← Chapters

ဗာကီရီ အဖွဲ့ဝင်များ (၆)

Vol. 119 Ch. 1655

ဗာကီရီ အဖွဲ့ဝင်များ (၆)

Vol. 119 Ch. 1655

"သတိထားကြ... သတ္တုစုံ ရည်ရွယ်ချက်... အဲဒါက အမြင့်ဆုံးပဲ…"

အာရုံခံသူက ဝူပိုင်ကျိုး ထုတ်လွှတ်နေသည့် ရည်ရွယ်ချက်၏ မူလအစကို အလွန် လျင်မြန်စွာ ဖော်ထုတ်လိုက်၏။

ဝှစ်… ဝှစ်…

ချက်ချင်းပင် ဇင်၏ မျိုးဆက် တစ်ယောက်နှင့် အခြား အာဏာရှင် အနည်းငယ်မှာ ရှေ့သို့ တက်လာခဲ့ကြသည်။ သူတို့က ထူးခြားသည့် ကြယ်တာရာ အမြုတေအဆင့် ကျင့်ကြံခြင်း အခြေခံများကို ထုတ်လွှတ်လိုက်ကြ၏။ ၎င်းနှင့် အတူ ခြားနားသည့် ရည်ရွယ်ချက် ခုနစ်ခုက လောကကို လွှမ်းခြုံသွားခဲ့လေသည်။

ဟူး… ဟူး…

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် အာဏာရှင် ခုနစ်ဦးမှာ သူတို့၏ လောက နှလုံး ရည်ရွယ်ချက်များကို ထုတ်လွှတ် လိုက်ကြပြီ ဖြစ်လေသည်။ ထိုအရာက လောက တစ်ခုလုံးကို အမြင့်ဆုံးအဆင့် ပဋိပက္ခအတွင်း ချက်ချင်း ကျဆင်း သွားစေခဲ့၏။ အခြားသူများကလည်း သူတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် အတူ အာဏာရှင် ခုနစ်ဦးကို ကူညီဖို့ ကြိုးစားခဲ့ကြသည်။

သို့သော်… ဝူပိုင်ကျိုး၏ သတ္တု နှလုံးသား ရည်ရွယ်ချက်မှာ သာမန်မဟုတ်ပေ။ ၎င်းကို အင်ပါယာ ကောင်းကင်စွမ်းအင်ဖြင့် အားဖြည့်ပေးထားကာ ပထမ မဟာ အသွင်ပြောင်းခြင်းမှ ရရှိသည့် အင်ပါယာ ဖိအားကလည်း ယင်းအား ထပ်မံ အားကောင်းစေသည်။ ထို့ကြောင့်ပင် ဝူပိုင်ကျိုး၏ ရည်ရွယ်ချက်မှာ အာဏာရှင်များ၏ ရည်ရွယ်ချင်များ အပေါ် ပြင်းထန်စွာ ဖိစီးထားခဲ့၏။ ထိုအခိုက်၌ ဝူပိုင်ကျိုးမှာ နယ်မြေများကို သိမ်းယူနေသည့် ကြီးကျယ်ခမ်းနားသော ဘုရင်မတစ်ပါးနှင့် ဆင်တူနေသည်။ သို့သော်လည်း… အာဏာရှင်များမှာ ဝူပိုင်ကျိုး အောင်မြင်မည်ကို မည်ကဲ့သို့ ခွင့်ပြုနိုင်မည်နည်း။

ထိုအရာများ ဖြစ်ပွားနေစဉ်တွင် နာ့ရှင်းရီမှာ အာဏာရှင် ဆယ့်ငါးဦးနှင့် တိုက်ခိုက်နေခဲ့သည်။ သူတို့ထဲ၌ ကြယ်တာရာ သခင် သုံးဦးသာ ပါရှိသည်။ ကျန်သူများမှာ အချိန်သခင်များ ဖြစ်ကြသည်။

အာဏာရှင် ဆယ့်ငါးဦးလုံးမှာ လောကချည်နှောင် ကြယ်တာရာ နယ်မြေများကို ထုတ်ဖော်ထားကာ အကန့်အသတ်မရှိ စွမ်းအင်များကို ထုတ်သုံး နေခဲ့သည်။ သို့သော်လည်း နာ့ရှင်းရီမှာ မရှုံးနိမ့်ဘဲ သူတို့ကို ရင်ဆိုင်နေခဲ့သည်။

