မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခု
Vol. 36 Ch. 531
လုံလင်းက သူ မြို့တော်မှ ယူဆောင်လာသည့် ရိက္ခာများကို မြောက်ဘက်နှင့် အနောက်ဘက်တံခါးကြားနေရာတွင် ထားရှိခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းတွင် ထိုအဖွဲ့နှစ်ဖွဲ့က ရိက္ခာများကို ဘေးကင်းစွာ ကာကွယ်နိုင်မည်ဟု သူ ယုံကြည့်ထားခဲ့သော်လည်း စစ်တပ်၏အနောက်ဘက်တွင် အားဖြည့်ပေးနေသည့်တစ်စုံတစ်ဦး ရှိနေသည်ဟု ရုတ်တရက် ကြားလိုက်ရချိန်တွင် ထိုလူက ရိက္ခာများအား မီးရှို့ရန် ရောက်ရှိလာသည်ဟု သူ ထင်သွားခဲ့သည်။
စားစရာတွေ မရှိတော့ရင် သူ့စစ်သည်တွေက ဘာကို စားရတော့မှာလဲ? စားစရာ ဒါမှမဟုတ် ရေ မရှိရင် ရက်အနည်းငယ်အတွင်းမှာပဲ သူတို့ရဲ့တိုက်ခိုက်ရေးခွန်အားတွေ ဆုံးရှုံးသွားနိုင်တယ်လေ။
ထို့ကြောင့် လုံလင်းက မြို့ကို တိုက်ခိုက်ရန် စီစဉ်ရင်း အချိန်အကုန်မခံနိုင်တော့ပေ။
ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ ရိက္ခာတွေကို ကာကွယ်နိုင်ဖို့က ပိုအရေးကြီးသွားပြီ။
ဘယ်သူရောက်လာတာလဲ?
လုံလင်း ဘယ်သူမှန်းမသိ ဖြစ်နေသူက ကျုံးယုံသာ ဖြစ်သည်။ ကျုံးယုံက မော့ချန်မှ လော့ချန်အထိ အပြေးအလွှား ခရီးနှင်လာခဲ့ပြီး သူ လော့ချန်သို့ ရောက်ရှိလာချိန်တွင် ဝမ်မိသားစုစစ်တပ်က လော့ချန်အား ဝိုင်းရံထားသည်ကို သူ တွေ့လိုက်ရသည်။ သူ မြို့ထဲသို့ ဝင်ချင်လျှင် သူ့လမ်းအား ပိတ်ထားသူမှန်သမျှကို သတ်ပစ်ရတော့မည်ဟု သူ တွေးလိုက်သည်။ ထို့အပြင် ဝမ်မိသားစုစစ်တပ်က ရဲတင်းလွန်းပြီး သူ့အစ်ကိုကြီးကို အနိုင်ကျင့်နေသည်ဟု သူ တွေးမိသောကြောင့် ကျုံးယုံတစ်ယောက် ဒေါသအကြီးအကျယ်ထွက်လာတော့သည်။ နောက်ဆုံးတွင် သူ ဒေါသကို မထိန်းနိုင်တော့ဘဲ မြို့တံခါးဆီသို့ တစ်ယောက်တည်း ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
သူ၏ခွန်အားက ထူးကဲလှပြီး သူက မယုံနိုင်လောက်အောင် သန်မာကြောင့် သူ့၏သံတူကြီးများက လေ၏အရှိန်အတိုင်း ကခုန်နေတော့သည်။ အစပိုင်းတွင် ဝမ်မိသားစုစစ်တပ်မှ စစ်သည်များက သူ့ကို အရှင်ဖမ်းဆီးရန် ဝိုင်းရံပိတ်ဆို့လိုက်ကြသော်လည်း တောင်ပေါ်မှ ဆင်းလာသည့် ကျားတစ်ကောင်ကဲ့သို့ ကြမ်းတမ်းရက်စက်သော ကျုံးယုံကို သူတို့ မတားဆီးနိုင်ခဲ့ကြပေ။
