ဗာကီရီ အဖွဲ့ဝင်များ (၇)
Vol. 119 Ch. 1656
ဓားနှလုံးသား ရည်ရွယ်ချက်…
ဟူး... ဟူး...
ဝူပိုင်ကျိုး ကိုင်ဆောင်ထားသည့် လှံစွပ်၏ လခြမ်းပုံ အသွားမှ အရာရာကို လှီးဖြတ်လိုသည့် ဆန္ဒတစ်ခုမှာ ပြင်းထန်စွာ မြင့်တက်လာခဲ့၏။ ရက်စက်ကြမ်းကြုတ်သည့် ထိုရည်ရွယ်ချက်မှာ ဖိနှိပ်သည့် အင်အားနှင့် ပူးပေါင်း၍ ပတ်ဝန်းကျင်ကို ပိုမို ခက်ထန်စွာ စိုးမိုးလိုက်သည်။
နာ့ရှင်းရီက နောက်ထပ် အချိန်သခင်တစ်ဦးကို ကိုင်တွယ်ဖြေရှင်းရင်း အနည်းငယ် အံ့အားသင့်သည့် အမူအရာဖြင့် ဝူပိုင်ကျိုးကို လှမ်းကြည့်လိုက်၏။ သူမက လောက နှလုံးသား ရည်ရွယ်ချက် သုံးခုကို နားလည်ထားသည်လား။
ဝူပိုင်ကျိုးက ချက်ချင်းပင် ရည်ရွယ်ချက် သုံးခု၏ စွမ်းအင်ကို အပြည့်အဝ အသုံးချကာ လှံကို ကြယ်ပျံတစ်စင်း ကဲ့သို့ ပစ်ပေါက်လိုက်၏။ ၎င်းက အစစ်အမှန် ဝိညာဉ်၏ တောက်ပမှုနှင့် အင်ပါယာ ကောင်းကင် အင်အားတို့ကို သုံးကာ နတ်ဘုရား အလင်းတန်း တစ်ခု အလား ကောင်းကင်တစ်ခွင်ကို ဖြတ်သန်း သွားခဲ့သည်။
ရွှင်း…
မိုင်ပေါင်း ထောင်နှင့်ချီ၍ ဝေးကွာသော ရေခဲပြင်ဒေသ တစ်ခုတွင် ရေခိုးရေငွေ့များမှာ ပုံရိပ်တစ်ခုအဖြစ် စုစည်းသွား၏။ အာရုံခံသူမှာ ပြန်လည် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
"အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းချုပ်… သူက ဘယ်လို သတ္တဝါကြီးလဲ… ကြည့်ရတာ…”
သူစကားကို အဆုံးမသတ်နိုင်ခင်မှာပင် လှံတံ တစ်စင်းမှာ အနီးအနားရှိ ရေခဲတောင်ကို ခွဲကာ သူ့ ခန္ဓာကိုယ် အတွင်း စိုက်ဝင်သွားခဲ့၏။ ၎င်းက ပြင်းထန်သည့် ဖျက်ဆီးခြင်း အင်အားဖြင့် အသက်ကို အပြီးတိုင် နှုတ်ယူ လိုက်သည်။
"ပြန်လာခဲ့"
အာဏာရှင် အမှတ်အသား အသက်ဝင်ခြင်း မရှိခင်မှာပင် ဝူပိုင်ကျိုးက သူမ၏ လက်ကို ဆန့်တန်းလိုက်ရင်း အမိန့်ပေးလိုက်၏။ လှံတံမှာ ရေခဲတောင်မှ ထွက်ခွာသွားခဲ့ကာ ထိုနေရာကို အပြီးတိုင် ပြိုကျစေခဲ့သည်။
"သူက ဒီကိစ္စကို လိုအပ်တာထက် ပိုခက်ခဲအောင် လုပ်ခဲ့တယ်"
