ဒီနေရာမှာ ရှိနေတာကို အတည်ပြုနိုင်ပြီ
Vol. 36 Ch. 527
ခွေးသုံးကောင်က ကုန်းမြင့်တစ်ခုနောက်သို့ ပြေးသွားကြပြီး စူးချင်းက ထိုနေရာကို လှမ်းကြည့်ကာ ထိုနေရာက လွန်ခဲ့သောအခိုက်အတန့်တွင် သူမနှင့် ကျိရှောင်ယင်တို့ ရှိနေသည့် ကျောက်လှိုဏ်ဂူ၏အထက်မှ ကုန်းမြင့်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
စူးချင်းက ချိုးယုံခန်း ဤနေရာတွင် ရှိနေသည်ကို သေချာပေါက်နီးပါး အတည်ပြုနိုင်သွားပြီး အရှိန်မြှင့်ကာ ပြေးသွားလိုက်သည်။
“ဝု... ဝု.... ဝုတ် ဝုတ်…”
ခွေးသုံးကောင်က တောင်ကုန်းအနောက်၌ ပုန်းအောင်းနေသည့် လူကို ရှာတွေ့သွားပြီ ဖြစ်ကာ ပြေးသွားရင်း ထိုးဟောင်နေကြပြန်သည်။ ထိုလူက ဝတ်ရုံရှည်ကို ၀တ်ဆင်ထားပြီး သူ့ခေါင်းပေါ်ရှိ ခေါင်းဆောင်းက သူ့မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသည်။ ခွေးသုံးကောင် သူ့ဆီသို့ ပြေးလာနေသည်ကို မြင်လိုက်ချိန်တွင် သူကလည်း နှင်းပြင်ပေါ်မှ ခုန်ထကာ ဓားကို ဝှေ့ယမ်းရင်း ခွေးများအား မောင်းထုတ်နေသည်။ ခွေးသုံးကောင်က ကောင်းကောင်း ပူးပေါင်းတိုက်ခိုက်နေပြီး တစ်ကောင်က ရှေ့မှ တိုက်ခိုက်ကာ ကျန်နှစ်ကောင်က နောက်ကျောနှင့် ဘေးဘက်မှ တစ်ဘက်စီ တိုက်ခိုက်နေကြသည်။ ခဏအကြာတွင် ထိုလူက ထိတ်လန့်သွားပုံဖြင့် ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် သူ ထွက်ပြေးရန် မည်သို့မျှမဖြစ်နိုင်တော့ဘဲ ခွေးသုံးကောင်က သူ့ပြေးရာဘက်သို့ လိုက်ပါနေပြီး သူ့ကို ဝိုင်းရံပိတ်ဆို့ထားကြသည်။
"ချိုးယုံခန်း၊ နင် ဘယ်လိုမှ ပြေးမလွတ်တော့ဘူး"
စူးချင်းက ကောင်းကင်ပေါ်မှ ဆင်းသက်လာသလို ခုန်ဝင်လာပြီး သူမ၏ အေးစက်သော အသံက ချိုးယုံခန်း၏ နားထဲသို့ မိုးကြိုးပစ်သံသဖွယ် ဝင်ရောက်လာသည်။ သူက ခွေးသုံးကောင်ကို မတိုက်ခိုက်တော့ဘဲ စူးချင်းကို ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် လှည့်ကြည့်နေသည်။ သူ့၏မျက်လုံးများထဲမှ ဆုံးဖြတ်ချက် ပြတ်သားပုံရသည့် အရိပ်အယောင်များက စူးချင်းကို ပိုသတိရှိလာစေသည်။
“မင်းက အရမ်းကို ရက်စက်တဲ့မိန်းမပဲ၊ မင်း ငါတို့မိသားစုတစ်ခုလုံးကို သတ်ခဲ့ပြီးပြီ၊ အခုလည်း ငါ့နောက်ကို မဆုတ်မနစ် လိုက်လာသေးတယ်။ ပြန်လမ်းမရှိတော့တဲ့ ရန်သူနောက်ကို မလိုက်ရဘူးဆိုတဲ့ စည်းမျဥ်းကို မင်း မသိဘူးလား?”
