← Chapters

ဝိုင်းရံပိတ်ဆို့မှုကြားမှ အောင်ပွဲများ

Vol. 36 Ch. 530

ဝိုင်းရံပိတ်ဆို့မှုကြားမှ အောင်ပွဲများ

Vol. 36 Ch. 530

ကျန်းကျင့်လင်းက ဒူးတစ်ဖက်ထောက်ကာ လက်သီးအုပ်ထားရင်း တိုက်ပွဲဝင်ရန် ရှောင်းကျဲယွိထံ တောင်းဆိုလိုက်သည်။ ရှောင်းကျဲယွိက ဘာမှ ပြန်မပြောဘဲ သူ့ရှေ့က သဲစားပွဲကြီးကိုသာ ဆက်ကြည့်နေခဲ့သည်။ ဤတိုက်ပွဲပုံစံဖော်ထားသည့် သဲစားပွဲကို လော့ချန်၏မြေပြင်အနေအထားအတိုင်း ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။

ကျန်းကျင့်လင်းက မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်ပြီး သူတို့၏သခင်လေးက အဘယ့်ကြောင့် တိုက်ပွဲအား ရှောင်လွှဲနေသည်ကို သူ နားမလည်နိုင် ဖြစ်နေခဲ့သည်။

“အရင် ထပါ”

ရှောင်းကျဲယွိက သူ့လက်ကို မြှောက်လိုက်ပြီး ကျန်းကျင့်လင်းကို ပြန်ထရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူက ကျန်းကျင့်လင်းကို စူးစူးစိုက်စိုက် ကြည့်နေပြီး သဲစားပွဲကို ပြန်ကြည့်ကာ လေးလေးနက်နက် တွေးနေပြန်သည်။

"ကျင့်လင်း၊ ဒီကို ကြည့်။ လုံလင်းက အခု ငါတို့ကို ဒီနေရောကနေ စိန်ခေါ်နေတယ်”

ရှောင်းကျဲယွိက သူ့ဓားကို ဆွဲထုတ်လိုက်ပြီး လုံလင်း သူတို့အား စိမ်ခေါ်နေသည့်နေရာကို ညွှန်ပြလိုက်သည်။ ကျန်းကျင့်လင်းက ထိုနေရာကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။ ထိုနေရာက အရှေ့ဘက်မြို့ပြင်မှ ဂိတ်တံခါးတစ်ခုဖြစ်ပြီး ပင်မတံခါး လမဟုတ်ပေ။ ထိုအချိန်မှသာ သူက ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားပြီး ရှောင်းကျဲယွီကို ပြန်မော့ကြည့်လိုက်သည်။

ရှောင်းကျဲယွိက သူ နားလည်သွားမှန်း သိသွားပြီး အပြုံးဖြင့် ခေါင်းညိတ်ကာ သူ့ကို လှမ်းမေးလိုက်သည်။

"ကျင့်လင်း၊ မင်း အခု နားလည်ပြီလား?"

“ကျွန်တော် နားလည်ပါပြီ သခင်လေး၊ ဒီနေရာက ဝိုင်းဝန်းပိတ်ဆို့ဖို့နဲ့ ထောင်ချောက်တွေအတွက် နည်းဗျုဟာတွေကို အသုံးပြုဖို့ အကောင်းဆုံးနေရာပါ"

ကျန်းကျင့်လင်းတစ်ယောက် သူ့နောက်ကျောမှ စီးကျနေသော ချွေးအေးများကို ခံစားမိနေပြီး ရှောင်းကျဲယွိကို တလေးတစား ပြန်ကြည့်နေခဲ့သည်။

တကယ်လို့ သခင်လေးသာ လုံလင်းကို ပြန်တွန်းလှန်ဖို့ ဒီနေရာကို မရောက်လာခဲ့ရင် သူ လုံလင်းရဲ့ ထောင်ချောက်ထဲ ကျရောက်သွားတော့မှာ အသေအချာပဲ။

