← Chapters

ဗာကီရီ အဖွဲ့ဝင်များ (၉)

Vol. 119 Ch. 1658

ဗာကီရီ အဖွဲ့ဝင်များ (၉)

Vol. 119 Ch. 1658

“နှုတ်ခွန်းဆက်ပါတယ်”

လူငယ်က ပြုံးရင်း ပြောလိုက်၏။ သူ၏ လေသံက အေးဆေးကာ ချစ်ခင်ဖွယ် ကောင်းနေသည်။

“ဘာလဲ...”

မကောင်းဆိုးဝါး စောင့်ကြပ်သူ နှစ်ဦးမှာ အသံကြောင့် လန့်ဖျပ်ကာ ချက်ချင်း ခုန်ထွက်လိုက်ကြ၏။ ထို့နောက် နောက်ကို ပြန်ကြည့်လိုက်ကြသည်။ ဤလူငယ်သည် မည်သူနည်း။

“မင်း...”

မီးသွေးရောင် အသားအရေနှင့် လူကြီးမှာ မိန်းမငယ်လေး တစ်ဦးကဲ့သို့ အော်ဟစ်လုနီးပါး ဖြစ်နေခဲ့၏။ သူ၏ မျက်လုံးများမှာ ဦးခေါင်းခွံ အတွင်းမှ ထွက်ကျလာလုနီးပါးအထိ ပြူးထွက်လာသည်။ သူ၏ သွေးစွန်းနေသော သွားများမှာ တဆတ်ဆတ် တုန်ယင်နေကာ သူ၏ သွေးစွန်းသော အရှိန်အဝါကို ထိန်းထားပုံရသည်။

မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ အချိန်များစွာ ကုန်လွန်ခဲ့သော်လည်း ထိုအရှိန်အဝါကို ယခုအချိန်အထိ မမေ့နိုင်သေးချေ။ ၎င်းမှာ နားမလည်နိုင်သော နည်းလမ်းများဖြင့် သူ၏ စိတ်ဝိညာဉ် အတွင်း နက်နက်ရှိုင်းရှိုင်း ထွင်းထုထားခဲ့ပေသည်။

စကျင်ကျောက် အသားအရေနှင့် မိန်းကလေးမှာလည်း တုန်လှုပ်သွားခဲ့၏။ ယောက်ျားတစ်ဦးက ထိုမျှလောက် ချောမောနိုင်ပါသလော။ သူက လူသား တစ်ယောက် ဟုတ်ပါ၏လော။ နတ်ဘုရားများပင် ထိုမျှလောက် ချောမောနိုင်လိမ့်မည်ဟု သူမ မထင်ချေ။

“ဒါကို မင်းတို့ သိလား”

ဝေ့ဝူယင်က သူ၏ ရှန့်ထို လက်စွပ်ထဲမှ အရာဝတ္ထုတစ်ခုကို အေးဆေးစွာ ထုတ်ယူလိုက်၏။ ၎င်းက ချက်ချင်းပင် နေကြယ် တစ်စင်း၏ တောက်ပမှုကို ထုတ်လွှတ်လိုက်ကာ ပတ်ဝန်းကျင် ဧရိယာတစ်ခုလုံးကို တောက်ပမှုဖြင့် ဆေးခြယ်လိုက်သည်။

သုံးဦးထဲ၌ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ယောက် သာလျှင် တုံ့ပြန်ခဲ့၏။

“ဒါက...”

သူက ထိုအရာဝတ္ထုကို အတိအကျ မသိသော်လည်း ၎င်း၏ မူလဇစ်မြစ်နှင့် အရှိန်အဝါတို့ကိုတော့ ချက်ချင်း မှတ်မိလိုက်ပေသည်။

“ဆိုတော့ မင်းတို့က သူ့ရဲ့ ဒီလုပ်ငန်းလေးအတွက် ဆက်သွယ်သူပေါ့ ဟုတ်လား”

