တစ်စိတ်တစ်ဝမ်းတည်း
Vol. 36 Ch. 534
နှစ်သစ်ကူးအကြိုညတွင် ရှောင်းကျဲယွိက ဝမ်မိသားစုစစ်တပ်၏ ရိက္ခာများအားလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး သူတို့ ဆာလောင်ငတ်မွတ်ကာ တိုက်ပွဲအင်အား ဆုံးရှုံးသွားမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ သို့သော်လည်း လောချန် အပေါ် အလွန်အရေးထားသည့် ဝမ်ယွိလင်၏ သဘောထားကို သူ လျော့တွက်ခဲ့မိသည်။ ရိက္ခာများ မီးလောင်ပျက်ဆီးသွားသည်နှင့် တပြိုင်နက် ဝမ်မိသားစုစစ်တပ်ဘက်မှ များပြားသော စစ်ကူများကို ထပ်မံစေလွှတ်ခဲ့သည်။ ထိုတပ်ဖွဲ့များနှင့်အတူ ရိက္ခာအမြောက်များပါလာခဲ့ပြီး သူတို့၏တိုက်ခိုက်ရေးအင်အား မဆုံးရှုံးသွားသောကြောင့် ရှောင်းကျဲယွိ၏ အကြံအစည် ပျက်ပြားသွားသည်ဟု ဆိုရပေမည်။
စစ်ကူများရောက်လာခြင်းက လုံလင်းနှင့်အတူ နေ့တိုင်းနေ့တိုင်း လော့ချန်ကို ဝိုင်းရံနေရသည့် စစ်သည်များအား ကြက်သွေး ထိုးပေးလိုက်သလို ဖြစ်စေပြီး သူတို့က ပို၍ အားမာန်တက်ကြွလာကြသည်။ ယခုတစ်ကြိမ်တွင်တော့ သူတို့က ရှောင်းကျဲယွိတို့ဘက်သို့ အနားယူချိန်ပင် မပေးဘဲ ဆက်တိုက် တိုက်ခိုက်နေကြသည်။
ထို့အပြင် သူတို့က လက်ပစ်ဗုံးများ၏ စွမ်းအားကိုလည်း နားလည်သွားပြီး မြို့ကို တိုက်ခိုက်ချန်တွင် စစ်သည်များကို တစ်စုတစ်ဝေးတည်း မလွှတ်တော့ပေ။ စစ်သည်များကို အရပ်လေးမျက်နှာသို့ ဖြန့်စေပြီး စနစ်တကျ ပုံဖော်ကာ မြို့ကို တိုက်ခိုက်နေကြသည်။ လက်ပစ်ဗုံးများက မည်မျှ အစွမ်းထက်နေပါစေ နေရာအနှံ့မှ လူပေါင်းများစွာကို တပြိုင်နက်တည်း သတ်ပစ်ရန် မဖြစ်နိုင်ပေ။ နောက်ဆုံးတွင် လက်ပစ်ဗုံးများအားလုံး ကုန်သွားမည့်အချိန်သို့ ရောက်ရှိသွားပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ရှောင်းကျဲယွိနှင့် ကျန်းကျင့်လင်းတို့က ထိုအခြေအနေကို ကြိုတင်မှန်းဆထားပြီး ဖြစ်သည်။ ရိက္ခာများ မီးရှို့ခံလိုက်ရလျှင် လုံလင်းက မြို့ကို အရူးအမူး တိုက်ခိုက်လာမည်ဟု သူတို့ မျှော်လင့်ထားခဲ့ကြပြီး ထိုအတွက်ပြင်ဆင်ကာ မြို့ရိုးပေါ်သို့ သစ်သားတုံးကြီးများနှင့် မီးကျောက်များ အလုံအလောက် ရွေ့ထားပြီး ဖြစ်သည်။ မြို့သူမြို့သားများကလည်း သူတို့၏အိမ်များကို ဖြိုချပြီး သစ်သားနှင့် ကျောက်ခဲတုံးကြီးများကို မြို့ရိုးဆီသို့ လာပို့ပေးကြသည်။ သူတို့အားလုံး လော့ချန်ကို ကာကွယ်ရန် ပို၍ စည်းလုံးလာခဲ့ကြသည်။
