ဗာကီရီ အဖွဲ့ဝင်များ (၈)
Vol. 119 Ch. 1657
“ဒုတိယမြောက် အလင်း...”
အခြားတစ်နေရာတွင်တော့... ယီယွင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။
ကောင်းကင်တွင် လောကချည်နှောင် နေကြယ်များ ပြန့်ကျဲနေသည်ကို သူ တွေ့ရှိရသည်။ ကိုယ်တိုင် အာဏာရှင် အဖွဲ့တင် တစ်ဦး ဖြစ်သော်လည်း အာဏာရှင်များမှာ ထိုမျှ ကြောက်မက်ဖွယ် ကောင်းသည့် အဆင့်များကို ရောက်ရှိလိမ့်မည်ဟု မျှော်လင့် မထားခဲ့ချေ။ ကျူးဟိုင်အား လက်စားချေရန် အတွေးကို ပြန်လည် စဉ်းစားရင်း သူ ရင်ပင် ခုန်လာခဲ့၏။
သူ၏ နံဘေးတွင်တော့ အလွှာအပြင်က သေမျိုးတစ်ပိုင်း အဆင့် လူသားမျိုးနွယ် ရွေးချယ်ခံ မိန်းကလေးမှာ စိုးရိမ် ပူပန်စွာဖြင့် ရှိနေခဲ့သည်။ သေမျိုးများမှာ ထိုမျှ ကြောက်မက်ဖွယ် ကောင်းသည့် အင်အားများကို ထုတ်ဖော် ပြသနိုင်လိမ့်မည်ဟု မျှော်လင့် မထားခဲ့ချေ။ သူမက ဝေ့ဝူယင်ဟု လူသိများသည့် ဒဏ္ဍာရီဆန်ဆန် လောက အဂ္ဂိရတ် ရှန့်ထို၏ ကိုယ်လုပ်တော် ဆိုသည့် မိန်းကလေးကို အာရုံစိုက် နေခဲ့ခြင်း ဖြစ်သည်။
ပထမ၌ ဝေ့ဝူယင် ဆိုသည့် ပုဂ္ဂိုလ်၏ ဒဏ္ဍာရီများကို သူမ မယုံကြည်ခဲ့သော်လည်း သူက ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲအား သိမ်းပိုက်လိုက်ပုံ၊ ပြိုင်ပွဲအတွင်း နောက်ထပ် ပြိုင်ပွဲတစ်ခုကို ထပ်မံ၍ ဖန်တီးလိုက်ပုံတို့ကို မြင်လိုက်ရသော အခါတွင်တော့ မယုံကြည်ပဲ နေဖို့ မဖြစ်နိုင်တော့ချေ။ ထို့အပြင်... ရွှယ်ရီဖေးမှာလည်း ကြယ်တရာ အမြုတေ အဆင့်တွင်ပင် မြေကြီး ရှန့်ထို တစ်ဦးကို အနိုင်ယူ ပြခဲ့သည်။
ရွှယ်ရီဖေး ဆိုသည့် ထိုမိန်းကလေးမှာ ကျင့်ကြံခြင်း အလွှာကြီး တစ်ခုလုံးနှင့် အဆင့်လေးဆင့်ကို မည်ကဲ့သို့ ကျော်လွန် တိုက်ခိုက် နိုင်ခဲ့သည်ကို သူမ နားမလည်နိုင်ခဲ့ချေ။ မြေကြီးရှန့်ထိုများမှာ သူတို့၏ အောက်ရှိ အဆင့်နိမ့် ကျင့်ကြံသူများအား မရှုံးနိမ့်နိုင်သူများအဖြစ် မကြာခဏ ဆိုသလို ရည်ညွှန်းလေ့ ရှိကြသည်။ ထိုအရာအားလုံးက အဓိပ္ပာယ် မရှိပါချေ။ အဇူရာ မူလ ဂလက်ဆီ နယ်မြေမှ ရွေးချယ်ခံများမှာ ထိုမျှလောက် အားနည်းနေကြပြီလော။ သို့မဟုတ် သေမျိုးများက အဆမတန် အားကောင်း နေကြခြင်းလော။
