← Chapters

ဗာကီရီ အဖွဲ့ဝင်များ (၁၀)

Vol. 119 Ch. 1659

ဗာကီရီ အဖွဲ့ဝင်များ (၁၀)

Vol. 119 Ch. 1659

အခြားတစ်ဖက်၌... ဝမ်ယုထျန်းနှင့် ထာဝရ သရဖူ အခမ်းအနား၏ ကြီးကြပ်သူတို့ နှစ်ယောက်မှာ ဝမ်ယုထျန်း၏ ကိုယ်ပိုင် လောကနယ်မြေတွင် အကွာအဝေး တစ်ခု ခြားနားကာ ရပ်ရင်း ထူးခြားသော တိုက်ပွဲကို ကြည့်ရှု နေကြသည်။ ထာဝရ သရဖူ လုပွဲ နောက်ဆုံး အဆင့်ကို ရောက်ကတည်းက သူတို့ နှစ်ယောက် အတူ ရှိနေကြခြင်း ဖြစ်သည်။ ကြီးကြပ်သူ အမျိုးသမီး၏ မျက်လုံးများမှာ ဝိုင်းစက်နေကာ သိသိသာသာ တုန်လှုပ် နေခဲ့၏။

“သူ့ရဲ့ အစွန်းရောက်ယင် အင်အားက...”

သူမ စကားဆုံးအောင် မပြောရသေးခင်မှာပင် ဝမ်ယုထျန်းမှာ ကြိုတင် သဘောတူညီခဲ့ပြီး ဖြစ်သည်။

“သူ့မှာ ယင်ဆုံမှတ်ကိုးခု ခန္ဓာ ရှိတယ်... နောက်ပြီး မူလယင် ဝိညာဉ် အတွက် အစားထိုး အနေနဲ့ ဝိညာဉ် အမြုတေကို သုံးပြီး ယင်ဆုံမှတ် ဆယ်ခုကို ရောက်ဖို့ နီးကပ်နေပြီ... အဲဒီ လုပ်ငန်းစဉ်သာ ပြီးသွားရင် ယင်ဝိညာဉ် အမြုတေနဲ့ လျှို့ဝှက် အဆင့် ယင်သွေးကြောကိုပါ သေချာပေါက် မွေးဖွားနိုင်လိမ့်မယ်...”

ကြီးကြပ်သူမှာ ဝမ်ယုထျန်း၏ စကားလုံးများကို နားထောင်ရင်း အနည်းငယ် တွေဝေသွား၏။

“ဒီကိုယ်ခန္ဓာကို ပြီးမြောက်သွားရင် သူက…”

“...”

ဝမ်ယုထျန်း၏ အမူအရာမှာ ပြောင်းလဲ သွားခဲ့သည်။ စိုးရိမ် ပူပန်သည့် အရိပ်အယောင်များက သူ၏ အမူအရာ တစ်လျှောက် ဖြတ်ပြေးသွားခဲ့သည်။ နာ့ရှင်းရီသာ ထိုနည်းလမ်းကို အသုံးပြု၍ ယင်ဆုံမှတ် ဆယ်ခု ခန္ဓာကိုယ်ကို ထူထောင်နိုင်ခဲ့ပါက သူမ၏ ခန္ဓာကိုယ်မှာ အကြီးကျယ်ဆုံးသော ယင်အထူးပြု ရတနာများထဲမှ တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။ ထို့နောက် သူမသာ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါက...။

နောက်ဆက်တွဲ ပြဿနာများမှာ စိတ်ကူး မယဉ်နိုင်လောက်အောင်ပင် ကြီးမားလွန်းလှပေသည်။ တစ်ချက်လေး လွဲချော်သွားရုံဖြင့်ပင် သူမ၏ အနာဂတ်မှာ ဆိုးရွားသော ရုန်းကန်မှုများ၊ အဆုံးမဲ့ ခါးသီးမှုများဖြင့် ပြည့်နှက်နေပေလိမ့်မည်။

ကြီးကြပ်သူက သက်ပြင်းတစ်ချက် ချလိုက်၏။

“အမှန်ပဲ... ဒီကောင်မလေးကို ပိုင်ဆိုင်တဲ့ ဘယ်သူ မဆို လူတိုင်း မုန်းတီးလောက်တဲ့ အင်အားကို ရလိမ့်မယ်... သူက သူ့ (မ) ကို ဘယ်တော့မှ မျက်စိအောက်က အပျောက်ခံတော့မှာ မဟုတ်ဘူး...”