“ဟုတ်တယ်”

ကျန်းကျင့်လင်းကလည်း ထိုအရာကို မြင်နိုင်သွားပြီ ဖြစ်သောကြောင့် ရှောင်းကျဲယွိက ထပ်မံအမတည်ပြုပေးလိုက်သည်။

“ဒီတော့ ငါတို့ စစ်မြေပြင်ကို ပင်မဝင်ပေါက်အထိ ရွှေ့ရလိမ့်မယ်”

ရှောင်းကျဲယွိက ပင်မဝင်ပေါက်၏အပြင်ဘက်နေရာကို သူ၏ဓားဦးထိပ်ဖြင့် ညွှန်ပြလိုက်သည်။ ထိုနေရာ ရန်သူအနေဖြင့် ဘာမှ မလုပ်နိုင်လောက်သည့် ကွင်းပြင်ကျယ်ကြီးသာ ရှိနေခဲ့သည်။

“ကျွန်တော် ကင်းထောက်ဖို့ လူတွေ စေလွှတ်ထားခဲ့ပါတယ်။ ဝမ်မိသားစုစစ်တပ်မှာ စစ်သည်တစ်သောင်းကျော်ရှိပေမယ့် ကျွန်တော်တို့မြို့ထဲမှာ ရှိနေတဲ့ စုစုပေါင်းတပ်သားဦးရေက နှစ်ထောင်တောင် မပြည့်ပါဘူး”

ကျန်းကျင့်လင်းက သက်ပြင်းချရင်း တင်ပြလိုက်သည်။ ပင်မတံခါးမှ ထွက်ခွာခြင်းက နှစ်ဥ္ဂီးနှစ်ဖက် ရင်ဆိုင်တိုက်ခိုက်မည်ဟု ဆိုလိုသော်လည်း ရန်သူက သူတို့ထက် အဆပေါင်းများစွာ အင်အားပိုများနေသည်။ ထို့အပြင် သူတို့တပ်ဖွဲ့၏ထက်ဝက်ကျော်ကသာ ရှောင်းမိသားစုစစ်တပ်မှ စစ်သည်ဟောင်းများ ဖြစ်ပြီး ကျန်သူများက အသစ်စုဆောင်းထားသည့် တပ်သားသစ်များ ဖြစ်သည်။ စစ်မြေပြင်တွင် အချိန်အတော်ကြာ တိုက်ခိုက်ရင်း သူတို့၏ဘဝကို ဖြတ်သန်းခဲ့ကြသည့် ဝမ်မိသားစုစစ်တပ်ကို တပ်သားသစ်များဖြင့် တုံ့ပြန်တိုက်ခိုက်ခြင်းက ကျောက်တောင်ကြီးကို ကြက်ဥဖြင့် ပစ်ပေါက်သလိုသာ ဖြစ်နေပေလိမ့်မည်။

ဝမ်မိသားစုစစ်တပ်အနေဖြင့် မည်သည့် ပုံဖော်မှုမျိုး သို့မဟုတ် ဖွဲ့စည်းပုံမျိုးကိုပင် ပြုလုပ်စရာ မလိုဘဲ သူတို့ကို အလွယ်တကူ ခြေမှုန်းသွားနိုင်ပေသည်။

"ဟုတ်တယ်၊ အဲ့ဒါကြောင့်ပဲ ငါတို့ အဲ့လို လုပ်မှ ဖြစ်မယ်"

ရှောင်းကျဲယွိက သူ့အစီအစဉ်ကို အေးအေးဆေးဆေး ပြောနေသော်လည်း ကျန်းကျင့်လင်းကတော့ အန္တရာယ်များလွန်းသည်ဟု ခံစားနေရဆဲပင်။

“ဒါက အရမ်းအန္တရာယ်များလွန်းလို့ သခင်လေး မထင်ဘူးလား?"