အာဏာရှင်များမှာ ပေ့ယွင်ယန်နှင့် ကျူးကျွင်းတို့ကို ချေမှုန်းခဲ့သကဲ့သို့ နာ့ရှင်းရီကို ချေမှုန်းရန် ဝိညာဉ်ကို ဦးတည်သည့် အစီအရင်များနှင့် နည်းလမ်းများကို သုံး၍ တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် နာ့ရှင်းရီ၏ ဝိညာဉ်မှာ မတုန်လှုပ်ပါချေ။

ရွှမ်း…

တစ်ခုတည်းသော ခြိမ်းခြောက်မှုမှာ ခေါင်းနှင့် ကိုယ် အိုးစားကွဲ၍ ကောင်းကင်မှ ပြုတ်ကျသွားခဲ့သည့် ခန္ဓာကိုယ်သာ ဖြစ်သည်။ ထိုသူမှာ အစောပိုင်းက အလွန် အန္တရာယ်ရှိသည့် အစီအရင် တစ်ခုဖြင့် နာ့ရှင်းရီကို တိုက်ခိုက်ခဲ့သည့် ဝိညာဉ် ကျင့်ကြံသူဖြစ်သည်။ သူ၏ ကနဦး တိုက်ခိုက်မှုမှာ နာ့ရှင်းရီကိုပင် အံ့အားသင့်စေခဲ့သော်လည်း မိန်းကလေးက သူ့ကို အားကုန် လိုက်လံခဲ့သည်။ သုတ်သင် ပစ်ခဲ့သည်။

နာ့ရှင်းရီမှာ ဝေဟင်တွင် တည်ငြိမ်စွာပင် ရပ်နေခဲ့၏။ အခြား အာဏာရှင်များ၏ ဝိညာဉ် အစီအရင်များ၊ နည်းလမ်းများမှာ သူမကို ထိခိုက်အောင် လုပ်နိုင်စွမ်း မရှိပါချေ။ ဝိညာဉ် အမြုတေကို သန့်စင်ခြင်း၏ အကျိုးကျေးဇူးများမှာ ဖော်ပြ၍မရအောင် ခမ်းနားလွန်းလှသည်။

အာဏာရှင်များမှာ နာ့ရှင်းရီကို ထိုကဲ့သို့ နည်းလမ်းဖြင့် တိုက်ခိုက်လို့ မရကြောင်း သဘောပေါက် သွားကြ၏။ ထို့ကြောင့် သူတို့က ပိုမို ထိရောက်သော နည်းလမ်းကို သုံး၍ တုန့်ပြန်ဖို့ စုစည်းရန် ကြိုးစား လိုက်ကြသည်။ သို့သော်လည်း… နာ့ရှင်းရီမှာ သူတို့အား ထိုမျှ အသက်ရှူရန် အချိန်ပေးမည် မဟုတ်ပါချေ။

လျှို့ဝှက် အာဏာရှင် တစ်ဦး၏ မျက်တောင် တစ်ခပ်စာမျှ အချိန် အတွင်းမှာပင် မိန်းကလေးမှာ ယင်ဓားကို ဝင့်ဝါစွာ လွှဲယမ်းရင်း အချိန်သခင်နှစ်ဦးကို တိုက်ခိုက်လိုက်၏။ နှစ်ဦးစလုံး ဦးခေါင်းမှ ပေါင်ခြံထိတိုင် ဖြတ်တောက်ခံခဲ့ရသည်။ မကြာမီတွင်ပင် သူတို့၏ ခန္ဓာကိုယ်များမှာ အာဏာရှင် အမှတ်အသားများဖြင့် အသက်ဝင်ကာ အလင်းတန်းများ အဖြစ် ပျောက်ကွယ်သွားခဲ့လေ၏။

နာ့ရှင်းရီက တိုက်ခိုက်မှုကို အနည်းငယ် အရှိန်လျှော့လိုက်ရင်း ဝူပိုင်ကျိုးထံ အနည်းငယ် အာရုံစိုက်လိုက်၏။

