← Chapters

ဗာကီရီ အဖွဲ့ဝင်များ (၁၂)

Vol. 119 Ch. 1661

ဗာကီရီ အဖွဲ့ဝင်များ (၁၂)

Vol. 119 Ch. 1661

ဟူး... ဟူး...

အာဏာရှင်များအား ရှင်းလင်းပြီးနောက် ဝူပိုင်ကျိုးက ဒုတိယမြောက် မဟာ အသွင်ပြောင်းလဲခြင်းကို ပြန်လည် ရုတ်သိမ်းလိုက်၏။ သူမ၏ အရှိန်အဝါက ချက်ချင်းပင် ပုံမှန် ပြန်ဖြစ်သွားခဲ့ကာ မျက်လုံးများမှာလည်း ပုံမှန် အလင်းရောင်ကို ရရှိလာခဲ့သည်။ သို့သော်လည်း... သေချာ သတိထားကြည့်မည် ဆိုပါက သူမ၏ အသက်ရှူသံများမှာ ပင်ပန်း နွမ်းနယ်နေကြောင်း‌ တွေ့ရှိရလိမ့်မည် ဖြစ်သည်။

တစ်ချိန်တည်း၌ နာ့ရှင်းရီနှင့် ရင်ဆိုင်နေကြသည့် အာဏာရှင်များကတော့ ဉာဏ်ကောင်းစွာပင် ဆုတ်ခွာ သွားခဲ့ကြ၏။ နာ့ရှင်းရီမှာ တိုက်ခိုက်ရန် ထိုက်တန်သည့် ရန်သူ တစ်ယောက် ဖြစ်သော်လည်း သူတို့ တစ်ကြိမ် တိုက်ခိုက်လိုက်တိုင်း သူမ၏ ယင်အင်အားသည်သာလျှင် တိုးပွားလာကြောင်း သတိပြုမိကြပေသည်။ ထို့ကြောင့်ပင်... သူတို့မှာ အေးဆေးစွာ ပြန့်ကျဲ ဆုတ်ခွာ သွားကြ၏။

နာ့ရှင်းရီကိုယ်တိုင်ကလည်း ထိုအရာကို ခွင့်ပြုထားသည်။ သူမက တိုက်ခိုက်ခဲ့သည် ဆိုသော်လည်း ပြင်းထန်သည့် သတ်ဖြတ်မှုများ မလုပ်ဆောင်ခဲ့ချေ။ သူတို့ ဆုတ်ခွာကြသည့် အချိန်တွင်လည်း လွတ်လပ်စွာသာ ဆုတ်ခွာခွင့် ပြုခဲ့သည်။ အာဏာရှင်များကလည်း နာ့ရှင်းရီ၏ ထိုလုပ်ရပ် အပေါ် ကျေးဇူးတင်ကြောင်း လေးစားသည့် သဘောထားသည့် အသံမဲ့ ပြသသွားကြ၏။

မကြာမီမှာပင် မိန်းကလေး သုံးဦးမှာ ပြန်လည်၍ စုဝေး မိကြပြီ ဖြစ်သည်။ အမဲရောင် စွမ်းအင်များကို သယ်ဆောင်ထားသည့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်မှာ မကြာမီ ရောက်ရှိလာတော့မည့်အရာ၏ သတိပေးချက်အဖြစ် ပြင်းထန်စွာ လှိုင်းထနေဆဲ ဖြစ်သော်လည်း တတိယမြောက် အလင်းရောင်ကတော့ ကောင်းကင်တွင် မထွန်းလင်းသေးချေ။

“ပိုင်ကျိုး... နင် အဆင်ပြေရဲ့လား”

နာ့ရှင်းရီမှာ ဝူပိုင်ကျိုး၏ အရှိန်အဝါကို ခံစားမိလေရာ မေးလိုက်၏။ သူမ၏ စွမ်းအင် စီးဆင်းမှု အတွင်း မတည်ငြိမ်မှု အချို့ ရှိနေခဲ့သည်။ မိန်းကလေးမှာ အာဏာရှင်များကို ကိုင်တွယ်ဖြေရှင်းရန် အတွက် ကြယ်တာရာ အင်အား အများအပြားကို အသုံးပြုခဲ့ရကြောင်း ရှင်းလင်းပေသည်။

