောကြားခဲ့ဖူးသည့် ပေါ့ပေါ့ပါးပါး မှတ်ချက် တစ်ခုကို ပြန်လည် သတိရလိုက်မိသည်။ ထိုစဉ်က သူတို့ နှစ်ယောက်မှာ တောင်ထိပ် တစ်ခုတွင် ပျင်းရိစွာ လဲလျောင်းရင်း အဝေးရှိ ဂြိုဟ်တစ်ခုပေါ်မှ တိုက်ပွဲ တစ်ခုကို ငေးကြည့်နေကြခြင်း ဖြစ်သည်။

တိုက်ပွဲများ၌ မိမိနှင့် တိုက်ခိုက်နေသည့် ရန်သူများက (စူးစမ်းလိုစိတ်မှ လွဲ၍ အရေးပါသော ရည်ရွယ်ချက်များ မပါသည့်) အသုံးမဝင်သော မေးခွန်းများကို မေးလာသည့် အခါ ရင်ချင်မိကြောင်း ဝေ့ဝူယင်က ပြောပြခဲ့သည်။ အဘယ်ကြောင့် စကားပြောနေရမည်နည်း။ တိုက်ပွဲဖြစ်လေရာ တိုက်ခိုက်လိုက်ရုံသာ ရှိသည်။

အရာရာ ပြီးဆုံးသွားပြီးနောက် အနိုင် ရရှိသူ အဖြစ်ဖြင့် မေးခွန်းများကို မေးမြန်းရသည်ပင် ပိုမို လွယ်ကူပေသည်။

ရွှယ်ရီဖေး စိတ်ထဲမှ ပြုံးလိုက်မိ၏။ ကောင်းကင်မျိုးနွယ် ရွေးချယ်ခံကို စိုက်ကြည့်ရင်း သူမ ခွန်အားကို ဖြည်းညင်းစွာပင် စုဆောင်း လိုက်သည်။

"ဟုတ်တယ်"

သူမ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်၏။

"အံ့သြစရာ မဟုတ်တော့ပါဘူး... မင်းရဲ့ ခွန်အားက သေမျိုးတစ်ယောက်အတွက် တော်တော် ကြောက်စရာကောင်းတယ်... ဒါနဲ့ မင်းက သန္ဓေပြောင်း သားရဲလားလား"

ကောင်းကင်မျိုးနွယ်ဝင် ရွေးချယ်ခံက ရွှယ်ရီဖေး၏ အသွင်ပြောင်းလဲထားသော ခန္ဓာကိုယ်ကို ကြည့်ရင်း စိတ်ဝင်တစား မေးလိုက်၏။ ရွှယ်ရီဖေး၏ အော်ရာမှာ သန္ဓေပြောင်း သားရဲ တစ်ယောက်နှင့် အတော်လေး တူညီသည်။ သူမက မိစ္ဆာမျိုးရိုးမှ ဆင်းသက်လာသည့် အစစ်အမှန် နဂါးတစ်ပါးလို ခံစားရသည်။ အဇူရာ မူလ ဂလက်စီနယ်မြေတွင် ကြီးပြင်းလာခဲ့သူ တစ်ယောက် အနေဖြင့် မိစ္ဆာ အာဏာရှင်၏ တည်ရှိမှုမှာ သူ့နှလုံးသားကို လွှမ်းခြုံနေသည်။ မိစ္ဆာ တစ်ယောက် အစွမ်းထက်လာပါက မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သူ သိထားသည်။

ရွှယ်ရီဖေးသာ အဇူရာ မူလ ကြယ်စင်စုတွင် မွေးဖွားခဲ့ပါက သူမ၏ စွမ်းအားများကြောင့် မျိးနွယ်စု သုံးခု၏ အမဲလိုက်ခြင်းကို ခံရကာ နောက်ဆုံးတွင် ရက်စက်စွာ သတ်ဖြတ် ခံရလိမ့်မည် ဖြစ်သည်။

“သန္ဓေပြောင်း သားရဲ...”

ရွှယ်ရီဖေးမှာ ထိုအသုံးအနှုန်းနှင့် ရင်းနှီးခြင်း မရှိချေ။ ထိုအခိုက်၌ သူမ၏ ခွန်အားက ခန့်မှန်းခြေအားဖြင့် ခုနစ်ဆယ် ရာခိုင်နှုန်း အထိ ရှိနေခဲ့ပြီ ဖြစ်ပြီး ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။ မိန်းကလေးက စူးစမ်းလိုစိတ်ဖြင့် ဘယ်ဘက်မျက်ခုံးကို နည်းငယ် ပင့်လိုက်မိ၏။

