အတိအကျ တူတယ်
Vol. 36 Ch. 533
စူးချင်း ထွက်သွားပြီးနောက်ပိုင်း ရက်အနည်းငယ်အတွင်း ချင်ထျဲက မမောမပန်း အလုပ်လုပ်နေခဲ့သည်။ နောက်ဆုံးတွင် သူက စူးချင်း လိုချင်သည့် မော်တာကို ပြုလုပ်နိုင်ခဲ့သည်။ နောက်ဆုံးထွက်လာသည့်ပုံစံက စူးချင်း ပေးထားသည့်ပုံစံနှင့် မလွဲမသွေ အတိအကျ ထပ်တူညီနေသည်။
စူးချင်း မော့ချန်သို့ ပြန်ရောက်သည်နှင့် ချင်ထျဲကို မြို့တံခါးရှေ့တွင် တွေ့လိုက်ရသည်။ သူ မော်တာကို ပြုလုပ်ပြီးကတည်းက ချင်ထျဲက စူးချင်း သို့မဟုတ် ရှောင်းကျဲယွိ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ သူ အေးခဲလာလျှင်ပင် မြို့တံခါးမျှော်စင်သို့ သွားကာ သွေးပူအောင်လုပ်ရင်း စောင့်ဆိုင်းနေတတ်သည်။ ယနေ့တွင်လည်း သူ အေးလွန်းသောကြောင့် မြို့တံခါးမျှော်စင်ထဲသို့ ရောက်နေချိန်တွင် စစ်သည်တစ်ယောက်က သခင်မလေးပြန်ရောက်လာကြောင်း သတင်းပို့လာခဲ့သည်။
“သခင်မလေး”
ချင်ထျဲက သူ့၏အပေါ်ရုံကို မတင်ထားပြီး မြို့တံခါးမျှော်စင်မှ ပြေးထွက်လာကာ သူ့မျက်နှာပေါ်တွင် ရွှင်မြူးနေသည့်အပြုံးများ ပြည့်နှက်နေသည်။ စူးချင်းကလည်း ချင်ထျဲ၏အသံကို ကြားသွားပြီး ရထားလုံး၏ကန့်လန့်ကာကို မတင်လိုက်သည်။ ချင်ထျဲ၏ အပြုံးကို မြင်လိုက်ရချိန်တွင် သူမ၏စိတ်ထဲသို့ အတွေးတစ်ခု ချက်ချင်း ဝင်ရောက်လာသည်။
သူ အောင်မြင်သွားတာဖြစ်နိုင်လား?
ချင်ထျဲက တကယ်ပဲ သူမရဲ့မျှော်လင့်ချက်အတိုင်း ထူးချွန်လွန်းတယ်။
ချင်ထျဲကလည်း သူ့၏အောင်မြင်မှုကို ပြောချင်လွန်းသောကြောင့် စူးချင်း မေးလာသည်အထိ မစောင့်နိုင်ဘဲ အလောတကြီး လှမ်းပြောလိုက်သည်။
"သခင်မလေး၊ ပြီးသွားပြီ၊ ငါ အဲ့ဒါကို လုပ်ပြီးသွားပြီ"
"တကယ်လား?"
စူးချင်းက အံ့သြတကြီး ပြန်မေးလိုက်သည်။
ဒါက နှစ်သစ်အတွက် အကောင်းဆုံးလက်ဆောင်ပဲ။
"တကယ်ပါ။ ငါ့အိမ်ကို အခု လိုက်ကြည့်မလား?”