ကျုံးယုံက ဒေါသပုန်ထနေပြီး သူက သူ့မြင်းကို လူသူမဲ့သောနယ်မြေထဲကို ဝင်ခိုင်းသလိုမျိုး ဝမ်မိသားစုစစ်တပ်ထဲသို့ ထိုးဖောက်ဝင်ရောက်စေပြီး သူ့၏သံတူကြီးများကို လွှဲယမ်းကာ လူသတ်ပွဲကျင်းပနေတော့သည်။ မြို့တံခါးနှင့် နီးကပ်လာချိန်တွင် သူက မြင်းကို နောက်သို့ ပြန်လှည့်စေပြီ အားမာန်သွင်းကာ ထပ်မံတိုက်ခိုက်ပြန်သည်။ မြို့ရိုးပေါ်ရှိ ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များက ထိုအခြေအနေကို မြင်နေကြရပြီး ရှောင်းကျဲယွိထံ သတင်းပို့လိုက်ကြသည်။
ရှောင်းကျဲယွိက ရန်သူ၏ရိက္ခာများကို မီးရှို့ရန်အတွက် အသေခံတပ်များနှင့်အတူ ထွက်ခွာရန် ပြင်ဆင်နေခဲ့သည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က ဝမ်မိသားစုစစ်တပ်ကို အနောက်ဘက်မှ တိုက်ခိုက်နေကြောင်း သတင်းလာပို့သည့် စစ်သည်တစ်ယောက်၏အသံကို သူ ကြားလိုက်ရသည်။ သူက ရန်သူ၏လှည့်စားမှု ဖြစ်မည်ကို စိုးရိမ်သဖြင့် သူ့လူများကို ခေါ်ဆောင်ကာ မြို့ရိုးထိပ်သို့ တက်လာပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ မြို့ရိုး၏အောက်ခြေတွင် အလင်းရောင်မရှိဘဲ မည်းမှောင်နေသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော်လည်း ကျုံးယုံ၏အသံကိုတော့ သူ ကြားလိုက်ရသေးသည်။
“လူယုတ်မာတွေ မင်းတို့အဘိုးရဲ့ တူကို မြည်းကြည့်ကြစမ်း”
“အစ်ကိုကြီး ငါ ရောက်လာပြီ”
ရှောင်းကျဲယွိ၏နှုတ်ခမ်းများက ပြုံးယောင်သန်းလာသော်လည်း သူ ချက်ချင်း စိုးရိမ်မိသွားပြန်သည်။
ကျုံးယုံက ဘယ်လောက်ပဲ သတ္တိရှိရှိ သူ့ထက်သာလွန်တဲ့လူတွေ ရှိနိုင်သေးတယ်။ သူ သူရဲ့ညီငယ်လေးကို အန္တရာယ်ထဲ မကျရောက်စေချင်ဘူး။
“စစ်သည်တို့၊ မြို့တံခါးကို ဖွင့်ပေးလိုက်ကြ”
အစီအစဥ်များက မြန်မြန်ဆန်ဆန် ပြောင်းလဲနေခဲ့သည်။ မူလက နှစ်သစ်တွင် ဝမ်မိသားစုစစ်တပ်၏ ကာကွယ်ရေး ပေါ့လျော့နေမည်ကို အခွင့်ကောင်းယူရန် ရှောင်းကျဲယွိက စီစဉ်ထားခဲ့သည်။ ရှောင်းကျဲယွိက ဝမ်မိသားစုစစ်တပ်၏ ရိက္ခာများကို မီးရှို့ရန်အတွက် သူ့လူများကို ခေါ်ဆောင်သွားမည် ဖြစ်ပြီး သုံးရက်မှ ငါးရက်အတွင်း အစာရေစာပြတ်တောက်ကာ ဝမ်မိသားစုစစ်တပ်အနေဖြင့် ခုခံနိုင်စွမ်း ဆုံးရှုံးသွားပေလိမ့်မသည်။ ထို့နောက် ရှောင်းမိသားစုစစ်တပ်က သူတို့ကို တစ်ရှိန်ထိုး သုတ်သင်ပစ်ရုံသာ ကျန်နေနိုင်သည်။