ရှောင်းကျဲယွိအတွက် အလုပ်လုပ်ပေးရန် သာမာန်ပြည်သူများထဲမှ ယောက်ျားများကို စုဆောင်းရန်ပင် မလိုအပ်ပေ။ သာမန်ပြည်သူများကိုယ်တိုင်က သူတို့ဘာသာ ရောက်လာကြခြင်း ဖြစ်သည်။ သူတို့က သူတို့ကိုယ်တိုင် အငတ်ခံပြီး သူတို့အိမ်ရှိ စားစရာများအားလုံးကို ရှောင်းမိသားစုစစ်တပ်ဆီသို့ ပို့ဆောင်ပေးကြသည်။
ထိုအပြုအမူများက ရှောင်းကျဲယွိ၏စိတ်နှလုံးကို တုန်လှုပ်စေပြီး သူ့မျက်လုံးများပင် နီရဲနေလေသည်။
ဒီရိုးသားတဲ့ မျက်နှာတွေကို မြင်နေရရုံနဲ့ သူတို့အတွက် စစ်မြေပြင်မှာ အသေခံ တိုက်ခိုက်ပေးဖို့ ထိုက်တန်နေပြီ။
“စစ်သည်တို့၊ လော့ချန်မှာ ထောင်သောင်းချီတဲ့ ပြည်သူတွေရဲ့ ပံ့ပိုးမှု ရှိတယ်။ အဲ့ဒါကြောင့် ငါတို့ အောင်နိုင်မှာ သေချာတယ်၊ ပြည်သူတွေအတွက် ဒီအကျင့်ပျက်နေတဲ့ ဝမ်မိသားစု စစ်တပ်ကို ဖျက်ဆီးဖယ်ရှားပစ်ကြမယ်”
ရှောင်းကျဲယွိက ရှောင်းမိသားစုစစ်တပ်၏စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့ပြီး စစ်သည်များကလည်း သူတို့ကို ချစ်ခင်ကာ ထောက်ခံပေးနေသည့် ပြည်သူများကို ကြည့်နေရင်း အားမာန်တက်ကြွနေကာ သူတို့၏သွေးများ ဆူပွက်နေသလို ခံစားနေရသည်။ ထို့ကြောင့် သူတို့ကလည်း ပြည်သူများအတွက် နောက်ဆုံးအခိုက်အတန့်အထိ တိုက်ပွဲဝင်ရင်း သူတို့၏ အသက်ကို စတေးရန်ပင် ဆန္ဒရှိနေကြသည်။
တိုက်ခိုက်ရန် အားမာန်ပြည့်နေသည့် ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များက မြို့ကို ကာကွယ်ရန် ရဲရဲဝင့်ဝင့် တိုက်ခိုက်နေကြသည်။ မြို့တွင်းရှိ အားနည်းသော ယောက်ျားကြီးများနှင့် အမျိုးသမီးများအားလုံးက သူတို့ကို ကူညီရန် မြို့ရိုးပေါ်သို့ တက်လာကြသည်။ သန်မာသော လူငယ်၊ လူရွယ် ယောကျာ်းသားများကတော့ စစ်သည်များနှင့်အတူ ပူးပေါင်းကာ မြို့ကို ခုခံကာကွယ်နေကြသည်။ ထိုလူများ၏အထောက်အပံ့ရှိနေသောကြောင့်သာ ရှောင်းကျဲယွိတို့အဖွဲ့အနေဖြင့် သောင်းနှင့်ချီသော ဝမ်မိသားစု၏ မြင်းတပ်ကို နှစ်ထောင်မျှသော ရှောင်းမိသားစုစစ်သည်များနှင် တွန်းလှန်ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း မြို့တွင်းရှိ အရင်းအမြစ်များက အလျင်အမြန် ကုန်ဆုံးလာသလို ဝမ်မိသားစုစစ်တပ်၏ တိုက်ခိုက်မှုကလည်း ပို၍ပင် ပြင်းထန်လာခဲ့သည်။ သူတို့က လက်နက်အသစ်များကို အသုံးပြုလာကြပြီး စစ်မြင်းနှစ်ကောင်ဆွဲသည့် စစ်ရထားလုံးကိုပါ ထုတ်ယူလာကြသည်။ စစ်မြင်းများကို သံချပ်ကာများ ၀တ်ဆင်ပေးထားပြီး သံဖြင့် ပြုလုပ်ထားသော ရထားလုံးတွင် တာဝေးပစ် လေးကြီးများနှင့် လှံတံရှည်ကြီးများ တပ်ဆင်ထားသည်။ စစ်သည်များက မီးရှူးမီးများ ကိုင်ဆောင်ကာ ထိုစစ်ရထားပေါ်မှ လိုက်ပါလာကြသည်။ ထို့ကြောင့် မြို့ရိုးပေါ်မှ မြှားများဖြင့် လှမ်းပစ်လျှင်ပင် ထိုစစ်ရထားပေါ်မှ စစ်သည်များကို မထိခိုက်စေနိုင်ပေ။ နောက်ဆုံးတွင် သူတို့ မြို့တံခါးဆီသို့ အလွယ်တကူ ချဉ်းကပ်လာနိုင်တော့မည့်အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
ရှောင်းကျဲယွိက ထိုစစ်ရထား၏ခေါင်မိုးများပေါ်သို့ ကျောက်ခဲကြီးကို ပစ်ချကာ ထိုစစ်ရထားကို ဖျက်ဆီးရန် အမိန့်ပေးခဲ့သည်။ သို့သော်လည်း စစ်မြင်းများက ကောင်းစွာ လေ့ကျင့်ထားပုံရပြီး အလွန်လျင်မြန်စွာ ပြေးနိုင်ကြသည်။ ကျောက်တုံးများ ပြုတ်ကျလာသည်နှင့် ထိုစစ်မြင်းများက စစ်ရထားကို ဆွဲကာပြေးထွက်သွားကြသည်။ ထိုစစ်ရထား မြို့တံခါးသို့ ရောက်ခါနီးတွင် စစ်ရထားပေါ်မှ စစ်သည်နှစ်ယောက်က ဆီပုံများကို မတင်ပြီး မြို့တံခါးပေါ်သို့ ဆီလောင်းကာ မီးရှို့ရန် အဆင်သင့်ပြင်ထားကြသည်။
မြို့တံခါး ကျိုးပေါက်သွားသည်နှင့် တပြိုင်နက် ဝမ်မိသားစုစစ်တပ်၏ မြင်းတပ်တစ်ခုလုံး မြို့တွင်းသို့ ဝင်ရောက်လာတော့မည် အခြေအနေ ဖြစ်လာပြီး ၎င်းက အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်လာခဲ့သည်။
ကျန်းကျင့်လင်းနှင့် ရှောင်းကျဲယွိတို့က သူတို့၏လေးများကို မြှောက်တင်လိုက်ပြီး မြှားများကို တစ်ပြိုင်နက် ပစ်ခတ်လိုက်ကြသည်။ သူတို့က ဆီများဖြင့် လှမ်းပက်ရန် ပြင်နေသည့် စစ်သည်များဆီသို့ အသီးသီး ပစ်ခတ်လိုက်ကြသည်။ ရှောင်းကျဲယွိကတော့ မြှားနှစ်စင်းကို တစ်ပြိုင်နက် ပစ်လွှတ်ခဲ့ပြီး မြှားတစ်စင်းက စစ်သည်တစ်ယောက်ဆီသို့ ပြေးဝင်သွားကာ နောက်မြှားတစ်စင်းက စစ်မြင်းတစ်ကောင်၏မျက်လုံးဆီသို့ တိုးဝင်သွားသည်။
ရှောင်းကျဲယွိ ကိုင်ဆောင်ထားသည့် လေးကိုင်းတွင် ပြင်းထန်သည့် ထိုးဖောက်နိုင်စွမ်း ရှိပြီး မြှားက စစ်မြင်း၏မျက်လုံးများမှတဆင့် ဦးခေါင်းထဲအထိ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ စစ်မြင်းကြီးက ၎င်း၏ရှေ့ခွာများကို မြှောက်ကာ လေထဲသို့ ခုန်တက်သွားပြီး နာကျင်ကြီးစွာ ဟီနေသည့် အသံများ ထွက်ပေါ်လာတော့သည်။