အာဏာရှင်များမှာ မည်သည့်နည်းနှင့်မျှ လွယ်ကူသော ပြိုင်ဘက်များ မဟုတ်ခဲ့ကြပေ။ ဝူပိုင်ကျိုးက တိုက်ရိုက် ပြန်မဖြေပဲ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက ဆေးလုံးတစ်လုံးကို ထုတ်ယူကာ သောက်သုံးလိုက်သည်။ သူမ၏ အသားအရေက အနည်းငယ် ပြန်လည် စိုပြည်လာခဲ့၏။

“အင်ပါယာ လမ်းကြောင်းကို လျှောက်လှမ်းရတာ တော်တော် စိတ်ပျက်စရာ ကောင်းရမယ်”

ရွှယ်ရီဖေးက ပေါ့ပေါ့ပါးပါး မှတ်ချက်ချလိုက်၏။ အင်ပါယာ ကောင်းကင် နည်းလမ်းကို ကျင့်ကြံသည့် ကျင့်ကြံသူများမှာ အမြဲတမ်းလိုလို ထူးဆန်းသည့် သဘောထားများကို ပိုင်ဆိုင်ထားကြသည်။ ဝူယု ဖြစ်စေ၊ တစ်ခါတုန်းက လုံချန် ဖြစ်စေ၊ ယခု ဝူပိုင်ကျိုး ဖြစ်စေ... အားလုံးက အတူတူပင် ဖြစ်သည်။

ဝူပိုင်ကျိုးမှာ ရွှယ်ရီဖေး၏ စကားကို နားထောင်ရင်း တစ်ချိန်လုံး သူမ အမှုမဲ့အမှတ်မဲ့ ဖြစ်နေခဲ့သည့် တစ်စုံတစ်ရာကို တွေးမိသွားခဲ့၏။ နဂါး နတ်မိမယ်၏ စကားက အမှန်ပင် ဖြစ်သည်။ အင်ပါယာ ကောင်းကင် နည်းလမ်း ကျင့်ကြံသူများမှာ သူတို့ ကိုယ်တိုင် သတိမထားလိုက်မိခင်မှာပင် ဦးတည်ချက် တစ်ခုကို ချမှတ်သည်။ ထို့နောက်... အဆိုပါ သစ္စာစကားကို တစ်ကိုယ်ရေ တိုးတက်ရေး အတွက် တွန်းအား တစ်ခုအဖြစ် အသုံးချသည်။

အနန္တ ဧကရာဇ်ဂိုဏ်းမှာတုန်းက လုံချန်မှာ သူ့ထက် အင်အား ပိုမို ကြီးမားသည့် ရန်သူများကို ရက်စွဲတစ်ခု သတ်မှတ်ကာ စိန်ခေါ်သည်။ ထိုအချိန်ကာလ အတွင်း လုံလောက်သည့် အစွမ်းအစ ရရှိစေရန် အတွက် အပတ်တကုပ် ကြိုးစားသည်။

ယခုလည်း သူမမှာ တိုက်ပွဲ အစပိုင်းလောက် ကတည်းက အာဏာရှင်များ အားလုံးကို သတ်ပစ်မည် ဖြစ်ကြောင်း နိမိတ်ဖတ်ခဲ့သည်။ ထိုကဲ့သို့ စွမ်းဆောင်နိုင်အောင်လည်း ကိုယ့်ကိုယ်ကို တွန်းအားပေးခဲ့သည်။

အကယ်၍ လုံချန်သာ ထိုအတားအဆီးကို ကျော်လွှားရန် ပျက်ကွက်ခဲ့ပါက၊ သူမသာ အာဏာရှင်များကို သတ်ဖြတ်ရန် ကျရှုံးခဲ့ပါက အင်ပါယာ ဥပသေ မျိုးစေ့ ဖွံ့ဖြိုး တိုးတက်မှုမှာ ထာဝရ ရပ်ဆိုင်းသွားမည့် သဘော ရှိသည်။