"နင်နဲ့ ထိုက်တန်တာကို နင် ရတာလေ"
စူးချင်းက ချိုးယုံခန်းဆီသို့ လျှောက်သွားနေရင်း ရယ်မောကာ ပြန်ပြောလိုက်သည်။ သူမ အနောက်ဘက်သို့ လှည့်ကြည့်လိုက်ရာ ချိုးယုံခန်းက ထိုနေရာကို ဖေါက်ခွဲရန် ပြင်ဆင်နေမှန်း သိလိုက်သည်။ စူးချင်းက ချိုးယုံခန်းကို အေးစက်စွာ ကြည့်နေရင်း ထပ်ပြောလိုက်သည်။
"နင်က ရှောင်ယင်ကိုပါ ငါနဲ့အတူ ဖောက်ခွဲချင်နေတာလား?”
“မင်းတို့နှစ်ယောက်မှာ တစ်ယောက်က ဘုန်းကျက်သရေနဲ့ စည်းစိမ်ဥစ္စာကို လိုချင်တပ်မက်နေပြီး ငါ့ကို သစ္စာဖောက်တဲ့မိန်းမ၊ နောက်တစ်ယောက်ကတော့ ငါ့မိသားစုကို ပျက်စီးအောင်လုပ်တဲ့ မိန်းမ၊ မင်းတို့နှစ်ယောက်လုံးက သေဖို့ ထိုက်တန်တယ်”
ချိုးယုံခန်း၏မျက်လုံးများက ရူးသွပ်မှုအပြည့်ဖြင့် တောက်ပနေသည်။
သူ မင်္ဂလာပစ္စည်းတွေ ဝယ်ပြီး ပြန်လာတဲ့အချိန်မှာ ဂူထဲကို တစ်ယောက်ယောက် ဝင်သွားတာကို တွေ့လိုက်တဲ့အတွက် ပုန်းနေခဲ့တယ်။ နောက်ဆုံးတော့ လျှို့ဝှက်လမ်းကို ဝန်းရံထားတဲ့ စစ်သည်တွေကိုပါ သူ မြင်ခဲ့ရတယ်။
ဒီအခြေအနေမှာ သူ ထောင်ချောက်ထဲကို ဝင်သွားမိမှာ ကြောက်တာကြောင့် ပြေးဖို့ပဲ ဆုံးဖြတ်လိုက်ရတယ်။
သူ ဝယ်လာတဲ့ မင်္ဂလာပစ္စည်းတွေအားလုံးကိုလည်း နှင်းထဲကို လွှင့်ပစ်ခဲ့ပြီး သူ ချက်ချင်း ကိုယ်လွတ်ရုန်း ပြေးထွက်လာခဲ့ရတယ်။ ဒါပေမယ့် ဒီအရာကို သူ လက်မခံ ချင်သေးဘူး။
ကျိရှောင်ယင်က သူမကို လာကယ်မယ့်သူတွေကို မျှော်နေပြီး ယဲ့လွီချွမ်းနဲ့ လက်ထပ်ချင်နေမယ်လို့ သူ မမျှော်လင့်ထားခဲ့မိဘူး။ သူ အဲ့ဒါကို လုံးဝ လက်မခဲ့နိုင်ဘူး။ အဲ့အစား ဒီသစ္စာမဲ့တဲ့မိန်းမကို သူကိုယ်တိုင် ဖျက်ဆီးပစ်လိုက်တာ ပိုကောင်းလိမ့်မယ်။
စူးချင်းကတော့ မဖြစ်မနေ အခွင့်အရေး ရှာရမယ်ဆိုရင်တောင် သူ သူမကို သတ်ပစ်မှာ သေချာတယ်။ အခု စူးချင်းက သူမဘာသူမ လမ်းလျောက်ပြီး သူ့ဆီပြေးဝင်လာတယ်ဆိုကတည်းက သူ့အတွက် သူ့မိဘတွေနဲ့ ညီမလေးအတွက် လက်စားချေဖို့ အကောင်းဆုံးအခွင့်အရေးပေါ့။
သို့သော်လည်း ချိုးယုံခန်းက ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ရန် ဂူထဲကို ထပ်မဝင်ရဲတော့ပေ။ နောက်ဆုံးအကြိမ် သူ နတ်ဆရာ၏အဂ္ဂိရတ်ခန်းနှင့် လျှို့ဝှက်လမ်းကြောင်းကို ဖောက်ခွဲခဲ့စဥ်က သူလည်း အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။ သူ ပြန်သတိရလာချိန်တွင် ကျောက်အပိုင်းအစများထဲ၌ နစ်မြုပ်နေခဲ့ပြီး ထိုကျောက်တုံးများက သူ့နောက်မှ လျှို့ဝှက်လမ်းကြောင်းကိုပင် ပိတ်ဆို့နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ အမြန်ပြေးနိုင်ခဲ့ပြီး ထိုသို့မဟုတ်ပါက သူ ဂူထဲတွင် ပိတ်မိနေပြီး အသက်ရှင်လျက် အမြုပ်ခံလိုက်ရနိုင်သည်။