“ဟုတ်တယ်၊ အန္တရာယ်များတာ အသေအချာပေါ့၊ ဒါပေမယ့် စစ်ပွဲဆိုမှတော့ အန္တရာယ်များတာ ထူးဆန်းလို့လား? ပြီးတော့ အောင်မြင်မှုဆိုတာ အန္တရာယ်ကြားကနေ ရှာယူရတဲ့ အရာပဲ။ ရန်သူကို ထိုင်ရေတွက်နေတာထက်စာရင် တိုက်ခိုက်တာက ပိုကောင်းတာပေါ့”

ရှောင်းကျဲယွိက ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။ ဤနည်းလမ်းက အန္တရာယ်များသော်လည်း လော့ချန်၏အကျပ်အတည်းကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

"ကောင်းပါပြီ၊ ကျွန်တော် အသေခံတပ်ဖွဲ့ကို ချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်"

ကျန်းကျင့်လင်းက သူ့သခင်လေး၏ စိတ်ထဲတွင် ရှိနေသည့်အရာကို နားလည်သွားပြီ ဖြစ်ကာ ပြင်ဆင်မှုများ ပြုလုပ်ရန် ချက်ချင်း ခွင့်တောင်းလိုက်သည်။

ဒီတကြိမ် သွားရမယ့် စစ်သည်တွေက အသက်ရှင်ဖို့ အခွင့်အလမ်း နည်းပါးပြီး သေခြင်းစာချုပ်ကို လက်မှတ်ရေးထိုးသွားရလိမ့်မယ်။ သူတို့က ရဲရင့်ပြီး သတ္တိရှိဖို့ လိုတယ်။ အဲ့လိုမဟုတ်ဘဲ သူရဲဘောကြောင်တဲ့လူတွေကို ခေါ်သွားမိရင် ပျက်ဆီးခြင်းဆီကိုပဲ ဦးတည်စေလိမ့်မယ်။

ကျန်းကျင့်လင်းက ပြင်ဆင်မှုများ ပြုလုပ်ရန် ထွက်ခွာသွားခဲ့ပြီး ရှောင်းကျဲယွိက ပင်မတဲလေးထဲတွင် တစ်ယောက်တည်း ကျန်နေကာ သဲစားပွဲကို လေးလေးနက်နက် စိုက်ကြည့်နေသည်။

ဒီတစ်ခါတော့ သူ့လူတွေကို သူကိုယ်တိုင် ဦးဆောင်ချင်တယ်။ ဒီအခြေအနေက အန္တရာယ်များတယ်ဆိုပေမယ့် နောက်ဆုံးအခိုက်အတန့်မှာ သူ ချင်းအာပေးလိုက်တဲ့ လက်ပစ်ဗုံးတွေကို ဖောက်ခွဲပြီး သူ့တပ်သားတွေကို ဘေးကင်းကင်းနဲ့ ပြန်ဆုတ်ခွာခိုင်းလို့ ရနိုင်သေးတယ်။

ကျန်းကျင့်လင်းက အသေခံတပ်ဖွဲ့အတွက် စုစုပေါင်းအဖွဲ့ဝင် တစ်ရာကျော် ရွေးချယ်ခဲ့သည်။ သူတို့ထဲမှ အားလုံးလိုလိုက ရှောင်းမိသားစုစစ်တပ်မှ စစ်သည်ဟောင်းများ ဖြစ်ကြသည်။ သူတို့က စစ်မြေပြင်တွင် တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးပြီး အတွေ့အကြုံများသည့်အပြင် ရဲဝံ့စွန့်စားနိုင်သူများ ဖြစ်သည်။ သူတို့ထဲမှ တပ်သားတစ်ဒါဇင်လောက်ကတော့ တပ်သားသစ်များ ကြားထားမှ အထူးချွန်ဆုံး တပ်သားသစ်များ ဖြစ်သည်။ သူတို့ကလည်း သေခြင်းတရားကို မကြောက်ရွံ့ပဲ စွန့်စားရဲသူများ ဖြစ်သည်။