ကောင်းကင်မျိုးနွယ်ဝင် ရွေးချယ်ခံက ရွှယ်ရီဖေး၏ ပုံပန်း သဏ္ဌာန်၊ အထူးသဖြင့် ရှန့်ထိုများနှင့် သူတော်စင်များကိုပင် စွဲဆောင်နိုင်သည့် သူမ၏ ထူးခြားသော အလှတရားတို့ကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ အမှန်တကယ်အားဖြင့်.... သူမကို မြင်လိုက်ရကတည်းက သူ့နှလုံးသား အတွင်း ပြင်းပြသည့် ဆန္ဒတစ်ခု ဖြစ်ပေါ် နေခဲ့ခြင်း ဖြစ်သည်။ သူက အစွမ်းထက်သော အမျိုးသမီးများကို နှစ်သက်သည်။ ထို့အပြင် ထိုနဂါးနတ်မိမယ် ဆိုသူမှာ အပျိုစင်လည်း ဖြစ်သည်။

"သန္ဓေပြောင်း သားရဲဆိုတာက သားရဲတွေရဲ့ သွေးမျိုးဆက်နဲ့ ဗီဇပြောင်းခံရတဲ့ လူသားမျိုးနွယ်တွေကို ပြောတာ... ရိုးရိုးရှင်းရှင်း ပြောရရင် မင်းရဲ့ သွေးမျိုးဆက်ကို သားရဲတွေရဲ့ သွေးမျိုးဆက်နဲ့ ပေါင်းစပ်လိုက်တာပဲ... အဲဒါက အတော်လေး ရှုပ်ထွေးတဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေပါ... စစချင်း ကျင့်ကြံတဲ့သူတွေကို ဗီဇပြောင်း သားရဲလို့ သတ်မှတ်လို့ မရပေမဲ့ သူတို့ကနေ မွေးဖွားလာတဲ့သူတွေကိုတော့ ဗီဇပြောင်း သားရဲလို့ သတ်မှတ်တယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ သွေးမျိုးဆက်က မျိုးရိုးနဲ့ပါ ပေါင်းစပ်သွားပြီး ကလေးရဲ့ ဖြစ်တည်မှုဘောင်ကို ထိခိုက်စေလို့ပဲ... သူတို့တွေကို အဆင့်နိမ့် မျိုးနွယ်ဝင်တွေလို့ သတ်မှတ်ကြတယ်... လျှို့ဝှက် အာဏာရှင် အဆင့်ကို ဘယ်တော့မှ မရောက်နိုင်ဘူး..."

ကောင်းကင်မျိုးနွယ်ဝင် ရွေးချယ်ခံက ရွှယ်ရီဖေးကို ကြည့်ရင်း အေးဆေးစွာ ရှင်းပြလိုက်၏။ သူမက အမှန်တကယ်ပဲ ဗီဇပြောင်း သားရဲလော သို့မဟုတ် သွေးမျိုးဆက် စွမ်းအင်ကို အသုံးချသည့် နည်းလမ်း တစ်မျိုးအား အသုံးပြုနေသည်လော ပထမတစ်ချက် ကြည့်လိုက်ရုံဖြင့် မဆုံးဖြတ်နိုင်ပေ။

ရွှယ်ရီဖေးက ထိုအချက်အလက်သစ်ကို နက်ရှိုင်းစွာ စဉ်းစားနေသည့် အလား မျက်မှောင်ကြုတ် လိုက်၏။ ထိုအချိန်၌ သူမ၏ စွမ်းအင်များမှာ ကိုးဆယ် ရာခိုင်နှုန်း အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူမ၏ အော်ရာက ထကြွသောင်းကျန်းခြင်း မရှိပဲ တည်ငြိမ်နေသလို ပတ်ဝန်းကျင်ရှိ လေထုနှင့် မန်နာတို့မှာလည်း အနှောက်အယှက် အနည်းငယ်ပင် မရှိခဲ့ပါချေ။

"ဒါဆိုရင်တော့ ကျွန်မက ဗီဇပြောင်း သားရဲ မဟုတ်ဘူးလို့ ထင်တယ်"

သူမက မသေမချာ လေသံဖြင့် ပြန်ဖြေလိုက်၏။ သူမ၏ ဖြစ်တည်မှုက ကောင်းကင်မျိုးနွယ်ဝင် ပြောခဲ့သည့် အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် မကိုက်ညီပေ။ သို့သော်လည်း ယွမ်လုံရှီ (သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးမှ ကောင်းချီးခံ) ကတော့ သေချာပေါက် ဗီဇပြောင်း သားရဲ တစ်ယောက် ဖြစ်သည်။ သူမထံတွင် ထူးခြားသည့် ခန္ဓာကိုယ်နှင့် အရည်အသွေးများ ရှိသည်။ သူမ၏ အခြေအနေက အတော်လေး ထူးခြားသည်ဟု ဆိုနိုင်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ထိုအရာက အရေးတော့လည်း မကြီးပါချေ။

ဘုန်း...