သူမ၏ အတွေးများသည် မမှားသော်လည်း လုံးဝလည်း မမှန်ကန်ပေ။ အလွှာအပြင်က ရွေးချယ်ခံများမှာ အလွန် အစွမ်းထက်ကြကာ အနည်းဆုံး လမ်းစဉ် ၇၊ ၈ နှင့် ၉ ခုတို့ကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ မြေကြီးရှန့်ထိုများ ဆိုလျှင် လမ်းစဉ် ကိုးခု အထိ ရောက်ရှိအောင် အတင်းအကြပ် မြှင့်တင်ထားကြသည်။ သို့သော်လည်း ရွှယ်ရီဖေး၊ တရှန်း၊ ကျူးဟိုင်နှင့် ထျန်းရီဝူတို့ကဲ့သို့ လူများမှာ သာမန် ကျင့်ကြံသူများထက် များစွာ သာလွန်သော ထူးခြားသည့် နည်းလမ်းများကို ပိုင်ဆိုင်ထားကြသည်။
ဥပမာအားဖြင့်... တရှန်းထံတွင် ဆိုလျှင် ဟင်းလင်းပြင် နဂါးကြီး၏ သွေးများ၊ အကြေးခွံများနှင့် မွမ်းမံ သန့်စင်ထားသည့် အဆင့်မြင့် လျှို့ဝှက် ရတနာများကို ပိုင်ဆိုင်ထားသည်။ သူမ ၇၃ ယောက်မြောက် မင်းသားအား သတ်ဖြတ်နိုင်ခဲ့ခြင်းတွင် ထိုရတနာများ၏ အကူအညီ အပြင် ရန်သူ၏ ပေါ့ဆခြင်းကလည်း အကြောင်းအရင်း အချက်တစ်ချက် အဖြစ် ပါဝင်ခဲ့သည်။
ကျူးဟိုင် မြေကြီးရှန့်ထိုများကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ခြင်းကမူ သူ ပိုင်ဆိုင်ထားသည့် ထူးခြားသော တိုက်ခိုက်ရေး နည်းလမ်းများကြောင့်လည်း ပါသည်။ အလွှာအပြင်က လူများမှာ အလွန် အစွမ်းထက်သည့် ရှို့ရန် တစ်ယောက်နှင့် မတိုက်ခိုက်ကြဖူးသူများသာ ဖြစ်သည်။ သို့တိုင်အောင်... ကျူးဟိုင်မှာ တစ်ကြိမ်လျှင် မြေကြီးရှန့်ထို တစ်ယောက်ကိုသာ ရင်ဆိုင် နိုင်ခဲ့သည်။
ရွှယ်ရီဖေးမှာ မြေကြီးရှန့်ထိုကို သတ်ဖြတ်နိုင်ခဲ့သော်လည်း သူမ ကိုယ်တိုင် များလှစွာသော အင်အားများကို အသုံးပြုခဲ့ရသည်။ အားအင်ကုန်ခမ်းလုနီးပါး အထိ ဖြစ်ခဲ့သည်။
“တကယ်လို့ သူတို့အားလုံး ပင်ပန်းနွမ်းနယ်သွားမယ်ဆိုရင်...”
ယီယွင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ၏ မျက်လုံးများက တိုက်ခိုက်လိုသော အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့လေသည်။
...
