နှစ်သစ်ကူးအကြို
Vol. 36 Ch. 528
စူးချင်း ကျင့်ရှီလျိုမြောင်သို့ ရောက်ခါနီးတွင် သူမတို့ထံသို့ အပြေးအလွှား လာနေသည့် ကျုံးယုံကို တွေ့လိုက်ရသည်။ စူးချင်းက ချိုးယုံခန်း ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ကြောင်း ကျုံးယုံကို ပြောပြလိုက်သည်။ ကျုံးယုံ၏ မျက်လုံးများက နီရဲလာပြီး ကောင်းကင်ဘက်သို့ ခေါင်းမော့ကာ ငိုသံဖြင့် အော်ဟစ်လိုက်သည်။
"အမေ၊ အမေ အဲ့အသံကို ကြားလိုက်လား? ဆရာက အမေ့အတွက် လက်စားချေပြီးပြီ"
ကျိရှောင်ယင်ကတော့ မိမိကိုယ်ကို အပြစ်တင်နေရင်း ခေါင်းငုံ့ထားသည်။ သူမတို့ လိုဏ်ဂူထဲ၌ ရှိနေစဥ်တွင် ချိုးယုံခန်း သူမတို့၏မွေးစားအမေအား သတ်ခဲ့သည့်အကြောင်းအရင်းကို သူမ မေးမြန်းခဲ့သည်။ မွေးစားအမေက သူမကို သူနှင့် ဝေးရာသို့ ဆွဲထုတ်ချင်နေသောကြောင့် သူ မွေးစားအမေကို သတ်ရန်မှတပါး ရွေးချယ်စရာမရှိကြောင်း ချိုးယုံခန်းက ပြန်ဖြေရှင်းခဲ့သည်။
ထို့ကြောင့် ကျိရှောင်ယင်က သူမထံတွင် အပြစ်ရှိနေသလို နင့်နင့်နဲနဲ ခံစားနေရသည်။ သူမ ငယ်ငယ်က ကျုံးယုံနှင့် စေ့စပ်ထားခဲ့သည်ကို သိလိုက်ရခြင်းကလည်း သူမကို အနည်းငယ် စိတ်မသက်မသာဖြစ်စေပြီး ကျုံးယုံကို မည်သို့ ရင်ဆိုင်ရမှန်းမသိ ဖြစ်နေစေသည်။
ဒုတိယအစ်ကိုက ဒီကိစ္စကို သိသွားပြီး စေ့စပ်ကြောင်းလမ်းဖို့ တွန်းအားပေးလာရင် သူမ ဘာလုပ်သင့်လဲ?
"ကျုံးယုံ၊ ဝမ်းနည်းမနေနဲ့တော့၊ အခု မွေးစားအမေရဲ့အုတ်ဂူကို ဂါရဝပြုဖို့ ပြန်သွားတော့။ ပြီးရင် နှစ်သစ်ကူး ဆင်နွှဲဖို့ ငါတို့ဆီကို ပြန်လာခဲ့၊ မင်း တစ်ယောက်တည်း မနေရဘူး"
စူးချင်းက ကျုံးယုံကို အကြံပေးလိုက်သည်။ သူမ၏အမြင်တွင် ကျုံးယုံက သနားစရာအကောင်းဆုံးလူ ဖြစ်သည်။ ထို့ကြောင့် သူမက ကျုံးယုံ နှစ်သစ်ကူးအား တစ်ယောက်တည်း ကုန်ဆုံးရမည်ကို စိုးရိမ်နေပြီး ကျုံးယုံကို သူမတို့နှင့်အတူ နှစ်သစ်ကူးကို ဖြတ်သန်းစေရန် ကျင့်ရှီလျိုမြောင်သို့ လာခိုင်းနေခြင်း ဖြစ်သည်။
ကျုံးယုံက ခေါင်းယမ်းနေပြီး သူ ပြန်ဖြေလိုက်သည့်အသံတွင် ဖုံးကွယ်မရနိုင်သည့် ဝမ်းနည်းခြင်းများ ပြည့်လျှံနေသည်။
"ဆရာ၊ ကျွန်တော် ကျင့်ရှီလျိုမြောင်ကို ပြန်မလာတော့ဘူး။ အမေရဲ့အုတ်ဂူကို ဂါရဝပြုပြီးတာနဲ့ အစ်ကိုကြီးကို ကူညီဖို့ လော့ချန်ကို တန်းသွားတော့မယ်"