သို့သော် ဝမ်မိသားစုစစ်တပ်ကလည်း ယနေ့ညတွင် တိုက်ခိုက်ရန် ရွေးချယ်မည်ဟုတော့ ရှောင်းကျဲယွိလည်း မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း ၎င်းက ရှောင်းကျဲယွိ၏ မူလအစီအစဉ်ကို မထိခိုက်စေခဲ့ပေ။ သူတို့ မြို့ကို တိုက်ခိုက်လာခြင်းက ထိုတိုက်ခိုက်မှုအပေါ်တွင်သာ အာရုံစူးစိုက်ထားပြီး ရိက္ခာများဘက်၌ အစောင့်အကြပ်လျော့ပါးသွားမည်ဟု ဆိုလိုသည်။ ထို့ကြောင့် ရှောင်းကျဲယွိအတွက် ခိုးဝင်တိုက်ခိုက်ပြီး ရိက္ခာများကို မီးရှို့ရန် အကောင်းဆုံးအခွင့်အရေးတစ်ခု ဖြစ်လာခဲ့သည်။
သူတို့၏မျှော်လင့်ချက်ထက် လုံးဝ ကျော်လွန်သွားသည့်အရာက ဤမျှအရေးကြီးသော အခိုက်အတန့်တွင် ကျုံးယုံ ရောက်ရှိလာပြီး အပြင်းအထန် ဝင်ရောက်တိုက်ခိုက်ခြင်းပင်။ ၎င်းက ဝမ်မိသားစုစစ်တပ်၏အာရုံကို သေချာပေါက် ဆွဲဆောင်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ရှောင်းကျဲယွိက အခြေခံအချက်များအားလုံးကို အလျန်အမြန် သုံးသပ်ကာ ဝမ်မိသားစုစစ်တပ်အား တုံ့ပြန်ချိန်မပေးဖို့ ဆုံးဖြတ်ရင်း အော်ဟစ်အမိန့်ပေးလိုက်သည်။
“မြို့တံခါးကို ဖွင့်လိုက်”
ရှောင်းကျဲယွိက အော်ဟစ်အမိန့်ပေးနေသလို သူကိုယ်တိုင်လည်း မြို့ရိုးအောက်သို့ ပြေးဆင်းသွားပြီး အသေခံတပ်သားတစ်ရာကို မြင်းပေါ်တက်စေကာ မြို့တံခါးဆီသို့ ဦးတည်လိုက်သည်။ မြို့တွင်းမှာကတည်းက ရှောင်းကျဲယွိက တာဝန်ခွဲဝေပေးလိုက်ပြီး အသေခံတပ်သားသုံးယောက်ကသာ ရိက္ခာမီးရှို့ရန် သွားရမည်ဖြစ်ပြီး ကျန်လူများအား ကျုံးယုံကို ကူညီပေးရန် အမိန့်ပေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ ကျုံးယုံ ရောက်ရှိလာခြင်းက သူ့တို့အတွက် အခွင့်ကောင်းတစ်ခု ဖြစ်လာသေးသည်။ ရှောင်းကျဲယွိအတွက် ထိုပရမ်းပတာအခြေအနေကို အမြတ်ထုတ်ကာ ရန်သူ၏စားနပ်ရိက္ခာကို မီးရှို့ရန် အခွင့်အရေးယူနိုင်သွားပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လုံလင်းကလည်း သူတို့၏ရိက္ခာများကို ကာကွယ်ရန် စစ်သည်တစ်စု စေလွှတ်လိုက်သည်။ သို့သော်လည်း