← Chapters

အလုပ်အကိုင် အခွင့်အလမ်း

Vol. 36 Ch. 532

အလုပ်အကိုင် အခွင့်အလမ်း

Vol. 36 Ch. 532

“အစ်ကိုကြီး၊ ငါ အဆင်ပြေတယ်၊ ဘာမှ မဖြစ်ဘူး၊ ဒါတွေအားလုံးက အပေါ်ယံဒဏ်ရာတွေချည်းပဲ”

ကျုံးယုံက သူ့အစ်ကိုကြီး၏ စိုးရိမ်မှုကို မြင်သွားပြီး တုံးအအပုံစံဖြင့် ရယ်မောလိုက်ပြန်သည်။ ထို့နောက် သူ၏အမြင်အာရုံများအားလုံး မည်းမှောင်သွားကာ ရယ်မောနေရင်းမှ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

“တစ်ယောက်လောက် လာဦး၊ စစ်တပ်သမားတော်ကို မြန်မြန်သွားခေါ်ပေး”

ရှောင်းကျဲယွိက သူ့ညီလေးကို ပွေ့ဖက်ထားရင်း စစ်တပ်သမားတော် သွားခေါ်ရန် စစ်သည်များအား အော်ဟစ်အမိန့်ပေးလိုက်သည်။ ထို့နောက် သူက ကျုံးယုံကို ကုလားထိုင်ပေါ်သို့ တင်ကာ နောက်သို့ မှီပေးထားပြီး စူးချင်း ပေးလိုက်သော သွေးအားတိုးဆေးကို အမြန်တိုက်လိုက်သည်။ သွေးထွက်ခြင်း ရပ်တန့်သွားသည်ကို မြင်လိုက်ရမှ သူက ကျုံးယုံ၏ဒဏ်ရာများကို စစ်ဆေးလိုက်ပြီး ကျုံးယုံ၏သွေးခုန်နှုန်းကိုပါ စမ်းကြည့်လိုက်သည်။

သေသေချာချာ စစ်ဆေးပြီးနောက်တွင် ကျုံးယုံ၏ခန္ဓာကိုယ်၌ ပြင်ပဒဏ်ရာ တစ်ဒါဇင်ကျော်မျှ ရှာတွေ့ခဲ့သည်။ အနက်ရှိုင်းဆုံးဒဏ်ရာက အရိုးကို မြင်နိုင်လောက်သည်အထိ နက်ပြီး အရှည်ဆုံးဒဏ်ရာက တစ်ပေကျော်ကျော် ရှည်သည်။ သူ ထိုမျှပြင်းထန်စွာ ဒဏ်ရာရနေခဲ့သော်လည်း ရန်သူကို ရဲရဲရင့်ရင့် ရင်ဆိုင်နေဆဲဖြစ်သည်။ သူက အမှန်တကယ် ရက်စက်ကြမ်းကြုတ်လှသော စစ်သည်တစ်ဦးသာ ဖြစ်သည်။

ရှောင်းကျဲယွိက စစ်တပ်သမားတော်ကို မစောင့်ဘဲ သူ့ညီလေးကို အရင်ဆေးတိုက်ထားလိုက်သည်။ ယခုဆိုလျှင် ရှောင်းမိသားစု၏စစ်တပ်မှ စစ်သည်တိုင်းတွင် စူးချင်း၏ ဒဏ်ရာလိမ်းဆေး အနည်းငယ်စီ ရှိနေပြီ ဖြစ်သည်။ သူမ ဖော်စပ်ပေးထားသည့်ဆေးက အလွန်ထိရောက်ပြီး တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ဒဏ်ရာများ ပြန်သက်သာသွားပေလိမ့်မည်။

စစ်သည်များကြားတွင် တိုးတိုးတိတ်တိတ် ပြန့်နှံ့နေသော စကားတစ်ခွန်းရှိပြီး သူတို့၏သခင်မလေးက မသေမျိုးနတ်ဘုရားဖြစ်သည်ဟု ပြေလေ့ရှိကြသည်။