ချင်ထျဲ၏မျက်လုံးများက တောက်ပနေပြီး ယုံကြည်မှု အပြည့် ကြည့်နေသည်။ စူးချင်းက အပြုံးဖြင့် ခေါင်းညိတ်သဘောတူလိုက်သည်။
“ကောင်းပြီလေ”
အကယ်၍ မော်တာများကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ပါက ဝမ်မိသားစုစစ်တပ်အား ဖျက်ဆီးနိုင်မည့် အချိန်ရောက်လာပြီဟု ပြောနိုင်ပေသည်။ ထို့ကြောင့် အမြဲတမ်း တည်ငြိမ်ပြီး အေးစက်နေတတ်သည့် စူးချင်းတောင်မှ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူမက ချင်းထျဲ၏အိမ်သို့ သွားနေရသည့် လမ်းခရီးကိုပင် စိတ်မရှည်တော့ဘဲ မော်တာများကို ကြည့်ရန် စိတ်စောနေခဲ့သည်။
ချင်ထျဲက ရထားလုံးထဲသို့ ဝင်ရန် ငြင်းဆန်ခဲ့ပြီး လမ်းကို ဦးဆောင်ကာ ရှေ့မှ ပြေးသွားတော့သည်။ သူက အလွန်ပျော်ရွှင်နေပြီး ပျံသန်းရန်ပင် တောင့်တနေသူ ဖြစ်သည်။ ယခုတကြိမ်တွင် သူက သူ ယခင် ယန္တရားအသစ်များ ဖန်တီးနိုင်ခဲ့သည့်အချိန်များထက် ပိုမိုစိတ်လှုပ်ရှားနေသည်။
နောက်ဆုံးတော့ သူ့ရဲ့ကျေးဇူးရှင်တွေကို ကျေးဇူးပြန်ဆပ်နိုင်ခဲ့ပြီ။
စူးချင်းက ချင်ထျဲနှင့်အတူ သူ့အိမ်သို့ လိုက်သွားခဲ့သည်။ ချင်ထျဲက မော်တာကို သူ့အိပ်ခန်းထဲ၌ သိမ်းဆည်းထားသည်။ သို့သော်လည်း သခင်မလေးကို သူ့အိပ်ခန်းထဲသို့ ခေါ်ရန် မသင့်တော်သောကြောင့် ချင်ထျဲက စူးချင်းကို ဧည့်ခန်း၌ စောင့်ခိုင်းထားပြီး သူဘာသာ အတွင်းခန်းထဲသို့ ဝင်သွားခဲ့သည်။ အစေခံမိန်းကလေးတစ်ယောက်က စူးချင်းအတွက် လက်ဖက်ရည်ကို ယူလာပေးပြီး စူးချင်းကတော့ ကုလားထိုင်ပေါ်တွင် ထိုင်ကာ ချင်ထျဲ ယူလာမည့် မော်တာကို စောင့်မျှော်နေခဲ့သည်။
ခဏအကြာတွင် ချင်ထျဲ ပြန်ရောက်လာပြီး သူ့သက်တော်စောင့်နှစ်ယောက်က ပြုလုပ်ပြီးစီးသွားသည့် မော်တာကို ထမ်းကာ သူ့နောက်မှ လိုက်ပါလာကြသည်။ ချင်ထျဲက ၎င်းကို သူမ၏ အသေးစိတ်ပုံစံအတိုင်း ပြုလုပ်ထားသောကြောင့် စူးချင်းတစ်ယောက် တအံ့တသြ ထရပ်မိသွားတော့သည်။
ထို့နောက် စူးချင်းက စိတ်လှုပ်ရှားစွာ ရှေ့တိုးသွားရင်း ထိုမော်တာကြီးကို စူးစမ်းလိုက်သည်။
ဒါဆို အခု ဘယ်သူကမှ ရှောင်းမိသားစုစစ်တပ်ကို အနိုင်ယူနိုင်တော့မှာ မဟုတ်ဘူး။
မည်သို့ပင်ဖြစ်စေ ချင်ထျဲက စက်ယန္တရားများ ပြုလုပ်ရာတွင် ကျွမ်းကျင်သည့် ဆရာသခင်တစ်ယောက်သာ ဖြစ်ပြီး သူ၏မော်တာက အလွန် အသေးစိပ်တိကျကာ စူးချင်း လိုချင်သည့်အတိုင်း ထပ်တူကျနေသည်။ ယခုအချိန်တွင် သူမတို့ လိုအပ်နေသည်က မော်တာကျည်သာ ဖြစ်ပြီး ခဲယမ်းမီးကျောက်များ ပြည့်စုံသွားသည်နှင့် ၎င်းကို စစ်မြေပြင်တွင် အသုံးပြုနိုင်တော့မည် ဖြစ်သည်။
"သခင်မလေး၊ ဒီလက်အောင်ငယ်သား ပြုလုပ်ထားတဲ့ပစ္စည်းက သခင်မလေးရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လား?"