နာ့ရှင်းရီမှာ ကောင်းကင် ရတနာ တစ်ခုအောက် မလျော့သည့် ဘဏ္ဍာတော် တစ်ပါး ဖြစ်သည်။ ထို့ကြောင့်ပင် အင်အားကြီးသူများမှာ သူမကို သိမ်းပိုက်ကာ သူတို့ အကျိုးအတွက် အသုံးချမှာ မလွဲဧကန်ပင် ဖြစ်သည်။

ဝမ်ယုထျန်းက ခေါင်းညိတ်ကာ သဘောတူလိုက်၏။ ဝေ့ဝူယင်နှင့် နာ့ရှင်းရီတို့ကြားတွင် နက်ရှိုင်းစွ ပတ်သက်နေကြောင်း သူ မသိပါချေ။ အကယ်၍ သူသာ သိရှိခဲ့ပါက နာ့ရှင်းရီအတွက် သူ ခံစားရသည့် စိုးရိမ်ပူပန်မှု အားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့လိမ့်မည် ဖြစ်သည်။

...

တစ်ချိန်တည်းတွင် ထျန်းရီဝူမှာ သဲကန္တာရ ဒေသတစ်ခု အတွင်း အလံတစ်ခုကို ထပ်မံ စိုက်ထူ နေခဲ့၏။ သို့သော်လည်း သူ၏ မျက်လုံးများက အဝေးရှိ တိုက်ပွဲကို လှမ်းရောက်ရှိ နေခဲ့သည်။ အထူးသဖြင့်... နာ့ရှင်းရီ၏ တိုက်ပွဲကို သူ အလွန် စိတ်ဝင်စားနေခဲ့သည်။ မိန်းကလေး၏ ထူးခြားလွန်းလှသည့် ကျက်သရေနှင့် မယုံကြည်နိုင်စရာ တိုက်ခိုက်ရေး စွမ်းရည်တို့မှာ သူ့ကို အဆုံးမဲ့စွာ အံ့အားသင့်စေခဲ့သည်။

သို့သော်လည်း... လင်းမင်ထံမှ ရရှိခဲ့သော ဝိညာဉ် အမြုတေနှင့် အတူ သူမ၏ ကြီးမားလွန်းလှသော ရည်မှန်းချက်များအကြောင်း ပြန်လည် တွေးတောလိုက်မိသော အခိုင်၌ သူ၏ ချောမောလှပသော မျက်နှာထက်တွင် မျက်မှောင်ကြုတ်သည့် အမူအရာ တစ်ခု ပေါ်လာခဲ့သည်။

“မင်း မှားနေတယ်”

ရုတ်တရက်... အင်ပါယာ မင်းသားက သူ့အနီးအနားတွင် ရှိနေသည့် တစ်စုံတစ်ဦးနှင့် သဘောမတူသည့်အလား ခေါင်းခါလိုက်၏။ တစ်ခဏကြာပြီးနောက် သူက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။

“ဒီကောင်မလေးက ပေ့ရွှမ်းနယ်စားရဲ့ ကိုယ်လုပ်တော်လောင်းထက် ပြဿနာတွေ ပိုများနေမယ် ဆိုရင်တောင် ငါ လက်လျှော့မှာ မဟုတ်ဘူး”

“...”

ထျန်းရီဝူ၏ အမူအရာက စိတ်အနှောက်အယှက် ဖြစ်လာသည့်ပုံ ရ၏။

“မင်းရောပဲလား... ငါ လက်လျှော့မှာ မဟုတ်ဘူးလို့ ပြောပြီးပြီ... အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုက မိန်းကလေး တစ်ယောက် အတွက် ပြဿနာလေးတွေကို မကြောက်ဘူး ဆိုရင် ငါကရော ဘာလို့ ကြောက်ရမှာလဲ...”

“...”

“ဟုတ်တာပေါ့... ဟုတ်တာပေါ့... သူတို့က နှိုင်းယှဉ်လို့ မရဘူး... အဲဒီနှစ်ယောက်ဆီကနေ ငါ လုံလုံလောက်လောက် ကြားခဲ့ပြီးပြီ... မင်း ငါ့ကို ယုံလိုက်...”