သို့တိုင်အောင် သူ့မျက်နှာမှ နာကျင်မှုက သည်းမခံနိုင်အောင် ဖြစ်လာသောကြောင့် ချိုးယုံခန်းက သူ့မျက်နှာကို သူ့လက်ဖြင့် ပြန်ထိကြည့်လိုက်ပြီး သူ့တစ်ကိုယ်လုံး လဲပြိုကျသွားသည်အထိ တုန်လှုပ်သွားခဲ့ရသည်။
အတိတ်မှ သင်ခန်းစာအရ ယခုတကြိမ်တွင် ချိုးယုံခန်းက လိုဏ်ဂူ၏ခေါင်မိုးကို ဖောက်ခွဲကာ စူးချင်းနှင့် ကျိရှောင်ယင်အား ထိုနေရာတွင် မြှုပ်နှံရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။
သူက သူ ထိုအရာကို လျှို့ဝှက်စွာ လုပ်နိုင်ပြီး စူးချင်း လုံးဝ မရိပ်မိနိုင်လောက်ဟု ယုံကြည်ထားသေးသည်။
ချိုးယုံခန်းက သူ ပြုလုပ်ထားသည့် ဖောက်ခွဲရေးပစ္စည်းများအားလုံးကို နတ်ဆရာအား မပေးဘဲ အချို့ကို ဝှက်ထားခဲ့သည်။ သူ ထိုပစ္စည်းများကို ဝှက်ထားမှန်း မည်သူမျှ မသိသောကြောင့် စူးချင်းနှင့် အခြားလူများကလည်း သူတို့ မြောက်ပိုင်းလူရိုင်းပြည်ထောင်ကို သိမ်းပိုက်သည့်အချိန်တွင် ၎င်းတို့အား မရှာဖွေခဲ့ကြပေ။
ချိုးယုံခန်းက ဂူထဲသို့ မဝင်ဘဲ ပြန်ပြေးထွက်သွားပြီးနောက်တွင် ဖောက်ခွဲရေးပစ္စည်းများကို သွားပြန်ရှာပြီး ဤလိုဏ်ဂူကို ဖေါက်ခွဲရန် အပြေးအလွှား ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူ သူ့၏ ထိုနှောင့်နှေးမှုကြောင့်လည်း စူးချင်း နှင့် ကျိရှောင်ယင်တို့ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
စူးချင်းက ဖောက်ခွဲရေးပစ္စည်း အရေအတွက်ကို လှမ်းကြည့်လိုက်ပြီး ကြောက်ရွံ့မှုလှိုင်းလုံးကြီးတစ်ခု သူမအပေါ်လွှမ်းခြုံလိုက်သလို ခံစားလိုက်ရသည်။
သူမတို့ အခုထိ အဲ့လိုဏ်ဂူထဲမှာ သူ့ကို စောင့်နေမိရင် မတွေးရဲစရာပဲ။
စူးချင်းက ချိုးယုံခန်းကို အေးစက်သော အကြည့်ဖြင့် ကြည့်ကာ ထပ်ပြောလိုက်သည်။
"နင့်လိုသားရဲကို အသက်ရှင်ခွင့်ပေးထားတာက လေထုကို ညစ်ညမ်းစေတယ်!"
"မင်းက မင်း ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား?"
ချိုးယုံခန်းကလည်း ခေါင်းမော့ကာ ဟက်ဟက်ပက်ပက် ရယ်မောရင်း လှောင်ပြောင်လိုက်သည်။
"စူးချင်း၊ မင်း ဘယ်လောက်ပဲ သန်မာနေပါစေ အခု မင်းတစ်ယောက်တည်းနော်၊ လူတစ်ယောက်က ဓားတွေ လှံတွေကို တားဆီးနိုင်ရင်တောင် ဒီလူသတ်လက်နတ်ကြီးတွေကို ကျော်ဖြတ်နိုင်ပါ့မလား?"
