← Chapters

သူ အဆင်ပြေရဲ့လား

Vol. 36 Ch. 529

သူ အဆင်ပြေရဲ့လား

Vol. 36 Ch. 529

သို့သော် စူးချင်း ရထားလုံးပေါ်ရှိ ပစ္စည်းများအားလုံး ပြန်ချခိုင်းပြီးသွားသော်လည်း အရက်အိုးများကို မတွေ့ရသေးသောကြောင့် ကျိုးပေါ်တစ်ယောက် စိတ်ပူလာတော့သည်။ သူ့မျက်ခုံးများက ပျော့လျော့သွားပြီး သူ့နှုတ်ခမ်းထောင့်များလည်း ပြန်ပြုတ်ကျသွားသည်။ သူက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ကာ သူ အလွန် နစ်နာခံစားရသလို ပြုမူနေသည်။

ကျိုးပေါ်၏ အမူအရာကို မြင်လိုက်ရသည့် စူးချင်းကလည်း သူမကိုယ်သူမ မထိန်းနိုင်ဘဲ ရယ်မောလိုက်မိသည်။

ဒီအဘိုးကြီးကတော့ တစ်ရက်လောက် မသောက်ရရင်ကို မနေနိုင်တော့ဘူးပေါ့။

စူးချင်းက ကျိုးပေါ်ဆီသို့ တိုးကပ်သွားလိုက်ပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။

“ဆရာဦးလေး၊ ခဏစောင့်တော့ စောင့်ပေးဦးနော်။ ခဏနေရင် ကျွန်မ ဆရာဦးလေးအတွက် သေရည်ဆယ်အိုး လာပို့ပေးမယ်"

"တကယ်လား? ချင်းကောင်မလေး၊ မင်း ဒီအဘိုးကြီးကို လှည့်စားလို့ မရဘူးနော်"

ကျိုးပေါ်၏မျက်လုံးများက ပြန်တောက်ပလာပြီး သူ့မျက်ခုံးများက ပင့်တက်လာကာ သူ့နှုတ်ခမ်းထောင့်များလည်း ပြန်တွန့်ကွေးသွားပြီ ဖြစ်သည်။ သူက ပျော်ရွှင်နေသော မေတ္တယျဗုဒ္ဓကဲ့သို့ ပြုံးနေလေသည်။

“အဲဒီလို မဖြစ်စေရပါဘူး”

ကျိုးပေါ်၏ပျော်ရွှင်နေသော အမူအရာက စူးချင်းကိုလည်း ပျော်ရွှင်မှုတစ်ချို့ ခံစားရစေသည်။

ဘာပဲဖြစ်ဖြစ် ဒီအဘိုးအိုက တောတွေ၊ တောင်တွေ၊ မြစ်တွေကို ဖြတ်ကျော်ပြီး သူမတို့ဆီကို ရောက်အောင်လာခဲ့တာလေ။ သူမတို့ အန္တရာယ်ရှိတဲ့နေရာကို သွားခဲ့ရင်တောင် သူက သူမနဲ့ ‌ရွှေရှန့်ကို သူ့နောက်မှာ ထားပြီး ရှေ့ကနေ ပိတ်ဆို့ကာကွယ်ပေးတတ်တဲ့သူပါ။ သူကတော့ သူမတို့ ရှေ့ကနေ အန္တရာယ်တွေကို ကြိုရှင်းပေးလိမ့်မယ်။ သူ့ကို ပြုစုရတာ ထိုက်တန်ပါတယ်။

"ကောင်းပြီ၊ ငါ အခန်းထဲကို ပြန်သွားပြီး စောင့်နေပေးမယ်"

အဘိုးအိုက ဝမ်းသာအားရ ထွက်ခွာသွားတော့သည်။ လွမ်ဟုန်က စူးချင်းနှင့် အဘိုးအိုကို စိတ်ဝင်တစား ကြည့်နေပြီး နောက်ဆုံးတွင် သိချင်စိတ်ကို မထိန်းနိုင်ဘဲ စူးချင်းကို လှမ်းမေးလိုက်သည်။