မိုးခြိမ်းသံဖြင့် လက်ထဲသို့ ပြန်လည် ရောက်ရှိလာသည့် လှံတံကို ဖမ်းရင်း ဝူပိုင်ကျိုးက တည်ငြိမ်စွာ မှတ်ချက်ပေးလိုက်၏။ ထိုအာရုံခံသူပါ မရှိခဲ့ပါက သူမမှာ လောက နှလုံးသား ရည်ရွယ်ချက် နှစ်ခုဖြင့်ပင် ရန်သူများကို လုံးဝ အသာစီးရယူနိုင်ခဲ့လိမ့်မည် ဖြစ်သည်။ သူ့ကြောင့်ပင် သူမမှာ တတိယမြောက် ရည်ရွယ်ချက်ကို အတင်းအကြပ် ဖော်ထုတ်ခဲ့ရသည်။
အခြားတစ်ဖက်၌… ဇင်၏ မျိုးဆက်သည် ရုန်းကန်နေရ၏။ ထိပ်တန်း အဆင့် လောက နှလုံးသား ရည်ရွယ်ချက် သုံးခုမှာ သူမ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ခတ်နေသည်။ လောကချည်နှောင် နေကြယ်၏ အကန့်အသတ်မဲ့ ပံ့ပိုးမှုများကြောင့်သာ မဟုတ်ပါက သူမမှာ ထိုစွမ်းအားများ၏ သုတ်သင်မှုကို ခံခဲ့ရလောက်ပြီး ဖြစ်သည်။ အခြားသူများသည်လည်း အလားတူပင် ဒုက္ခရောက်နေကြ၏။
အာဏာရှင်များထဲ၌ လောကနှလုံးသား ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားသူ ရှားပါးသည်။ ထိပ်တန်း အဆင့် ရည်ရွယ်ချက် ဆိုလျှင် ပို၍ပင် ရှားပါးသေးသည်။ ဇင်၏ မျိုးဆက်မှာလည်း အဆင့်မြင့် လောက နှလုံးသား ရည်ရွယ်ချက် တစ်ခုကိုသာ ပိုင်ဆိုင်ထားသည်။ ထိပ်တန်းအဆင့်နှင့် အဆင့်မြင့် အကြား ကွာခြားချက်က ကောင်းကင်နှင့် မြေကြီးကဲ့သို့ ခြားနားလွန်းလှသည်။ သူမက အံကို တင်းတင်းကြိတ်ရင်း နည်းဗျူဟာမြောက် နောက်ဆုတ်ရန် စဉ်းစားလိုက်၏။
သို့သော်လည်း ဝူပိုင်ကျိုးမှာ ထိုမျှလောက် သနားညှာတာမှု မရှိပါချေ။
"မင်းတို့ထဲက ဘယ်သူမှ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားရမှာ မဟုတ်ဘူး"
သူမ၏ လေသံက မေးခွန်းထုတ်စရာ မရှိပေ။
"ဒါဆိုရင်"
ဇင်၏ မျိုးဆက်က ဝူပိုင်ကျိုးကို စိုက်ကြည့်လိုက်၏။ အာဏာရှင်တိုင်း၏ ဆန္ဒကို အာဏာရှင် ဆန်သည့် ယုံကြည်ချက်ဖြင့် ပုံဖော်ထားသည်။ ငရဲအား ရင်ဆိုင်နေရချိန်တွင်ပင် လက်နက်ချခြင်း မပြုခဲ့သည့် ဝေ့ဝူယင်၏ ကျင့်ကြံခြင်း နှလုံးသားမှာ သူတို့ကို လွှမ်းမိုးနေသည်။
"ငါတို့ကလည်း နင့် သတ်မယ်"
ဘုန်း...
များပြားလှစွာသော အော်ရာများမှာ အဆုံးစွန်သော အတိုင်းအတာအထိ ထွက်ပေါ်လာ၏။ ဇင်မျိုးဆက်၏ စကားလုံးများက အခြား အာဏာရှင်များ၏ မယိမ်းယိုင်သော ဆန္ဒကို မီးထိုးပေးခဲ့သည်။ တိုက်ပွဲမှာ ယခုမှ အစမျှသာ ရှိပေသေးသည်။
"ကြိုးစားကြည့်လေ..."