သူမက မြေပြင်ကို ကန်ကျောက်လိုက်ရာ လောကတစ်ခုလုံး ပြင်းထန်စွာ တုန်ယင်သွား၏။ ရွှယ်ရီဖေး၏ ပုံရိပ်က လျင်မြန်စွာပင် ရှေ့သို့ ပြေးထွက်သွားသည်။

ကောင်းကင်မျိုးနွယ်ဝင် ရွေးချယ်ခံမှာ စကားပြောနေစဉ်တွင်ပင် အမြဲတမ်း သတိထားနေခဲ့ပြီး အဆင့်လေး ခြေချခြင်း နည်းလမ်းည တစ်ခုဖြင့် အကာအကွယ် လျှို့ဝှက် စက်လုံး တစ်ခုကို လျင်မြန်စွာ ထုတ်လွှတ်လိုက်သည်။ အဝါရောင် အလင်း ရပ်ဝန်းများမှာ သူ့ပတ်လည်တွင် ဆယ်လွှာခန့် ဖွဲ့စည်းခဲ့ကာ အာကာသ၊ အချိန်နှင့် မန်နာကို ခွဲထုတ်လိုက်သည်။

သို့သော်လည်း ရွှယ်ရီဖေးမှာ မကြောက်ရွံ့ခဲ့ပေ။ သူမ၏ ခွန်အားမှာ အဆုံးစွန်ထိ စုစည်း နေခဲ့ပြီ ဖြစ်ကာ လောကချည်နှောင် ကြယ်တာရာ ခွန်အား ထောက်ပံ့မှုကိုပါ ရယူထား၏။ သူမ၏ အကြေးခွံများမှာ ခရမ်းရောင်၊ သွေးနီရောင်၊ အနက်ရောင်နှင့် အဖြူရောင်တို့ ရောနှောနေသည့် နေရောင်ခြည်တစ်ခုကို ထုတ်လွှတ်လိုက်၏။ အရောင်လေးမျိုးလုံးမှာ မျက်စိစူးလောက်အောင် တောက်ပနေကာ လောကတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဝှစ်...

ရွှယ်ရီဖေးမှာ ထိပ်တန်း တစ္ဆေတစ်ကောင်နှင့် ယှဉ်ပြိုင်နိုင်သည့် အမြန်နှုန်းဖြင့် အတားအဆီးထံသို့ ရောက်ရှိလာခဲ့သည်။ သူမ၏ နောက်တွင် အရိပ်များ ကျန်ရစ်ခဲ့၏။ သူမပ ညာဘက်လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေရာ အတွင်းတွင် မဟာ တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်လာတော့မည့် မှိန်ဖျော့ဖျော့ လက္ခဏာများ ရှိနေခဲ့သည်။ သူမ၏ လက်သီးကို ဆန့်ထုတ်ကာ တိုးလိုက်သည်။

ထိုလက်သီးမှာ ရိုးရှင်းသော်လည်း ရွှယ်ရီဖေး၏ အပြင်းထန်ဆုံး ခွန်အားများကို တစ်ပေါင်းတစ်စည်းတည်း အဖြစ် စုစည်းထားသည်။ နဂါးစွမ်းအားမှာ အပြည့်အဝ ထွက်ပေါ်လာခဲ့၏။ မိန်းကလေး၏ လက်ဆစ်များနှင့် အတားအဆီးတို့ ထိတွေ့သောအခါ လောကတွင် ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု ဖြစ်ပေါ်လာသည်။

ကောင်းကင်မျိုးနွယ်ဝင် မြေကြီးရှန့်ထို၏ မျက်လုံးများ ကျယ်ပြန့်လာ၏။ လက်သီးမှာ သူ၏ အတားအဆီးထဲသို့ ထိုးဖောက်ဝင်ရောက်နေသည်ကို ရှင်းလင်းစွာပင် မြင်တွေ့ နေရသည်။ အကြေးခွံများက ကွဲထွက်ကုန်ကာ နေရာ အနှံ့အပြား၌ သွေးများ ပြန့်ကျဲသွား၏။ လက်ဆစ်ထဲမှ အရိုးဖြူများကိုပင် တွေ့မြင်နိုင်သော်လည်း မိန်းကလေး၏ လက်သီးက ရပ်တန့်ခြင်း မရှိပဲ အလွှာတိုင်းကို ဖြတ်ကျော်သွားခဲ့၏။