"ဆိုတော့ သူက ကျောက်တိုင်းကနေ လောက နှလုံးသ ရည်ရွယ်ချက်ကို မွေးဖွားနိုင်ခဲ့တာပေါ့"

နာ့ရှင်းရီက မှတ်ချက်ပေးလိုက်ရင်း ဝူပိုင်ကျိုး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် နတ်ဘုရား အလင်းတန်းများကို ကြည့်၏။

အစစ်အမှန် ဝိညာဉ် အလင်း…

ထို့အပြင် သူမတွင် သတ္တု နှလုံးသား ရည်ရွယ်ချက်လည်း ရှိသည်။ ဝေ့ဝူယင်သည် လူတစ်ဦးကို အစစ်အမှန် ဝိညာဉ် အလင်း ရရှိအောင် ကူညီပေးနိုင်သော်လည်း ဒုတိယမြောက် တစ်ခုကတော့ ကိုယ်ပိုင် နားလည်နိုင်စွမ်းအပေါ် အလွန် မူတည် နေပေသည်။

တိုက်ပွဲမြေပြင်တွင်တော့…

ဟူး… ဟူး….

ဝူပိုင်ကျိုးမှာ အစစ်အမှန် ဝိညာဉ် အလင်း တန်းများကို ထုတ်လွှတ်နေ၏။ သို့သော်လည်း ကြယ်တာရာ သခင်အဆင့် အာဏာရှင် ခုနစ်ဦးအနက် မည်သူ့ထံတွင် ဝိညာဉ် အလင်း မရှိလို့နည်း။ သူတို့ အားလုံးသည်လည်း ကိုယ်ပိုင် အစစ်အမှန် ဝိညာဉ် အလင်းများကို ထုတ်လွှတ် နေကြ၏။

အလွန်တရာ တောက်ပလှသည့် ထိုအလင်းတန်းများမှာ ကြည့်ရှုသူများစွာ၏ အမြင်အာရုံများကို ကွယ်သွားစေခဲ့ကာ အတင်းအကြပ် ကြည့်ရှုဖို့ ကြိုးစားသူများကတော့ မျက်ရည်များ စီးကျလာခဲ့၏။

သို့သော်လည်း… ဝူပိုင်ကျိုးမှာ မပြီးဆုံးသေးပေ။ အာဏာရှင်များသည် သာမန် ကျင့်ကြံသူများ မဟုတ်ကြသော်လည်း သူမသည်လည်း သာမန်ထက် သာလွန် ပေသည်။ အာဏာရှင်ဆန်သည့် အင်အား တစ်ခုမှာ လောက တစ်ခွင် ပျံ့နှံ့လာခဲ့၏။

ရွှင်း… ရွှင်း…

မိန်းကလေးမှာ ကောင်းကင်ကိုပင် ထိုးဖောက်တော့မည့်ပုံ ပေါ်သည့် နောက်ထပ် နှလုံးသား ရည်ရွယ်ချက် တစ်ခုကို ထုတ်လွှတ်လိုက်၏။

လှံ နှလုံးသား ရည်ရွယ်ချက်…

၎င်းမှာ ဝူယု မွေးဖွားနိုင်ခဲ့သည့် ရည်ရွယ်ချက်နှင့် အတူတူပင် ဖြစ်သည်။ ဘိုးဘေး ကဲ့သို့ပင် မျိုးဆက်သည်လည်း ထူးချွန်သည်။

ရွှင်း… ရွှင်း…

မိန်းကလေး၏ လှံသွား ထိပ်ဖျားမှာ အလွန် ကြောက်မက် ဖွယ်ကောင်းသည့် အလင်းတန်းများကို ထုတ်လွှတ်လာခဲ့၏။ ၎င်းက ကောင်းကင် အလွှာများကို ထိုးဖောက်၍ အဆုံးမဲ့ ဟင်းလင်းပြင် အတွင်း ဝင်ရောက်ရင်း အရာအားလုံးကို သိမ်းပိုက်ရန် ခြိမ်းခြောက်နေသလို ရှိလေရာ ကြည့်ရှုနေသူတိုင်း၏ စိတ်ဝိညာဉ်များမှာ ပြင်းထန်စွာ တုန်ယင်လာခဲ့လေ၏။