“ဟုတ်ပြီလေ”
ကျုံးယုံက လော့ချန်သို့ သွားမည်ဟု ပြောလာချိန်တွင် စူးချင်းက ရှောင်းကျဲယွိအတွက် သူမ ချုပ်ထားသည့် အဝတ်အစားအသစ်များ ထုတ်ယူလိုက်ပြီး ကျုံးယုံကို ယူသွားခိုင်းလိုက်သည်။
ကျုံးယုံ ထွက်သွားသည်ကို ကြည့်နေပြီးနောက်တွင် စူးချင်းနှင့် ကျိရှောင်ယင်တို့အဖွဲ့က ကျင့်ရှီလျိုမြောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ရန်ရှစ်ခွမ်းက စူးချင်း ရောက်လာသည်ကို သိသွားပြီး သူမကို ကြိုဆိုရန် သူ့တပ်ဖွဲ့နှင့်အတူ အမြန်ရောက်လာခဲ့သည်။ အစောပိုင်းတွင် မြို့ထဲ၌ စစ်သည်ထောင်ဂဏန်းမျှသာ ရှိခဲ့သော်လည်း ယခု စစ်သည်တစ်သောင်းကျော် ရှိနေပြီ ဖြစ်သည်။ သူတို့အားလုံးက ရှောင်းမိသားစု၏ အလံများအောက်တွင် တစုတဝေးတည်း ရှိနေကြပြီဖြစ်သည်။ ရှောင်းမိသားစုစစ်တပ်မှ ပေးနိုင်သော အထောက်အပံ့ကောင်းများကြောင့် ကျန်းမာသန်စွမ်းသော အမျိုးသား တော်တော်များများ စစ်တပ်ထဲသို့ ဝင်ရောက်လာကြသည်။
ရန်ရှစ်ခွမ်း ဦးဆောင်လာသော ရှောင်းမိသားစုစစ်တပ်၏ ဖွဲ့စည်းပုံကို မြင်လိုက်ရပြီးနောက် စူးချင်းလည်း အတော်လေး ဝမ်းသာကျေနပ်သွားခဲ့သည်။ သူမက ငွေလျန်တစ်ထောင် ချက်ချင်း ထုတ်ကာ ရန်ရှီကွမ်အား ပေးလိုက်ပြီး စစ်တပ်အတွက် နှစ်သစ်ကူး စားပွဲများ ပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်။ သူမက ထိုစစ်သည်များအား ရှောင်းကျဲယွိ၏နောက်မှ လိုက်ပြီး ရှောင်းမိသားစုစစ်တပ်ထဲတွင် ရှိနေသရွေ့ သူတို့အတွက် အသားများ ရှိနေမည်ဟု အသိပေးလိုက်ခြင်းသာ ဖြစ်သည်။
ရန်ရှစ်ခွမ်းကလည်း သူတို့၏သခင်မလေး ဤမျှလောက် သဘောထားကြီးမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ယခု သူမက စစ်တပ်အတွက် ဆုလာဒ်များ ရက်ရက်ရောရော ထုတ်ပေးလာသောကြောင့် သူလည်း ပျော်ရွှင်သွားရသည်။ လျန်ငွေတစ်ထောင်ရှိလျှင် ဆူဖြိုးသော ဝက်များနှင့် ဂျုံမှုန့်ကျင်းပေါင်းများစွာ ဝယ်နိုင်သည်။ ဤသည်မှာ ရှောင်းမိသားစုစစ်တပ်အတွက် အကောင်းဆုံးနှစ်သစ်ကူးသာ ဖြစ်သည်။
ရန်ရှစ်ခွမ်းက ငွေစက္ကူကို မြှောက်လိုက်ပြီး စစ်သည်များဘက်သို့ လှမ်းအော်လိုက်သည်။
“စစ်သည်တို့၊ သခင်လေးရဲ့ဇနီးက ငါတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို အသိအမှတ်ပြုပြီး ငါတို့ကို ထောက်ပံ့ပေးတယ်၊ ငါတို့က သခင်လေးကို သေတဲ့အထိ သစ္စာစောင့်သိမှုနဲ့ ကျေးဇူးပြန်ဆပ်ရမယ်”