ထိုသို့မဟုတ်လျှင် လူသားတစ်ယောက်က ထိုမျှကောင်းမွန်သည့် အနာကျက်ဆေးကို မည်သို့မျှ ဖန်တီးနိုင်မည်မဟုတ်ပေ။

စစ်တပ်သမားတော်ရောက်လာချိန်တွင် ရှောင်းကျဲယွိက ကျုံးယုံ၏ဒဏ်ရာများကို ဆေးကြောသန့်စင်ကာ ဆေးလိမ်းပေးထားပြီး ဖြစ်သည်။ စစ်တပ်သမားတော်က ကျုံးယုံ၏ ဒဏ်ရာများကို ပတ်တီးစည်းပေးရန် အလျင်စလို ရှေ့တိုးလာခဲ့သည်။

ရှောင်းကျဲယွိက သူ့လက်နှစ်ဘက်ကို နောက်ကျောပစ်ရပ်နေရင်း ဘေးမှ စိုးရိမ်တကြီး စောင့်ကြည့်နေသည်။ ကံကောင်းထောက်မစွာဖြင့် ကျုံးယုံ၏ခန္ဓာကိုယ်က သန်မာလွန်းပြီး စစ်တပ်သမားတော်က သူ့ကို ပတ်တီးစည်းပေးပြီးသည့်နှင့် ကျုံးယုံတစ်ယောက် သတိလစ်နေရာမှ ပြန်နိုးလာသည်။

ကျုံးယုံက သူ ပြန်နိုးလာသည်နှင့်အမျှ အရေးကြီးသော အရာတစ်ခုကို တွေးမိသွားပုံဖြင့် စိုးရိမ်တကြီး ခုန်ထကာ အော်ဟစ်ရင်း အပြင်သို့ ပြေးထွက်သွားတော့သည်။

“မကောင်းတော့ဘူး၊ မကောင်းတော့ဘူး”

ရှောင်းကျဲယွိက သူ့ကို ပြန်ဆွဲထားရင်း စိုးရိမ်တကြီး လှမ်းတားလိုက်သည်။

"ကျုံးယုံ၊ မင်း ဘယ်ကို သွားမလို့လဲ?"

“ဆရာက အစ်ကိုကြီးအတွက် အဝတ်တွေ ထည့်ပေးလိုက်တယ်၊ အဲ့အထုတ်က မြင်းပေါ်မှာ ရှိနေတုန်းပဲ”

ကျုံးယုံက သူ့ကိုယ်သူ ဒေါသထွက်နေဟန်ဖြင့် သူ့ပေါင်ကို သူ ပြင်းပြင်းထန်ထန် ပြန်ရိုက်လိုက်သည်။

သူ မထွက်လာခင်တုန်းက ဒီလက်ဆောင်ကို အစ်ကိုကြီးဆီ သေသေချာချာ ပေးပေးမယ်လို့ သူ့ဆရာကို အာမခံခဲ့တယ်။ နောက်ဆုံးတော့ သူ့ရဲ့ပေါ့ဆမှုကြောင့် အဲ့ဒါတွေကို ဆုံးရှုံးလိုက်ရပြီ။

မဖြစ်ဘူး၊ သူ သွားပြန်ရှာမှ ဖြစ်မယ်။

"ထားလိုက်ပါ၊ ပျောက်သွားမှတော့ ပြန်သွားရှာမနေနဲ့တော့"

စူးချင်း သူ့အတွက် ချုပ်ပေးထားသည့် အဝတ်အစားအသစ်များ ပျောက်ဆုံးသွားကြောင်း ကြားလိုက်ရသောကြောင့် ရှောင်းကျဲယွိလည်း အနည်းငယ် စိတ်ပျက်သွားရသည်။

ဒါက ချင်းအာ သူ့အတွက်ပေးလိုက်တဲ့ နှစ်သစ်လက်ဆောင်လေ။ အရမ်းနှမြောဖို့ ကောင်းတယ်။

ဒါပေမယ့် အဝတ်တစ်စုံကြောင့်နဲ့တော့ သူ့ညီလေးကို သေဖို့ မလွှတ်လိုက်နိုင်ဘူးလေ။ နောက်ဆုံးတော့ သူ့စိတ်ထဲကနေ နှမြောတသဖြစ်ရုံပဲ တက်နိုင်တော့တယ်။

"ဒါဆို ငါ ဆရာ့ကို ဘယ်လို ပြန်ပြောရမှာလဲ?"

ကျုံးယုံကလည်း ငိုတော့မည့် မျက်နှာဖြင့် ညည်းညူနေကာ ခေါင်းငိုက်စိုက်ကျသွားတော့သည်။

ရှောင်းကျဲယွိတစ်ယောက် ကျုံးယုံအား နှစ်သိမ့်ပေးနေချိန်တွင် မြို့အပြင်ဘက်မှ လုံလင်းကတော့ မီးလောင်ပြာကျနေသော စပါးများကို ကြည့်ရင်း ဒေါသထွက်နေခဲ့သည်။ သူ အလွန်အကျွံ ဒေါသထွက်နေပြီး ရထားလုံးမှ နှင်တံကို ဆွဲကာ စပါးလှည်းများကို စောင့်ကြပ်သည့် စစ်သည်များအား ရိုက်နှက်နေလေသည်။

"မင်းတို့ကောင်တွေ အားလုံး အမှိုက်တွေပဲ၊ လူသုံးယောက်တောင်ကိုတောင် မတားနိုင်ကြဘူးလား?"

ထိုစစ်သည်များအားလုံး သွေးသံတရဲရဲနှင့် ပျော့ခွေသွားသည်အထိ အရိုက်အနှက်ခံရပြီးမှသာ လုံလင်းက သူ့လက်ထဲမှ ရထားလုံးနှင်တံကို လွှင့်ပစ်ကာ မည်းမှောင်နေသော မျက်နှာဖြင့် လော့ချန်ဆီသို့ လှမ်းကြည့်နေသည်။

တကယ်လို့ သူ့လက်ထဲမှာ ဒီလိုကြောက်မက်ဖွယ် လူသတ်လက်နက်ကြီးတွေ ရှိနေရင် သူ လော့ချန်ကို သိမ်းပိုက်ဖို့ စိုးရိမ်နေစရာ မလိုလောက်ဘူး။

တခဏအတွင်းမှာပင် လုံလင်း၏မျက်လုံးများက ဆုံးဖြတ်ချက်တစ်ခုခုကြောင့် တောက်ပလာပြန်သည်။

အခု သူတို့မှာ စားစရာ မရှိတော့ဘူးဆိုမှတော့ ဒီစစ်ပွဲကို အမြန်အဆုံးသတ်ရမယ်။

နောက်ဆုံးတွင် သူက စစ်မြေပြင်ကို သန့်ရှင်းရေးလုပ်နေသည့် စစ်သူကြီးများအား အော်ဟစ်အမိန့်ပေးလိုက်သည်။

“အခုချက်ချင်း မြို့ကို တိုက်ကြမယ်၊ ပြန်ဆုတ်ခွာတဲ့ ဘယ်သူမဆို သနားညှာတာခြင်း မရှိ အသေခံရမယ်”

ရှောင်းကျဲယွိဘက်တွင်လည်း သူ ကျုံးယုံကို နှစ်သိမ့်ပြီးပြီးချင်း သူ၏လက်အောက်ငယ်သားများထံမှ သတင်းရောက်လာခဲ့သည်။

"သခင်လေးကို သတင်းပို့ပါတယ်၊ ဝမ်မိသားစုစစ်တပ်က နောက်တကြိမ် အပြင်းအထန် စတင်တိုက်ခိုက်နေပါပြီ"