ထျန်းရီဝူသည် အလံများ ဆက်လက် စိုက်ထူနေရင်း ပြုံးလိုက်၏။ သတ္တမမြောက် မင်းသား တစ်ယောက် ကိုယ့်ကိုယ်ကိုယ် စကားပြောနေသည့် မြင်ကွင်းက ချိပ်ပိတ်နယ်မြေ အတွင်းရှိ များလှစွာသော လူများကို ထိတ်လန့် တုန်လှုပ်စေလိမ့်မည် ဖြစ်သည်။ နာမည်ကျော် ထျန်းရီဝူက ရူးသွပ်နေသည်လား။

...

ထိုအခိုက်၌ ဝေ့ဝူယင်မှာ မကောင်းဆိုးဝါး စောင့်ကြပ်သူများစွာ၏ အလယ်တွင် ရပ်နေခဲ့၏။ သူတို့၏ ဆိုးညစ်လှကာ မိစ္ဆာဆန်လှသော အရှိန်အဝါများက သူ့ကို လုံးဝ ထိခိုက်အောင် မလုပ်နိုင်ပုံ ပေါ်လေသည်။ ထို့အစား... သူ၏ အာရုံ စူးစိုက်မှု အားလုံးမှာ အခြား တစ်နေရာတွင် စုစည်း နေပုံ ရ၏။

ထျန်းရီဝူ ပြောနေသည့် စကားလုံးများပင်။

ဝေ့ဝူယင် မျက်မှောင်ကြုတ် နေခဲ့မိ၏။ ကြီးကြပ်သူ တစ်ဦး ထိန်းချုပ်ရန် အသုံးပြုနိုင်သည့် အစီအရင်များ အပြင် ကောင်းကင်ဘုံ နတ်မျက်လုံးများကိုပါ ထုတ်ဖော်ကာ စုံစမ်း စစ်ဆေးဖို့ ကြိုးပမ်းနေခဲ့သော်လည်း ထျန်းရီဝူမှ လွဲ၍ အခြား လူတစ်ယောက်ကို သူ မခံစားနိုင်ခဲ့ချေ။ မမြင်နိုင်ခဲ့ချေ။ ၎င်းက အလွန်ပင် ထူးဆန်းလှသည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... ဝေ့ဝူယင် အတွက် သေချာတာ တစ်ခုက ထျန်းရီဝူမှာ ကောင်းချီးခံ တစ်ယောက် မဟုတ်ချေ။ ကောင်းချီးခံ တစ်ယောက်နှင့် ဆင်တူသည့် အငွေ့အသက်များ ထျန်းရီဝူထံတွင် မရှိချေ။ ဝေ့ဝူယင် ပုံမှန်မဟုတ်ဟု ခံစားရသည့် တစ်ခုတည်းသော အရာက သူ၏ ဝိညာဉ်အော်ရာသာ ဖြစ်သည်။

“ကျွန်တော်တို့ အခု ထွက်ရတော့မှာလား...”

ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက တည်ကြည်သော အမူအရာဖြင့် မေးလိုက်၏။ အရှေ့၌ ရှိနေသည့် လူငယ် အနည်းငယ်လေးမျှလောက် စိတ်ငြိုငြင်သွားမည်ကိုပင် မလိုလားသည့်အလား သူ၏ လေသံက လေးစားမှု၊ သတိတရားများနှင့် ပြည့်နှက် နေခဲ့သည်။

ဝေ့ဝူယင်က လှည့်၍ပင် မကြည့်ချေ။ ထို့အစား လက်တစ်ဖက်ကိုသာ ဝှေ့ယမ်းပြလိုက်၏။

“သွားကြတော့”

ထိုစကားလုံးက စစ်ပွဲစတင်သည့် ကျွဲချိုမှုတ်သံ တစ်ခုပင်။

ဘုန်း... ဘုန်း... ဘုန်း...

ချက်ချင်းပင် မကောင်းဆိုးဝါး စောင့်ကြပ်သူများ၏ အရှိန်အဝါများက ပြင်းထန်စွာ တောက်လောင်လာကာ သွေးရနံ့များ ထုံလွှမ်းနေသည့် အော်ဟစ်သံများဖြင့် လောကကို အုပ်မိုးလိုက်၏။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် လေထုမှာ အဆိုးယုတ်ဆုံးသော နည်းလမ်းများနှင့် ညစ်ညမ်းသွားခဲ့သည်။ မကောင်ဆိုးဝါး စောင့်ကြပ်သူများမှာ စိတ်ဝိညာဉ်များကို စုပ်ယူခြင်းမှ အစ အသားများကို စားသုံးခြင်းအထိ ဆိုးညစ်သော နည်းလမ်းများ အမျိုးမျိုးကို ကျင့်ကြံခဲ့ကြသည်။ တစ်ခုချင်းစီမှာ နောက်တစ်ခုထက် ပိုမို၍ ရက်စက်သည်။

“အီး... ဟီး... ဟီး...”