“ချင်းအာ၊ အစ်မ အဘိုးကြီးကို ဘာတွေပြောလိုက်တာလဲ? အခု သူက သူ့မုတ်ဆိတ်မွေးတွေ ကောင်းကင်ပေါ်ကို ပျံတက်လုနီးပါး ပျော်ရွှင်သွားပြီ”

"ငါ သူ့ကို သေရည်အိုးတွေ လာပို့ပေးမယ် ပြောလိုက်တာ"

စူးချင်းက ဝမ်းကွဲညီမ၏ စပ်စုသောအကြည့်ကို အမူအရာကို နားလည်ပေးနိုင်ပုံဖြင့် ခပ်ပြုံးပြုံး ပြန်ဖြေလိုက်သည်။

လွမ်ဟုန်က စူးချင်း၏ ရထားလုံးအလွတ်ကို ကြည့်ကာ ပြန်ထပ်မေးလိုက်သည်။

"သေရည်အိုးတွေက ဘယ်မှာလဲ?"

“ခဏနေရင် နင် ငါ့အခန်းထဲကို သေရည်ဆယ်လုံး ပို့ပေးလေ၊ ငါ သူ့ဆီကို သွားပို့ပေးလိုက်မယ်”

သူမ ထိုအရက်ဆယ်အိုးကို လေထဲမှ ထုတ်ယူမည်ဟု ပြောလိုက်လျှင် သူမ၏အမေ ကြောက်သွားမည် စိုးရိမ်သောကြောင့် စူးချင်းက လွမ်ဟုန်၏လက်ကို ငှားယူ အသုံးချလိုက်သည်။

“အိုး၊ ဒါက အချိန်ဆွဲတဲ့ နည်းဗျူဟာပေါ့လေ”

လွမ်ဟုန်က နားလည်သွားပုံဖြင့် ခေါင်းငြိမ့်ကာ ပြန်မှတ်ချက်ပေးလိုက်သည်။

“ဟုတ်တယ်”

စူးချင်းကလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

ဟုတ်တယ်....လွမ်ဟုန်က အတော်ဆုံးပဲ။

"ချင်းအာ၊ ကျင့်လင်း... သူ အဆင်ပြေရဲ့လား?"

လွမ်ဟုန်က အနည်းငယ် ရှက်ရွံ့နေပုံရပြီး သူမ၏အသံက ပျားရည်ကဲ့သို့ နူးညံ့ချိမြိန်နေသည်။ သူမ ကျန်းကျင့်လင်းကို အလွန်လွမ်းဆွတ်နေမှန်း သိသာလှသည်။

ကျန်းကျင့်လင်းက သူတို့နှစ်ဦးစေ့စပ်ပြီးနောက် ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပြီး သူ့အမေက လွမ်ဟုန်၏အိမ်တွင် ကျန်နေခဲ့သည်။

ကျန်းကျင့်လင်းနှင့် သူမ အိမ်ထောင်မပြုရသေးသော်လည်း လွမ်ဟုန်က ထိုအမျိုးသမီးကြီးကို နေ့တိုင်း ဂါရဝပြုလေ့ရှိပြီး စောင့်ရှောက်ရန် အစေခံမိန်းကလေးနှစ်ဦးလည်း စေလွှတ်ပေးထားခဲ့သည်။ အဘွားကြီး၏ ကျန်းမာရေး ပိုကောင်းလာသည်က ကျန်းကျင့်လင်းကိုယ်စား လွမ်ဟုန်၏ သားသမီးဝတ်ကျေပွန်မှုနှင့် ဖြည့်ဆည်းပေးမှုများအပေါ် အများကြီး မူတည်နေသည်။

"သူ အဆင်ပြေပါတယ်"