စစ်ရထားကို မောင်းနှင်နေသည့် ရထားထိန်းစစ်သည်က စစ်ရထားပေါ်မှ ပြုတ်ကျသွားပြီး ဆီများက သူ့ကိုယ်ပေါ်သို့ ဖိတ်စင်ကျလာသည်။ ရှောင်းကျဲယွိက မီးတုတ်ကိုင်ထားသည့် စစ်သည်များကို ထိုနေရာသို့ လှမ်းပစ်ရန် အမိန့်ပေးလိုက်ပြီး ထိုရထားထိန်းလည်း မီးတောက်ကြီးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားရတော့သည်။
ကျန်စစ်မြင်းတစ်ကောင်ကလည်း မီးကြောင့် ထိတ်လန့်သွားပြီး နောက်သို့ ပြန်လှည့်ကာ ထွက်ပြေးသွားသည်။ စစ်ရထားပေါ်သို့ လွင့်စင့်လာသည့် မီးစကလေးများက လေ၏အကူအညီဖြင့် ကြီးမားသောမီးတောက်ကြီးများအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။ နောက်ဆုံးတွင် ထိုစစ်ရထာလုံးက မြို့တံခါး မီးလောင်သွားလျှင် မြို့ထဲသို့ ဝင်ရန် အဆင်သင့် စောင့်နေသော ဝမ်မိသားစု၏မြင်းတပ်ဆီသို့ ပြေးဝင်သွားတော့သည်။ သူတို့လည်း သူတို့၏ ကိုယ်ပိုင် စစ်ရထားကြောင့် ရှုပ်ထွေးသွားရပြီး သပ်ရပ်စွာ ဖွဲ့စည်းထားသည့်တပ်ဖွဲ့များအားလုံး ခဏတာမျှ ကမောက်ကမ ဖြစ်သွားရသည်။
ထိုအကျပ်အတည်းကို ရှောင်လွှဲနိုင်ခဲ့ပေါ်လည်း မြို့ရိုးပေါ်ရှိ ရှောင်းကျဲယွိနှင့် ကျန်းကျင့်လင်းနှစ်ယောက်ကတော့ ချွေးအေးများ ထွက်နေဆဲ ဖြစ်သည်။
“ကျင့်လင်း၊ မင်း မြို့အရှေ့ဘက်ကို သွားပြီး အဲ့နေရာကို ကာကွယ်ထား။ ဒီဘက်မှာ ငါ စောင့်ကြပ်မယ်"
ရှောင်းကျဲယွိကိုယ်တိုင်လည်း သုံးရက်သုံးညလုံးလုံး အနားမယူနိုင်ခဲ့ပေ။ သူ့မျက်လုံးများ နီရဲနေပြီး သူ့အသံက အနည်းငယ် အက်ရှနေသော်လည်း သူ့၏အရှိန်အဝါက မပြောင်းလဲသေးပေ။ သူက အပ်တစ်ချောင်းကဲ့သို့ စူးရှမှုအပြည့်နှင့် တည်ငြိမ်သက်နေဆဲပင်။
သူက ဒီစစ်တပ်ရဲ့ဝိညာဉ်လေ။ သူ လဲပြိုသွားတာနဲ့ ဒီစစ်တပ်တစ်ခုလုံးရဲ့တိုက်ခိုက်ရေးအင်အား ကျဆင်းသွားလိမ့်မယ်။
စစ်ရထားက အလုပ်မဖြစ်သည်ကို မြင်လိုက်ရချိန်တွင် ဝမ်မိသားစုစစ်တပ်မှ တပ်ဖွဲ့များက မြို့တံခါးကို ဖောက်ဝင်ရန် “လူတံတိုင်းလူလှိုင်း” နည်းဗျူဟာကို အသုံးပြုကြတော့သည်။ ၎င်းက ရှေးအကျဆုံး နည်းဗျူဟာ ဖြစ်ပြီး ရှေ့မှလူ ကျဆုံးသွားသည်နှင့် နောက်လူက ချက်ချင်း အစားထိုးဝင်ရောက်လာပေလိမ့်မည်။ ထို့အပြင် မြို့တံခါးကို တွန်းတိုက် ဖျက်ဆီးနေသော ဝမ်မိသားစုစစ်သည်များအားလုံးက သံချပ်ကာများ ဝတ်ဆင်ထားကြသည်။ သစ်လုံးရှည်ကြီးများကို သယ်ဆောင်လာသည့် စစ်သည်တိုင်း၏ဘေးတွင် မြှားများကို ပိတ်ဆို့ကာကွယ်ပေးမည့် ဒိုင်းကို ကိုင်ထားသည့် စစ်သည်တစ်ယောက်အတူ လိုက်ပါလာသည်။ မြို့ရိုးပေါ်မှ လှမ်းပစ်သော မြှားများကတော့ အားကုန်ရုံသာ အဖက်တင်တော့သည်။