ရိက္ခာများ မီးရှို့ခံရပြီးနောက် ဝမ်မိသားစုစစ်တပ်က ခွေးရူးကဲ့သို့ မြို့ကို တိုက်ခိုက်လာလိမ့်မည်ဟု ရှောင်းကျဲယွိ ခန့်မှန်းထားပြီး ဖြစ်သည်။ ထို့ကြောင့် သူဘက်မှလည်း ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။

“ကောင်းပြီ၊ မင်းတို့ မြို့ကို ကာကွယ်ဖို့ပဲ အစွမ်းကုန် ကြိုးစားကြ။ ဘယ်သူမှ အပြင်ထွက် တိုက်ခိုက်စရာ မလိုဘူး”

ရန်သူအရေအတွက်က အဆမတန်များနေမှတော့ သူတို့ ခုခံရုံပဲ တက်နိုင်လိမ့်မယ်။

တစ်ဖက်၌ ရှောင်းကျဲယွိတစ်ယောက် သေရေးရှင်ရေးအတွက် တိုက်ပွဲဝင်ရန် ရှောင်းမိသားစုစစ်တပ်အား ဦးဆောင်နေချိန်တွင် ကျင့်ရှီလျိုမြောင်မှ စူးချင်းက သူမ၏မိဘများ၊ ဆွေမျိုးများနှင့်အတူ နှစ်သစ်ကူးအကြိုကျင်းပနေသည်။

ကျိရှောင်ယင်၏လက်ထပ်ပွဲကိုလည်း ဆုံးဖြတ်ပြီး ဖြစ်သည်။ ချင်ဖုန်းက ကျိရှောင်ယင်ကို လက်ထပ်ပေးပြီး တာ့ထန်သို့ ထည့်လိုက်ရမည်ကို တွန့်ဆုတ်နေသော်လည်း သူ့မြေးလေး၏ပျော်ရွှင်မှုအတွက် သဘောတူလိုက်သည်။

နွေဦးရာသီကျော်လွန်ကာ ပူနွေးပြီး ပန်းများပွင့်ဖူးသည့် ငါးလပိုင်းထဲမှ ရက်ကောင်းတစ်ရက်ကို မင်္ဂလာရက်အဖြစ် သတ်မှတ်လိုက်သည်။ ချင်ဖုန်းက ပြင်ဆင်ချိန် လအနည်းငယ် ရအောင် စီစဥ်ခဲ့ခြင်း ဖြစ်ပြီး ကျိရှောင်ယင်ကို ခမ်းနားစွာ လက်ထပ်ပေးနိုင်ရန် သူ့မြေးအတွက် ရက်ရောသော ခန်းဝင်ပစ္စည်းများ ပြင်ဆင်ချိန်ယူလိုက်ခြင်း ဖြစ်သည်။

ကျိရှောင်ယင်တွင် မိခင်မရှိသောကြောင့် ယန်ရုရွှယ်နှင့် ယန်ရုပင်းတို့က သူမ၏မိခင်နေရာမှ တာဝန်ယူပေးကြသည်။ သူမတို့က ပန်းထိုးအထည်များအားလုံးကို ပြင်ဆင်ပေးမည် ဖြစ်ပြီး ယန်ရုပင်း၏ ပန်းထိုးလက်ရာက မကောင်းသော်လည်း ယန်ရုရွှယ်၏ပန်းထိုးလက်ရာက ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သည်။ သို့သော် စူးချင်း၏လက်ရာနှင့်တော့ ဝေးကွာနေဆဲပင်။ စူးချင်း၏ နှစ်ထပ်ပန်းထိုးလက်ရာက သူမ၏အမေနှင့် အဒေါ်တို့ကိုပင် မှင်သက်သွားစေခဲ့သည်။