“သခင်လေး”

ကျန်းကျင့်လင်းက စစ်သည်တစ်ရာကို ပင်မတဲဆီသို့ ခေါ်ဆောင်လာပြီး ရှောင်းကျဲယွိဆီသို့ ရောက်လာခဲ့သည်။ ရှောင်းကျဲယွိက ညတိုက်ပွဲဝတ်စုံ ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသောကြောင့် ကျန်းကျင့်လင်းက သူ့ရှေ့သို့ အလျင်အမြန် လျှောက်သွားကာ မေးမြန်းလိုက်သည်။

"သခင်လေး၊ သခင်လေး ကိုယ်တိုင်သွားချင်နေတာလား။ ဒါက မဖြစ်သင့်ပါဘူး!

သခင်လေးက ဒီလိုအန္တရာယ်ကြီးတဲ့ကိစ္စအတွက် သူကိုယ်တိုင် အန္တရာယ်တောထဲကို တိုးဝင်ချင်နေတာလား?

ကျန်းကျင့်လင်းက သူ့၏ကိုယ်ပိုင်ခံစားချက်အတွက်ဖြစ်စေ၊ အများအကျိုးအတွက်၏ဖြစ်စေ ရှောင်းကျဲယွိကို တားဆီးရန် ဆုံးဖြတ်လိုက်သည်။

“ကျင့်လင်း၊ ငါ စိတ်ပိုင်းဖြတ်ပြီးပြီ၊ မင်း ဘာမှ ထပ်ပြောနေစရာ မလိုတော့ဘူး။ ဒီနေ့က နှစ်သစ်ကူးအကြိုဆိုတော့ ဒီညက အကောင်းဆုံးအချိန်ပဲ”

ရှောင်းကျဲယွိက သူ့ဆုံးဖြတ်ချက်အား မည်သူမျှ မတားဆီးနိုင်ကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်လိုက်သည်။ သူက သူ့လက်ကို ဝှေ့ယမ်းပြီး ကျန်းကျင့်လင်း ဘာမှ ထပ်မပြောနိုင်ရန် အချက်ပြလိုက်သေးသည်။ ကျန်းကျင့်လင်းက ရှောင်းကျဲယွိကို နှစ်ခါထပ် စဉ်းစားရန် ထပ်ပြောချင်နေသော်လည်း ရှောင်းကျဲယွိက ပင်မတဲထဲမှ ထွက်သွားသည်ကိုသာ သူ မြင်လိုက်ရသည်။

တံခါးအပြင်ဘက်တွင် မတ်တပ်ရပ်နေသည့် စစ်သည်တစ်ရာက သူတို့၏သခင်လေး ထွက်လာသည်ကို မြင်သွားပြီး ဒူးထောက်ကာ အတူတူ အရိုအသေပေးလိုက်ကြသည်။

“သခင်လေး”

သူတို့က ကောင်းစွာ လေ့ကျင့်ထားသည့်စစ်သည်များ ဖြစ်ပြီး သူတို့၏အော်သံက သူတို့၏ဒန်ထျန်းထဲမှ ထွက်လာသည့်အော်သံများ ဖြစ်သည်။ စစ်သည်တစ်ရာသာ ရှိသော်လည်း သူတို့က တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့် ယှဉ်နိုင်သော ခမ်းနားမှုကို ပေးစွမ်းနေသည်။

"အရမ်း ကောင်းတယ်"

ရှောင်းကျဲယွိက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီး သူ့၏ခန့်ညားပြီး သြဇာအပြည့်ပါသည့် အကြည့်များက စစ်သည်များပေါ်သို့ ဝေ့ဝဲရောက်ရှိလာသည်။ ထို့နောက် သူက ကျယ်လောင်ပြီး ပြတ်သားသောအသံဖြင့် အမိန့်ပေးလိုက်သည်။