"ကျွန်တော်တို့ သေတဲ့အထိ သခင်လေးကို သစ္စာစောင့်သိပါ့မယ်လို့ ကတိပေးပါတယ်"
တပ်ဖွဲ့ဝင်များက တညီတညွတ်တည်း ကြွေးကြော်လိုက်ကြပြီး တောင်တန်းနှင့် မြစ်များကို လှုပ်ယမ်းသလို ခံစားရစေသည်။ စူးချင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဒီအရှိန်အဟုန်နဲ့ဆို သူတို့ မအောင်မြင်နိုင်တဲ့ တိုက်ပွဲမျိုးရှိလာတော့မှာ မဟုတ်တော့ဘူး။
ဟူအာ့ခန်းနှင့် သူ ခေါ်ဆောင်လာသော တာ့ထန်စစ်သည်များကလည်း ထိုကမ္ဘာမြေ တုန်လောက်သည့်အော်သံများကို ကြားသွားပြီး ကြည့်ရှုရန် တည်းခိုခန်းထဲမှ ပြေးထွက်လာကြသည်။ ရှောင်းမိသားစု စစ်တပ်၏ ခံ့ညားသော ဖွဲ့စည်းပုံနှင့် အရှိန်အဟုန်ကို မြင်လိုက်ရသောကြောင့် သူတို့ စကားပင် မပြောနိုင်အောင် အံ့အားသင့်သွားကြသည်။
ဒီလို အင်အားမျိုးနဲ့ တပ်ဖွဲ့ကြီးကို ဘယ်သူက အနိုင်ယူနိုင်တော့မှာလဲ?
သူတို့ မော့ချန်မှ ထွက်လာကတည်းက ဟူးအာ့ခန်းက အနာဂတ်၏ ကြင်ယာတော် မင်းသမီး တစ်ခုခု ဖြစ်သွားမည်ကို အလွန်စိုးရိမ်နေခဲ့သည်။
ဝမ်ဖေးအလောင်းအလျာသာ တစ်ခုခု ဖြစ်သွားခဲ့ရင် သူ ဧကရာဇ်ကို ဘယ်လို ပြန်ရှင်းပြရမှာလဲ?
ယခု ရထားလုံးပေါ်မှ စူးချင်းနှင့် ကျိရှောင်ယင်ကို တွေ့လိုက်ရသောကြောင့် စိုးရိမ်သောက ရောက်နေရသည့် ဟူးအာ့ခန်း၏စိတ်နှလုံးလည်း နောက်ဆုံးတွင် ပြေလျော့သွားနိုင်ခဲ့သည်။
တပ်ဖွဲ့ဝင်များအတွက် ဆုလာဒ်ပေးပြီးနောက်တွင် စူးချင်းက ကျိရှောင်ယင်ကို ခေါ်ကာ သူမ၏အိမ်သို့ ပြန်လာခဲ့သည်။ အဘိုးက သူမ၏အိမ်တွင် ရှိနေဆဲ ဖြစ်ကာ သူက လွမ်ချင်းရှန်နှင့် နေ့စဥ် စစ်တုရင်ကစားပြီး ပြည်နယ်အရေးများ ဆွေးနွေးတိုင်ပင်လေ့ ရှိသည်။ သူက စူးချင်း၏ဖခင် စူးဟန်ရွှမ်နှင့် စီးပွားရေးအကြောင်း ပြောနိုင်သလို ကျိုးပေါ်နှင့်လည်း အတင်းအဖျင်းများ ပြောဆိုနိုင်သည်။ သူ အားနေသည့်အချိန်များတွင် ရှောင်ချန်ကို စနောက်နေလေ့ရှိပြီး အဘိုးက အလွန်အဆင်ပြေနေကာ အထီးကျန်မှုကို ဘာမှန်းပင် မသိတော့ပေ။
သို့သော်လည်း နှစ်သစ်ကူးခါနီးရောက်လာချိန်တွင်တော့ သူက သူ့မြေးများနှင့် မြေးချွေးမလေးကို လွမ်းဆွတ်လာမိသည်။
“ဒီနှလုံးသားမဲ့တဲ့ကလေးတွေက နှစ်သစ်မှာတောင် အိမ်မပြန်လာချင်ကြဘူးလား?”