ဝေ့ဝူယင်က အန္တိမ နေကြယ်ကို အေးဆေးစွာ ပြန်လည် သိမ်းဆည်း လိုက်သည်။ ၎င်းမှာ သူ ထျန်းရီဝူနှင့် ပြိုင်ဆိုင်ကာ တစ်ယောက်တစ်ဝက် ခွဲယူခဲ့သည့် အန္တိမ နေကြယ် အပြည့်အစုံထက် ပိုမို၍ ပိုမိုကြီးမားသည်။ ၎င်းမှာ လရောင်ဖြာ ဧကရီ၏ စိတ်ဝိညာဉ်အား လွှတ်ပေးရန် အတွက် ‘ထို သတ္တဝါ’ ထံမှ အလဲအလှယ် အနေဖြင့် ရရှိခဲ့သည့် အရာဝတ္ထုများထဲမှ တစ်ခုဖြစ်သည်။

မည်သို့ပင် ဆိုစေ... ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ တုန့်ပြန်ပုံက သူတို့၏ နောက်ကွယ်တွင် မည်သူ ရှိနေကြောင်း ဝေ့ဝူယင်၏ မူလ ယူဆချက်ကို အတည်ပြု ပေးခဲ့ပေသည်။ ၎င်းက သူ ခန့်မှန်းထားသည့် အတိုင်း အတိအကျပင်။

“မင်း ဘယ်သူလဲ...”

နက်ရှိုင်းကာ အင်အားကြီးမားလှသည့် ဟိန်းသံတစ်ခုမှာ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ နှုတ်ခမ်းမှ ထွက်ပေါ်လာ၏။ ၎င်းက ကမ္ဘာလောကကို တုန်ခါသွားစေခဲ့သည်။ အသံအတွင်းရှိ အရှိန်အဝါက လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို အပြည့်အဝ ထုတ်ဖော်တော့မယောင် ခြိမ်းခြောက် နေခဲ့၏။

“ငါ ဒီနေ့ လူသတ်ချင်စိတ် မရှိဘူး... ဒါကြောင့် မင်းရဲ့ အစွယ်တွေကို သိမ်းထားလိုက်”

ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ သို့သော်လည်း... သူ၏ မျက်လုံးများကတော့ အလွန်အမင်း အေးစက်နေသည်။ ထိုမြင်ကွင်းက မကောင်းဆိုးဝါး စောင့်ကြပ်သူ သုံးဦးစလုံးကို ဝန်ရိုးစွန်း တစ်နေရာသို့ ရောက်ရှိသွားသလို ခံစားသွားရစေသည်။

“…”

ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက ဝေ့ဝူယင်ကို ခဏတာမျှ စိုက်ကြည့်လိုက်၏။ ထို့နောက် သူ၏ လျှို့ဝှက် ရည်ရွယ်ချက်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။

ဝေ့ဝူယင် ချဉ်းကပ်လာသည်ကိုပင် အာရုံမခံမိလေရာ အကြောင်းမဲ့ ရန်သူကို ထိပါးရန် သူ ဆန္ဒမရှိပါချေ။ ထို့အပြင်... ဤငွေရောင် မျက်လုံးများနှင့် လူငယ်၏ ကျင့်ကြံခြင်း အခြေခံ မည်မျှနက်ရှိုင်းသည်ကို မသိချေ။ ထိုအချက်ကို စုံစမ်းဖို့ ကြိုးပမ်းတိုင်း အဆုံးမဲ့ ဟင်းလင်းပြင်ကို စူးစမ်းရ သကဲ့သို့ နက်ရှိုင်းလှသည်။

“ကောင်းတယ်”

ဝေ့ဝူယင်က အသိအမှတ်ပြုသည့် အနေဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက စကျင်ကျောက် အသားအရေနှင့် မိန်းကလေးကို တစ်ဖန် ပြန်ကြည့်လိုက်သည်။ အကြည့်များက မကြာခဏ ဆိုသလို မိန်းကလေးဘက်သို့ ရောက်ရှိနေသည့်တိုင် သူက ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူကို ပြောလိုက်သည်။

“ငါ မင်းကို ဒါတော့ ပြောရမယ်... တကယ်လို့ မင်းတို့ ထာဝရ သရဖူကို ပြန်မရယူနိုင်ဘူး ဆိုရင် မင်းတို့ရဲ့ အစီအစဉ်တွေ အားလုံးက လေလှိုင်းထဲမှာပဲ ပျောက်ကွယ်သွားနိုင်တယ်”

“...”