စူးချင်းက စကားတစ်ခွန်းမှ မပြောဘဲ မ်ောတာကိုသာ စိုက်ကြည့်နေသောကြောင့် ချင်ထျဲ အလွန်ထိတ်လန့်နေပြီး နောက်ဆုံးတွင် မအောင့်အီးနိုင်ဘဲ ပြန်မေးလာတော့သည်။
“အင်း၊ ရှင် အရမ်းကောင်းအောင် လုပ်နိုင်ခဲ့တယ်။ ဒါက ကျွန်မ လိုချင်တဲ့အတိုင်း အပြည့်အဝ ဖြည့်ဆည်းပေးနိုင်တယ်။ ရှင် လုပ်ထားတာက ပိုတောင် ကောင်းနေသေးတယ်၊ ရှင် ဒီထက်ပိုကောင်းအောင် ဆက်လုပ်နိုင်မှာ သေချာတယ်"
စူးချင်းက ချက်ချင်း ချီးကျူးလိုက်သည်။ ချင်ထျဲ၏ ထိတ်လန့်နေသော အကြည့်ကို မြင်နေရသောကြောင့် သူမက သူ့ကို ချီးကျူးပြီး နောက်ထပ် ဆက်လုပ်ရန်ပါ တိုက်တွန်းလိုက်သည်။
“ဟုတ်ကဲ့”
စူးချင်း၏ချီးကျူးသံကို ကြားလိုက်ရချိန်တွင် ချင်ထျဲလည်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
နောက်ဆုံးတော့ သူက သူ့ရဲ့တန်ဖိုးကို သက်သေပြနိုင်ခဲ့ပြီ။
ချင်ထျဲက သူ့လက်များကို ပွတ်သပ်နေပြီး သူ့သခင်လေးနှင့် သခင်မလေးကို ကူညီပေးနိုင်သည့်အတွက် အလွန်စိတ်လှုပ်ရှားနေပုံရသည်။
“ဒါပေမယ့် ဒီမော်တာကို လုပ်နိုင်ရုံနဲ့ မလုံလောက်သေးဘူး။ ကျွန်မတို့ မော်တာကျည်အတွက် ကျဥ်ခွံတွေ ထပ်လုပ်ရဦးမယ်”
စူးချင်းက သူမ၏လူတစ်ယောက်အား စုတ်တံ၊ စာရွက်နှင့် မှင်ကျောက်များ ယူလာပေးရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ သူမက မော်တာ၏အရွယ်အစားကို တိုင်းတာခိုင်း လိုက်ပြီး ထိုနေရာ၌ပင် ကျည်ခွံ့၏ အသေးစိတ်ပုံစံကို ချက်ချင်း ရေးဆွဲပေးလိုက်သည်။ ထိုသို့မတိုင်းတာလျှင် မော်တာကျည်ကို မော်တာထထဲသို့ မထည့်နိုင်ဘဲ အရာအားလုံးက အမှိုက်ဖြစ်သွားပေလိမ့်မည်။
"ကောင်းပြီ၊ ငါ အခု ချက်ချင်း သွားလုပ်ကြည့်မယ်"
စူးချင်း ဒီဇိုင်းထုတ်ထားသော မော်တာကျည်ခွံ၏အသေးစိတ်ပုံစံကို မြင်လိုက်သည်နှင့် ချင်ထျဲ၏မျက်လုံးများက တောက်ပလာပြန်သည်။
သခင်မလေးက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။