ယန်ရုရွှယ်နှင့် စူးဟန်ရွှမ်တို့ကလည်း စူးချင်းနှင့် သူတို့၏သားမက်ကို လွမ်းဆွတ်နေကြသည်။
သူတို့ အိမ်ထောင်ကျပြီးပြီးချင်း ထွက်ခွာသွားကြတာလေ။ နှစ်သစ်ကူးကာလမှာ မိသားစုနဲ့ ပြန်လည်ဆုံဆည်းခွင့်ကို မလိုချင်တဲ့သူရယ်လို့ ရှိပါ့မလား?
ကျိုးပေါ်ကလည်း တမ်းတမ်းတတ ဝင်ပြောလိုက်သည်။
"ချင်းကောင်မလေးက ငါ့ကို သေရည်အိုးတစ်ရာ အကြွေးတင်နေတုန်းပဲ!"
ထိုစကားကို ကြားလိုက်ချိန်တွင် လွမ်ဟုန်က ရယ်မောကာ ဝင်ပြောလိုက်သည်။
“ဆရာကြီး၊ ဒီရက်တွေမှာလည်း ဆရာကြီး တချိန်လုံးသောက်နေတာပဲ မဟုတ်ဘူးလား? အဲ့ဒါတွေကို ထည့်မတွက်ဘူးလား?"
"မင်း ချက်တဲ့ သေရည်က ချင်းကောင်မလေး ချက်တဲ့ သေရည်ထက် အများကြီး ညံ့ဖျင်းတယ်"
ကျိုးပေါ်က လွမ်ဟုန်ကို အထင်အမြင်သေးစွာဖြင့် စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။
သူ တကယ်ကို သောက်စရာမရှိလို့ သောက်နေရတာပါနော်။
လွမ်ဟုန်၏မျက်နှာတွင် အနက်ရောင်မျဉ်းများ ပြည့်နှက်လာပြီး သူမ မပျော်မရွှင် ဖြစ်သွားကာ နှုတ်ခမ်းစူလိုက်သည်။
"ဒါဆို နောက်ထပ် လာမသောက်နဲ့တော့"
“အဲ့လိုတော့ မလုပ်ပါနဲ့။ ဘာပဲဖြစ်ဖြစ် ဒါကို ချင်းကောင်မလေးအတွက် အတိုးပေးဖို့ ကူညီနေတယ်လို့ တွေးလိုက်စမ်းပါ”
စူးချင်းနှင့် ကျိရှောင်ယင်တို့ကတော့ တလမ်းလုံး နှာချေနေရတော့သည်။ သူမတို့ တံခါးဝသို့ ဝင်လိုက်သည်နှင့် အဘိုးအိုထံမှ သူမတို့ နှလုံးသားမဲ့သည်ဟု အော်ဟစ်နေသံကို ကြားလိုက်ရသည်။ ဆရာဦးလေးဆီမှ သေရည်အကြွေးတင်နေကြောင်း ပြောသံကို ကြားလိုက်ချိန်တွင် စူးချင်းလည်း ပြုံးလိုက်မိသည်။
"အဖိုး၊ ကျွန်မတို့က နှစ်သစ်ကို အဖိုးနဲ့အတူတူ ကုန်ဆုံးဖို့ ပြန်လာခဲ့တာနော်၊ အဲ့ဒါတောင်မှ အဖိုးက ကျွန်မတို့ အကြင်နာမဲ့တယ်လို့ ကြိမ်းမောင်းနေသေးတာလား?"