“အီး... ဟီး... ဟီး... ဟီး...”

မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ ကောင်းကင် တစ်ခုလုံး တုန်ခါသွားသည် အထိ အရူးအမူး အော်ဟစ် လာကြ၏။ သတိမထားလိုက်မိခင်မှာပင် မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ဦးစီ၏ ကျောဘက်တွင် အမှတ်အသားသစ် တစ်ခုစီ ရှိနေခဲ့ကြသည်။ ၎င်းတို့မှာ အာဏာရှင် အမှတ်အသားနှင့် ဆင်တူသည်။ များစွာ ပိုမို အားနည်းသည် ဆိုသော်လည်း... ၎င်းတို့က သေချာပေါက် ရှိနေခဲ့ပေသည်။

မကောင်းဆိုးဝါး စောင့်ကြပ်သူများ၏ ဟစ်အော်သံများက တိုက်ပွဲများကို ရုတ်တရက် ရပ်တန့်သွားစေခဲ့၏။ လူတိုင်း၏ မျက်လုံးများက ထိုကြက်သီးထဖွယ် ကောင်းလှသည့် အသံ၏ မူလဇစ်မြစ်ကို လှမ်းကြည့်လိုက်ကြသည်။

ရွှယ်ရီဖေးမှာ အားနူကို ပွေ့ဖက်ထားကာ သူမ၏ အပြာရောင် အစက်အပျောက်များ ပါဝင်သော ဟေဇယ်ရောင် မျက်ဝန်းများက တဖျပ်ဖျပ် တောက်ပနေခဲ့၏။ မကောင်းဆိုးဝါး စောင့်ကြပ်သူများ၏ အရှိန်အဝါများက ရိုင်းစိုင်းခက်ထန်စွာ ကောင်းကင်သို့ ထိုးတက်နေကြောင်း သူမ ခံစားလို့ ရနေခဲ့သည်။

ချက်ချင်းပင် ရွှယ်ရီဖေး၏ မျက်နှာထက်၌ ခါးသီးပြီး ပျော်ရွှင်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ သူမ၏ အတွေးများမှာ ဝေ့ဝူယင်နှင့် တစ်သားတည်း ရှိနေပေသည်။ ဝေ့ဝူယင် အတွက် သင့်တော်သည့် ဇနီးမယား တစ်ယောက် ဖြစ်လာစေရန် ကြိုးစားမည် ဆိုသည့် သူမ၏ စကားမှာ ပေါ့ပေါ့တန်တန် မဟုတ်ပါချေ။

“ယောက်ျား... ရှင်က ဒါကို ကျွန်မ အတွက် ပိုပြီး ခက်ခဲအောင် လုပ်ရမှာလား”

ရွှယ်ရီဖေးမှာ အစောဆုံး သိရှိသူ ဖြစ်ခဲ့သော်လည်း ဝေ့ဝူယင်မှာ ပြိုင်ပွဲ၏ ဦးတည်ချက်ကို အပြည့်အဝ ထိန်းချုပ်နေပြီ ဖြစ်ကြောင်း သဘောပေါက်ခဲ့သူကတော့ သူမ တစ်ဦးတည်း မဟုတ်ခဲ့ပေ။ ထိုအချင်းအရာမှာ သူတို့၏ စိတ်နှလုံးသားများထဲတွင် ကြီးမားသည့် လေးစားမှုများကို ဖြစ်ပေါ်စေခဲ့သော်လည်း အံ့မခန်း ယှဉ်ပြိုင်လိုစိတ်ကိုလည်း မြင့်တက် လာစေခဲ့သည်။ အထူးသဖြင့် အာဏာရှင်များ ကြားတွင်ပင်။

သို့သော်လည်း ထိုယှဉ်ပြိုင်လိုစိတ်၊ ခိုင်မာသည့် ကျင့်ကြံခြင်း နှလုံးသားနှင့် တိုက်ပွဲဝင်လိုသော စိတ်ဓာတ်တို့မှာ…

ဝှစ်...

ပိုးမျှင်ကဲ့သို့ အမဲရောင် အလင်းတန်းများကို သယ်ဆောင်လာသည့် လေပြင်းတစ်ချက်မှာ မိုင်သိန်းပေါင်းများစွာကို ဖြတ်သန်း ပျံ့နှံ့သွားခဲ့လေ၏။

***

All Chapters