ချင်ထျဲ၏နေအိမ်မှ ပြန်ထွက်လာပြီးနောက်တွင် စူးချင်းက ပန်းပဲဆိုင်သို့ သွားခဲ့ပြီး မော်တာကိုယ်ထည်များ ဆက်လက်ပြုလုပ်ရန် ပန်းပဲဆရာများအား ညွှန်ကြားလိုက်သည်။ သူမက ရှောင်းကျဲယွိအား ထောက်ပံ့နိုင်ရန်အတွက် လော့ချန်သို့ သူမနှင့်အတူ မော်တာဆယ်လက် ယူသွားရန် စတင်ပြင်ဆင်နေခဲ့သည်။
အချိန်တန်ရင်တော့ မြို့တော်အထိ ချီတတ်ကြတာပေါ့။
ယခုအခါ မော့ချန်ရှိ မြို့သူမြို့သားအားလုံးပင် စစ်သည်တပိုင်း ဖြစ်လာကြသည်။ သူတို့က သူတို့၏ လက်ရှိဘဝကို တန်ဖိုးထားမြတ်နိုးကြပြီး သူတို့၏ငြိမ်းချမ်းသောဘဝများကို အခြားသူများ လာရောက်ဖျက်ဆီးမည်ကို မလိုလားကြပေ။ ထို့ကြောင့် သူတို့က ရုံးတော်အတွက် သတင်းပေးများအဖြစ် အခမဲ့တာဝန်ထမ်းဆောင်နေကြပြီး နှစ်သစ်ကူးကာလအတွင်းမှာပင် သူလျှို လေးငါးခြောက်ဦးခန့် ဖမ်းဆီးပေးခဲ့ကြသည်။
အထူးသဖြင့် ထောင်ဟွားဝူမှ ရွာသူရွာသားများက ပို၍ တာဝန်ကျေပွန်ကြသည်။ အတိတ်တွင် သူတို့က စူးချင်းနှင့် ရှောင်းကျဲယွိတို့၏ အကာအကွယ်အောက်၌ ထိုလူနှစ်ယောက်ကို အားကိုးကာ အသက်ဆက်ခဲ့ကြသည်။ သို့သော်လည်း သူတို့အနေဖြင့် စူးချင်းနှင့် ရှောင်းကျဲယွိကို တစ်သက်လုံး အားကိုးမနေသင့်ကြောင်း သူတို့ သိနေကြရသည်။ ထို့ကြောင့် သူတို့လည်း သူတို့လုပ်ရမည့်အပိုင်းကို တာဝန်သိသိ စတင်လုပ်ဆောင်နေကြပြီ ဖြစ်သည်။
စူးချင်းက မော့ချန်၏အခြေအနေကို လှည့်ပတ်စစ်ဆေးနေခဲ့ပြီး ထိုအချိန်တွင် စနစ်၏ စက်ရုပ်ဆန်ဆန် အသံကို သူမ ကြားလိုက်ရသည်။
[Host ရဲ့ ပန်းပဲပညာကျွမ်းကျင်မှုက အဆင့် ၈ ကို ရောက်သွားပြီး စစ်နတ်ဘုရားစွမ်းရည်ကို အဆင့် ၈၉ အထိ မြှင့်တင်နိုင်ခဲ့တဲ့အတွက် Host ကို ဂုဏ်ပြုပါတယ်။ Host အတွက် မော်တာရဲ့အသေးစိတ်ပုံစံ ဆုချီးမြှင့်ပေးပါ့မယ်]
ထိုအသံကို စူးချင်းကို နှာခေါင်းလေး နီရဲလာသည်အထိ ဒေါသထွက်သွားသေခဲ့သည်။
အခု သူမ မော်တာတစ်လုံးတောင် ထုလုပ်ဖန်တီးပြီးနေပြီလေ၊ စနစ်က အခုမှ သူမကို မော်တာရဲ့အသေးစိတ်ပုံစံ ဆုပေးနေတယ်တဲ့လား?
