ဗာကီရီ အဖွဲ့ဝင်များ (၁၆)
Vol. 119 Ch. 1665
လူမည်းကြီးမှာ ဆုံးဖြတ်ရ ခက်နေပုံ ရ၏။ ထိုလူသား သေမျိုးလေးကို တစ်ကျိုက်တည်း ဝါးမြိုသင့်သလော။ သို့မဟုတ် တဖြည်းဖြည်းချင်း လုပ်သင့်သလော။ သူက စန်းယွန်းလီကို စားသုံးဖို့ အချိန် လုံလုံလောက်လောက် ရှိသည်ဟု ထင်မှတ်ထားသည့်ပုံ ရသည်။ အစားအစာမှာ တည်ခင်းထားပြီး ဖြစ်သည်။ သူမထံတွင် ထွက်ပြေရန် အခွင့်အလမ်း မရှိပါချေ။ သူက စန်းယွန်းလီကို ခေါင်းအစ ခြေအဆုံး ကြည့်ကာ အပေါ်အောက် တိုင်းတာ နေခဲ့၏။
စန်းယွန်းလီ၏ ကြယ်တာရ အမြုတေမှာ အလွန်ပင် ထူးခြားလွန်းလှသည်။ စွမ်းအားကို ဆင့်ခေါ်လိုက်သော အခိုင်၌ သူမမှာ ကြယ်တာရာ အမြုတေ၏ အရွယ်အစားကို ထင်မှတ် မထားပဲ လောကသို့ ထုတ်ဖော် ပြသခဲ့မိသည်။
ရှစ်ဆယ့်တစ်စင်တီမီတာ...
ထိုအရာမှာ ကြယ်တာရာ အမြုတေ အားလုံး၏ အဆုံးစွန်သော အထွတ်အထိပ် ဖြစ်သည်။ ထို့အပြင်... သူမ၏ ကြယ်တာရာ အမြုတေ ပတ်လည်တွင် မှိန်ဖျော့ဖျော့ ခါးပတ်ကွင်း တစ်ခုလည်း ရှိနေခဲ့သည်။ အရာက ကြယ်တာရာ ခြေချခြင်း ခါးပတ်နှင့် အလွန် ဆင်တူနေသည်။ ထို့အပြင်... ကြယ်တာရာ အမြုတေ အတွင်း၌ လျှို့ဝှက် သင်္ကေတ မျိုးစေ့ ရှစ်ဆယ့်တစ်ခုလည်း ရှိနေခဲ့သည်။ ၎င်းမှာ ကြယ်တာရာ အမြုတေ အဆင့်တွင် စိတ်ဝိညာဉ်က စုဆောင်းနိုင်သည့် အတိုင်းအတာ အကန့်အသတ်ပင် ဖြစ်သည်။
အခြားတစ်ဖက်၌... တန်ဘူမာမှာ ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ အခြေအနေကို မလွတ်မပေးပဲ စောင့်ကြည့် နေခဲ့၏။ ထိုမျှ ကြောက်မက်ဖွယ် ကောင်းသည့် မကောင်းဆိုးဝါး စောင့်ကြပ်သူ ခြေရာပျောက်သွားမည့် အဖြစ်မျိုး သူ မလိုချင်ပေ။ အကယ်၍ ထိုသတ္တဝါကြီး၏ အာရုံ စူးစိုက်မှု ပြောင်းလဲ လာပါက မည်သည့် အချိန်တွင် ထွက်ပြေးရမည်ကို သူ သိထားဖို့ လိုအပ်သည်။ ထို့ကြောင့်ပင် စန်းယွန်းလီ ကြယ်တာရာ အမြုတေ ထုတ်ဖော်လိုက်သည်ကို သူ ရှင်းလင်းစွာပင် မြင်လိုက်ရလေသည်။ ချက်ချင်းပင်... သူ၏ မျက်လုံးများမှာ အံ့အားသင့်မှုဖြင့် ပြူးကျယ်သွားခဲ့၏။
“သူ့မှာ ကြယ်တာရာ ခြေချခြင်း ခါးပတ် ရှိနေတာလား... ချိပ်ပိတ်နယ်မြေလို နေရာမျိုးမှာ အဲဒီလို ခါးပတ်မျိုးကို သူ ဘယ်ကနေ ရခဲ့တာလဲ... ဒီသေမျိုးတွေက ဘယ်သူတွေလဲ...”