သူတို့နှင့် ရှောင်းကျဲယွိကြားတွင် အချိန်ကွာဟချက် အနည်းငယ် ရှိနေပြီး သူတို့ ခြေတစ်လှမ်းနောက်ကျနေခဲ့သည်။ ရှောင်းကျဲယွိနှင့် သူ၏လူများ ရောက်လာချိန်တွင် ရိက္ခာများကို စောင့်ကြပ်နေသော ဝမ်မိသားစုစစ်သည်များသာ ရှိနေပြီး သူတို့က ရန်သူကို ရင်ဆိုင်ရန် ရှေ့တိုးလာကြသည်။ ရှောင်းကျဲယွိကတော့ တိုက်ပွဲကို အမြန်ဆုံး လက်စသတ်ရန် ဆုံးဖြတ်ထားပြီး ရိက္ခာများကို စောင့်ကြပ်နေသည့် ဝမ်မိသားစုစစ်သည်များထံသို့ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းလိုက်သည်။ ပေါက်ကွဲသံများနှင့် မီးတောက်များကြားတွင် ရှောင်းကျဲယွိက သူ့၏မြင်းကို စခန်းအနောက်ဘက်သို့ ကျွမ်းကျွမ်းကျင်ကျင် စီးဝင်သွားပြီး ရိက္ခာတင်ထားသည့် ရထားလုံးများပေါ်သို့ ဆီများ ဖြန်းပက်လိုက်သည်။ သူ့နောက်မှ အနီးကပ်လိုက်ပါလာသော စစ်သည်သုံးဦးကလည်း သူတို့၏လက်ထဲမှ မီးတုတ်များကို ရထားလုံးများဆီသို့ အလျင်အမြန် ပစ်ပေါက်လိုက်ကြသည်။
ဆီလောင်းခံထားရသည့် ရိက္ခာများက ချက်ချင်း မီးလောင်သွားပြီး တခဏချင်းမှာပင် မီးတောက်များ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။ ရိက္ခာများကို မီးရှို့ပြီးသည်နှင့် ရှောင်းကျဲယွိက လုံးဝ တုံ့ဆိုင်းမနေဘဲ သူ့၏စစ်သည်သုံးယောက်ကို ပြန်ခေါ်ကာ ချက်ချင်း လှည့်ထွက်လာခဲ့သည်။ သူက မြင်းကို အပြင်းနှင်နေရင်း လှံကို တင်းနေအောင် ဆုပ်ကိုင်ထားခဲ့သည်။ သူတို့ကို တားရန် ပြေးဝင်လာသည့် စစ်သည်များကို တွေ့သည်နှင့် သူက ရှေ့ဆုံးမှတစ်ယောက်ကို လှံဖြင့် ချက်ချင်း ကော်တင်လိုက်သည်။ စစ်မြင်းကြီးကလည်း အသိဥာဏ်ရှိနေပြီး သခင်က လူတစ်ယောက်ကို မြေကြီးပေါ် ပစ်ချလိုက်သည်နှင့် သူက ထိုလူကို နှစ်ကြိမ်ခန့် စောင့်နင်းလိုက်သည်။ ရှောင်းကျဲယွိ၏နောက်မှ လူသုံးယောက်၏ အင်အားနှင့် ပေါင်းစည်းမိချိန်တွင် သူတို့ကို မည်သူမှ မတားနိုင်တော့ပေ။
ထိုနေရာမှ ဖောက်ထွက်လာပြီးနောက် ရှောင်းကျဲယွိက ဝမ်မိသားစုစစ်တပ်၏ရိက္ခာစခန်းကို ထောက်ပံ့ရန် အရှေ့ဘက်မှ ပြန်ပြေးလာသည့်စစ်သည်တစ်စုကို ထပ်တွေ့လိုက်ရသည်။ သူတို့က အရေအတွက် များလွန်းပြီး သူတို့၏ကြွေးကြော်သံများက ကောင်းကင်ကိုပင် လှုပ်ခါစေသည်။ ရှောင်းကျဲယွိကလည်း တုံ့ဆိုင်းမနေဘဲ လက်ပစ်ဗုံးတစ်လုံး ထပ်ထုတ်လိုက်ပြီး ထိုအဖွဲ့ဆီသို့ လှမ်းပစ်လိုက်သည်။ ထိုပေါက်ကွဲမှုကြောင့် ဝမ်မိသားစုစစ်တပ်မှ ရှေ့တန်းစစ်သည်များ ကောင်းကင်သို့ ပျံသန်းသွားကြရပြန်သည်။