"လောက နှလုံးသား ရည်ရွယ်ချက် နှစ်ခုတောင်… စိတ်ဆန္ဒ ဖျက်ဆီးခြင်း အစီအရင်ကို သုံးကြဟေ့…”

အာရုံခံသူက အလိုအလျောက်ပင် စစ်သူကြီး ရာထူးကို ယူလိုက်ရင်း အော်ဟစ်လိုက်၏။ အာဏာရှင်တိုင်းမှာ အသက် အန္တရာယ် ရှိသည့် ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် အပြည့်အဝ လေ့ကျင့်ထားကြသူများ ဖြစ်သည်။ သူတို့၏ ယာယီ မဟာမိတ်၏ လမ်းညွှန်မှုများကို လိုက်နာရန် မတွန့်ဆုတ်ခဲ့ကြချေ။

ဘုန်း… ဘုန်း… ဘုန်း…

ချက်ချင်းပင် သူတို့အားလုံးမှာ စိတ်ဆန္ဒ ဖျက်ဆီးခြင်း အစီအရင်များကို ပူးပေါင်း ထုတ်လွှတ် လိုက်ကြ၏။

တစ်ချိန်တည်း၌ အစစ်အမှန် ဝိညာဉ် အလင်း၊ နိုးထခြင်း အဆင့် ရည်ရွယ်ချက်များနှင့် လောက နှလုံးသား ရည်ရွယ်ချက်တို့၏ အင်အားများကို တိုးမြှင့်ကာ အသားစီး ပြန်လည် ရယူဖို့ ကြိုးပမ်းလိုက်ကြသည်။

တစ်ချိန်တည်း၌… အချို့က ထိုအခွင့်အရေးကို ယူကာ ဝူပိုင်ကျိုးကို ပြင်းထန်စွာ တိုက်ခိုက်ဖို့ ကြိုးစားလိုက်ကြသည်။

ဘုန်း… ဘုန်း… ဘုန်း…

ဂြိုဟ်အငယ်စားများကိုပင် အမှုန့်ချေ ပစ်နိုင်သည့် ဖျက်ဆီးခြင်း စွမ်းအင်များမှာ ဝူပိုင်ကျိုး အပေါ် ဦးတည်ကာ ကျရောက် လာကြ၏။ သို့သော်လည်း လောက နှလုံးသား ရည်ရွယ်ချက် နှစ်ခုက ဝူပိုင်ကျိုး၏ ပတ်ဝန်းကျင်ရှိ စွမ်းအင်များ၊ အမတေများနှင့် မန်နာများကို ထိန်းချုပ်ထားကာ ထိုဖိအားဖြင့် တိုက်ခိုက်မှု မှန်သမျှကို ချက်ချင်း ဖိနှိပ်လိုက်သည်။ ရည်ရွယ်ချက် နှစ်ခု၏ ဖိအားများက ထိုမျှနှင့် ရပ်တန့်ခြင်း မပြုပဲ အနီးအနားရှိ အာဏာရှင်များကိုပါ ဖိနှိပ်လိုက်၏။

ဘုန်း…

အချိန်သခင် တစ်ဦးမှာ ကြာကြာ တောင့်မခံနိုင်ခဲ့ဘဲ မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် ပေါက်ကွဲသွားခဲ့၏။

ဤနေရာ၌ ရှိနေသည့် လောကမှာ မယုံကြည် နိုင်လောက်အောင် အစွမ်းထက်သည်။ စွမ်းအင်များ၊ အမတေများ၊ မန်နာ၊ ဆွဲငင်အားနှင့် အလင်းတို့မှာ လျှို့ဝှက် အဆင့်တွင် ရှိကြသည်။ ဝူပိုင်ကျိုးမှာ လောက နှလုံးသား ရည်ရွယ်ချက်များဖြင့် ထိုစွမ်းအားများကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။