ထိုအခိုက်၌ ဝူပိုင်ကျိုး၏ သတ်ဖြတ်လိုစိတ်များမှာ ရေခဲများ အလား အေးစက် နေခဲ့၏။ ဧကရီ ဆန်သည့် အရှိန်အဝါက သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံထားသည်။ မိန်းကလေးက လှံစွပ်ကို ကိုင်လျက် သူတို့ဘက်သို့ အလျင်အမြန် ပြေးဝင်သွားလေ၏။
အခြားတစ်ဖက်၌... နာ့ရှင်းရီကတော့ တည်ငြိမ်သည့် အခြေအနေ တစ်ခုကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ အာဏာရှင်များမှာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသော်လည်း သူမကို အနိုင်ရရှိဖို့ မစွမ်းသာပါချေ။ အစွန်းရောက်ယင် နတ်မိမယ်မှာ တိုက်ခိုက်မှုများကို တားဆီးနိုင်သည့် အပြင် သူတို့၏ ခွန်အားကိုပါ စုပ်ယူနိုင်လေရာ ကိုင်တွယ်ရန် ခက်ခဲလှသည့် အခြေအနေ တစ်ရပ်ပင် ဖြစ်သည်။
သူမက တစ်ချက်တစ်ချက် တန်ပြန် တိုက်ခိုက်ရင်း အချိန်သခင်များကို ဖယ်ထုတ်ပစ် ပစ်နေခဲ့၏။ အာဏာရှင်များမှာ လောက နှလုံးသား ရည်ရွယ်ချက်များနှင့် နိုးထခြင်း အဆင့် ရည်ရွယ်ချက်များကို ထုတ်ဖော်ထားကြကာ ခွန်အားကို မြှင့်တင်ရန် အတွက် လောကချည်နှောင် နေကြယ်ကိုပင် အသုံးပြုခဲ့ကြသည်။ ကံမကောင်းစွာင် ၎င်းတို့မှာ နာ့ရှင်းရီ၏ ခွန်အားကို ပိုမို အားကောင်းစေရန် အတွက်သာ အထောက်အပံ့ပေးခဲ့သည်။ ကိုယ်ပိုင် လောက နှလုံးသား ရည်ရွယ်ချက် မရှိသော်လည်း နာ့ရှင်းရီမှာ လောက၏ အင်အားကို သူမ၏ ကိုယ်ပိုင် အင်အား အဖြစ် ပြောင်းလဲ အသုံးပြုနိုင်နေခဲ့၏။
သူမက လေကဲ့သို့ လှုပ်ရှားကာ ဦးခေါင်းများများကို ဖြတ်တောက်ရင်း အသက်များကို ခြွေယူနေခဲ့၏။
ခေတ်သစ်မျိုးဆက်၏ ထိပ်တန်း နတ်မိမယ် နှစ်ဦးမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့် စွမ်းရည်များကို ကိုယ်စီ ထုတ်ဖော် ပြသနေခဲ့လေသည်။
ထိုမြင်ကွင်းကို ကြည့်နေကြသည့် အလွှာအပြင်က ရွေးချယ်ခံများမှာ မေးရိုးများ အောက်သို့ ပြုတ်ကျသည် အထိ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ကြ၏။ သူတို့၏ မျက်လုံးများက ကျွတ်ထွက်လုနီးနီး ဖြစ်နေကြသည်။
အခြားတစ်ဖက်၌ စန်းယွန်းလီ၏ နှလုံးသားမှာ တားဆီး၍ မရနိုင်အောင် တဒိတ်ဒိတ် ခုန်နေခဲ့၏။ ကျင့်ကြံခြင်း အခြေခံကို ထားဦး...။ လောကနှလုံးသား ရည်ရွယ်ချက်က လုံးဝ ခြားနားသည်။ ၎င်းက လောကရှန့်ထို ဖြစ်လာနိုင်စွမ်း ရှိသည် ဆိုသည့် သက်သေခံကဒ်ပင် ဖြစ်သည်။
အဆုံမဲ့ ဧကရာဇ်ဂိုဏ်းချုပ်မှာ သုံးခု အထိတောင် ပိုင်ဆိုင်ထားသည်လား။
...
ဟူး... ဟူး...
အာဏာရှင်များကြား၌ တိုက်ပွဲများ ဖြစ်ပွားနေစဉ်တွင် ကောင်းကင်ကို တန်ဆာ ဆင်ယင်ထားသည့် အလင်းတန်းများမှာ စတင် ပြောင်းလဲ လာခဲ့၏။ ထုတ်ယူခြင်း အပိုင်းအစ၏ အလင်းတန်းမှာ အမြင့်ဆုံးသို့ ရောက်ရှိနေကာ စိတ်ဝိညာဉ်ဖြင့် ခံစား သိရှိနိုင်လောက်အောင် ပြင်းထန်စွာ လှိုင်းတံပိုးထနေခဲ့သည်။ ၎င်းက ဒုတိယ အရောင်တစ်ခု ထွက်ပေါ်လာစေရန် အတွက် လမ်းဖွင့်ပေးလိုက်သကဲ့သို့ ရှိသည်။
ကောင်းကင် အလင်းတန်းများ ပြောင်းလဲလာသည်နှင့် အမျှ အောက်ဘက်ရှိ လောကကြီးမှာလည်း အပြောင်းအလဲများနှင့် စတင် ကြုံတွေ့လာရလေသည်။ သစ်တောနယ်မြေများနှင့် မြက်ခင်းပြင်များမှာ ပိုမို၍ မြင့်မားလာကာ စိမ်းစိုလန်းဆန်းစွာ ပေါက်ရောက်လာကြ၏။
ကြီးထွားခြင်း...