“စစ်သည်တို့၊ ခဏနေရင် အားလုံးအတွက် စားကောင်းသောက်ဖွယ်တွေ ယူလာပေးမယ်။ စားသောက်ပြီးရင်တော့ ရန်သူကိုတွေကို သတ်ဖို့ ငါ မင်းတို့ကို ခေါ်သွားပေးမယ်”

“ဒီလက်အောက်ငယ်သားက သေတဲ့အထိ သခင်လေးနောက်ကို လိုက်ဖို့ ဆန္ဒရှိပါတယ်”

သခင်ငယ်က သူတို့ကို ထိုနေရာသို့ ကိုယ်တိုင်ဦးဆောင်သွားမည်ကို သိလိုက်ရသဖြင့် ထိုစစ်သည်တစ်ရာလုံး အလွန်စိတ်လှုပ်ရှားသွားကြသည်။

အဲ့နေရာမှာ သခင်လေး ရှိနေသ‌ရွေ့ သူတို့ အောင်ပွဲနဲ့အတူ ပြန်လာနိုင်မှာ သေချာတယ်။

နောက်ဆုံးတွင် ကျန်းကျင့်လင်းလည်း ရှောင်းကျဲယွိကို မတားနိုင်တော့ဘဲ သူ့၏အမိန့်အတိုင်း လိုက်နာကာ ပြင်ဆင်မှုများ ပြုလုပ်နေရတော့သည်။

လော့ချန်၏အတွင်းပိုင်းတွင် အဆောက်အဦးများကို မီးပုံးများ၊ ရောင်စုံပိတ်စများဖြင့် အလှဆင်ထားပြီး စည်သံ၊ မောင်းသံနှင့် ဗုံသံများကိုပင် ကြားနေရသည်။ မြို့ပြင်ရှိ ဝမ်မိသားစုစစ်တပ်မှ စစ်သည်များကတော့ မြို့တွင်းမှ စည်ကားမှုကို လှမ်းမျှော်ကြည့်နေကာ အိမ်ရှိ သူတို့၏မိသားစုဝင်များကို ပြန်တွေးနေမိကြသည်။

နှစ်သစ်ရောက်ပြီပဲ။ သူတို့တွေ နေမှ ကောင်းကြရဲ့လား?

လုံလင်းကတော့ သူ့လူများကို အပြင်ထွက်စေပြီး ရှောင်းကျဲယွိကို ဆူပူကြိမ်းမောင်း ခိုင်းနေကာ ရှောင်းကျဲယွိ၏ဘိုးဘေးမျိုးဆက် ရှစ်ဆက်လုံးပါမကျန် ဆဲဆိုခိုင်းထားခဲ့သည်။

နှစ်သစ်မှာ သူတို့ ဒီလောက် ဆဲဆိုနေမှတော့ ရှောင်းကျဲယွိက အထဲမှာ နှစ်သစ်ကို ငြိမ်ငြိမ်းချမ်းချမ်း ဖြတ်သန်းနိုင်မယ်လို့ သူ မယုံကြည်ဘူး။

သူတို့ လော့ချန်ကို အချိန်အကြာကြီး ဝိုင်းရံထားခဲ့ပြီး သူတို့၏ရိက္ခာမျာလည်း တစ်ဝက်ခန့် ကုန်သွားပြီ ဖြစ်သည်။ ထိုအရာက လုံလင်းကိုလည်း စိုးရိမ်သောကရောက်စေသည်။