မကောင်းဆိုးဝါး စောင့်ကြပ်သူ သုံးဦးစလုံး၏ အမူအရာများက ချက်ချင်း ပြောင်းလဲသွားခဲ့၏။ သေသည်အထိ တိုက်ခိုက်လိုသည့် မဆုတ်မနစ် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသော ဆိုးညစ်သည့် အရောင်အဝါ တစ်ချက်စီမှာ သူတို့၏ အကြည့်များ အတွင်း ထွက်ပေါ်လာခဲ့သည်။ သူတို့ အတွက် လွတ်လပ်ခွင့် ဆိုသည်မှာ အသက်စွန့်ထိုက်သည့် အရာတစ်ခု ဖြစ်ပုံရသည်။

သို့သော်လည်း... ဝေ့ဝူယင်မှာ လုံးဝ မတုန်လှုပ်ခဲ့ပေ။ အရှိန်အဝါများ ပြင်းထန်စွာ ထွက်ပေါ်လာခြင်း မရှိသေးလေရာ သူတို့ ကြောက်ရွံ့နေကြောင်းနှင့် ဒုက္ခခံရန် ဝန်လေးနေကြောင်း ရှင်းရှင်းလင်းလင်း ထင်ရှားနေသည်။

“ငါက အခမ်းအနားရဲ့ ကြီးကြပ်သူ တာဝန်ကို ယာယီ ယူထားတယ်... ဒါကြောင့် မင်းတို့ အားလုံး ပုံးတွေဆီ ပြန်သွားရမယ်ဆိုတဲ့ တာဝန်ကိုလည်း ငါ ယူထားတယ်... ဒါပေမဲ့ မင်းတို့ အားလုံးကို ငါ အခွင့်အရေးတစ်ခု ပေးနိုင်တယ်... နားထောင်ချင်လား”

ဝေ့ဝူယင်က ပြုံးလိုက်၏။ သို့သော်လည်း ထိုအပြုံးက အပြုံး မဟုတ်ချေ။

“ဘာအခွင့်အရေးလဲ”

ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက အခြား နှစ်ဦးကို ဂရုမစိုက်ပါချေ။ သူတို့၏ ရည်ရွယ်ချက်ကို အောင်မြင်ရန် မည်သည့် အဖိုးအခပေးရပါစေ ပြီးမြောက်အောင် လုပ်ဆောင်ရမည်။ သို့မဟုတ်လျှင် သူ၏ ဘဝမှာ ထာဝရ သရဖူ အခမ်းအနား အတွင်းတွင်ပင် အကျဉ်းချခံထားရသည့် ကျွန်အဖြစ် သေဆုံးသွားနိုင်သည်။

ဝေ့ဝူယင်က ပြန်ဖြေလိုက်၏။

“မင်းတို့ လုပ်ရမှာက…”

...

တစ်ချိန်တည်း၌... နာ့ရှင်းရီနှင့် ဝူပိုင်ကျိုးတို့၏ တိုက်ပွဲမှာ ဒုတိယ အရောင် မွေးဖွားလာပြီး မကြာမီတွင်ပင် ဆက်လက်၍ ဖြစ်ပွားနေခဲ့သည်။ သူတို့ နှစ်ယောက်မှာ ရန်သူအချို့ကို ရှင်းလင်းပြီးနောက် ခဏတာမျှ ပေါင်းစည်းလိုက်ကြ၏။

“ကျန်တဲ့သူတွေ ဘယ်တော့ လှုပ်ရှားကြမယ်ထင်လဲ...”

နာ့ရှင်းရီက ဝိညာဉ်အာရုံ ဆက်သွယ်မှုမှတစ်ဆင့် မေးလိုက်သည်။ ဝူပိုင်ကျိုးမှာ သူတို့ နှစ်ယောက်ထဲတွင် အမြဲတမ်း ပရိယာယ် အကြွယ်ဝဆုံး၊ အကြံဉာဏ် အကောင်းဆုံး ဖြစ်သည်။ သူမ၏ ဉာဏ်ရည်ဉာဏ်သွေးမှာ လေးစားဖွယ်ရာ ဖြစ်ကာ နာ့ရှင်းရီ ကိုယ်တိုင် အမြဲတမ်း ပိုင်ဆိုင်လိုသည့် အရာတစ်ခု ဖြစ်ခဲ့သည်။

ဝှစ်...