ရှောင်းကျဲယွိက ကျုံးယုံနှင့် ပြန်ပူးပေါင်းရန် သူ့လူများကို ဦးဆောင်ပြီး ပင်မဝင်ပေါက်ဆီသို့ အမြန် ပြန်ဆုတ်သွားခဲ့သည်။ ထိုအချိန်တွင် ဝမ်မိသားစုစစ်တပ်က ကျုံးယုံကို ဝိုင်းရံပိတ်ဆို့ထားပြီး ဖြစ်သည်။ စစ်သည်တစ်ယောက်က ဆူးပိုက်ကွန်ကို လှမ်းပစ်လိုက်ပြီး ကျုံးယုံကို သူ့၏စစ်မြင်းပေါ်မှ ဆွဲချရန် ကြိုးပမ်းနေသည်။ ထိုအခြေအနေက မြင်ရသူတိုင်းကို ရင်တထိတ်ထိတ် ဖြစ်သွားစေသည်။
ကျုံးယုံကတော့ အမှန်တကယ် ရဲရင့်သောစစ်သူကြီးတစ်ဦး ဖြစ်သည်။ ဆူးပိုက်ကွန်က သူ့အပေါ် ဖုံးအုပ်မိသွားပြီး သူ မြင်းပေါ်မှ ဆွဲချခံလိုက်ရသော်လည်း သူ့၏ခွန်အားတစ်ဝက်မျှပင် ဆုံးရှုံးသွားပုံမရပေ။ သူက ဆူးပိုက်ကွန်၏ထောင့်ကို ဆုပ်ကိုင်လိုက်ပြီး ထိုစစ်သည်ကို သူ့ဘက်သို့ ပြန်ဆွဲယူလိုက်သည်။ ထို့နောက် သူ တချက်ရုန်းလိုက်ကာ ဆူးပိုက်ကွန်ကို ဆုတ်ဖြဲပစ်လိုက်တော့သည်။ ထိုစစ်သည်များက သူ မည်မျှ ရက်စက်ကြမ်းကြုတ်သည်ကို မြင်သွားပြီး သူ့ကို အရှင် မဖမ်းချင်ကြတော့ပေ။ သူတို့က သူတို့၏လက်နက်များကို မြှောက်ကာ ကျုံးယုံကို သတ်ဖြတ်ရန် အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။
ထိုအချိန်တွင် ကျုံးယုံ စစ်မြေပြင်တွင် အသက်ဆုံးရှုံးရတော့မည်ကို မြင်လိုက်ရသည့် ရှောင်းကျဲယွိကလည်း သူ့လူများနှင့်အတူ ပြေးဝင်လာခဲ့သည်။ သူက သူ့လက်ထဲတွင် ရှိနေသည့် လှံကို နောက်ပြန်လှန်ကာ ကျုံးယုံပတ်ဝန်းကျင်ရှိ စစ်သည်များကို သူတို့၏မြင်းများပေါ်မှ ရိုက်ချရင်း ကျုံးယုံကို ကယ်တင်လိုက်သည်။
“အစ်ကိုကြီး”
ရှောင်းကျဲယွိတစ်ယောက် ပါးစပ်နှင့် နားရွက်ချိတ်လုနီးပါး ဖြစ်အောင် ရယ်နေသည့် ကျုံးယုံက မြင်လိုက်ရပြီး သူ၏ဝတ်ရုံတွက် သွေးများ နီရဲနေကာ သူ့မျက်နှာတွင်လည်း သွေးများ ဖုံးလွှမ်းနေလေသည်။ ထိုအရာက ရှောင်းကျဲယွိ၏နှလုံးခုန်သံကို စောင့်တက်သွားစေသည်။
သူ့ရဲ့ညီငယ်လေးက ဒီလောက်တောင် ဒဏ်ရာအပြင်းအထန်ရထားခဲ့တာလား?
“မတိုက်နဲတော့၊ ပြန်ဆုတ်!"