အပြောကျယ်လှသည့် လောကနယ်မြေ တစ်လျှောက် အလွှာအပြင်က လောကနှင့် ချိပ်ပိတ်နယ်မြေ အတွင်းမှ ရွေးချယ်ခံ ထောင်ပေါင်းများစွာမှာ ကောင်းကင်ယံမှ အပြောင်းအလဲများကို စိတ်ခံစားချက် အမျိုးမျိုးဖြင့် စောင့်ကြည့် နေကြလေသည်။
တစ်နေရာတွင်တော့ ပုန်းအောင်းနေသည့် အဖွဲ့တစ်ဖွဲ့ ရှိ၏။ သူတို့က ထောက်လှမ်းမှုများကို ရှောင်ရှားရင်း အခြေအနေကို အေးဆေးစွာ စောင့်ကြည့် နေကြသည်။ ဆိုးယုတ်လှပါသည့် သူတို့၏ မိစ္ဆာ အော်ရာများမှာ ယခုအခါတွင်တော့ ပျောက်ကွယ်လုနီးပါး အထိ ဖိနှိပ်ခံထားရ၏။
အဖွဲ့အတွင်းတွင်တော့... မီးသွေးရောင် အသားအရေပိုင်ရှင် လူကြီးနှင့် စကျင်ကျောက်ကဲ့သို့ ချောမွတ်သည့် အသားအရေနှင့် မိန်းကလေးတို့ ရှိနေခဲ့ကြသည်။ ထိုမကောင်းဆိုးဝါး စောင့်ကြပ်သူ နှစ်ဦး၏ ရှေ့တွင်တော့ တင့်တယ်သည့် ရွှေရောင် အသားအရေ၊ ငွေရောင် မျက်လုံးများနှင့် ပုံရိပ်တစ်ခု ရှိနေခဲ့သည်။ ငွေရောင် မျက်လုံး ဆိုသော်လည်း သူက ဝေ့ဝူယင် ကဲ့သို့ ငွေရောင် သူငယ်အိမ်များကို ပိုင်ဆိုင်ထားခြင်း မဟုတ်ပဲ မျက်ဝန်းအိမ် တစ်ခုလုံး ငွေရောင် ဖြစ်နေခြင်းကို ဆိုလိုသည်။ သူ့ထံတွင် သူငယ်အိမ် မရှိချေ။ ထို့အပြင်... သူက လိင်နှစ်မျိုးစလုံးကို ကိုယ်စားပြုနေသည့် အလား ခံစားရသည်။
မကောင်းဆိုးရွား စောင့်ကြပ်သူများ အားလုံးမှာ နတ်ဆိုးလှိုင်းများနှင့် ရစ်သိုင်း လွှမ်းခြုံနေသည့် ခရမ်းရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကြ၏။ ထိုအရာက သူတို့ ပုံးများ အတွင်းမှ လွတ်မြောက်လာခဲ့သည့် ဝတ်ရုံများ မဟုတ်ပေ။
“ဘာတွေဖြစ်နေတာလဲ... အာရုဏ်ဦး အာဏာရှင် ဧကရာဇ်က ဘယ်သူလဲ... နောက်ပြီး အဲဒီ ထူးဆန်းပြီး ကြောက်ဖို့ကောင်းတဲ့ သေမျိုးတွေက ဘာတွေလဲ...”
စကျင်ကျောက် အသားအရေနှင့် မိန်းကလေးက မေးလိုက်၏။ သူမ၏ အသံက စိတ်ဝိညာဉ်များကို လက်သည်းများဖြင့် ကုတ်ခြစ်၍ ဘယ်ဆီဘယ်ဝယ်မှန်း မသိသည့် အဆုံးမဲ့ လေဟာနယ် ချောက်နက်ကြီး တစ်ခုထံ ဆွဲခေါ်သွားနိုင်လောက်အောင် ဆိုးရွားစွာ ဆွဲဆောင်မှုရှိလှသည်။ မိန်းကလေးမှာ ပုံမှန် အလှပိုင်ရှင်တစ်ဦး မဟုတ်သော်လည်း အသားအရေမှလွဲ၍ ခန္ဓာကိုယ် အချိုးအစားများကတော့ မဆိုးလှဟု ဆိုနိုင်ပေသည်။
“…”
မီးသွေးရောင် လူကြီးက မျက်မှောင်ကြုတ်လိုက်၏။ သူက အစောဆုံး နိုးလာခဲ့သူ တစ်ယောက် ဖြစ်ကာ ယခုတစ်ခေါက် မျိုးဆက်မှ ထိပ်သီး ကျင့်ကြံသူများ အကြောင်း အတိုချုံး ထောက်လှမ်းမှုအချို့ ပြုလုပ်ခဲ့သည်။ ထိုအတောအတွင်း အသက် ငါးရာ မပြည့်သေးသည့် လောက အဂ္ဂိရတ် တစ်ယောက်၏ တည်ရှိမှုနှင့် ပတ်သက်၍ ကောလာဟလတစ်ခုကို ကြားခဲ့ရသည်။ သို့သော်လည်း... သေချာရေရာသည့် အချက်အလက်များကိုတော့ မရသေးပါချေ။
တတိယမြောက် မကောင်းဆိုးဝါး စောင့်ကြပ်သူက ထုတ်ယူခြင်း၊ ကြီးထွားခြင်း တည်းဟူသော အဂ္ဂိရတ် တာအို၏ ကဏ္ဍ နှစ်ရပ်နှင့် ဖွဲ့စည်းထားသည့် ကောင်းကင်ကို မော့ကြည့်လိုက်၏။ ထို့နောက် သူက မကြာသေးမီကမှ နိုးထလာခဲ့သည့် နိုးထလာခဲ့သည့် လူတစ်ယောက်လို ခြောက်ကပ်ကပ် လေသံဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“အရေးမကြီးပါဘူး... သူက ငါတို့ရဲ့ ပန်းတိုင်ကို ဝင်မရှုပ်သရွေ့ပေါ့...”