လွမ်ဟုန်၏ရှက်ရွံ့သောအကြည့်များကို မြင်ရခြင်းက စူးချင်းအတွက် ရှားရှားပါးပါး ဖြစ်သည်။

နောက်ဆုံးတော့ ရဲတင်းတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ မိန်းမပျိုလေးက ချစ်ခြင်းမေတ္တာကြောင့် ရှက်တတ်တဲ့မိန်းမငယ်လေးတစ်ယောက် ဖြစ်လာခဲ့ပြီ။

"ကျွန်မ အစ်မနဲ့အတူ လော့ချန်ကို လိုက်လို့ရမလား?"

သူမ ကျန်းကျင့်လင်းကို လွမ်းဆွတ်တမ်းတတဲ့စိတ်က ပင်လယ်ကြီးလိုပါပဲ။ သူမ ကျန်းကျင့်လင်းအတွက် အချုပ်အလုပ်နဲ့ ပန်းထိုးကိုတောင် သင်ယူလိုစိတ် ရှိခဲ့တယ်။ သူမ ကျန်းကျင့်လင်းအတွက် ပန်းထိုးပိုက်ဆံအိတ်လေးကို တစ်လုံးချုပ်ထားခဲပြီး အဲ့ဒါကို သူ့ထံ ကိုယ်တိုင်သွားပို့ ပေးချင်တယ်။ ဒါပေမယ့်လည်း စစ်ပွဲရဲ့ ကမောက်ကမ အခြေအနေက သူနဲ့ သူမကြားမှာ မြင့်မားတဲ့တောင်တန်းတွေကို ကာစီးထားပြီး သူမတွေကို မြစ်တွေ ချောင်းတွေနဲ့ ခြားနားထားခဲ့တယ်။ သူမတစ်ယောက်တည်း မသွားရဲဘူး။ ဦးလေးယန်ကို လိုက်ပို့ခိုင်းတော့လည်း ဦးလေးယန်က သူမရဲ့တောင်းဆိုမှုကို ငြင်းဆန်ခဲ့တယ်။

အခု နောက်ဆုံးမှာ သူမ စူးချင်းကို တွေ့ခွင့်ရပြီဆိုတော့ ကျန်းကျင့်လင်းနဲ့ တွေ့ဆုံခွင့်အတွက် တိုက်ပွဲဝင်ချင်တယ်။

“ကောင်းပြီလေ၊ ငါ နှစ်သစ်ကူးပြီးရင် လော့ချန်ကို သွားမှာ။ မင်း ငါနဲ့အတူ လိုက်လို့ ရတယ်"

စူးချင်းက အလွယ်တကူ ခေါင်းညိတ်လိုက်သည်။

လွမ်ဟုန် သူမနဲ့အတူ လိုက်လာတာက ပြဿနာ မဟုတ်ဘူး။ လွမ်ဟုန် ထွက်သွားရင် ဘယ်သူက သေရည် ချက်မလဲဆိုတာကမှ ပြဿနာဖြစ်လာလိမ့်မယ်။

သို့သော်လည်း စူးချင်းက ထိုကိစ္စကို ယခု မပြောသေးပဲ နောက်ပိုင်းတွင် ထိုအရက်ချက်လုပ်ငန်းအား သူ့အဖေကို ခဏတာဝန်ယူခိုင်းရန် တွေးထားလိုက်သည်။

လွမ်ဟုန်က စူးချင်း၏ အခိုင်အမာတုံ့ပြန်မှုကို ရရှိသည့်အတွက် ကျေနပ်သွားပြီး ထိုအချိန်မှပင် သူမက တိတ်ဆိတ်နေသည့် ကျိရှောင်ယင်ကို သတိထားမိသွားသည်။ ကျိရှောင်ယင်က လွမ်ဟုန်ထက်ပင် မြင့်မြတ်သောမိသားစုမှ မိန်းမပျိုတစ်ဦးနှင့် ပိုတူနေပြီး စူးချင်း အနားတွင် ငြိမ်ငြိမ်သက်သက်လေး ရပ်နေခဲ့သည်။

"ရှောင်ယင်၊ နင်က ဘာလို့ မပျော်မရွှင်ဖြစ်နေရတာလဲ?"