စနစ်ကို တုံ့ပြန်လိုက်သည့် စူးချင်း၏လေသံက မာကျော်လွန်းလှပြီး သူမ၏မျက်လုံးများကလည်း အေးခဲမတတ် စူးရှနေသည်။
"ငါ ထင်တာကတော့ နင် ရှိနေဖို့ မလိုအပ်တော့ဘူး"
စူးချင်း ဒေါသထွက်နေသည်ကို နားလည်နေသည့် စနစ်က ခြင်တစ်ကောင်၏ အသံကဲ့သို့ သေးမျှင်တိုးလျသော အသံဖြင့် ပြန်ဖြေလိုက်သည်။
[ဒါက စနစ်ကနေ အလိုအလျောက်ပေးတဲ့ ဆုလာဘ်ပါ]
“မော်တာအတွက် အသေးစိတ်ဒီဇိုင်းကို မလိုချင်တော့ဘူး။ ယမ်းမှုန့်တွေပေး၊ ငါ ကီလိုသုံးရာလောက် လိုချင်တယ်”
စူးချင်းက စနစ်ကို ရှင်းပြခွင့်မပေးဘဲ သူမ လိုချင်သည့်အရာကိုသာ ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ဒါက များလွန်းတယ်”
စနစ်က ချက်ချင်း ပြန်ဖြေလိုက်သည်။
ဒီHostက ကိုင်တွယ်ရခက်ခဲလွန်းတယ်။ စကားတစ်ခွန်းတည်းနဲ့ တောင်းလိုက်တာက ယမ်းမှုန့် ကီလိုသုံးရာတဲ့လား? ဒါပေမယ့် မပေးရလည်း Host က ဒေါသထွက်ပြီး သူ့ကို ဖောက်ခွဲနိုင်သေးတယ်။
နောက်ဆုံးတွင် စနစ်က သတိဖြင့် ပြန်ဖြေလိုက်သည်။
[စနစ်က Host အတွက် ကီလိုတစ်ရာပဲ ပေးနိုင်ပါမယ်]
“မရဘူး”
စူးချင်းက စနစ်ကို ငြင်းဆန်ခွင့် မပေးဘဲ ထပ်ပြောလိုက်သည်။
“နင်က ငါ့ကို ငြင်းရဲသေးတယ်လား? နင် ငါ့ဒေါသကို ခံနိုင်ရည် ရှိလို့လား?”
[Host ဘယ်နည်းလမ်းကို သုံးသုံး စနစ်က ဂရုမစိုက်ပါဘူး၊ အဲ့ပမာဏပဲ ပေးနိုင်ပါတယ်"
"ဒါဆို ငါ နင့်ကို အခု ချက်ချင်း ဖောက်ခွဲလိုက်တော့မယ်!"
စူးချင်း မည်မျှ ဒေါသထွက်ပြီး စိတ်လွှတ်နေပါစေ စူးချင်းက သူ့ကို ဖောက်ခွဲရဲမည်မဟုတ်ဟု စနစ်က တထစ်ချ ယုံကြည်ထားသည်။
Host သာ ဒီစနစ်ကို ဖောက်ခွဲရဲရင် နောင်မှာ Host က ဘာကို သုံးနိုင်မှာလဲ?