ရှောင်းကျဲယွိက မြို့တံတိုင်းနံရံများပေါ်သို့ ဆီများ လောင်းချခိုင်းပြီး မီးရှို့ခိုင်းလိုက်ရာ လူလှိုင်းတသုတ် ရပ်တန့်စေနိုင်ခဲ့သည်။ သို့သော်လည်း ဆီက ရှားပါးလွန်းပြီး လက်ရှိ ရှိနေသည့်ဆီများ ကုန်သွားလျှင် ဘာမှ လုပ်နိုင်တော့မည် မဟုတ်ပေ။
ထို့အပြင် အောက်မှ လူများအားလုံးကို ပစ်နိုင်ရန်လည်း မြှားအလုံအလောက် မရှိတော့ပေ။ မြို့ရိုးပေါ်ရှိ မြှားများက တဖြည်းဖြည်း လျော့နည်းလာပြီး အကြမ်းအားဖြင့် နောက်ထပ် သုံးရက်သာ ထိန်းထားနိုင်တော့မည်။ အကယ်၍ ရှောင်းကျဲယွိအတွက် သုံးရက်အတွင်း စစ်ကူ မရောက်လာလျှင် ရှောင်းမိသားစုစစ်တပ်နှင့် ဝမ်မိသားစုစစ်တပ်တို့ မျက်နှာချင်းဆိုင် စီးချင်းထိုးရတော့မည်ပင်။
ဤမြင်ကွင်းက မော့ချန်ကို ကာကွယ်နေသည့် ချန်ယွိ၏ ကြေကွဲဖွယ် အဖြစ်အပျက်နှင့် ထပ်တူညီနေခဲ့သည်။ သို့သော်လည်း တစ်ခုတည်းသော ကွာခြားချက်က ယနေ့ ရှောင်းမိသားစုစစ်တပ်ကို ဦးဆောင်နေသည့် တပ်မှူးက ရှောင်းကျဲယွိ ဖြစ်နေခဲ့သည်။
“အကိုကြီး၊ ငါ အပြင်ထွက်ပြီး ဒီကောင်တွေကို အပိုင်းပိုင်း ခုတ်သတ်ပစ်မယ်”
ကျုံးယုံက ရှောင်းကျဲယွိအား သူ့အတွက် အမိန့်ပေးရန် တောင်းဆိုနေသည်။ စူးချင်း၏ဆေးက သူ့၏ဒဏ်ရာများကို အလျင်အမြန် သက်သာပျောက်ကင်းစေခဲ့သော်လည်း သူ၏သံတူကြီးနှစ်ခုလုံး ပြီးခဲ့သည့်တိုက်ပွဲအတွင်း ပျောက်ဆုံးသွားခဲ့သည်။ သူ ယခု သုံးနေသည့် သံတူကြီးများက သူ ယခင် သုံးခဲ့သည့် သံတူများလောက် အလေးချိန် မရှိပေ။ ကျုံးယုံအနေဖြင့် ထိုလက်နက်က သူ့အတွက် မသင့်တော်သလို ခံစားရပြီး ထိုတူများကို မြှောက်လိုက်တိုင်း ငှက်မွေးကို မတင်ရသလို ပေါ့ပါးနေသည်ဟု သူ ခံစားရသည်။ ထို့ကြောင့် ကျုံးယုံက သူ့ဆရာက သူ့အတွက် ထုလုပ်ပေးထားသည့် သံတူကြီးတစုံကို သွားပြန်ရှာရန် စိတ်အားထက်သန်နေသည်။
"ကျုံးယုံ၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့"
ရှောင်းကျဲယွိက မည်းမှောင်သော မျက်နှာဖြင့် ကျုံးယုံကို တားဆီးလိုက်သည်။ လက်ရှိတွင် မြို့တံခါး ပွင့်လာပြီး ဝမ်မိသားစုစစ်တပ်မှ တပ်ဖွဲ့များ မြို့ထဲသို့ဝင်လာလျှင် လော့ချန်က အန္တရာယ်ရှိလာတော့မည် ဖြစ်သည်။
"ဒါဆို ငါတို့က ဒီမှာ အရိုက်ခံဖို့ ထိုင်စောင့်နေရမှာလား?"