“ဆရာဦးလေး၊ ဆရာဦးလေးကလည်း ကျွန်မ ဆရာဦးလေးအတွက် ပေးပြီးတဲ့ အရက်အိုးကို မေ့ပစ်လို့ မရဘူးလေ။ ကျွန်မ ဘယ်လောက်ပေးပေး ဆရာဦးလေးက မေ့ပစ်ပြီး ပိုတောင်းနေတုန်းပဲ၊ အိုးတစ်ရာက တစ်ခါမှ မလျော့သွားတော့ဘူး”
"ချင်းအာ"
ယန်ရုရွှယ်က သူမ၏သမီး ပြန်လာသည်ကို မြင်သွားဖြင့် စိတ်လှုပ်ရှားစွာဖြင့် သမီးဖြစ်သူ၏လက်လေးကို လှမ်းကိုင်လိုက်သည်။ သူမက သမီးဖြစ်သူကို အပေါ်အောက် ကြည့်နေရင်း သူမ၏မျက်လုံးများထဲတွင် နာကျင်ရိပ်ဖြင့် ပြည့်နှက်လာပြန်သည်။
"ချင်းအာ၊ သမီး ကိုယ်အလေးချိန် ကျသွားပြန်ပြီ"
“အမေ”
စူးချင်းက အပြုံးဖြင့် သူမ၏အမေကို လှမ်းခေါ်လိုက်သည်။ စူးဟန်ရွှမ်ကလည်း သူ့မိန်းမလောက် စိတ်လှုပ်ရှားမှု သိသိသာသာ မပြသည့်တိုင် သူ့သမီးလေးကို မျက်တောင်မခတ် စိုက်ကြည့်နေဆဲ ဖြစ်သည်။ စူးချင်းအပေါ် သူ့၏လွမ်းဆွတ်မှုက သူ့မိန်းမထက် မလျော့နည်းပေ။
"အစ်မ"
ရှောင်ချန်က “ဖူ” ဟူသော စာလုံးပါသော အနီရောင် ပိုးသားအင်္ကျီကို ၀တ်ဆင်ထားပြီး သူ၏ဆံပင်ကို အထုံးသေးသေးလေးနှစ်ထုံး ချည်နှောင်ထားသောကြောင့် ကွမ်ရင်မယ်တော်၏ဘေးမှ ရွှေနတ်သားလေးသဖွယ် ဖြစ်နေသည်။
သူ့အစ်မ ပြန်ရောက်လာသည်ကို မြင်လိုက်ရသည့် ကလေးငယ်လေးက နွားကလေးကဲ့သို့ ခေါင်းဝှေ့ရန် ခြေထောက်တွင် ဘီးတပ်ထားသလို အရှိန်ဖြင့် အစ်မဖြစ်သူ၏ရင်ခွင်ထဲသို့ ပြေးဝင်လာသည်။
ရှောင်ချီက အလွန်ကြောက်လန့်သွားပြီး စနစ်ထဲမှ ခုန်ထွက်ကာ စူးချင်းရှေ့၌ ဝင်ရပ်လိုက်သည်။
သခင်မှာ ကိုယ်ဝန်ရှိနေပြီလေ၊ ရှောင်ချီရဲ့ ဒီသက်ရောက်မှုကို ဗိုက်ထဲက ကလေးလေးက ဘယ်လို ခံနိုင်ရည်ရှိမှာလဲ?
"ရှောင်ချီ?"