စူးချင်းက သူမ၏အမေနှင့် အဒေါ်တို့အား သူမ၏ကိုယ်ဝန်အကြောင်း လုံးဝ မပြောခဲ့ပေ။

သူမ ပြောလိုက်ရင် ရွှေ့ရှန့်ကို ရှာဖို့ လော့ချန်ကို သွားဖို့ နေနေသာသာ အိမ်မှာတောင် ဘာမှ လုပ်ခွင့်မပေးတော့မှာကို သူမ စိုးရိမ်မိတယ်။ အဲ့တော့ လျှို့ဝှက်ထားရုံပဲ ရှိတာပေါ့။

ရှောင်ချန်ကတော့ ယခုရက်ပိုင်းအတွင်း ရှောင်ချီကိုသာ နှောက်ယှက်နေခဲ့သည်။ ရှောင်ချန်က ရှောင်ချီ ပျောက်သွားမည်ကို စိုးရိမ်ပြီး သူ အိပ်နေချိန်မှာပင် ရှောင်ချီကို ဖက်ထားလေ့ရှိသည်။

ထို့အတွက်ကြောင့် ရှောင်ချီလည်း သူမသခင်၏အနားတွင် မနေနိုင်တော့ပေ။ သူမ၏ တက်ကြွပြီး ဝိုင်းစက်နေသော မျက်လုံးလေးများက စူးချင်းကို အကူအညီ တောင်းသလို ကြည့်နေပြီး သူမ၏သခင်က သူမကို ကယ်တင်ရန် မျှော်လင့်နေပုံရသည်။ သို့သော်လည်း ရှောင်ချီ ရှောင်ချန်၏ဘေးနားတွင် ရှိနေခြင်းက စူးချင်းကို စိတ်သက်သာရာရစေသည်။ ရှောင်ချန်က ကလေးဆိုးလေးဖြစ်ပြီး သူက အမြဲတစေ တစ်ယောက်တည်း အိမ်မှ ခိုးထွက်ကာ ဆော့ကစားလေ့ရှိသည်။ ထို့ကြောင့် စူးချင်းအတွက် သူမ၏မောင်လေး ပြန်ပေးဆွဲခံရမည်ကို အမြဲစိုးရိမ်နေခဲ့ရသည်။

အပေါ်ယံမှကြည့်လျှင် ကျင့်ရှီလျိုမြောင်က အလွန်လုံခြုံသည်ဟု ထင်ရသော်လည်း လက်တွေ့တွင် ပြန်ကွယ်နေသည့် အင်အားများ ရှိနေသေးသည်။ တော်ဝင်ရုံးတော်မှ သူလျှိုများနှင့် တိုင်းတပါးမှ သူလျှိုများပါ ရှိနေသောကြောင့် အပြည့်အဝ လုံခြုံမှု မရှိပေ။

ယနေ့ နှစ်သစ်ကူးနေ့ ဖြစ်ပြီး စူးချင်းက သူမ ပြုလုပ်ထားသည် မီးရှူးမီးပန်းများအား ပစ်လွှတ်နေသည်။ ဤခေတ်တွင် မီးရှူးမီးပန်းများက ရှားပါးလွန်းပြီး မရှိသလောက်ပင်။ ရုတ်တရက် ကောင်းကင်ပေါ်၌ တောက်ပသည့် မီးတောက်ကလေးများ ပွင့်လန်းလာသည်ကို တွေ့လိုက်ရသည့် မြို့သူမြို့သားအားလုံးက ကောင်းကင်ပေါ်သို့သာ မော့ကြည့်နေကြတော့သည်။

လှလိုက်တာ။

"ချင်းအာ၊ ဒါက အရမ်း လှတယ်။ ကျွန်မကိုလည်း တစ်ခုပေး၊ ကျွန်မလည်း လွှတ်ချင်တယ်"

လွမ်ဟုန်က ကလေးတစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားနေပြီး သူမကိုယ်တိုင် မီးရှူးမီးပန်းများ လွှတ်ချင်နေကာ စူးချင်းကို တောင်းဆိုနေသည်။