စကျင်ကျောက် အသားအရေနှင့် မိန်းကလေးက ခေါင်းခါလိုက်သည်။
“ဒါပေမဲ့ ကြည့်ပါဦး...”
သူမက ကောင်းကင်ကို လက်ညိုးထိုးပြလိုက်သည်။
“ဒီတစ်ကြိမ်က ခါတိုင်း ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲတွေနဲ့ လုံးဝ မတူတာ ရှင်းနေတာပဲ... အားလုံးက အကြီးအကျယ် လွဲချော်နေတယ်... ဒါပေမဲ့ ကြီးကြပ်သူက ဘာမှ မလုပ်ဘူး... ဘာလို့လဲ”
ထာဝရ သရဖူ အခမ်းအနား၏ ကြီးကြပ်သူမှာ အမြဲတမ်း လိုလို ကြောက်မက်ဖွယ်ကောင်းလောက်အောင် အင်အားကြီးမားသည်။ သူတို့၏ အစီအစဉ်များအတွက် အတားအဆီးတစ်ခု ဖြစ်ခဲ့သည်။
“…”
ကျန်နှစ်ဦးမှာ ထိုမေးခွန်းကို ချက်ချင်း ပြန်မဖြေနိုင်ဘဲ တိတ်ဆိတ်သွား၏။ ယုတ္တိဗေဒအရ... ကြီးကြပ်သူမှာ တစ်စုံတစ်ဦးကို ကိုယ်ပိုင် ရည်မှန်းချက်များအတွက် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲအား ထိန်းချုပ်ခွင့်၊ ပြောင်းလဲခွင့် မပြုသင့်ပေ။ ခွင့်ပြုမည် ဆိုလျှင်ပင်... ထိုမျှလောက် ထင်ထင်ရှားရှား လုပ်ခွင့် မပြုသင့်ပေ။
မီးသွေးရောင် အသားအရေနှင့် လူကြီးက အနည်းငယ် ကြောက်ရွံ့လာဟန်ဖြင့် ပြောလိုက်၏။
“ငါ ပထမဆုံး ထွက်ပေါ်လာတုန်းက ငါ့ အပေါ်မှာ အရမ်း ကြောက်စရာကောင်းတဲ့ အရှိန်အဝါကြီးတစ်ခု ကျလာသလိုမျိုး ခံစားခဲ့ရတယ်... အဲဒီ အရှိန်အဝါရဲ့ မူလဇစ်မြစ်ကို စုံစမ်းဖို့ ကြိုးစားပြီးခဲ့ပေမဲ့ ပြင်းထန်တဲ့ တန်ပြန် ရိုက်ခတ်မှုကိုပဲ ကြုံတွေ့ခဲ့ရတယ်... ပထမတုန်းက အနီးအနားမှာ ရှိတဲ့ မြေကြီ ရှန့်ထို တစ်ယောက်က သူ့ကို စုံစမ်းဖို့ ကြိုးစားတဲ့ အတွက် သတိပေးတယ်လို့ပဲ ထင်ခဲ့တာ... နောက်ပြီး အဲဒီတုန်းက ငါက အားအနည်းဆုံး အခြေအနေမှာ ရှိနေတဲ့အတွက် သိပ်အများကြီး မစဉ်းစားနိုင်ခဲ့ဘူး... ဒါပေမဲ့ ခု ပြန်ပြီး စဉ်းစားကြည့်တော့ အဲဒါက သူတို့ ပြောနေတဲ့ လောက အဂ္ဂိရတ် ရှန့်ထို ဖြစ်နိုင်တယ်... သူက သေမျိုးတော့ မဟုတ်လောက်ဘူး”
“ဘာလဲ...”