တန်ဘူမာမှာ အသည်းနှလုံးထဲမှ တုန်လှုပ် နေခဲ့၏။ ကြယ်တာရာ ခြေချခြင်း ခါးပတ်မှာ လျှို့ဝှက် အရှင်သခင်များနှင့် ထိုအထက် ပုဂ္ဂိုလ်များသာ ဖန်တီးနိုင်သည့် ရှားပါး ရတနာများ ဖြစ်ကြသည်။ ၎င်းကို ရရှိဖို့ အတွက် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ခက်ခဲလွန်းလှသည်။ မကြာခဏ ဆိုသလို ကြယ်တာရာ ခြေချခြင်း ခါးပတ်ကို စိတ်ကူးယဉ် ရတနာ တစ်ခု အဖြစ် သတ်မှတ်ကြသည်။ နာမည် ကျော်ကြားသည့် အတိုင်းပင်... ၎င်းမှာ စိတ်ကူး မယဉ်နိုင်လောက်သည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်စွမ်း ရှိသည်။
မျိုးနွယ်စု အတွင်းရှိ အကြီးအကဲ တစ်ယောက်က သူ ငယ်စဉ်ဘဝတုန်းက ထိုကဲ့သို့ ရတနာမျိုးကို ပိုင်ဆိုင်ချင်ခဲ့ကြောင်း လက်ဘက်ရည် သောက်ရင်း ဝမ်းနည်းစွာ ပြောဆိုခဲ့ဖူးသောကြောင့် တန်ဘူမာ ထူးထူးခြားခြား မှတ်မိနေခဲ့ခြင်း ဖြစ်သည်။
သူ သိရှိထားသည့် အ ထင်ရှားဆုံး စွမ်းရည်များထဲမှ တစ်ခုမှာ လျှို့ဝှက် အမတေများကို မကြုံစဖူး အရှိန်ဖြင့် စုစည်းပေးနိုင်ခြင်း ဖြစ်သည်။ ၎င်းမှာ မွေးရာပါ အရှင်သခင် အဆင့် ပါရမီကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ တစ်ယောက်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ထို့အပြင် ၎င်းမှာ လျှို့ဝှက် အမတေများကို မီလီ စက္ကန့်တိုင်းတွင် လျှို့ဝှက် အင်အားများ အဖြစ် ပြန်လည် ပြောင်းလဲ ပေးနိုင်သည်။ ထိုအရာက ကျင့်ကြံသူ တစ်ဦးကို အဆုံး မရှိ စွမ်းအင်များ ချီးမြှင့်ပေးနိုင်သည်။
၎င်းမှာ လျှို့ဝှက် အရှင်သခင်များ ပိုင်ဆိုင်ထားသည့် စွမ်းရည်များထဲမှ အဆင့်နိမ့် စွမ်းရည် တစ်မျိုးမျှသာ ဖြစ်သော်လည်း အလားအလာနှင့် အသုံးချနိုင်စွမ်းတို့ကတော့ အကန့်အသတ် ကင်းမဲ့လှပေသည်။ ကံဆိုးတာ တစ်ခုက ၎င်းကို သန့်စင်ပြီးနောက် ရာစုနှစ် ခြောက်ခုမျှသာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အတွက် ၎င်းက သိပ်မကြာမြင့်သည့် ကာလ တစ်ခု ဖြစ်သည်။
သို့သော်လည်း... သေမျိုး ကျင့်ကြံသူ တစ်ယောက်ကို ပေးလိုက်လျှင်တော့ ထိုသူမှာ လျှို့ဝှက် သင်္ကေတ မျိုးစေ့များကို လျှင်မြန်စွာ စုစည်းနိုင်လိမ့်မည် ဖြစ်သည်။ လျှို့ဝှက် အမတေကို စုစည်းဖို့အတွက် ကြာချိန်ကိုလည်း သိသိသာသာ လျှော့ချပေးနိုင်ပေလိမ့်မည်။ ၎င်းက သူတို့ကို လျှို့ဝှက် အာဏာရှင် အဆင့်သို့ တက်လှမ်းရန် ရာစုနှစ်ချီ အချိန် သက်သာစေနိုင်သည်။ ကြယ်တာရာ ခြေချခြင်း ခါးပတ်တွင် အခြား အကျိုးကျေးဇူး အနည်းငယ်လည်း ရှိသေးသည်။ သို့သော်လည်း... တန်ဘူမာ ၎င်းတို့ကို ဝိုးတဝါးသာ မှတ်မိပေသည်။