ထိုအရာက မည်ကဲ့သို့ ခွန်အားမျိုးနည်း။

ကောင်းကင်မျိုးနွယ်ဝင် ရွေးချယ်ခံမှာ အတားအဆီးကို အားဖြည့်ရန် အတွက် ကြိုးပမ်းအားထုတ်မှုကို နှစ်ဆတိုးလိုက်၏။ သို့သော်လည်း... ထိုလက်သီးမှာ အလွန်အမင်း အစွမ်းထက်ကာ ရပ်တန့်လို့ မရနိုင်သည့် စွမ်းအားတစ်ခုဖြစ်သည်။

ကောင်းကင်မျိုးနွယ်ဝင် ရွေးချယ်ခံ ဆုံးဖြတ်ချက် မှားခဲ့သည်။ သူ ထွက်ပြေးလို့ ရနိုင်ခဲ့သည်။ တစ်မီလီစက္ကန့်အတွင်းတွင်ပင် သူ အရာများစွာကို လုပ်ဆောင်နိုင်ပေသည်။ သို့သော်လည်း... သူက အဖိုးတန် အချိန်များကို အတားအဆီးအား အားဖြည့်ရန်အတွက်သာ မြှုပ်နှံခဲ့သည်။

ထိုအချိန်အတွင်းတွင်ပင်... လက်သီးမှာ အကာအကွယ် အလွှာတိုင်းကို ထိုးဖောက်သွားကာ သူ့ ခန္ဓာကိုယ်ပေါ်သို့ ကျရောက် သွားခဲ့၏။ ထို့နောက်တွင်တော့ ထျန်းတျန်ဆီသို...

လက်သီးနှင့် ထျန်းတျန်တို့ တွေ့ဆုံသွားသော အခိုက်တွင်မှ မြေကြီးရှန့်ထိုမှာ ဖော်ပြ၍ မရနိုင်သည့် ကြောက်ရွံ့ ထိတ်လန့်မှုများကို ခံစားလိုက်ရ၏။ သူ အော်ဟစ်ဖို့ အချိန် မရနိုင်မီမှာပင် လက်သီးမှာ သူ၏ ဝမ်းဗိုက်ထံသို့ ရောက်ရှိလာကာ ပြင်းထန်သော ခွန်အားနှင့် အတူ သူ၏ ခန္ဓာကိုယ် အောက်ပိုင်း တစ်ခုလုံးကို ပေါက်ကွဲ သွားစေခဲ့သည်။

မြေကြီးစွမ်းအင်များ ပါဝင်နေသည့် အဝါရောင် သွေးများမှာ ရွှေရောင် အလင်းတန်းများနှင့် ရောစပ်ကာ ကောင်းကင်တွင် ပြန့်ကျဲ သွားခဲ့၏။

ရွှယ်ရီဖေး၏ မိစ္ဆာဆန်ဆန် နဂါးမျက်လုံးများကို ကြည့်ရင်း သူ ငရဲဘုံသို့ အရှင်လတ်လတ် ဆင်းသက်ရ သကဲ့သို့ ခံစားလိုက်ရသည်။ ထိုမျှ လှပသည့် သေမျိုး မိန်းကလေး တစ်ဦးထံတွင် ထိုကဲ့သို့ စက်ဆုပ်ဖွယ်ကောင်းအောင် ရက်စက်သည့် ခွန်အားမျိုး မည်သို့ ရှိနိုင်မည်နည်း။

ကံကောင်းထောက်မစွာပင်... သူက အကာအကွယ်မဲ့ မဟုတ်ပေ။ ထို့အပြင်... သူက ကောင်းကင်မျိုးနွယ်ဝင် ဖြစ်သည်။ ကောင်းကင်မျိုးနွယ်ဝင်များ၏ ထျန်းတျန်မှာ များသောအားဖြင့် လူသားများ ကဲ့သို့ ဝမ်းဗိုက်အောက်ပိုင်းတွင် မရှိပေ။ ၎င်းမှာ အမွေးဖွားဖွား အမြီးတွင် ရှိနေလေရာ ခန္ဓာကိုယ် အောက်ပိုင်း ပျက်စီးသွားခဲ့သော်လည်း အမြီးဖြင့် ထွက်ပြေးဖို့ ကြိုးပမ်းလိုက်လေသည်။

ရုတ်တရက် အနက်ရောင်နှင့် အဖြူရောင်တို့ဖြင့် ရောစပ်ထားကာ သွေးနီရောင် အလင်းတန်းများဖြင့် ဖုံးအုပ်ထားသည့် ရွှယ်ရီဖေး၏ နဖူးထက်ရှိ ဦးချိုမှာ ပြင်းထန်သော အာကာသလှိုင်းများကို ထုတ်လွှတ်လိုက်၏။

ကောင်းကင် ယင်-ယန် လှောင်အိမ်...

***

All Chapters