သူတို့ ရိက္ခာတွေ ကုန်သွားတဲ့အထိ လော့ချန်ကို မသိမ်းပိုက်နိုင်သေးရင် ရိက္ခာတွေထပ်တောင်းဖို့ မြို့တော်ကို ပြန်သွားရလိမ့်မယ်။ ဒီတပ်ဖွဲ့ဝင်တွေ အများကြီးနဲ့တောင် ရှောင်မိသားစုစစ်သည်နှစ်ထောင်လောက်ပဲ စောင့်ကြပ်နေတဲ့ လော့ချန်ကို မသိမ်းပိုက်နိုင်ရင် ဧကရာဇ်မင်းမြတ်ရဲ့ဒေါသကြောင့် သူ သေရလိမ့်မယ်။ ပြီးတော့ သူရဲ့ဂုဏ်သိက္ခာလည်း ထိုးကျသွားပြီး ဧကရာဇ်ရဲ့ဂုဏ်သိက္ခာလည်းစ ပျက်ဆီးသွားမှာ သေချာတယ်။

ပြီးတော့ မြို့တော်မှာတောင် စားနပ်ရိက္ခာက မလုံလောက်တော့ဘူး။ တခြာားစစ်ဖြစ်နေတဲ့ နေရာတွေလည်း ရှိနေသေးတယ်။ သူတို့အတွက် အပိုစားစရာက ဘယ်မှာ ရနိုင်မှာတုန်း။

ထို့အတွေးများကြောင့် လုံလင်းက တိုက်ပွဲကို အမြန်အဆုံးသတ်ရန် မျှော်လင့်လာပြီ ဖြစ်သည်။ နောက်ဆုံးတွင် ရှောင်းမိသားစုမှ ထိုကလေးက မည်မျှတည်ငြိမ်လွန်းသည်ကို သူ သိလိုက်ရသည်။ သူတို့ မည်မျှဆူပူကြိမ်းမောင်းနေပါစေ ထိုကလေးက အပြင်ထွက်လာခြင်း မရှိပေ။

အဲ့ကလေးက သေရမှာကို ကြောက်နေတာလား? ဒါမှမဟုတ် သူ့စိတ်က အရမ်းတည်ငြိမ်ပြီး တကယ်ပဲ စိတ်ထိန်းနိုင်တာလား?

“လက်ဝဲတပ်မှူးကို သတင်းပို့ပါတယ်၊ မြို့ထဲက လူဆီကနေ စာလက်ခံရရှိခဲ့ပါတယ်။ လော့ချန်ထဲမှာ နှစ်သစ်ကူးပွဲတော်အတွက် တက်တက်ကြွကြွ ပြင်ဆင် ကျင်းပနေတာကလွဲရင် တခြားစစ်‌ရေး လှုပ်ရှားမှုတွေ မရှိပါဘူး၊ စစ်တပ်ကလည်း သူတို့ရဲ့စပါးကျီကို အစောင့်ပိုချထားတာကလွဲရင် ပုံမှန်အတိုင်း နှစ်သစ်ကူးစားပွဲကျင်းပနေကြပါတယ်တဲ့”

စစ်သည်တစ်ယောက် ရောက်လာပြီး သတင်းပို့နေခဲ့သည်။ ထိုသတင်းပို့သံကို ကြားပြီးနောက် လုံလင်းတစ်ယောက် မျက်မှောင်ကြုတ်သွားရပြန်သည်။

ဝိုင်းရံပိတ်ဆို့ခံထားရတာတောင် စစ်တပ်ထဲမှာ နှစ်သစ်ကူးစားပွဲကျင်းပနိုင်ကြသေးတာလား? သူတို့က လာကူပေးမယ့် စစ်ကူတွေကို စောင့်နေတာ ဖြစ်နိုင်လား?

“စစ်သည်တို့၊ မြို့ကို အခုချက်ချင်း တိုက်ခိုက်ကြမယ်။ သူတို့က ဘာကြောင့် နှစ်သစ်ကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းခိုင်းရမှာလဲ?”