ယခုတွင်တော့ စွန့်ပစ်ခံ ချိပ်ပိတ်နယ်မြေအတွင်းရှိ မထင်မရှား မိန်းမငယ်လေး တစ်ယောက်မှာ ကြယ်တာရာ ခြေချခြင်း ခါးပတ်ကို ပိုင်ဆိုင်နေခဲ့သည်။ သို့သော်လည်း... တန်ဘူမာ သတိမပြုမိသည့် အချက်ကား... ထိုခါးပတ်မှာ အစစ်အမှန် ကြယ်တာရာ ခြေချခြင်း ခါးပတ်များထက် ပိုပါးလွှာကာ အရောင်အဝါမှာလည်း သိသိသာသာ အားနည်းနေခြင်း ဖြစ်သည်။ ၎င်းကို အရည်အချင်း ရှိသည့် ပန်းပဲဆရာ တစ်ယောက်က ပုံတူကူးကာ ပုံသွင်းထုဆစ်ထားခြင်း ဖြစ်သည်။ အကယ်၍ ထိုအချက်ကိုသာ သတိပြုမိပါက တန်ဘူမာ၏ တုန့်ပြန်မှုများမှာ အနည်းငယ် လျော့ပါးသွားနိုင်သည်။ မည်သို့ပင် ဆိုစေ... ထိုကဲ့သို့ ပစ္စည်းမျိုးကိုပင် အဇူရာ မူလ ကြယ်စင်စု၌ မယုံကြည်နိုင်လောက်အောင် မြင့်မားသော ဈေးနှုန်းနှင့် ရောင်းချနေဆဲ ဖြစ်သည်။
ကံဆိုးစွာဖြင့်... သူ့ဘဝ တစ်လျှောက်လုံး ထိုအရာကို ပိုင်ဆိုင်ခွင့် သို့မဟုတ် လက်တွေ့ဘဝတွင် မြင်တွေ့ခွင့်များ မရရှိခဲ့ချေ။ မျိုးနွယ်စု၏ မှတ်တမ်းများထဲ၌ ဝိညာဉ်ပုံရိပ် တစ်ခု အနေဖြင့်သာ မြင်တွေ့ခွင့် ရရှိခဲ့သည်
"ကောင်းပြီလေ..."
ဝမ်မင်ယာက စိတ်သက်သာရာ ရသွားဟန်ဖြင့် ပြုံးလိုက်၏။ တစ်ချိန်တည်းမှာပင် သူမက မီးသွေးရောင် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူကို လှမ်းကြည့်လိုက်သည်။ ထိုလူမည်းကြီးမှာ အခြားအတွေးများနှင့် နစ်မွန်းနေပုံ ရကာ စန်းယွန်းလီကို အစီအစဉ် စွဲဖို့နှင့် တုန့်ပြန်ဖို့ လုံလောက်သည့် အချိန်တစ်ခု ပေးနေခဲ့သည်။
“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ လွှမ်းမိုးမှုမျိုးလဲ... ဒါမျိုးကို ခွင့်ပြုလို့ မဖြစ်ဘူး”
ဝမ်မင်ယာ၏ မျက်လုံးများက လျှို့ဝှက် ဆန်းကြယ်သည့် ရွှေရောင် ကောင်းကင် အလင်းတန်းများနှင့် တောက်ပလာခဲ့၏။ မီးသွေးရောင် အသားအရေ ပိုင်ရှင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ရုတ်တရက် အလျင်လိုသည့် ခံစားချက် တစ်ခုကို ရရှိလိုက်သည်။ စန်းယွန်းလီ၏ အရသာကို ခံစားဖို့ နည်းလမ်း ရှစ်ဆယ်အား စဉ်းစားလိုသည့် ဆန္ဒက ပျောက်ကွယ်သွားခဲ့၏။ သူ့ နှလုံးသား အတွင်း သတိတရားက ပြန်လည် အသက်ဝင် လာခဲ့သည်။
"မင်းရဲ့ အရသာက ဘယ်လိုလဲဆိုတာ ကြည့်လိုက်ရအောင်..."