ရှောင်ချီ ရုတ်တရက် သူ့ရှေ့တွင် ပေါ်လာသောကြောင့် ရှောင်ချန်က သူ့အစ်မကို ချက်ချင်း မေ့သွားတော့သည်။ သူက ရှောင်ချီကို ပွေ့ဖက်ကာ ပါးပြင်ကို နမ်းရှိုက်လိုက်သည်။ စူးချင်းကတော့ ရှောင်ချီ၏ ညှိုးငယ်သော အကြည့်ကို လှမ်းမြင်လိုက်ပြီး ခေါင်းယမ်းကာ ရယ်မောနေတော့သည်။
အရာအားလုံးမှာ သူတို့ရဲ့ ကိုယ်ပိုင် ရန်သူတွေ ရှိပြီး ရှောင်ချီရဲ့ အိပ်မက်ဆိုးဆုံးကတော့ ရှောင်ချန်ဖြစ်မယ် ထင်တယ်။
"အဖိုး"
ကျိရှောင်ယင်က သူမ၏အဘိုးကို လှမ်းနှုတ်ဆက်လိုက်သည်။ သူမ၏အဘိုးကို နှုတ်ဆက်ပြီးနောက်တွင် သူမက စူးဟန်ရွှမ်နှင့် ယန်ရုရွှယ်ကို နှုတ်ဆက်နေပြီး သူမက သူမ၏လက်နှစ်ဘက်ကို ခါးပေါ်သို့ ယှက်တင်ကာ ချမ်းသာသောမိသားစုမှ သခင်မလေးတစ်ဦးကဲ့သို့ စနစ်တကျ ဦးညွှတ်အရိုအသေပေးလိုက်သည်။
"ဦးလေးစူးနဲ့ အဒေါ်စူးကို နှုတ်ခွန်းဆက်သပါတယ်"
"အင်း၊ အဲ့လောက် ယဥ်ကျေးဖို့ မလိုပါဘူး"
ယန်ရုရွှယ်က ကျိရှောင်ယင်ကို အလွန်နှစ်သက်နေသည်။
ဒီကောင်မလေးမှာ ဒေါသတွေ မောက်မာမှုတွေ လုံးဝ မရှိဘူး။ ချင်းအာအတွက် ဒီလိုယောင်းမတစ်ယောက်ရှိတာ အရမ်းကောင်းတယ်။
"ရှောင်ယင်၊ မင်းရဲ့ဆရာဦးလေးကို မတွေ့ဘူးလား?"
ကျိရှောင်ယင်က သူ့ကို မနှုတ်ဆက်သောကြောင့် ကျိုးပေါ်က စိတ်မရှည်ဖြစ်သွားပြီး ကျိရှောင်ယင်၏မျက်နှာကို တည့်တည့်ကြည့်ကာ လှမ်းမေးလိုက်သည်။
"ဆရာဦးလေးကို နှုတ်ခွန်းဆက်သပါတယ်"
ကျိရှောင်ယင်က ဆရာဦးလေးဖြစ်သူကို အရိုအသေ ပေးလိုက်ပြန်သည်။ ကျိုးပေါ်က ချက်ချင်း ပြုံးသွားပြီး သူမကို ထပ်ပြောလိုက်သည်။
“အဲ့လောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ ဆရာဦးလေးက မင်းအတွက် လက်ဆောင်လေးတစ်ခု ပေးမယ်။ မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ အမြဲဝတ်ထားရမယ်နော်"
ကျိုးပေါ်က ခေါက်ထားသော အဆောင်ကမ္ပည်းပြားလေးတစ်ခုကို ထုတ်ယူလိုက်ပြီး ကျိရှောင်ယင်အား လှမ်းပေးလိုက်သည်။ စူးချင်းကတော့ သူ့ကို ပြုံးပြုံးကြီး ကြည့်နေပြီ ဖြစ်သည်။
သူ ဒါကိုပဲ ပေးနေပြန်တာလား? အခြားလက်ဆောင်တွေ ပြောင်းမပေးတတ်တော့ဘူးလား?