ဝူပိုင်ကျိုးက လှံကို ဝှေ့ယမ်းလိုက်ရာ လောက နှလုံးသား ရည်ရွယ်ချက် သုံးခုမှာ သူမ၏ ပတ်ပတ်လည်တွင် ထွက်ပေါ်လာ၏။ မဟာ ဧကရာဇ် တစ်ပါး၏ ပြိုင်ဘက်ကင်းသော အရှိန်အဝါက သူမ၏ မျက်လုံးများအတွင်း လင်းလက်လာခဲ့သည်။

“တတိယ အလင်း မွေးဖွာလာတဲ့ အခါ...”

ဝူပိုင်ကျိုးက အလျင်အမြန် ပြန်ဖြေလိုက်ကာ အာဏာရှင်များထံသို့ အလျင်အမြန် တိုးဝင်သွားခဲ့သည်။ အရာရာ အသစ်က တစ်ဖန် ပြန်လည် မစတင်မီ သူတို့အားလုံးကို သူမ အပြီးသတ် ချေမှုန်းပစ်လို နေခဲ့သည်။

နာ့ရှင်းရီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ တတိယ အလင်းလော...။ သူမက ကောင်းကင်သို့ မော့ကြည့်လိုက်ရာ ဝူပိုင်ကျိုး ထိုသို့ ကောက်ချက်ချရသည့် အကြောင်းရင်းကို ချက်ချင်း သိရှိလိုက်သည်။ မကြာမီတွင် အရာအားလုံး ရှုပ်ထွေးလာတော့မည့်ပုံ ပေါ်သည်။

ဘုန်း... ဘုန်း...

သတိ မထားလိုက်မိခင်မှာပင်... ထာဝရ သရဖူ အခမ်းအနားမှာ နတ်မိမယ် နှစ်ဦးနှင့် အာဏာရှင်များ အကြား တိုက်ပွဲ စစ်မြေပြင် တစ်ခု ဖြစ်လာခဲ့သည်။ နှစ်ဖက်စလုံးမှာ မတူညီသည့် သဏ္ဌာန်နှင့် အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသော်လည်း ရလဒ်ကို မည်သူမဆို မြင်နိုင်ခဲ့ပေသည်။

ဝူပိုင်ကျိုး၏ အရှိန်အဝါမှာ မည်သူမျှ တားဆီး၍ မရနိုင်ဘဲ အမြဲတမ်း မြင့်တက် လာနေခဲ့၏။ တစ်စက္ကန့်၏ အပုံ တစ်ထောင်ပုံ တစ်ပုံ ကုန်လွန်သွားတိုင်း မိန်းကလေး၏ လောကအင်အား အပေါ် အသုံးပြုမှုမှာ ပြင်းထန်စွာ တိုးတက်လာနေခဲ့သည်။ ပြိုင်ဘက်များမှာ မိန်းကလေး၏ ကြောက်မက်ဖွယ် တိုက်ကွက်များကို ခါးသီးစွာ ခုခံနိုင်ရုံသာ တတ်နိုင်ခဲ့သည်။

လောက၏ အင်အားကို ထိုကဲ့သို့ အသုံးပြုခြင်း နည်းလမ်းမှာ လီယွင်ကူး၏ အစီအရင်နှင့် ခြားနားလှပသေည်။ ဝူပိုင်ကျိုးမှာ အစီအရင် အလံများကို အသုံးပြုမည့်အစား လောကအား သိမ်းပိုက် ထိန်းချုပ်ရန် ကိုယ်ပိုင် အင်အားကိုသာ အားကိုးသည်။ သူမ အသုံးပြုနေသည့် အင်အားမှာ အနီး ပတ်ဝန်းကျင် လောကမှ ရယူခြင်း ဖြစ်ကာ လီယွန်ကူး၏ အင်အားကတော့ လောကတစ်ခုလုံးကို သိမ်ပိုက်၍ ရယူခြင်း ဖြစ်သည်။

ခြားနားချက်မှာ ပြောမပြနိုင်လောက်အောင် ကြီးမားသော်လည်း ဝူပိုင်ကျိုးက လောက နှလုံးသား ရည်ရွယ်ချက် သုံးခုကို အသုံးပြု၍ သူမ ထိန်းချုပ်မှုကို အားဖြည့်ထားသည်။ ရည်ရွယ်ချက် သုံးခုကပင် ဖျက်ဆီးနိုင်စွမ်း ပြင်းထန်သည့် တိုက်ခိုက်မှုများ၊ ကာကွယ်မှုများနှင့် ဖိအား သက်ရောက်မှုများကို ထုတ်လွှတ်ပေးခဲ့ပေသည်။