သို့သော်လည်း စနစ်၏အတွေးများက မှားယွင်းနေပြီး စူးချင်းက သူမ၏စကားအတိုင်း စနစ်၏ကိုယ်ပိုင် အလိုအလျောက် ဖျက်ဆီးရေး ပရိုဂရမ်ကို စတင်ရန် လက်လှမ်းလိုက်သည်။ သို့သော်လည်း နောက်ဆုံးစက္ကန့်တွင် စနစ်ထံမှ အသံကို သူမ ကြားလိုက်ရသည်။ သူမ၏လက်ချောင်းများက ပရိုဂရမ်၏ခလုပ်များနှင့် စက္ကူတရွက်ခန့်အကွာလောက်သာ ကျန်နေတော့ပြီး ထိုအရာက စနစ်ကို ကြောက်လန့်သွားစေရန် လုံလောက်နေပြီ ဖြစ်သည်။
"ခနလေး နည်းလမ်း ရှာပေးမယ်၊ အခုချက်ချင်း နည်းလမ်းတစ်ခု စဉ်းစားပေးပါ့မယ်"
စနစ်က အလွန်ကြောက်လန့်နေပြီး ဖြူဖျော့သော မျက်နှာဖြင့် ယမ်းမှုန့်များ ပြင်ဆင်ပေးခဲ့သည်။
စူးချင်းက ယမ်းမှုန့်အတွက် ပြဿနာကို ဖြေရှင်းလိုက်ပြီး အရက်ချက်ရန် အရက်ချက်ရုံသို့ ဦးတည်လိုက်သည်။
သူမ ဆရာဦးလေးကို ကတိပေးထားတဲ့ အရက်အိုးတစ်ရာကို တတ်နိုင်သမျှ အမြန်ဆုံးချက်ရမယ်။ မဟုတ်ရင် အဘိုးအိုက အကြွေးတောင်းဖို့ သူမနောက်ကို အဆက်မပြတ် လိုက်နေလိမ့်မယ်။
စူးချင်းက အရက်ချက်ရုံတွင် သုံးရက်လုံးလုံး အရက်ချက်နေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်သစ်ကူး၏ခုနစ်ရက်မြောက်နေ့သို့ ရောက်ရှိလာပြီး ထိုနှစ်သစ်ကူး၏သတ္တမမြောက်နေ့တွင် အသက်ရှည်ခြင်းနှင့် ကံကောင်းခြင်းအတွက် ရည်ရွယ်ကာ ခေါက်ဆွဲစားကြသည့် အစဥ်အလာ ရှိသည်။ တချို့လူများက ခေါက်ဆွဲမျှင်များကို ကလေးများခြေထောက်၌ ချည်ပေးကြပြီး ကလေးများ အသက်ရှည်ရန်၊ ကျန်းမာသန်စွမ်းရန်နှင့် ချောမွေ့အောင်မြင်သည့်ဘဝကို ပိုင်ဆိုင်နိုင်ရည် ဆုတောင်းသည့် ပုံစံတစ်မျိုး ဖြစ်သည်။ စူးချင်းကလည်း မမွေးသေးသည့် သူမ ကလေးလေး၏ခြေထောက်များကို ခေါက်ဆွဲဖြင့် ချည်နှောင်ရန် နံနက်စောစောထပြီး ခေါက်ဆွဲလှိမ့်ခဲ့သည်။
သူမ ခေါက်ဆွဲလှိမ့်ပြီး မီးဖိုချောင်ထဲမှ ပြန်ထွက်လာချိန်တွင် စစ်သည်တစ်ယောက်က အလောတကြီး ပြေးလာကာ သူမထံသို့ သတင်းပို့လာခဲ့သည်။
"သခင်မလေး၊ လော့ချန်ကနေ စစ်ကူတောင်းတဲ့ အရေးပေါ်သတင်းမှုတစ်ခု ရောက်လာပါတယ်"
စူးချင်းက ထိုအမြန်သတင်းပို့ အစီရင်ခံစာကို ချက်ချင်း လက်ခံလိုက်သည်။ ထိုစာပေါ်တွင် ရှောင်းကျဲယွိ၏ လက်ရေး ရှိနေပြီး သူက ချန်ယွိအား မြို့ကို ကာကွယ်ရန် တပ်သားအနည်းငယ် ထားခဲ့ပြီး ကျန်လူများကို ဦးဆောင်ကာ လော့ချန်သို့ စစ်ကူလာပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။ လိုအပ်သော လက်နက်နှင့် စားနပ်ရိက္ခာများအပြင် အပိုဆောင်း ယူဆောင်လာရန်ပါ ညွှန်ကြားထားသည်။
အခြေအနေက အဲ့လောက်တောင် တင်းမာနေပြီလား?