သူက သူ့စကားဆုံးသည်နှင့် စူးချင်းနှင့်အတူ သေရန် ဆုံးဖြတ်လိုက်ကာ ဖောက်ခွဲရေးပစ္စည်းများကို မီးစညှိလိုက်သည်။ စူးချင်းကလည်း သူ၏လှုပ်ရှားမှုများကို အာရုံစိုက်နေခဲ့ပြီး သူ မီးညှိရန် ပြင်လိုက်သည်နှင့် သူ့ကို ပြေးကန်လိုက်သည်။ ခွေးသုံးကောင်ကလည်း သူ့ကို ဝိုင်းကိုက်ကြပြန်သည်။ နောက်ဆုံးတွင် သူ့၏လက်ကောက်ဝတ်နှင့် ပခုံးတို့မှ သွေးများ စီးကျလာပြီး ချိုးယုံခန်းတစ်ယောက် နာကျင်မှုကြောင့် အော်ဟစ်ညည်းညူနေပြန်သည်။
စူးချင်းက ခွေးများ ဝိုင်းကိုက်ခံနေရသော ချိုးယုံခန်းကို အေးစက်သောအမူအရာဖြင့် စောင့်ကြည့်နေသည်။ သူမ အမိန့်မပေးလျှင် ထိုခွေးများက သူ့ကို အသေကိုက်ကြမည် မဟုတ်ပေ။ သူမက သူ့ကို နာကျင်မှုအပြည့်ဖြင့် ဒုက္ခခံစေချင်သေးသည်။
ဆိုးဆိုးရွားရွား ခွေးကိုက်ခံနေရသည့် ချိုးယုံခန်းကလည်း စူးချင်း၏ အေးစက်သောမျက်လုံးများကို လှမ်းမြင်သွားခဲ့ပြီး သူ သူမကို ပို၍ပင် မုန်းတီးလာခဲ့သည်။
ဘာကြောင့်လဲ? သူ့မှာ တိုက်ခိုက်ချင်တဲ့ နှလုံးသားရှိပေမယ့် ဘာကြောင့် သူ သူမကို မသတ်နိုင်ခဲ့ရတာလဲ?
နောက်ဆုံးတွင် ချိုးယုံခန်းက နာကြည်းမှုကြောင့် နာကျင်မှုကို ကျိတ်မှိတ်သည့်ခံကာ အားတင်း ပြန်ထလိုက်ပြီး ဖောက်ခွဲရေးပစ္စည်း၏ကြိုးစကို မီးညှိလိုက်သည်။ ထို့နောက် သူက ထိုဖောက်ခွဲရေးပစ္စည်းကို စူးချင်းထံသို့ လှမ်းပစ်လိုက်သည်။
ချိုးယုံခန်း ဖောက်ခွဲရေးပစ္စည်းကို မီးညှိနေစဥ် စူးချင်းကလည်း မြှားတစ်ချောင်း ပစ်လွှတ်လိုက်သည်။ ချွန်ထက်သောမြှားက ချိုးယုံခန်း၏လက်ကောက်ဝတ်ကို ဖောက်ဝင်သွားပြီး သူ နာကျင်လွန်းသောကြောင့် လက်မမြဲတော့ဘဲ ဖောက်ခွဲရေးပစ္စည်းက နှင်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ချိုးယုံခန်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့သွားကာ လှည့်ပြေးရန် ပြင်လိုက်သော်လည်း သူ ခြေတစ်လှမ်းနောက်ကျသွားပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူ အပိုင်းပိုင်း ပြတ်ကာ လွင့်စင်သွားရတော့သည်။
စူးချင်းက အပိုင်းပိုင်းကွဲကာ လွင့်စင်သွားသော ချိုးယုံခန်းကို အေးစက်စွာ ကြည့်နေရင်း ထိုလူကံကောင်းသွားသည်ဟု တွေးနေပြန်သည်။
တကယ်တော့ သူမက ချိုးယုံခန်းကို မွေးစားအမေရဲ့အုတ်ဂူဆီ ဆွဲခေါ်သွားပြီး သူ့ကို အရှင်လတ်လတ် အရေခွံ ခွာပြီးမှ အပိုင်းပိုင်း ဆွဲဖြတ်ချင်တာလေ။