သို့သော် သူ့ထံတွင် စိတ်ပူရန် အချိန်မရှိသေးသောကြောင့် ရှောင်းကျဲယွိက ကျယ်လောင်စွာ အမိန့်ပေးနေရင်း သူ့လှံကို သူတို့နားရှိ ဝမ်မိသားစုစစ်တပ်မှ စစ်သည်၏ မြင်းပေါ်သို လွှဲယမ်းလိုက်သည်။ တချိန်တည်းမှာပင် ကျုံးယုံကို မြင်းပေါ် ပြန်တက်ပြီး သူ့နောက်မှ လိုက်လာရန် အမိန့်ပေးလိုက်သည်။
ထိုအချိန်တွင် အသေခံတပ်သားတစ်ဦး ဓားဖြင့် အခုတ်ခံလိုက်ရပြီး မြင်းပေါ်မှ ပြုတ်ကျသွားသည်ကို ရှောင်းကျဲယွိ လှမ်းမြင်လိုက်ရသည်။ သူက ထိုနေရာသို့ ပြေးသွားပြီး ဝမ်မိသားစုစစ်တပ်မှ စစ်သည်ကို သူ့၏လှံကို ထိုးစိုက်ကာ ပြန်ခါထုတ်လိုက်သည်။ ထို့နောက် ဒဏ်ရာရနေသည့် အသေခံတပ်သားကို သူ့မြင်းပေါ်သို့ ဆွဲတင်ရင်း အားလုံးကို ပြန်ဆုတ်ရန် ကြွေးကြော်အမိန့်ပေးနေသည်။
တိုက်ပွဲအတွင်း ပိတ်မိနေသည့် အသေခံတပ်သားများကလည်း စွမ်းစွမ်းတမံ တိုက်ခိုက်နေကြသည်။ ရှောင်းကျဲယွိနှင့် ကျုံးယုံတို့က သူတို့ကို ကယ်ဆယ်ရန် ပြေးဝင်သွားကြပြီး သူတို့ကို ဆွဲခေါ်ပြီးသည်နှင့် အမြန်ပြန်ဆုတ်ခွာကြပြန်သည်။ တဖြည်းဖြည်းနှင့် သူတို့ မြို့တံခါးဆီသို့ ပြန်ရောက်လာချိန်တွင် ဝမ်မိသားစုစစ်တပ်မှ စစ်သည်များကလည်း သူတို့နောက်သို့ ပြေးလိုက်လာကြသည်။ ဤအခိုက်အတန့်တွင် မြို့တံခါးကို ဖွင့်လှစ်ခြင်းက အလွန်အန္တရာယ်များသောကိစ္စ ဖြစ်သည်။ ဝမ်မိသားစုစစ်တပ် မြို့ထဲသို့ ဝင်ရောက်လာလျှင် သူတို့ အားလုံးဒုက္ခရောက်သွားနိုင်သည်။
သို့သော် မြို့တံခါးကို မဖွင့်လျှင် ရှောင်းကျဲယွိနှင့် ကျုံးယုံအပါအဝင် အသေခံတပ်သားများအားလုံး သင်္ချိုင်းမရှိဘဲ သေသွားရပေတော့မည်။ ထို့ကြောင့် အခြေအနေက အလွန်အရေးတကြီး ဖြစ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် မြို့ထဲ၌ ရှိနေသည့် ရှောင်းမိသားစုစစ်တပ်က ကျန်းကျင့်လင်း၏အမိန့်ကို လက်ခံရရှိခဲ့သည်။ သခင်လေး ပြန်ရောက်လာသည်နှင့်တပြိုင်နက် သူတို့ မြို့တံခါးကို ချက်ချင်း ဖွင့်ကာ သခင်လေးကို ကယ်ဆယ်ရန် ရဲရဲဝံ့ဝံ့ ထွက်ကြရမည် ဖြစ်သည်။ ထို့ကြောင့် ဝမ်မိသားစု၏စစ်တပ်က မြို့တံခါးဝသို့ရှောက်နေလျှင်ပင် ရှောင်းမိသားစုစစ်တပ်က ရှောင်းကျဲယွိကို ကယ်တင်ရန် မြို့တံခါးများကို ရဲရဲတင်းတင်း ဖွင့်လှစ်လိုက်ကြတော့သည်။