တစ်ဖက်တွင် ရှောင်ချန်ကလည်း အလုပ်များနေပြီး သူ့၏ခြေထောက်တိုတိုလေးများဖြင့် မီးရှူးမီးပန်းများနောက်သို့ ပြေးလိုက်နေသည်။ သူ့၏ရယ်မောသံလေးများက ညအချိန်ကို ပို၍ပင် ခမ်းနားတက်ကြွစေသည်။

"ချင်းအာ၊ သမီး ဘာတွေ ထပ်လုပ်ထားတာလဲ?"

စူးဟန်ရွှမ်ကတော့ စီးပွားရေးအခွင့်အလမ်းကို မြင်တက်လွန်းသူ ဖြစ်သည်။

ဒီလို ရှားပါးပစ္စည်းကို ရောင်းချရင် ပိုက်ဆံတွေ အများကြီး ရလာလိမ့်မယ်။

"ဒါကို မီးရှူးမီးပန်းလို့ ခေါ်တယ်"

စူးချင်းက မီးရှူးများကို လွမ်ဟုန်ထံသို့ လှမ်းပေးလိုက်ပြီး မီးညှိခိုင်းလိုက်သည်။ သူမက ခြံဝင်းထဲတွင် ရပ်နေပြီး မီးရှူးမီးပန်းများ၏အလှကို ကြည့်ရှုခံစားနေခဲ့သည်။ ထိုသို့သော ကောင်းမွန်သည့်နှစ်သစ်ကူးကို ရရှိရန်က ရှားပါးလှလွန်းပြီး ယခုတစ်မိသားစုလုံး အတူရှိနေခဲ့ကြသည်။ ထို့ကြောင့်ပင် စူးချင်းက ရုတ်တရက် ရှောင်းကျဲယွိကို ပို၍ပင် လွမ်းဆွတ်လာပြီး သူမ အိမ်တွင် ရှိနေသော်လည်း သူမ၏နှလုံးသားကတော့ လော့ချန်သို့ ပျံသန်းသွားခဲ့ပြီ ဖြစ်သည်။

ကျုံးယုံက ရွှေ့ရှန့်အတွက် အဝတ်အစားတွေ ပေးလိုက်ပြီလား?

စူးချင်းက သူမ ရှောင်းကျဲယွိအတွက် ချုပ်ပေးထားသည့် အဝတ်အစားများကို ပြန်တွေးရင်း ပြုံးလိုက်ပြန်သည်။ ထို့နောက် စူးချင်းက သူမ၏ဗိုက်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

သူမမှာ ကိုယ်ဝန်ရှိနေမှန်းသိရင် ရွှေ့ရှန့် အရမ်း ပျော်သွားပြီး သူက သူမကို ပွေ့မြှောက်လိုက်မှာလား?

နှစ်သစ်က အလျင်အမြန် ကုန်ဆုံးသွားပြီး နှစ်သစ်ကူး၏ငါးရက်မြောက်နေ့တွင် ဖက်ထုပ်ကို ငါးကြိမ်ထက်ပိုစားပြီးသော စူးချင်းက မော့ချန်ကို ပြန်ရန် စတင်ထုတ်ပြောလာတော့သည်။ ယန်ရုရွှယ်က သမီးဖြစ်သူကို ပြန်လွှတ်ရန် တွန့်ဆုတ်နေပြီး စူးချင်း၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။

"ချင်းအာ၊ နောက်ထပ် ရက်နည်းနည်းလောက် ထပ်နေပါဦး၊ သမီးတစ်ခါ ထွက်သွားရင် လနဲ့ချီပြီး ကြာတာလေ။ အမေ သမီးကို အရမ်းလွမ်းတယ်"

"အစ်မ.... မသွားပါနဲ့"