ဒါပေမယ့်လည်း ချိုးယုံခန်း ဒီလိုမျိုး သေသွားတာကလည်း တစ်မျိုးကောင်းတာပါပဲ။ မဟုတ်ရင် ရွှေ့ရှန့်က ကြင်နာတတ်တော့ ဒီလူရဲ့တန်ဖိုးမရှိတဲ့အသက်ကို ချမ်းသာပေးနေဦးမယ်။
စူးချင်း မော့ချန်သို့ ပြန်ရောက်လာချိန်တွင် ညမှောင်သွားပြီ ဖြစ်သည်။ လမ်းတွင် သူမကို ကူညီရန် စစ်တပ်ပါ ခေါ်ဆောင်လာသည့် ချန်ယွိနှင့် တွေ့ဆုံခဲ့သည်။ စူးချင်း လုံခြုံနေပြီး ကောင်းကောင်းမွန်မွန် ရှိနေသည်ကို တွေ့လိုက်ရမှ ချန်ယွိလည်း သက်ပြင်းချနိုင်တော့သည်။
မော့ချန်သို့ ပြန်ရောက်လာပြီးနောက်တွင် စူးချင်းက ချန်ယွိကို မြို့စောင့်နတ်ကွန်းမှ လျှို့ဝှက်လမ်း အကြောင်းပြောပြပြီး ဖျက်ဆီးပစ်ရန် တောင်းဆိုလိုက်သည်။ မြို့ထဲသို့ ဝင်နိုင်သည့် လျှို့ဝှက်လမ်းတစ်ခု ရှိနေသည်ကို သိလိုက်ရချိန်တွင် ချန်ယွိတစ်ယောက် အလွန်အမင်း တုန်လှုပ်သွားရသည်။
ကံကောင်းလို့ပေါ့၊ အဲ့ဒီ နတ်ဆရာက သူရဲ့တစ်ကိုယ်ကောင်းဆန်တဲ့စိတ်နဲ့ မကောင်းမှုတွေ လုပ်ချင်တာကြောင့် ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားခဲ့တယ်။ အဲ့လိုမှမဟုတ်ရင် မြောက်ပိုင်းလူရိုင်းတွေ အဲ့ဒီလျှို့ဝှက်လမ်းကြောင်းကနေတဆင့် မြို့ထဲကို ၀င်ရောက်လာနိုင်တယ်။ သူတို့ဘက်က ဘာပြင်ဆင်မှ မရှိတဲ့အချိန်မျိုးမှာ အလစ်ဝင်ရောက်တိုက်ခိုက် ခံလိုက်ရရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို တွေးတောင် မတွေးရဲတော့ဘူး။
စူးချင်းက သူမ စီစဉ်ပေးစရာရှိသည်ကို စီစဥ်ပေးခဲ့ပြီး ကျိရှောင်ယင်ကို ရှာရန် အိမ်သို့ ပြန်လာခဲ့သည်။ ကျိရှောင်ယင်ကလည်း စူးချင်းအတွက် စိုးရိမ်နေပြီး ယောက်မဖြစ်သူ လုံခြုံစွာ ပြန်လာသည်ကို မြင်လိုက်ရမှ သက်ပြင်းတစ်ချက်ချကာ စူးချင်းဆီသို့ ပြေးလာပြီး သူမ၏လက်ကို ဆုပ်ကိုင်ခါယမ်းလိုက်သည်။
“ယောင်းမ ပြန်လာပြီ”
“ကောင်းကောင်းအိပ်တော့၊ မနက်ဖြန် ကျင့်ရှီလျိုမြောင်ကို သွားကြမယ်"
ကျိရှောင်ယင်က သူမ ထင်ထားသလို ထိတ်လန့်မနေဘဲ အဆင်ပြေနေသောကြောင့် စူးချင်းလည်း စိတ်သက်သာရာရသွားခဲ့သည်။
“ဟုတ်ကဲ့”
ကျိရှောင်ယင်က အလွယ်တကူခေါင်းညိတ်သဘောတူလိုက်ပြီး သူမ သူမ၏ယောက်မအတွက် လုပ်ထားသည့် ဖက်ထုပ်များ ပြန်နွေးပေးရန် အစေခံမိန်းကလေးများအား တောင်းဆိုလိုက်သည်။
"မင်း ဖက်ထုပ်တွေ လုပ်ထားတာလား?"