လူမည်းကြီးက သွေးနီရောင် သွားများကို ဖြရင်း ဆိုးဆိုးရွားရွား အသံဖြင့် အော်ဟစ်လိုက်၏။ သူ၏ အသံက နက်ရှိုင်းကာ အရပ် မျက်နှာ ဆယ်ခုသို့ ပဲ့တင်ထပ် သွားခဲ့သည်။
စန်းယွန်းလီ၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်း သွားခဲ့၏။ သူမက ရှစ်ဆယ့်တစ် စင်တီမီတာ ရှည်သည့် ကြယ်တာရာ အမြုတေများကို ထိတွေ့ရင်း သေမျိုးတာအို၏အကန့်အသတ်ထိ ရောက်အောင် ကိုယ့်ကိုယ်ကို မြှင့်တင်လိုက်သည်။ ၎င်းမှာ ထူးခြားသည့် နောက်ခံကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်များနှင့် ကောင်းချီးခံများသာ တတ်နိုင်သည့် အကန့်အသတ် ဖြစ်ပေသည်။
အမှန်တိုင်း ဝန်ခံရပါက စန်းယွန်းလီ ထိုစွမ်းအားကို ပေါ့ပေါ့တန်တန် မဖော်ထုတ် ချင်ခဲ့ပေ။ သို့သော်လည်း... သူမထံတွင် အခြား ရွေးချယ်စရာ မရှိပါချေ။ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီ ဆိုကတည်းက အဆုံးစွန်သော အင်အားကို သူမ ထုတ်သုံးရတော့မည် ဖြစ်သည်။ သူမထံတွင် စဉ်းစားနေရန် အချိန်လည်း မရှိပါချေ။
မီးသွေးရောင် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူကတော့ သူမ၏ ဖြစ်တည်မှုကို ဂရုမစိုက်ပါချေ။ သူ ဂရုစိုက်သည့် တစ်ခုတည်းသော အရာက သူမ၏ အရသာသာ ဖြစ်သည်။ သူက ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်၏။
ဘုန်း...
ရုတ်တရက်... ရင်ဘတ်ကို ကလေးငယ်လေး တစ်ယောက်က ကန်လိုက်သလိုမျိုး သူ့ခန္ဓာကိုယ်က အနည်းငယ် ယိမ်းထိုး သွားခဲ့၏။ အဖြူရောင် ဝိညာဉ် အလင်းတန်းများက သူ့ကို ဖုံးအုပ် သွားခဲ့သည်။ ထိုအလင်းတန်းများမှာ များလှစွာသော ကလေးငယ်များ လိုမျိုး သူ့ကို ဆုပ်ကိုင်ထားခဲ့သည်။
“ဘာလဲ... ဒီထူးဆန်းတဲ့ လောကဖိအားက... စိတ်ဝိညာဉ် အလင်းများလား... ဟုတ်ပုံတော့ မရဘူး...”
မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ တစ်ခဏမျှ အံ့အားသင့် သွားခဲ့၏။ သို့သော်လည်း ၎င်းက တဒင်္ဂမျှသာ ဖြစ်သည်။ ခြေတစ်လှမ်း အတွင်းတွင်ပင် အနှောင်အဖွဲ့များ အားလုံး ပြိုကျသွားခဲ့၏။ ထို့နောက် သူက နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်သည်။ ခန္ဓာကိုယ်အား ဝန်းရံထားသည့် လောကနယ်မြေကို ချေမှုန်းဖို့ အတွက် ပေါ့ပေါ့ဆဆစွမ်းအင်လှိုင်း တစ်ခုကို သူ ထုတ်လွှတ်တော့မည် ဖြစ်သည်။ သို့သော်လည်း... သူ ရုတ်တရက် ရပ်တန့်လိုက်၏။ ထိုကဲ့သို့ လုပ်လိုက်ပါက အစာကို ဖျက်ဆီးသလို ဖြစ်သွားလိမ့်မည် ဖြစ်သည်။ အကောင်းအတိုင်း ရှိနေသေးသည့် လောကနယ်မြေ မျိုးစေ့မှာ အပိုင်းပိုင်း အစစ ကွဲကြေသွားသည့် အကြွင်းအကျန်များထက် ပိုမို၍ ကောင်းပေလိမ့်မည်။
စန်းယွန်းလီ၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။ မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ ရည်ရွယ်ချက်ကို ရိပ်မိလေရာ သူမ လောကနယ်မြေကို အလျှင်အမြန် ပြန်လည် ရုတ်သိမ်းလိုက်သည်။ စောစောပိုင်းက သူမ၏ တိုက်ခိုက်မှုမှာ ထိုလူမည်းကြီးကို အနည်းငယ် အနှောက်အယှက် ဖြစ်ပေလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ခြေတစ်လှမ်း အတွင်းတွင်ပင် အရာအားလုံး ပြိုပျက်ကျသွားခဲ့သည်။ ထိုအရာက မည်ကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမျိုးနည်း။ ဤမကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ရုပ်ခန္ဓာ ကျင့်ကြံသူ တစ်ယောက် ဖြစ်နေသည်လော။
အခြားတစ်ဖက်၌ ရွှယ်ရီဖေးမှာ ထိုမြင်ကွင်းကို လှမ်းကြည့်ကာ အခြား မိန်းကလေး နှစ်ဦးနှင့် အတူ အံ့အားသင့် နေခဲ့၏။ စန်းယွန်းလီ၏ လောကနယ်မြေ အတွင်းတွင် အတုအယောင် လောကနယ်မြေ၏ စိတ်ဝိညာဉ် အလင်းများ ပါဝင်နေသည်ကို သတိပြုမိခဲ့သည်။ သူမက မူကွဲ အာရုဏ်ဦး နေမီးတောက် ဆေးလုံးတစ်လုံးကို သောက်သုံးခဲ့သည်လော။ မည်ကဲ့သို့နည်း။
ထို့အပြင်... တွေ့မြင်ရသလောက် စန်းယွန်းလီမှာ သူတို့ သုံးယောက်ထက် မနိမ့်ကျသည့် ရုပ်ရည်နှင့် စွဲမက်ဖွယ် ခန္ဓာကိုယ်တို့ကို ပိုင်ဆိုင်ထားပေသည်။ သူမက ဝေ့ဝူယင်၏ တိတ်တိတ်ပုန်း ချစ်သူလော။ မဖြစ်နိုင်ချေ။ အထူးသဖြင့်... ရွှယ်ရီဖေးနှင့် နာ့ရှင်းရီတို့မှာ ထိုအချက်ကိုတော့ သေချာသည်။ ဝေ့ဝူယင်မှာ သူ၏ ချစ်သူများ၊ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေး ရှိသူများ အကြောင်းကို သူတို့ထံတွင် တစ်ခါမှ လျှို့ဝှက် မထားချေ။ သူတို့ကလည်း ထိုရိုးသားမှုကို တန်ဖိုးထားသည်။ စန်းယွန်းလီမှာ ဝေ့ဝူယင် ပြောခဲ့ဖူးသူများထဲ၌ မပါဝင်ချေ။ ထို့အပြင်... သူမက ဗာကီရီ အဖွဲ့ဝင် တစ်ဦးလည်း မဟုတ်ချေ။
ဤသို့ဆိုလျှင် မည်ကဲ့သို့နည်း။
***