လွမ်ဟုန်က ကျိရှောင်ယင်ကို နွေးထွေးစွာ ဆွဲခေါ်လိုက်သည်။ သူမတို့က အသက်အရွယ်တူ မိန်းကလေးများဖြစ်နေပြီး ပေါင်းသင်းဆက်ဆံရ လွယ်ကူလွန်းလှသည်။

"ကျွန်မ နည်းနည်း ပင်ပန်းလာလို့ပါ"

ကျိရှောင်ယင်က အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ သို့သော် သူမ၏မျက်နှာက ဖြူဖျော့နေဆဲဖြစ်ကာ ချိုးယုံခန်း၏ပြန်ပေးဆွဲမှုကို ခံခဲ့ရပြီးနောက် သူမ အနည်းငယ် ငိုင်တိုင်တိုင် ဖြစ်နေပြန်သည်။

"ဒါဆို လာ၊ အထဲဝင်ပြီး အနားယူလိုက်တော့လေ”

ယန်ရုရွှယ်နှင့် ယန်ရုပင်းတို့က အစေခံများအား အမြန်လှမ်းခေါ်လိုက်ပြီး ဧည့်သည်ခန်းကို သန့်ရှင်းရေးလုပ်ရန် နှင့် ကျိရှောင်ယင် ရေချိုးပြီး အနားယူနိုင်ရန်အတွက် ရေပူနှင့် အဝတ်သန့်သန့်များ ပြင်ဆင်ပေးရန် ညွှန်ကြားလိုက်သည်။

"ကောင်းပါပြီ၊ ဒါဆို ကျွန်မကို အနားယူခွင့် ပေးပါဦး"

ကျိရှောင်ယင်က အမှန်တကယ်လည်း ပင်ပန်းနေပြီ ဖြစ်ကာ မတ်တပ်ရပ်နေရချိန်တွင်ပင် သူမ၏ခြေထောက်များ အားနည်းနေသလို ခံစားနေရသည်။ ထို့အပြင် လွန်ခဲ့သည့် ရက်အနည်းငယ်တွင် သူမ ရထားလုံးပေါ်တွင် ထိုင်နေပြီး ရေမချိုးခဲ့ရပေ။ ထို့ကြောင့် သူမ အလွန်စိတ်မသက်မသာ ဖြစ်နေပြီး ရေချိုးပြီး သန့်ရှင်းသောအ၀တ်အစားများ ပြောင်းလဲဝတ်ဆင်ရန်လည်း စိတ်လောနေမိသည်။

“ချင်းအာ၊ သမီးလည်း သမီးရဲ့အခန်းကို ပြန်သွားပြီး အနားယူသင့်ပြီ။ အမေက မင်းအတွက် အရသာရှိတဲ့ အစားအစာတွေ ချက်ပြုတ်ပေးဖို့ အစေခံတွေကို သွားပြောလိုက်ဦးမယ်"

ယန်ရုရွှယ်က သမီးဖြစ်သူ၏လက်လေးကို ဆုပ်ကိုင်ထားရင်း ကြင်ကြင်နာနာ အပြုံးဖြင့် အကြုံပြုလိုက်သည်။

သူမရဲ့သမီးလေး ပြန်ရောက်လာမှပဲ အိမ်က ရယ်မောသံတွေနဲ့ ပြည့်လာတော့တယ်။

ဒီနှစ် နှစ်သစ်ကူးမှာ ချင်းအာ ပြန်မလာတော့ဘူးလို့ သူမ ထင်ထားခဲ့တာလေ။ ကံကောင်းထောက်မလို့ ချင်းအာ ပြန်ရောက်လာပြီး မိသားစု ပြန်တွေ့ဆုံခွင့်ရခဲ့တယ်။