“ကျေးဇူးတင်ပါတယ် ဆရာဦးလေး”
ကျိရှောင်ယင်က သူမတို့၏ဆရာဦးလေးထံမှ အဆောင်စာရွက်ကို လက်နှစ်ဘက်ဖြင့် တရိုတသေ လှမ်းယူကာ သူမ၏ပိုက်ဆံအိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ သူမက စူးချင်းနှင့် မတူပေ။ သူမက သူမ ငယ်စဉ်ကတည်းက မွေးစားဖခင်ထံမှ သူ့၏ဆရာတူအစ်ကို ကျိုးပေါ်က ဗေဒင်ဟောရာတွင် အလွန်မှန်ကန်ကြောင်းနှင့် သူ့၏အဆောင်များက အလွန်အစွမ်းထက်ကြောင်း သူမ သိထားပြီး ဖြစ်သည်။ သူက သူ့၏အဆောင်များဖြင့် တစ္ဆေစစ်သည်များကို စည်းရုံးနိုင်ပြီး သူ ဆွဲထားသည့် အဆောင်ကမ္ပည်းများကို ရွှေတစ်ထောင်ဖြင့်ပင် မဝယ်နိုင်ကြောင်းလည်း သူမ ကြားဖူးခဲ့သည်။
"ချင်းကောင်မလေး၊ မင်း အဲဒါကို တွေ့တယ်မလား? ဒါကမှ အဆောင်စာရွက်ကို လက်ခံဖို့ သင့်တော်တဲ့ နည်းလမ်းပဲ"
ကျိရှောင်ယင်က အလွန်ဗဟုသုတ ရှိကြောင်း ကျိုးပေါ်က မြင်သွားပြီး စူးချင်းကို ချက်ချင်း ခနဲ့လိုက်သည်။
"ဟား ဟား"
စူးချင်းကလည်း စိတ်မဆိုးဘဲ ရယ်သာ ရယ်နေလိုက်သည်။
ကျိုးပေါ်ရဲ့မှော်အစွမ်းက အရမ်းအစွမ်းထက်တာကို သူမ ဝန်ခံပါတယ်။ ဒါပေမယ့် သူမအတွက်တော့ အဲ့ဒါတွေ မလိုအပ်ဘူး။ သူမက ကိုယ့်ကိုကိုယ် ယုံကြည်တယ်။
“အဖေ အမေ၊ ဒါက အမေနဲ့ အမေ့အတွက် သမီးပြင်ဆင်ထားတဲ့ နှစ်သစ်ကူး လက်ဆောင်လေးပါ”
စူးချင်းက သူမ၏လူများကို အေးခဲထားသည့် တိုဟူး၊ ဝက်ဝံလက်လေးချောင်းနှင့် မီတာဝက်ရှည်သည့် ငါးများထည့်ထားသော အိတ်များ ယူလာပေးရန် အမိန့်ပေးလိုက်သည်။
ထို့အပြင် သူမ၏အမေနှင့် အဒေါ်အတွက် ပါးနီမှုန့်၊ နှုတ်ခမ်းနီ၊ ရေမွှေး၊ သူမ၏အဖေအတွက် ကျောက်စိမ်းလက်စွပ်တစ်ကွင်းနှင့် ဦးလေးဖြစ်သူအတွက် ကျောက်စိမ်းဖြင့်လုပ်ထားသည့် စုတ်တံတစ်ချောင်းလည်း ပါလာသေးသည်။ ထိုအရာများအားလုံးက သူမ၏မိသားစုအတွက် လက်ဆောင်များ ဖြစ်သည်။
သူမ၏မိဘမျာအား လက်ဆောင်များ ပေးပြီးနောက်တွင် စူးချင်းက သူမတို့၏အဘိုးအတွက် ပြင်ဆင်ထားသည့် ရွှေချည်ဖြင့် ရက်လုပ်ထားသော အဝတ်တစ်စုံကို ထုတ်ယူလိုက်သည်။ ထိုဝတ်စုံက အဖိုးတန်မှန် သိသာနေပြီး ခံ့ညားလှသည်။
ကျိုးပေါ်ကလည်း စူးချင်း၏ နှစ်သစ်ကူးလက်ဆောင် အရက်အိုးများကို မြင်ချင်စိတ်ဖြင့် လည်တဆန့်ဆန့် ဖြစ်နေသည်။