စူးချင်းတစ်ယောက် ထိုသတင်းကို ဖတ်နေရင်း မျက်မှောင်ကြုတ်နေခဲ့သည်။
ဝမ်မိသားစုစစ်တပ်က သူမတို့ ထင်ထားတာထက် ရင်ဆိုင်ဖို့ ပိုခက်ခဲပုံရတယ်။
"အခု ချက်ချင်း တပ်တွေ စုစည်းလိုက်တော့"
စူးချင်းက ရှောင်းကျဲယွိကို ကူညီထောက်ပံ့ဖို့ လော့ချန်သို့ တပ်များ ပို့ဆောင်နိုင်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
သို့သော်လည်း သူမက သူမနှင့်အတူ စစ်သည်အများကြီး မခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ ရန်သူက ဤအခြေအနေကို အခွင့်ကောင်းယူပြီး ကျူးကျော်လာလျှင် သူမတို့၏အခြေစိုက်စခန်းအား ဆုံးရှုံးရမည်ကို သူမ စိုးရိမ်နေသေးသည်။
ယခုတကြိမ်တွင် စူးချင်းက သူမတို့ လုပ်ထားသည့် မော်တာသုံးလက်နှင့် ကျည်ငါးလုံး ယူသွားရန် ပြင်ဆင်ထားခဲ့သည်။ ထိုအရာများအားလုံးကို လွန်ခဲ့သည့် ရက်အနည်းငယ်က ချင်ထျဲနှင့် ပန်းပဲဖိုခေါင်းဆောင် ပူးပေါင်းပြုလုပ်ထားခြင်း ဖြစ်ပြီး ယခု အသုံးဝင်လာပြီ ဖြစ်သည်။
စူးချင်းက စစ်သည်တစ်ရာကိုသာ ဦးဆောင်လာခဲ့ပြီး မော်တာသုံးလက်နှင့် ကျည်များကို တင်ဆောင်ထားသည့်လှည်းက တပ်ဖွဲ့၏အလယ်မှ မောင်းနှင်လာသည်။ ရိက္ခာတင်ထားသည့်လှည်းများက အရှေ့ဘက်တွင် ရှိနေပြီး စူးချင်းက တပ်ဖွဲ့ကို ထိန်းထားရန် အနောက်ဘက်မှ ရထားလုံးထဲတွင် ထိုင်လျက် လိုက်ပါလာခဲ့သည်။
လက်ရှိတွင် စူးချင်းက မြင်းမစီးရန် ဆုံးဖြတ်ပြီး ရထားလုံးကိုသာ ရွေးချယ်ထားခဲ့သည်။ သူမ၏ခန္ဓာကိုယ်က သံဖြင့် ပြုလုပ်ထားသလို မာကျောနေသောလည်း သူမ၏ဗိုက်ထဲမှ ကလေးကတော့ ထို့ကဲ့သို့ မဟုတ်ပေ။ စူးချင်းက ကလေး၏ဘေးကင်းရေးကိုပါ ထည့်သွင်းစဉ်းစားခဲ့သည်။
လမ်းတစ်လျှောက်တွင် ခြုံခိုတိုက်ခိုက်မှုူ လုံးဝ မရှိပေ။ ဝမ်မိသားစုစစ်တပ်က သူတို့၏ အဓိက တပ်ဖွဲ့များအားလုံးကို လော့ချန်သို့ စေလွှတ်ထားပြီး လော့ချန်ကို တိုက်ခိုက်ရန် အသည်းအသန် ကြိုးစားနေကြသည်။ ထို့ကြောင့် လော့ချန်၏အခြေအနေက အလွန်အန္တရာယ်များနေပြီး တိုက်ပွဲက တဖြည်းဖြည်း ပို၍ ပို၍ ပြင်းထန်လာသည်။ ရှောင်းကျဲယွိဘက်တွင်လည်း သူ ယူလာသည့် လက်ပစ်ဗုံးများ အားလုံးကို အသုံးပြုထားပြီးဖြစ်ကာ သစ်တုံးများနှင့် ကျောက်ခဲများပင် အများကြီး မကျန်တော့ပေ။ သို့တိုင်အောင် ဝမ်မိသားစုတပ်က ဆုတ်ခွာမသွားသေးဘဲ အရေအတွက်ပင် ပိုတိုးလာနေသေးသည်။