စူးချင်းကလည်း သူမ အနည်းငယ် ပင်ပန်းနေသလို ခံစားရသည်။ သူမထံတွင် ကိုယ်ဝန်ရှိနေသောကြောင့် သူမ ပိုအိပ်ငိုက်လွယ်နေခြင်းလည်း ဖြစ်နိုင်ပြီး မိခင်ဖြစ်သူ၏စကားကို ကြားလိုက်သည်နှင့် စူးချင်းက ချက်ချင်း ခေါင်းညိတ်သဘောတူလိုက်သည်။

သူမ သူမ၏အခန်းထဲသို့ ပြန်ရောက်လာချိန်တွင် အတွင်းမှ ပရိဘောဂများအားလုံးကို မည်သူမှ မသုံးထားကြောင်း တွေ့လိုက်ရသည်။ အခန်းက အညစ်အကြေး ကင်းစင်နေပြီး ခုတင်ပေါ်၌ အဝတ်အစား အသစ်နှစ်စုံ ရှိနေသည်။ ထိုအဝတ်များကို သူမ၏မိခင် ချုပ်ထားမှန်း သိသာနေပြီး သူမ၏အမေက သမီးလေးအတွက် အဝတ်အစား ချုပ်ပေးရခြင်းကို နှစ်သက်နေဆဲ ဖြစ်သည်။

စူးချင်းက မူရင်းပိုင်ရှင်ကို အမှန်တကယ် ကျေးဇူးတင်နေမိသည်။

မူရင်းပိုင်ရှင်ကြောင့်သာ မဟုတ်ရင် သူမ မိခင်မေတ္တာဆိုတာ ဘာမှန်းတောင် သိခွင့်ရမှာ မဟုတ်သလို ဒီလို ချစ်ခြင်းမေတ္တာကို ခံစားခွင့်ရခဲ့မှာလည်း မဟုတ်ဘူး။

အစေခံမိန်းကလေးက ရေပူများ သယ်ဆောင်လာပြီး အခြားနှစ်ယောက်က ရေချိုးစည်ကြီးတစ်ခုကို သယ်ဆောင်လာကြသည်။ သူမတို့က ရေပူများကို ရေချိုးကန်ထဲသို့ လောင်းချလိုက်ကာ ရေထပ်ဖြည့်ပြီးမှ နှင်းဆီပွင့်ခြောက်များကို ရေမျက်နှာပြင်ပေါ်သို့ ဖြန့်ကျဲလိုက်သည်။ ယန်ရုရွှယ်က ဘဝ၏ဇိမ်ခံနည်းများကို ကောင်းကောင်းသိသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ဤပန်းပွင့်များက စျေးကြီးသော်လည်း ပန်းပွင့်များကို အသုံးပြုခြင်းဖြင့် လူ့စိတ်ကို ကြည်နူးစေမည် ဖြစ်ပြီး ပန်း၏ရနံ့ကလည်း အရေပြားပေါ်တွင် စွဲကျန်နေမည် ဖြစ်သည်။

သူမက သူမ၏သမီးလေးကို အကောင်းဆုံးအရာများသာ ပေးချင်းပြီး စူးချင်းအတွက် အကောင်းဆုံးသောအရာများ ဖြည့်စည်းပေးနိုင်ရန် အမြဲတွေးနေခဲ့သည်။

စူးချင်းကလည်း ပန်းပွင့်များ ဖုံးလွှမ်းနေသော ရေချိုးစည်ကို ကြည့်ကာ ကျေနပ်နေလေသည်။ အစေခံမိန်းကလေးများက သူမ ရေချိုးရန် ကူညီပေးပြီး အဝတ်လဲပေးရန် စောင့်‌နေကြသော်လည်း စူးချင်းဆီမှ နှင်ထုတ်ခံလိုက်ရသည်။

"မင်းတို့ ထွက်သွားလို့ ရပြီ!"