လက်ရှိ သူမ၏ လုပ်ဆောင်ချက်များက အာဏာရှင် ဆန်သည့် အရှိန်အဝါ တစ်ခုကို တည်ဆောက်နေခြင်းနှင့် ဆင်တူသည်။ ထိုအလုပ်သာ ပြီးမြောက်သွားပါက သူမ၏ စိတ်ဝိညာဉ် အတွင်း အံ့အားသင့်စရာ တစ်ခုခု မွေးဖွားလာတော့မည်ဟု ခံစားရသည်။ ၎င်းမှာ ကောင်းကင်နှင့် ပဲ့တင်ထပ်နေသည့် အမျှင်တစ်ခုမျှသာ ဖြစ်သော်လည်း ဂရုတစိုက် ပြုစုပျိုးထောင်မည် ဆိုပါ ထိုပဲ့တင်သံမှာ သေမျိုးတစ်ယောက် စိတ်ကူးနိုင်သည်ထက် ကျော်လွန်သည့် အင်အားကို အစပျိုးနိုင်လိမ့်မည် ဖြစ်သည်။

ဝူပိုင်ကျိုး၏ မျက်လုံးများက တဖျပဖျပ် တောက်ပသွားခဲ့ကာ သူမ၏ အရှေ့ရှိ လမ်းကြောင်းမှာ အလွန် ရှင်းလင်းလာသလို ခံစားလိုက်ရသည်။ ကျင့်ကြံခြင်း နှလုံးသားက နက်နဲ သိမ်မွေ့စွာ တိုးတက်လာခဲ့လေရာ သူမ လက်ထဲရှိ လှံရိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်လေ၏။

ရွှယ်ရီဖေး အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ဝူပိုင်ကျိုး၏ ထိုတုံ့ပြန်မှုက သူမကို စိုးရိမ်ဖွယ်ရာ ခံစားချက် တစ်ရပ် ပေးစွမ်း နေခဲ့သည်။ သူမ၏ ဤပြိုင်ဘက်မှာ ကြီးမားသည့် ခုန်ပျံကျော်လွှားမှု တစ်ခုကို ဆုပ်ကိုင်နိုင်ခဲ့ပုံ ပေါ်သည်။ ဝူပိုင်ကျိုး ထုတ်ဖော် ပြသခဲ့သည့် လောကနှလုံးသား ရည်ရွယ်ချက် သုံးခု ပင်လျှင် သူမကို ထိုကဲ့သို့ ခံစားချက်မျိုး မပေးစွမ်းနိုင်ခဲ့ချေ။

နာ့ရှင်းရီကတော့ လင်းမင်၏ ဆန်းကြယ်မူလနှင့် ဝိညာဉ် အမြုတေတို့ကို သန့်စင်ခြင်းမှ မွေးဖွား ရရှိလာခဲ့သည့် သူမ၏ အခြေအနေသစ်ကို ဂရုတစိုက် စစ်ဆေးနေခဲ့သည်။ တိုက်ခိုက်လိုက်သည့် အခါတိုင်း မိန်းကလေးမှာ ကိုယ့်ကိုယ်ကို ဝိညာဉ် ကျင့်ကြံသူ တစ်ယောက်လိုမျိုး ခံစားရသည်။ အာဏာရှင်များ၏ ဝိညာဉ် တိုက်ခိုက်မှုများ၊ ကျင့်စဉ်များမှာ မည်မျှပင် ပြင်းထန် စေကာမူ သူမ၏ အာရုံစူးစိုက်မှုကို အနှောင့်အယှက်ပေးနိုင်ခြင်း သို့မဟုတ် သူမ အပေါ် တစ်စုံတစ်ရာ ထိခိုက်နိုင်ခြင်း မရှိခဲ့ပေ။