စကျင်ကျောက် အသားအရေပိုင်ရှင် မိန်းကလေးက ထိတ်လန့် တုန်လှုပ်စွာ အော်ဟစ်လိုက်၏။
“မဟုတ်မှ လွဲရော သူက လောကရှန့်ထိုလား... အစစ်အမှန် လောကရှန့်ထိုလား”
မိန်းကလေး၏ အတွေးများ ရိုင်းစိုင်းစွာ ခုန်ပေါက်နေကာ ကြောက်ရွံ့မှုက မျက်နှာ အမူအရာတစ်လျှောက် လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့၏။ သူမ၏ ဆွဲဆောင်မှုရှိလှသည့် အသံက နားထောင်ရ ခက်ခဲသည့် စူးရှရှ အသံအဖြစ် ပြောင်းလဲသွားခဲ့သည်။
“ငါ မသိဘူး”
မီးသွေးရောင် အသားအရေနှင့် လူကြီးက လက်သီးများကို တင်းတင်းဆုပ်ထား၏။ အရှိန်အဝါ အကြောင်း ပြန်လည် တွေးတောမိသည်နှင့် သူ ကြောက်ရွံ့ထိတ်လန့် လာခဲ့မိသည်။ ထိုအချိန်က ရုပ်ပိုင်းဆိုင်ရာ အားနည်းမှုများကြောင့် ဖြစ်နိုင်သည်ဟု ပေါ့ပေါ့တန်တန် သဘောထားခဲ့သော်လည်း စိတ်ဝိညာဉ်ပေါ်ရှိ ထိုအမှတ်အသားမှာ ယခုအချိန်အထိ သူ့ကို မတည်ငြိမ်နိုင်အောင် ဖိနှိပ် ချေမှုန်းနေခဲ့သည်။
“တည်ငြိမ်စမ်း...”
ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက စိတ်လှုပ်ရှားမှုများကို ငြိမ်သက်စေသည့် ဝိညာဉ် ကျင့်စဉ် တစ်မျိုးကို ထုတ်ဖော်ရင်း ညင်သာစွာ ပြောလိုက်၏။
မိန်းကလေးမှာ ချက်ချင်း ငြိမ်သက်သွားခဲ့သော်လည်း မီးသွေးရောင် အသားအရေနှင့် လူကြီး၏ မျက်လုံးများ အတွင်းရှိ ကြောက်ရွံ့မှုများကတော့ အစွန်းဆုံးအထိ တိုးလာခဲ့ကာ နှလုံးခုန်သံမှာလည်း ပေါက်ကွဲ မတတ် ထိတ်လန့်တုန်လှုပ်ဖွယ် ကျယ်လောင်လာခဲ့သည်။
“မင်း…”
ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက ခေါင်းကို မီးသွေးရောင် အသားအရေနှင့် လူကြီးဘက်သို့ လှည့်လိုက်၏။ ထို့နောက်တွင်တော့ ရုတ်ချည်းဆိုသလိုပင် သူ၏ ရွှေရောင် ငွေရောင် မျက်လုံးများမှာ ပြူးကျယ် လာခဲ့တော့သည်။
မကောင်းဆိုးဝါး စောင့်ကြပ်သူ နှစ်ဦး၏ နောက်တွင် ငွေရောင် မျက်လုံးများနှင့် မိုးကျရွှေကိုယ် တစ်ပါး အလား အလွန် ချောမောလှသည့် လူငယ်လေး တစ်ဦး အေးဆေးစွာ ရပ်နေခဲ့၏။ သူက စကျင်ကျောက် အသားအရေနှင့် မိန်းကလေးကို အထူးသဖြင့်... သူမ၏ တင်ပါးနှင့် သွယ်လျသော ခါးတစ်ဝိုက်ကို စိတ်ဝင်တစား စစ်ဆေးကြည့်ရှုနေခဲ့သည်။
လူငယ်မှာ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ အကြည့်ကို သတိထားမိလိုက်သည့်အလား... အကြည့်လွှဲလိုက်ကာ ငွေရောင် အပြည့် မျက်လုံးများနှင့် အကြည့်ချင်း ဆုံလိုက်သည်။
“နှုတ်ခွန်းဆက်ပါတယ်”
***