သူမ ရေချိုးတာကို သူများတွေ ဝိုင်းကြည့်နေတာမျိုး သူမ အသားမကျသေးဘူး။

အစေခံမိန်းကလေးများကလည်း ဤသခင်မလေးတွင် ထူးဆန်းသောစရိုက်ရှိကြောင်း သိထားပြီး ဖြစ်သည်။ သူမတို့ ထွက်မသွားပဲ နေနေပါက စူးချင်းအကြည့်ကြောင့် သူမတို့ ဤနေရာ၌ အေးခဲသေသွားနိုင်သည်။ ထို့ကြောင့် စူးချင်း အမိန့်ပေးလိုက်သည်နှင့် ထိုအစေခံမိန်းကလေးများက အမြန် ပြန်ထွက်ခွာသွားကြပြီး တံခါးကိုပင် သေသေချာချာ ပြန်ပိတ်ပေးခဲ့ကြသည်။ သို့သော် သူမတို့က အဝေးသို့ ထွက်မသွားဘဲ တံခါးဝတွင်သာ ရပ်နေကြပြီ အထဲမှ အမိန့်ကို စောင့်ဆိုင်းနေခဲ့သည်။

စူးချင်းက သူမ၏အဝတ်အစားများကို ချွတ်လိုက်ပြီး ရေချိုးစည်ထဲသို့ လှမ်းဝင်လိုက်သည်။ ရေ၏အပူချိန်က သင့်တင့်မှန်ကန်ပြီး ရေနွေးငွေ့များကလည်း သိပ်မပူပေ။ စူးချင်းက နှင်းဆီပန်းများ၏အလယ်တွင် ဝင်ထိုင်လိုက်ပြီး ရနံ့သင်းသင်းလေးကို ရှုရှိုက်ကာ သူမ၏လက်နှစ်ဘက်ကို ရေချိုးစည်ဘေးမှာ ဘေးသို့ တင်လိုက်သည်။ ထို့နောက် သူမ၏ခေါင်းကို အနည်းငယ် စောင်းပြီး မျက်လုံးများကို မှိတ်ထားရင်း ဤရှားပါးသော ဆိတ်ငြိမ်မှုကို ခံစားနေလိုက်သည်။

သို့သော်လည်း သူမ၏အတွေးများက အထိန်းအကွပ်မဲ့နေဆဲဖြစ်ကာ လော့ချန်ဆီသို့ ပျံသန်းသွားပြန်သည်။

ရွှေ့ရှန့်ရဲ့ တိုက်ပွဲကရော ဘယ်လိုအခြေအနေတွေ ဖြစ်နေပြီလဲ?

လော့ချန်တွင် ရှောင်းကျဲယွိနှင့် ကျန်းကျင့်လင်းတို့က စစ်ရေးမြေပုံကို ကြည့်နေပြီး မနက်ဖြန်တိုက်ပွဲအတွက် အစီအစဉ်များကို လေ့လာဆွေးနွေးနေကြသည်။ ဤတစ်ကြိမ်တွင် ဝမ်ယွိလင်က လော့ချန်ကို အနိုင်ရရန် ဆုံးဖြတ်ခဲ့သည်။ သူက လော့ချန်ကို ဝန်းရံရန်အတွက် ဝမ်မိသားစုစစ်တပ်၏ ကျောရိုးဖြစ်သည့် ပင်မတပ်ဖွဲ့ကိုပင် စေလွှတ်ထားခဲ့သည်။ ထို့ကြောင့် တပ်ဖွဲ့ပေါင်းများစွာက လော့ချန်ကို ဝိုင်းဝန်းပိတ်ဆို့ထားပြီး ယင်ကောင်တောင် မလွတ်မြောက်နိုင်တော့ပေ။