နောက်ဆုံးတွင် လုံလင်းက ထပ်မစောင့်တော့ရန် ဆုံးဖြတ်လိုက်သည်။ သူက နှစ်သစ်ကို အခွင့်ကောင်းယူပြီး မြို့ကို တိုက်ခိုက်ရန် စီမံလိုက်သည်။ သူ၏ အဓိက အနေအထားက မြို့၏အရှေ့ဘက်တွင် ရှိနေပြီး ဤနေရာက တိုက်ခိုက်ရန် သင့်တော်သလို အလွယ်တကူလည်း ဆုတ်ခွာနိုင်ပြီး ခုခံကာကွယ်ရန်လည်း အဆင်ပြေသည်။ သူက မြို့တွင်းရှိ ရှောင်းမိသားစုစစ်တပ်ကို နှောင့်ယှက်ရန် အခြားလမ်းကြောင်းသုံးသွယ်ကိုလည်း တိုက်ခိုက်ရန် အမိန့်ပေးထားခဲ့သည်။ အခြားသုံးဖက်က အယောင်ပြသာ တိုက်ခိုက်မည် ဖြစ်ပြီး ရှောင်းမိသားစုစစ်တပ်အနေဖြင့် ဘယ်ဘက်ကို အာရုံစိုက်ရမှန်းမသိဖြစ်နေအောင် ကြံစည်ထားခဲ့သည်။

သို့သော်လည်း မြို့ကို ကာကွယ်နေသည့် ရှောင်းမိသားစုစစ်တပ်က အရှေ့ဘက်တွင် တခြားသုံးဘက်ထက် စစ်သည်များ ပိုနေရာယူထားကြောင်းလည်း သူ သိနေသေးသည်။ သူတို့က ဤနေရာမှ နေ့တိုင်းနေ့တိုင်း စိန်ခေါ်နေကြပြီး မြို့ရိုးပေါ်ရှိ ‌ရှောင်းမိသားစုစစ်သည်များကလည်း သူတို့ကြောင့် ဒေါသထွက်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ သူတို့ မြို့ကို သွားတိုက်ခိုက်သည်နှင့် တခြားတစ်ဖက်ကလည်း ဒေါသတကြီး တုံ့ပြန်လာပေလိမ့်မည်။

သို့တိုင်အောင် လုံလင်းကတော့ ဂရုမစိုက်ပေ။

တမြို့လုံးမှာတောင် ရှောင်းမိသားစုစစ်တပ်ရဲ့စစ်သည် ၂၀၀၀ ကျော်ပဲ ရှိတယ်။ အရှေ့မြို့ရိုးမှာ လူများတယ်ဆိုရင်တောင် ဘယ်လောက်များနိုင်မှာမလို့လဲ?

သန်းခေါင်ယံအချိန်၌ လုံလင်းက သူ့တပ်ကို ဦးဆောင်ကာ မြို့ကို တိုက်ခိုက်ရန် ချဥ်းကပ်လာခဲ့သည်။ စနစ်တကျ လေ့ကျင့်ထားသော ဝမ်မိသားစုစစ်သည်များက မြို့ရိုးကို တက်ရန် လှေကားများနှင့် မြို့တံခါးကို တိုက်ဖျက်ရန် သစ်တုံးများကိုလည်း သယ်ဆောင်လာကြသည်။ သူတို့က သတ်ဖြတ်ရန် ရည်ရွယ်ချက်အပြည့်ဖြင့် ချီတက်လာကာ စတင်တိုက်ခိုက်ကြတော့သည်။