လက်ရှိ ပိုင်ဆိုင်ထားသည့် အင်အားအပေါ် နာ့ရှင်းရီ ကျေနပ်စွာ ပြုံးလိုက်မိ၏။ ထိုအပြုံးက အလွန်တရာပင် လှပလွန်းလှကာ မည်မျှ ကြမ်းတမ်း ခက်ထန်ပါသည့် စိတ်နှလုံးကို မဆို ပျော့ပျောင်း နူးညံ့သွားအောင် စွမ်းဆောင်နိုင်ပေလိမ့်မည်။

ကံမကောင်းစွာပင်... ထိုအခိုက်၌ လောတစ်ခုလုံး၏ အာရုံ စူးစိုက်မှုက သူမအပေါ်တွင် ရှိနေခဲ့ပါချေ။ အားလုံး၏ အာရုံအားလုံးက အဝေးဆီမှ အော်ဟစ်သံများနှင့် ပျံ့လွင့်လာနေသည့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်တို့ အပေါ်တွင်သာ စုစည်း ကျရောက် နေခဲ့သည်။

ချိပ်ပိတ်နယ်မြေ၊ အလွှာအပြင်က လောကနှင့် အာဏာရှင် အဖွဲ့တို့မှ ရွေးချယ်ခံများစွာမှာ အမျိုးမျိုးသော အမူအရာများကို ဆင်မြန်း ထားကြ၏။ အချို့က အနည်းငယ် တင်းမာ နေကြကာ အချို့က လျစ်လျူထားကြသည်။ အချို့မှာလည်း အဆုံးစွန်ထိ ကြောက်ရွံ့နေကြ၏။ ထိုအရာက လောကရှန့်ထို တစ်ယောက်လော။

“အကိုကြီးယောင်... ဒီလျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်က ကျွန်တော့် အတွက် ဖိအားလေ့ကျင့်ဖို့ အင်ပါယာအရှင် သုံးခဲ့တဲ့ဟာနဲ့ ဆင်တူနေသလိုပဲ... ဒါက အတုအယောင် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်များလား”

ရွှေဖုန်းပေါင်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ ဝေ့ဝူယင်မှာ ရွှေဖုန်းပေါင်ကို ပုံမှန် စုံနှုန်းများထက် ကျော်လွန်သည့် နည်းလမ်းများဖြင့် လေ့ကျင့် ပေးခဲ့သည်။ ထိုအထဲ၌ အတုအယောင် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်နှင့် လေ့ကျင့်စေခြင်းလည်း တစ်ခု အပါအဝင်ပင် ဖြစ်သည်။ ထိုရည်ရွယ်ချက်ကို ပထမဆုံး အကြိမ် ရင်ဆိုင်ခဲ့ရစဉ်က ရွှေဖုန်းပေါင် တစ်ယောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ကာ အသက်ရှူရန်ပင် မတတ်နိုင်လောက်အောင် ဖြစ်ခဲ့သည်။ သူ အလွန်ပင် နာကျင်ခဲ့သည်။ သို့သော်လည်း... နာကျင်မှုကြောင့် အော်ဟစ်ရန်ပင် သူ မတတ်နိုင်ခဲ့ချေ။

လေ့ကျင့်ချိန် နှစ်ပေါင်း အတော်လေး ကြာမြင့်ပြီး နောက်တွင်တော့ သူ ၎င်းနှင့် အကျွမ်းတဝင် ဖြစ်လာခဲ့သည်။ သူ ပိုင်ဆိုင်ထားသည့် မီး နှလုံးသား ရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်သို့ စိမ့်ဝင် ပျံ့နှံ့သွားခဲ့ကာ ခန္ဓာကိုယ် ပတ်လည်တွင် မှိန်ဖျော့ဖျော့ မီးတောက် ရောင်စဉ်လှိုင်းများကို ထုတ်လွှတ်လာခဲ့သည်။ အချိန်သခင် အဆင့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသော်လည်း ရွှေဖုန်းပေါင်မှာ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်၏ အရှိန်အဝါကို အလွယ်တကူပင် ချေဖျက်နိုင်ခဲ့၏။