ကျုံးယုံက မြို့ရိုးအောက်ရှိ ဝမ်မိသားစုစစ်တပ်မှ စစ်သည်အစုအဝေးကို စိုက်ကြည့်နေပြီး ထိုကောင်များ၏ ဦးခေါင်းခွံများကို တူဖြင့် ရိုက်ခွဲရန်သာ စိတ်အားထက်သန်နေသည်။
“ရန်သူတွေရဲ့ အရေအတွက်က ငါတို့ထက် အဆမတန် သာလွန်နေတယ်။ ငါတို့ သူတိုနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး"
ရှောင်းကျဲယွိလည်း ထပ်တူထပ်မျှ ဒေါသထွက်နေသည့်တိုင် သူက ကျိုးကြောင်းဆီလျော်အောင် တွေးနေနိုင်ဆဲဖြစ်ပြီး သူ့၏ဒေါသကို ထိန်းထားနိုင်သေးဖြစ်သည်။
ထို့အပြင် စူးချင်း၏ ဖောက်ခွဲရေးကိရိယာများ ပြုလုပ်နည်းကိုလည်း သူ သိထားပြီး ဖြစ်သည်။ ထို့ကြောင့် သူက မြို့ထဲရှိ အိမ်သာများအားလုံးမှ ယမ်းစိမ်းများ သွားတူးရန် လူတချို့ကို အမိန့်ပေးထားပြီး ဖြစ်သည်။ လိုအပ်သည့်ပစ္စည်းများ ရလာလျှင် သူကိုယ်တိုင် ဖောက်ခွဲရေးပစ္စည်းများ လုပ်နိုင်သေးသည်။
သို့သော်လည်း ဝမ်မိသားစုစစ်တပ်က သူ့ကို အချိန်မပေးခဲ့ပေ။ ခေတ္တခဏ ရပ်တန့်နေပြီးနောက်တွင် သူတို့က ဒုတိယမြောက်တိုက်ခိုက်မှုကို စတင်လာကြပြန်သည်။ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် မြို့တံခါးမှ ပြင်ချပ်ကြီးများ စတင်ကွဲအက်လားပြီ နောက်ထပ် အကြိမ်ရေ တစ်ဒါဇင်ကျော်ခန့် ဆက်တွန်းနေလျှင် မြို့တခါး ကျိုးပေါက်သွားပေတော့မည်။
ရှောင်းကျဲယွိကလည်း သူ့တပ်များကို ဦးဆောင်ကာ ရင်ဆိုင်စီးချင်းထိုးရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ သူက သူ့၏ချပ်ဝတ်တန်ဆာကို အပြည့်အစုံ ဝတ်ဆင်ထားပြီး မြို့ရိုးအောက်သို့ ငုံ့ကြည့်ကာ သူ့မျက်လုံးများက ဒေါသအရှိန်ဖြင့် ရဲရဲတောက်နေသည်။
ဒီနေ့ ဒီစစ်မြေပြင်မှာ သေရမယ်ဆိုရင်တောင် လော့ချန်အတွက် သူ ခုခံကာကွယ်ပေးရမယ်။
သူ့နောက်မှာ ထောင်သောင်းချီတဲ့ လူတွေရဲ့ အသက်တွေနဲ့ သာမန်အရပ်သားတွေရဲ့ဘဝတွေ ရှိတယ်။ ရှောင်းမိသားစုစစ်တပ်က စစ်သည်တစ်ယောက်ရှိနေသရွေ့ သူတို့ကို ကာကွယ်ပေးမယ်။