သို့သော်လည်း နာ့ရှင်းရီ၏ အခြေအနေမှာ လုံးဝ ကွဲပြားခြားနားပေသည်။ သူမ ပိုင်ဆိုင်ထားသည့် အစွန်းရောက်ယင် ကြယ်တာရာ အင်အားနှင့် ဝိညာဉ်တို့မှာ တိုက်ခိုက်မှု အားလုံးကို ပယ်ဖျက်နိုင်စွမ်း ရှိလေရာ လွတ်လပ် ပေါ့ပါးစွာ လှုပ်ရှားနိုင်ခဲ့သည်။ သူမက ဝိညာဉ် ကျင့်စဉ်များကို ရင်ဆိုင်နိုင်ခဲ့ရုံမျှသာ မက ၎င်းတို့ကို အင်အားဖြည့်ဖို့ အတွက်ပင် အသုံးပြုနိုင်ခဲ့သည်။

ထျန်းရီဝူနှင့် ခြားနားစွာပင် အာဏာရှင်များထံတွင် ထိုကဲ့သို့ ထိုသို့သော ပုံမှန် မဟုတ်သည့် နည်းလမ်းများကို ကိုင်တွယ်ဖြေရှင်းရန် အချိန်နှင့် အတွေ့အကြုံတို့ မရှိခဲ့ပေ။ အချို့က သီအိုရီကို သိရှိကာ ယန်အခြေပြု တိုက်ခိုက်ရေး နည်းလမ်းများကို အသုံးပြုဖို့ ကြိုးပမ်းခဲ့ကြသော်လည်း သူတို့၏ နည်းလမ်းများက ထျန်းရီဝူလောက် ကျွမ်းကျင်မှု မရှိပါချေ။ ထို့အပြင်... နာ့ရှင်းရီမှာ ထျန်းရီဝူနှင့် ယှဉ်ပြိုင်စဉ်ကထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက် နေပြီ ဖြစ်သည်။

ရွှမ်း... ရွှမ်း...

ယင်ဓားတစ်ချက် ဝှေ့ယမ်းတိုင်း သူတို့၏ အသက်များမှာ မညှာမတာ သိမ်းယူခံနေရ၏။ အာဏာရှင်များမှာ ဝိညာဉ် ကျင့်စဉ် ၊ သိုင်းကျင့်စဉ် စသည်ဖြင့် အခြားသော နည်းလမ်းများကိုလည်း အသုံးပြုဖို့ ကြိုးပမ်းကြသည့်တိုင် အလားတူ ရလဒ်နှင့်သာ ကြုံတွေ့ခဲ့ရသည်။ သူတို့၏ ဝိညာဉ်ကျင့်စဉ်များမှာ ကျောက်တောင်ကို ကြက်ဥဖြင့် ပေါက်နေသကဲ့သို့ ရှိကာ သိုင်းကျင့်စဉ်များမှာလည်း နာ့ရှင်းရီ၏ လေအလျင် ကဲ့သို့ ရှောင်တိမ်းမှု အောက်တွင် လေထုအတွင်းတွင်သာ ပျောက်ကွယ် သွားခဲ့ရသည်။

စောင့်ကြည့်နေကြသည့် ရွေးချယ်ခံများ အားလုံး အံ့ဩတုန်လှုပ် နေကြ၏။ အဝေးမှ စောင့်ကြည့်နေကြသည့် မကောင်းဆိုးဝါး စောင့်ကြပ်သူများ ပင်လျှင် အံ့ဩမှင်သက် နေကြသည်။ အစွန်းရောက်ယင် နတ်မိမယ်မှာ မရှုံးနိမ့်နိုင်သူ တစ်ယောက် ဖြစ်နေသည်လော။

အရောင်စုံလင်သည့် ကောင်းကင်အောက်တွင် ကခုန်ရင်း ယင်ဓားကို ကျက်သရေရှိစွာ ဝှေ့ယမ်းနေသည့် နာ့ရှင်းရီ၏ မြင်ကွင်းက သူတို့ အတွက် ဘယ်တော့မှ မမေ့နိုင်သည့် မြင်ကွင်းတစ်ခု ဖြစ်လာခဲ့လေတော့သည်။

***

All Chapters