ယောင်ဟုန်ရီသည်လည်း အလားတူပင် လောက နှလုံးသား ရည်ရွယ်ချက် နှစ်ခုကို ထုတ်လွှတ်လိုက်၏။ သို့သော်လည်း... သူက မည်သည့် ရည်ရွယ်ချက် အမျိုးအစားကို ထုတ်လွှတ်ခြင်း ဖြစ်ကြောင်း ဆုံးဖြတ်ရန် ခက်ခဲလှပေသည်။

“ဟုတ်တယ်... လျှို့ဝှက် အာဏာရှင် အဆင့်ငါးကို မရောက်ခင် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို နားလည်ထားတဲ့ လူတစ်ယောက်ပဲ... မြေကြီးရှန့်ထို အဆင့်မှာပဲ ရှိသေးတယ်လို့ ပြောလို့ရတယ်...”

ယောင်ဟုန်ရီက ရွှေဖုန်းပေါင်၏ မေးခွန်းကို ဖြေလိုက်ရင်း လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် ဆင်းသက်လာရာ နေရာနှင့် ဆန့်ကျင်ဘက် အရပ်ကို လှည့်လိုက်သည်။

“မဟာ သူရဲကောင်း ဝူယုလိုမျိုးလား...”

ရွှေဖုန်းပေါင်၏ မျက်လုံးများက ဖျပ်ခနဲ လင်းလက်သွားကာ မေးလိုက်၏။ ယခုတစ်ကြိမ်တွင်တော့ ယောင်ဟုန်ရီက ပြန်မဖြေပါချေ။

“အဆင်သင့်ပြင်ထား...”

ထို့အစား... လေးသမားက သတိပေးလိုက်၏။ ရွှေဖုန်းပေါင်မှာ ဝူယု၏ ကျင့်ကြံခြင်း အခြေခံနှင့် ပတ်သက်သည့် အမှန်တရားကို မရရှိခဲ့လေရာ နှုတ်ခမ်းစူလိုက်မိသည်။ မည်သို့ပင် ဆိုစေ... သူက တုန့်ဆိုင်းခြင်း မပြုပဲ ကြယ်တာရာ အင်အားများကို လှည့်ပတ်ကာ အဆင်သင့် ပြင်ဆင်ထားလိုက်၏။

ကြီးထွးခြင်း အပိုင်းအစ၏ အလင်းရောင်မှာ ကန့်သတ်ချက် တစ်ခုကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အပိုင်းအစ နှစ်ခု၏ ကြာချိန်ကို တွက်ချက်ခြင်း အားဖြင့် ပြိုင်ပွဲဝင်များမှာ ထာဝရ သရဖူ မည်သည့် အချိန်တွင် ပြီးပြည့်စုံမည် ဆိုသည့် အသိတရား တစ်ခုကို ရရှိခဲ့သည်။ ကဏ္ဍ တစ်ခုချင်းစီမှာ ခုနစ်မိနစ် ကြာမြင့်ပြီး နောက်တွင် အထွတ်အထိပ်ကို ရောက်ရှိလိမ့်မည် ဖြစ်သည်။

၁၃:၅၈...

၁၃:၅၉...

၁၄:၀၀...

၁၄:၀၁...

ဟူး... ဟူး...

ထိန်းချုပ်ခြင်း ရှုထောင့်၏ ထူးခြားသော အလင်းရောင်သည် မွေးဖွားခဲ့လေ၏။

၃၄:၅၉...

ထာဝရ သရဖူ ပြီးပြည့်စုံစေရန် ၃၄ မိနစ်နှင့် ၅၉ စက္ကန့်သာ ကျန်ရှိပေတော့သည်။

၃၄:၅၈...

ဘုန်း...

ရုတ်တရက်... လောကအတွင်း၌ ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာ၏။ ၎င်း၏ အဟုန်က ကောင်းကင်တွင် တောက်ပနေသော အလင်းတန်းများကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။ ယင်တို့မှာ အသက်ရှိသည့် သတ္တဝါအားလုံးအား ညစ်ညမ်းစေရန်နှင့် ပျက်စီးစေရန် ရည်ရွယ်၍ ဆိုးညစ်သည့် အရှိန်အဝါကို သယ်ဆောင်လာခဲ့ကြလေသည်။

***

All Chapters