ကျန်းကျင့်လင်းက သူ့လူများကို ဦးဆောင်ကာ မြို့ရိုးပေါ်တွင် ရှိနေပြီး သစ်တုံးကြီးများနှင့် ကျောက်ခဲများကို အောက်သို့ ပစ်ချနေသည့်အပြင် မြို့ရိုးပေါ်မှ ဆီလောင်းချပြီး မီးမြှားများလည်း စတင်ပစ်ခတ်နေသည်။ မြို့ရိုးဆီသို့ လှေခါးဖြင့် တက်လာသည့် စစ်သည်များအားလုံး မီးလူသားများအဖြစ်သို့ ပြောင်းလဲသွားပြီး လှေခါးပေါ်မှ ပြုတ်ကျကုန်သည်။ တိုက်ပွဲက ပုံမှန်မဟုတ်သည့် ပြင်းထန်မှုမျိုးဖြင့် ချက်ချင်း ပြင်းထန်လာပြီး အော်ဟစ်သတ်ဖြတ်သံများက ကောင်းကင်ယံကိုပင် တုန်ခါနေစေသည်။

မြို့ရိုးအောက်တွင် လူ အလုံအလောက် စုဝေးမိသွားသည်ကို မြင်လိုက်ရသည့်အချိန်တွင်လည်း ကျန်းကျင့်လင်းက လက်ပစ်ဗုံးကို စနက်တံ ဆွဲထုတ်ပြီး အောက်သို့ ပစ်ချလိုက်ပြန်သည်။ ထိုပေါက်ကွဲမှုကလည်း ဝမ်မိသားစုစစ်တပ်မှ စစ်သည်များအား အသေအပျောက်နှင့် ဒဏ်ရာအပြင်းအထန် ရသူများ ရှိလာစေပြန်သည်။

လုံလင်းအတွက်လည်း ထိုအကြောင်းကို ယခင်က ကြားရုံသာ ကြားဖူးခဲ့သော်လည်း ယနေ့တွင် ဤလူသတ်လက်နက်ကြီး၏ အစွမ်းကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။ အရှေ့ဘက်ခြမ်းကို တိုက်ခိုက်ခြင်းက အချည်းနှီးဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူက အခြားသုံးဘက်မှ တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

သို့သော် အမိန့်ပေးရန်အတွက် သူ စေလွှတ်လိုက်သော သတင်းပို့စစ်သည်များ မထွက်ခွာမီတွင် ထိုအဖွဲ့သုံးဖွဲ့ကလည်း သူတို့၏ သတင်းပို့စစ်သည်များကို သူထံသို့ စေလွှတ်လိုက်ကြောင်း သူ သိလိုက်ရသည်။

ပင်မဝင်ပေါက်ကို တာဝန်ယူထားသည့်တပ်ဖွဲ့မှ သတင်းပို့တပ်သားက သတင်းပို့လာခဲ့သည်။

“လက်ဝဲတပ်မှူး၊ ရှောင်းမိသားစုစစ်တပ်ရဲ့လူသတ်လက်နက်ကြီးက အရမ်းအားကောင်းတယ်။ ကျွန်တော်တို့ အနီးမကပ်နိုင်ခင်မှာပဲ အသေအပျောက် အများကြီး ဖြစ်သွားခဲ့ပါတယ်”

မြောက်ဘက်တံခါးမှ သတင်းပို့စစ်သည်ကလည်း အလျင်အမြန် သတင်းပို့လာခဲ့သည်။

“လက်ဝဲတပ်မှူးကို သတင်းပို့ပါတယ်၊ လူထွားကြီးတစ်ယောက်က တပ်ရဲ့အနောက်ဘက်ကနေ ထိုးဖောက်ဝင်ရောက်လာပြီး တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ သူရဲ့သံတူကြီးနဲ့ ထိမိတဲ့သူတိုင်း ချက်ချင်း အသက်ထွက်ကုန်ပါပြီ”

ထိုစကားကို ကြားပြီးနောက် လုံလင်း၏အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး အလောတကြီး အမိန့်ပေးလိုက်သည်။

“မြန်မြန် သွားကြစမ်း၊ ရိက္ခာတွေကို ကာကွယ်ဖို့ နောက်ထပ် လူတွေ ထပ်လွှတ်လိုက်ကြစမ်း”

All Chapters