ရှောင်းကျဲယွိ မြို့ရိုးအောက်သို့ ဆင်းလာချိန်တွင် မြို့တွင်းရှိ ယောက်ျားလေးများအားလုံးကို သူ တွေ့လိုက်ရသည်။ ထောင်ပေါင်းများစွာသော လူငယ်ဦ လူရွယ်များ စုဝေးရောက် ရှိနေသော်လည်း သူတို့တွင် သင့်လျော်သော လက်နက်ပင် မရှိကြချေ။ သူတို့က လယ်ယာသုံးကိရိယာများ၊ မီးဖိုချောင်သုံးဓားများနှင့် ထင်းခုတ်ဓားမများကိုသာ ကိုင်ဆောင်ထားကြသည်။ သို့တိုင်အောင် လူတိုင်း၏ မျက်လုံးများက သတ္တိကြောင့် အလင်းရောင်များ ဖြာထွက်နေကြပြီး ရှောင်းမိသားစုစစ်တပ်နှင့်အတူ သေရန် စိတ်ပိုင်းဖြတ်ထားကြပုံပေါ်သည်။
တကယ်လို့ ရှောင်းမိသားစုစစ်တပ် ရှုံးနိမ့်သွားရင် သူတို့က အရင်လို သေတာထက်ပိုဆိုးတဲ့ဘဝမှာ ဒုက္ခဆင်းရဲတွေနဲ့ ပြန်နေကြရတော့မှာလေ။ ဘာပဲဖြစ်ဖြစ် သူတို့အတွက် သေခြင်းနဲ့ ရှင်ခြင်းက မကွဲပြားတော့ဘူး။
ကိုယ်ပိုင်အသိစိတ်ဖြင့် ကူညီရန် ရောက်လာသည့်လူများကို တွေ့လိုက်ရချိန်တွင် ရှောင်းကျဲယွိအတွက်လည်း လည်ပင်းများ တင်းကြပ်လာသည်အထိ စိတ်ခံစားချက်များ တိုးထွက်လာသည်။
ဒီနေ့ အကြပ်အတည်းကို ဖြေရှင်းနိုင်ပြီး အနာဂတ်မှာ သူ ထီးနန်းစိုးစံနိုင်ခဲ့ရင် လော့ချန်ကလူတွေအားလုံး ကဏ္ဍအစုံအတွက် အခွန် ကင်းလွတ်ခွင့်ရလိမ့်မယ်။ ဒါက သူ့ကို ကူညီဖို့ အသက်စွန့်နိုင်တဲ့ သူတို့ရဲ့ရိုးသားမှုအတွက် သူ ပြန်ပေးနိုင်တဲ့ ဆုလာဒ်ပဲ။
ရှောင်းကျဲယွိက မြို့တံခါးကို ပျက်စီးတော့မည်ကို လှမ်းမြင်သွားပြီး သူ့မျက်လုံးများထဲတွင် ရဲရင့်ပြတ်သားသည့် အကြည့်များ ပေါ်လာပြန်သည်။ သူက မြင်းပေါ်သို့ တက်ကာ လှံကို အလျားလိုက် ကိုင်ထားရင်း ခေါင်းလောင်းကဲ့သို့ အသံကျယ်ကြီးဖြင့် အော်ဟစ်အမိန့်ပေးလိုက်သည်။
“ညီအစ်ကိုတို့ ရန်သူကို သတ်ဖို့ ငါ့နောက်ကို လိုက်ခဲ့ကြတော့”