အဂ္ဂိရတ် တာအို၏ ဒုတိယမြောက် ကဏ္ဍ ပေါ်ထွက်လာမှုမှာ လူတိုင်း၏ အာရုံများကို ဆွဲဆောင်သွားကာ ပဋိပက္ခတိုင်းကို ခေတ္တ ရပ်တန့်သွားစေခဲ့သည်။
“ဒုတိယမြောက် အပိုင်းအစ ထွန်းလင်းလာပြီ...”
ရွှယ်ရီဖေးက ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူမက အသက်ကို တည်ငြိမ်စွာ ရှူရှိုက်ရင်း ကုန်ဆုံးသွားခဲ့သည့် ကြယ်တာရာ အင်အားများကို ပြန်လည် စုစည်း နေခဲ့သည်။
“ဆိုတော့ အချိန်ကို သိရပြီပေါ့...”
တရှန်းက ကြေးနီရောင် စစ်ပုဆိန်ကို ပခုံးပေါ်တွင် ထမ်းရင်း ရပ်နေခဲ့၏။ သူမ၏ ရွှေရောင် မျက်လုံးများက ဆန်းကြယ်သည့် အလင်းရောင်များနှင့် ဖုံးလွှမ်းနေကာ မီးခိုးရောင် ကောင်းကင်ကို မော့ကြည့်နေခဲ့သည်။ ကောင်းကင်တွင် ဒုတိယမြောက် အလင်း ရောက်ရှိလာခြင်းနှင့် အတူ ထာဝရ သရဖူကို အလုံးစုံ ဖွဲ့စည်း ပြီးစီးမည့် အချိန်ကို တွက်ချက်နိုင်ပြီ ဖြစ်သည်။
“အကိုကြီးယောင်... ကျွန်တော်တို့ သွားကြမလား...”
ထိုအခိုက်၌ ရွှေဖုန်းပေါင်မှာ ပင်လယ် ရေစီးကြောင်း တစ်ခုအတိုင်း စီးနင်း လိုက်ပါလာနေခဲ့၏။ သူ၏ ဘယ်ဘက်ခြမ်းတွင်တော့ ယောင်ဟုန်ရီမှာ လက်ပိုက်ကာ ခေါင်းငုံ့ စဉ်းစားနေခဲ့သည်။ နောက်ဆုံး၌ လေးသမားက ခေါင်းခါလိုက်၏။
“မသွားသေးဘူး”
မြက်ခင်းပြင်ဒေသတစ်ခုတွင်တော့ ဟုန်ချွင်းဟွာနှင့် ပေ့ဝေဝေတို့မှာ ဘေးချင်းယှဉ်လျက် ရပ်နေကာ ကောင်းကင်ယံမှ အံ့ဩဖွယ်ရာ အပြောင်းအလဲများကို စောင့်ကြည့်နေခဲ့သည်။ အာဏာရှင် အဖွဲ့၏ ကွန်မန်ဒါ နှစ်ဦးစလုံးမှာ တည်ကြည်သည့် အမူအရာများကို ဆင်မြန်းထားကြ၏။
“နာ့ရှင်းရီနဲ့ ဝူပိုင်ကျိုး...”
ပေ့ဝေဝေက နာမည်နှစ်ခုကို ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူမ၏ စကားလုံး တစ်လုံးချင်းစီတိုင်းက လေးပင်သည့် ဖိအားများကို သယ်ဆောင်ထားသည်။
ဟုန်ချွင်းဟွာက ပေ့ဝေဝေ၏ အတွေးများကို အတည်ပြုသလို ခေါင်းညိတ်လိုက်၏။ ထို့နောက်... သူမက ဖြည်းဖြည်းချင်းပင် ပန်းပွင့်များဖြင့် အလှဆင်ထားသည့် ဓားရိုးကို ဆုပ်ကိုင်လိုက်လေသည်။
***