ရှောင်ချန်က အစ်မဖြစ်သူ၏လက်မောင်းကို ပွေ့ဖက်ကာ သနားစဖွယ် တောင်းဆိုနေသည်။ ဤရက်အနည်းငယ်အတွင်းတွင် သူ့၏အစ်မက သူ့ကို ကိုယ်ခံပညာ သင်ပေးနေခဲ့ပြီး သူကလည်း စိတ်ပါလက်ပါ သင်ယူနေခဲ့သည်။

စူးချင်းက မောင်ဖြစ်သူ၏ ကြီးမားပြီး ကြည်လင်သော မျက်လုံးလေးများကို ကြည့်နေပြီး သူမ၏အေးစက်သော မျက်ဝန်းများက နူးညံ့လာကာ အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"အစ်မ မင်းအတွက် ရှောင်ချီကို ထားခဲ့မယ်လေ ဟုတ်ပြီလား?"

ရှောင်ချီ၏မျက်နှာက ပြိုကျတော့မည့်မိုးလို ချက်ချင်း မည်းမှောင်သွားသည်။ သူမ၏သခင် ပြန်တော့မည်ဟု သူမ ကြားလိုက်ချိန်တွင် သူမ ရှောင်ချန်အား ဖယ်ရှားနိုင်ပြီဟု သူမ တွေးနေခဲ့သည်။ သူမ၏သခင်က သူမကို ထားခဲ့မည်ဟုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။

"ရှောင်ချီ၊ နင် ရှောင်ချန်နဲ့အတူ သိုင်းပညာ လေ့ကျင့်ရမယ်”

စူးချင်းက ရှောင်ချီ၏မျက်နှာပျက်သွားသည်ကို မြင်လိုက်ပြီး မျက်နှာတည်တည်ဖြင့် အမိန့်ပေးလိုက်သည်။ ရှောင်ချီ သူနှင့်အတူ ကျန်နေမည်ဟု ကြားလိုက်ချိန်တွင် ရှောင်ချန်က ဝမ်းသာအားရ ပြုံးလိုက်သည်။ ထိုအချိန်တွင် သူ့၏ ရှေ့သွားတစ်ချောင်း ပြုတ်ကျလာသောကြောင့် သူ့မျက်လုံးများ ချက်ချင်း ပြူးကျယ်လာပြီး သူ့သွားကို ကိုင်ကာ ‌အော်နေရင်း သူ့အမေဆီသို့ ပြေးသွားတော့သည်။

“အမေ၊ အမေ၊ သားရဲ့သွားတွေ ကျွတ်ကုန်ပြီ”

သွားတစ်ချောင်း လွတ်သွားသောကြောင့် ရှောင်ချန်၏စကားသံတွင် လေတိုးသံများ ပါဝင်နေပြီး စူးချင်းက သဘောကျကာ ရယ်မောနေလေသည်။

ဒီကောင်လေးက အရမ်းချစ်စရာကောင်းတယ်။ ကမ္ဘာကြီး ငြိမ်းချမ်းလာတဲ့အခါ သူမရဲ့မောင်လေးကို သူမရဲ့အနား ခေါ်ထားပြီး သူမကိုယ်တိုင် ပြုစုပျိုးထောင်ပေးမယ်။

စူးချင်းက ကျိရှောင်ယင်ကို မော့ချန်သို့ ပြန်ခေါ်မသွားဘဲ စူးမိသားစုတွင်သာ နေခိုင်းလိုက်သည်။ ကျိရှောင်ယင်ကလည်း စူးမိသားစု၏ နွေးထွေးမှုကို နှစ်သက်နေပြီး နေရစ်ခဲ့ရန် ဆန္ဒရှိနေခဲ့သည်။

စူးချင်း မော့ချန်သို့ ပြန်ရောက်လာချိန်တွင် ကြီးမားသော အံ့အားသင့်စရာတစ်ခုက သူမကို အသင့်စောင့်ကြိုနေသည်။

All Chapters