လောက နှလုံးသား ရည်ရွယ်ချက် ပိုင်ဆိုင်ထားသည့် အာဏာရှင်များနှင့် ယှဉ်ပါပ ဝူပိုင်ကျိုး ပိုင်ဆိုင်ထားသည့် အားသာချက် တစ်ခုမှာ အင်ပါယာ ကောင်းကင် အော်ရာကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ အင်ပါယာ ကောင်းကင် အော်ရာမှာ ပတ်ဝန်းကျင်ရှိ လျှို့ဝှက် စွမ်းအားများကို အပြည့်အဝ ထိန်းချုပ်ရာတွင် သူမကို များစွာ အထောက်အကူပြုခဲ့သည်။

ထိုအခိုက်၌… ဝူပိုင်ကျိုး၏ လောက နှလုံးသား ရည်ရွယ်ချက် နှစ်ခုမှာ လောက အင်အား၏ နှစ်ဆယ်ရာခိုင်နှုန်းကျော်ကို သိမ်းယူထားခဲ့သည်။

အာဏာရှင်များမှာ ကျန်သုံးဆယ် ရာခိုင်နှုန်းခန့်ကို လွှမ်းမိုးထားနိုင်သည့်တိုင် ချောက်ကမ်းပါး နှစ်ခုကြား၌ ပိတ်မိနေခဲ့သည် ဟု ဆိုရုံည်။

အကယ်၍ သူတို့သာ လောက၏ အင်အားများအား အားပြိုင် သိမ်းယူနေသည့် လုပ်ဆောင်ချက်ကို လက်လျှော့လိုက်ပါက ဝူပိုင်ကျိုးကို လွတ်လပ်စွာ တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။

အကယ်၍ လက်လျှော့ခြင်း မရှိပါက ဝူပိုင်ကျိုးမှာ ပတ်ဝန်းကျင်ရှိ စွမ်းအားများကို အသုံးပြုကာ သတိလစ်မေ့မြောနေသော ရန်သူများအား သုတ်သင်နေသည့် ဘုရင်မကြီး တစ်ပါးလိုမျိုး သူတို့ကို ဖယ်ရှားပစ် ပေလိမ့်မည်။

သို့သော် သူတို့ လက်လျှော့လိုက် ပြန်လျှင်လည်း ဝူပိုင်ကျိုးမှာ သူမ၏ လက်ချောင်းများ ထိပ်တွင် လောက တစ်ခုလုံး၏ စွမ်းအားကို ရာနှုန်းပြည့် ပိုင်ဆိုင်သွားလိမ့်မည်။ ထိုသို့ဆိုလျှင် သူမကို ကိုင်တွယ်ဖြေရှင်းဖို့ ပိုမို ခက်ခဲ သွားပေလိမ့်မည်။

အာဏာရှင်များမှာ ချောက်ကမ်းပါး နှစ်ခုကြားတွင် ပိတ်မိနေခဲ့ကြပြီ ဖြစ်သည်။

သို့သော်လည်း… သူတို့ မည်သို့ပင် ရွေးချယ် စေကာမူ အရေးမကြီးပေ။ ဝူပိုင်ကျိုးက မရပ်တန့်ခဲ့ချေ။

တတိယမြောက် ရည်ရွယ်ချက် တစ်ခုမှာ သူမထံမှ စတင် ပေါ်ထွက်လာကာ အလွန်တရာ ထက်မြက်လှသည့် ဆန္ဒ တစ်ခုကို ထုတ်လွှတ်လိုက်လေ၏။

"သုံးခု…"

အာရုံခံသူမှာ ဝိညာဉ် အမတေသို့ ရောက်သည်အထိ တုန်လှုပ်သွားခဲ့၏။ သူက မတုန့်မဆိုင်းပင် လက်ဟန်ချိပ်စည်း အနည်းငယ်ကို ထုတ်ဖော်လိုက်သည်။ ချက်ချင်းပင် ရေအလင်းတန်းများ ပျံ့နှံ့သွား၏။ အာရုံခံသူမှာ ပတ်ဝန်းကျင်ရှိ စိုစွတ်မှုနှင့် အတူ ရောနှောသွားပြီး အငွေ့ပျံကာ ပျောက်ကွယ်သွားခဲ့သည်။ သူက ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။

ဓားနှလုံးသား ရည်ရွယ်ချက်…

***

All Chapters