ရှောင်းကျဲယွိက သူ၏မြင်းကို ဒုန်းစိုင်းစီးနေပြီး ဝမ်မိသားစုစစ်တပ်မှ စစ်သည်များ လိုက်လာသည်ကို မြင်သည်နှင့် သူက နောက်ထပ် လက်ပစ်ဗုံးတစ်လုံး ထပ်ပစ်လိုက်ပြန်သည်။ ဝမ်မိသားစုတပ်မတော်ကလည်း ထိုလက်ပစ်ဗုံး၏အစွမ်းကို မြင်ထားပြီး ဖြစ်သည်။ လေထဲမှ ပျံဝဲလာနေသည့် တစ်စုံတစ်ခုကို မြင်သည်နှင့် သူတို့ ထိတ်လန့်နေပြီဖြစ်ကာ ဦးတည်ရာမဲ့ ထွက်ပြေးကြတော့သည်။ သို့သော် နောက်ဆုံးတွင် သူတို့ထဲမှ အများစုကို ဒဏ်ရာရရှိစေခဲ့သေးသည်။
ရှောင်းကျဲယွိက အစစ်အမှန်နှင့် အတုအယောင် ရောနှောသည့် နည်းဗျူဟာကို အသုံးပြုခဲ့သည်။ သူက လက်ပစ်ဗုံးအစစ်ကို ပစ်ခဲ့ပြီး ကျန်ရှောင်းမိသားစုစစ်တပ်မှ အသေခံတပ်သားများက ကျောက်ခဲများဖြင့် ပစ်ပေါက်ကြသည်။ သို့သော်လည်း ရန်သူများကတော့ ပျံဝဲလာသည့်အရာကို မြင်သည်နှင့် ကြောက်လန့်တကြား လှည့်ပြေးကြတော့သည်။ နောက်ဆုံးတွင် ရှောင်းကျဲယွိနှင့် သူ့လူများ မြို့ထဲသို့ အောင်မြင်စွာ ပြန်ရောက်လာကြသည်။ ဝမ်မိသားစုစစ်တပ်မှ စစ်သည်အနည်းငယ်က သူတို့နျင့်အတူ မြို့ထဲသို့ လိုက်ပါလာခဲ့သော်လည်း တံခါးများက ချက်ချင်း ပြန်ပိတ်သွားပြီ ဖြစ်သည်။ ထိုလူများက အလွန်ကြောက်လန့်သွားပြီး သူတို့၏မျက်နှာများပင် ဖြူဖျော့င်းသွားတော့သည်။
ဒါက တံခါး ပိတ်ပြီး ခွေးကို ရိုက်သလို ဖြစ်သွားတော့မှာ မဟုတ်ဘူးလား?
"သူတို့ကို သတ်"
ရှောင်းကျဲယွိက မြင်းပေါ်တွင် ထိုင်နေရင်း အေးစက်သော အမူအရာဖြင့် တစ်ယောက်မကျန် သတ်ရန် အမိန့်ပေးလိုက်သည်။
ဒီလူတွေကို စစ်သုံ့ပန်းအဖြစ် ဖမ်းထားရင်တောင် သူတို့လို သားရဲတွေကို အစာကျွေးဖို့ စားစရာအပိုမရှိဘူး။ သတ်လိုက်တာက အကောင်းဆုံးပဲ။
ဝမ်မိသားစုစစ်တပ်မှ စစ်သည်များက အပြင်းအထန် ရုန်းကန်ခုခံကြသော်လည်း ခေါင်းဖြတ်ခံရသည့်ကံကြမ္မာကိုတော့ မကျော်လွှားနိုင်ကြတော့ပေ။
ဤတိုက်ပွဲက ပွတ်ကာသီကာ အနိုင်ရခဲ့သည့် အောင်ပွဲဖြစ်ပြီး ရှောင်းကျဲယွိ၏ကျောတွင် ချွေးအေးများ ရွှဲစိုနေပြီဖြစ်သည်။
ချင်းအာ ပေးလိုက်တဲ့ လက်ပစ်ဗုံးတွေကြောင့်သာ မဟုတ်ရင် သူ ဒီနေ့ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး။
အသေခံတပ်ဖွဲ့ဝင်များ အနက်မှ ရှစ်ဆယ်ကျော်သာ ကျန်ရှိတော့ပြီး သူတို့အနက်မှ ၁၆ ဦး သေဆုံးသွားခဲ့သည်။ အသက်ရှင်ကျန်ရစ်သော စစ်သည်များကလည်း ရှောင်းကျဲယွိ သက်စွန့်ဆံဖျား ကယ်ဆယ်ပေးမှုကြောင့် ထိုမျှ ကျန်ရှိနေခြင်း ဖြစ်သည်။ သူတို့က သူတို့၏သခင်လေးကို အလွန်ကျေးဇူးတင်နေကြပြီး ထာဝရသစ္စာစောင့်သိရန် ကျိန်ဆိုခဲ့ကြသည်။
ရှောင်းကျဲယွိက ကျုံးယုံကို ပင်မတဲဆီသို့ ပြန်ခေါ်သွားခဲ့ပြီး သူ ပထမဆုံး လုပ်ခဲ့သည့်အရာက ကျုံးယုံ၏ဒဏ်ရာများကို စစ်ဆေးရန်သာ ဖြစ်သည်။