ယခုတကြိမ် လော့ချန်ကို တိုက်ခိုက်ရာတွင် ဦးဆောင်နေသည့် တပ်မှူးက ဝမ်ယွိလင်၏ လူယုံတော် လုံလင်းဖြစ်သည်။ လုံလင်းက ကင်းထောက်ခြင်းနှင့် စစ်ဆင်ရေးများတွင် ထူးချွန်ပြီး ဝမ်ယွိလင်နှင့်အတူ နှစ်ပေါင်းများစွာ လိုက်ပါခဲ့ သောကြောင့် တိုက်ပွဲအတွေ့အကြုံများစွာရှိသူ ဖြစ်သည်။ လော့ချန်ကို ပထမဆုံး ရောက်ရှိလာချိန်တွင် သူက မြို့ကို တိုက်ခိုက်ရန် အလျင်စလို မလုပ်ဘဲ မြို့ကိုသာ ဝိုင်းရံပိတ်ဆို့ထားပြီး လူအများ ထိတ်လန့်တကြားဖြစ်စေရန် ဖန်တီးခဲ့သည်။

ထို့အပြင် လော့ချန်အတွင်းတွင် ရှိနေသည့် သူလျှိုများအား ရေကို အဆိပ်ခတ်ရန် အမိန့်ပေးခဲ့သည်။ အဆိပ်ရှိသောရေကို သောက်ပြီးနောက် ဒါဇင်နှင့်ချီသော အရပ်သားများ သေဆုံးခဲ့ပြီးဖြစ်သည်။ လော့ချန်မှ လူတိုင်းက အချိန်အတန်ကြာသည်အထိ ထိုအန္တရာယ်ကို ရင်ဆိုင်ရတောမည် ဖြစ်ပြီး ထိတ်လန့်ကြောက်ရွံ့လာကြသည်။

ရှောင်းကျဲယွိက အခြေအနေကို သိသိချင်း သောက်သုံးရေ ဘေးကင်းစေရန် ရေအရင်းအမြစ်များကို စောင့်ကြပ်စေခဲ့သည်။ ရန်သူများက စပါးကျီများအား မီးရှို့မည်ကိုလည်း စိုးရိမ်နေရပြီး စပါးကျီများကို စောင့်ရှောက်ရန် လူများလည်း စေလွှတ်ပေးထားရသည်။

ကံကောင်းထောက်မစွာဖြင့် ကျန်းကျင့်လင်းက စစ်ပွဲမစမီကတည်းက ရိက္ခာနှင့် မြက်ခြောက်များကို စောင့်ကြပ်ရန် သူ့လူများကို အမိန့်ပေးထားပြီး ဖြစ်သည်။ ထိုကာလအတွင်း ရိက္ခာပြတ်တောက်စေရန် စပါးကျီကို မီးလာရှို့သည့် သူလျှိုအများအပြားကို သူတို့ ဖမ်းမိခဲ့ကြသည်။

ဤသည်မှာ လုံလင်း၏ ဆိုးရွားသော အကြံအစည်ဖြစ်ပြီး သူက မြို့၏ စားနပ်ရိက္ခာနှင့် ရေအရင်းအမြစ်ကို ဖြတ်တောက်ကာ ရှောင်းမိသားစုစစ်တပ် ငတ်ပြတ်သေစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သူက အရပ်သားများကိုတော့ ထည့်ပင် မတွက်ခဲ့ပေ။

“သခင်လေး၊ လုံလင်းက မြို့ကို ပိတ်ဆို့ထားပြီး ကျွန်တော်တို့ကို မြို့ထဲမှာ ပိတ်လှောင်ထားဖို့ စီစဥ်နေတယ်။ ကျွန်တော်တို့ဘက်က စပြီး တိုက်ခိုက်သင့်ပြီလို့ ကျွန်တော် ထင်တယ်"

All Chapters