ကျိရှောင်ယင်၏စကားကို ကြားလိုက်ရသည့် စူးချင်းက ကျိရှောင်ယင်ကို အပြုံးဖြင့် လှမ်းမေးလိုက်သည်။ ၏
တကယ်တော့ သူမ ဖက်ထုပ်ကို အရမ်းတောင့်တနေတာလေ။ ရှောင်ယင်က သူမကို အမြဲနားလည်ပေးနိုင်တယ်။
“အင်း”
ကျိရှောင်ယင်က ခေါင်းညိတ်လိုက်သည်။
သူမ စောင့်နေရင်း စိတ်မရှည်ဖြစ်နေပေမယ့် ယောင်းမ အိမ်ပြန်ရောက်ရင် ပူပူနွေးနွေး စားနိုင်ဖို့ တစ်ခုခုတော့ လုပ်ပေးချင်သေးတယ်။
သမီးယောက်မနှစ်ယောက်သား အရသာရှိသည့် ဖက်ထုပ်များကို အတူတူစားခဲ့ကြပြီး ကျိရှောင်ယင်က သူမ၏အခန်းထဲသို့ ပြန်မအိပ်ရဲသောကြောင့် စူးချင်းက ကျိရှောင်ယင်ကို သူမ၏အခန်းထဲ၌ နေခွင့်ပေးလိုက်သည်။
သူမ၏ဘေးတွင် စူးချင်း ရှိနေသောကြောင့် ကျိရှောင်ယင်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး အိပ်မက်ဆိုးကို မဆိုထားနှင့် သာမာန်အိပ်မက်ပင် မမက်ဘဲ မိုးလင်းသည်အထိ အေးအေးချမ်းချမ်း အိပ်နိုင်ခဲ့သည်။
မနက်စောစောတွင် စူးချင်းက ရထားလုံးများ တပ်ဆင်ရန် အမိန့်ပေးနေပြီး ရထားလုံးထဲ၌ ထူထဲသောသိုးသားရေများ ခင်းပေးရန် ညွှန်ကြားနေသည်။ လမ်းမပေါ်တွင် အေးခဲမသွားစေရန် အနွေးမီးဖိုများပါ ထည့်သွင်းစေပြီး သူမက ရိက္ခာလှည်းတစ်စီးကိုပင် ယူဆောင်သွားရန် ပြင်ဆင်နေခဲ့သည်။ ဆောင်းလယ်တွင် အမဲလိုက်ရန် မလွယ်ကူသလို အချိန်ကုန်သက်သာရန်အတွက်ပါ ထည့်စဥ်းစားပြီး စူးချင်းက အစားအစာ အလုံအလောက် သယ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့သည်။
ချန်ယွိက စူးချင်းကို လိုက်ပို့ပေးချင်နေသော်လည်း စူးချင်းက သူ့ကို တားဆီးလိုက်သည်။
"မော့ချန်ကို စောင့်ရှောက်ပေးထားပါဦး"
"အင်း၊ ငါ မော့ချန်ကို ကောင်းကောင်း ကာကွယ်ထားပါ့မယ်"
ချန်ယွိ၏မျက်နှာတွင် ရှက်ရွံ့ရိပ်များ ရှိနေဆဲဖြစ်သည်။ သူက မော့ချန်ကို နှစ်ကြိမ်တိုင်တိုင် ရှုံးလုနီးပါး ဖြစ်စေခဲ့ပြီး တပ်မှူးအဖြစ် ဆက်နေရန် မျက်နှာမရှိတော့ပေ။ သူက နုတ်ထွက်ရန် သခင်လေးထံ သွားခဲ့သော်လည်း သခင်လေးက သဘောမတူခဲ့ပေ။
သုံးရက်အကြာတွင် စူးချင်းနှင့် ကျိရှောင်ယင်တို့ ကျင့်ရှီလျိုမြောင်သို့ ရောက်လာကြပြီး နှစ်သစ်ကူးအကြိုနေ့ရောက်ရန် တစ်ရက်သာ လိုတော့သည်။ တာ့ထန်ပြည်ထောင်၏ သံတမန်ဖြစ်သော ဟူးအာ့ခန်းက သူမတို့ထက် တစ်ရက်စောကာ ရောက်ရှိနေခဲ့ပြီး နားနေတည်းခိုဆောင်တွင် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သည်။