စူးချင်း ရောက်လာပြီ
Vol. 36 Ch. 535
လော့ချန်က ကြောက်မက်ဖွယ် စမ်းသပ်မှုကြီးကို ရင်ဆိုင်နေရပြီး ဝမ်မိသားစုစစ်တပ်က မြို့တံခါးကို ဖျက်ဆီးနိုင်သွားပြီ ဖြစ်သည်။ ရှောင်းကျဲယွိနှင့် ကျုံးယုံတို့က သေမင်းနတ်ဘုရားများကဲ့သို့ မြို့တံခါးကို စောင့်ကြပ်နေပြီး မြို့ထဲသို့ ဝင်နိုင်မည့်လမ်းကို ပိတ်ဆို့ထားသည်။ ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များအားလုံးက လော့ချန်ကို ကာကွယ်ရန် ကတိသစ္စာ ပြုထားကြပြီး သေခြင်းတရားကို မကြောက်ဘဲ ရန်သူကို ရဲရဲဝင့်ဝင့် ရင်ဆိုင်သတ်ဖြတ်နေကြသည်။
ရှောင်းမိသားစုစစ်တပ် မည်မျှပင် အကြောက်တရား ကင်းမဲ့ပြီး သူတို့၏စိတ်ဓာတ်များ မည်မျှ မြင့်မားနေပါစေ သူတို့ကိုယ်တိုင်လည်း သွေးသားဖြင့် ဖွဲ့စည်းထားသည့် လူများဖြစ်သောကြောင့် နောက်ဆုံးတွင် ပင်ပန်းနွမ်းနယ်ပြီး ခွန်အားများ ကျဆင်းကုန်ဆုံးသွားပေလိမ့်မည်။ ဝမ်မိသားစုစစ်တပ်မှ စစ်သည်များကလည်း ဒီရေလှိုင်းကြီးများနှင့် တူပြီး တစ်ဖွဲ့ ကျဆုံးသွားလျှင် နောက်တစ်ဖွဲ့က ချက်ချင်း ရှေ့တိုးလာမည် ဖြစ်သည်။
ရှောင်းကျဲယွိဘက်တွင်လည်း သူ လူဘယ်နှစ်ယောက်သတ်ခဲ့မှန်း သူ့ဘာသာ မမှတ်မိတော့အောင် သတ်ဖြတ်နေရသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာက သွေးများဖြင့် နီရဲနေပြီး သူ့လက်ထဲမှ လှံသွားထိပ်ပင် တုံးနေပြီ ဖြစ်သည်။ သို့သော်လည်း သူက သူ၏ ပြင်းထန်သော တိုက်ခိုက်ရေး အင်အားကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ သူက သူ့လက်ထဲမှ လှံရှည်ကို အပြန်ပြန်အလှန်လှန် ဝှေ့ယမ်းနေပြီး နောက်ဆုံးတွင် အသိကင်းမဲ့သည့် လူသတ်စက်သဖွယ် ဖြစ်လာတော့သည်။
ကျုံးယုံ၏ခွန်အားကတော့ သာလွန်ထူးဆန်းသည့်စွမ်းရည် ဖြစ်ပြီး သူက ဝမ်မိသားစုစစ်တပ်မှ စစ်သည်များကို သံတူကြီးများဖြင့် လိုက်ထုနေခဲ့သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ပေါ်တွင် သွေးများသာမက ဦးနှောက်အပိုင်းအစများလည်း ဖုံးလွှမ်းနေသေးသည်။ သို့တိုင်အောင် သူက သူ့မျက်လုံးများကို ကြေးခေါင်းလောင်းကြီးလို ကျယ်ကျယ်ဖွင့်ထားပြီး ကောင်းကင်သို့မော့ကာ အော်ဟစ်ကြွေးကြော်နေသေးသည်။
"တောက်... သေကြစမ်း၊ ငါ မင်းတို့ကို သေအောင် ရိုက်သတ်ပစ်မယ်"
ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များလည်း တစ်ယောက်ပြီး တစ်ယောက် လဲကျနေကြသည်။ ရှောင်းကျဲယွိက သူ၏စစ်သည်များနှင့် အရပ်သားများကို ကာကွယ်ရန်အတွက် သူထံတွင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဘက် မရှိသည့်အတွက် မချင့်မရဲ ဖြစ်နေခဲ့သ်ည။ သူ ယခုထက်ပို၍ အင်အားတောင့်တင်းအောင် မစွမ်းဆောင်နိုင်ခဲ့သည့်အတွက် မိမိကိုယ်ကို မုန်းတီးနေလေသည်။
ရန်သူများ ပို၍ ပို၍ များပြားလာသည်ကို မြင်နေရသောကြောင့် ယနေ့ စစ်မြေပြင်တွင် သူ သေဆုံးသွားခြင်းမှတပါး သူ့အတွက် လွတ်လမ်းမရှိတော့ကြောင်း သူ နားလည်နေပြီ ဖြစ်သည်။
သူ မြို့ထဲက အရပ်သားတွေနဲ့ သူရဲ့စစ်သည်တွေကို စွန့်လွှတ်ပြီး သူ တစ်ယောက်တည်း ထွက်ပြေးမှာ မဟုတ်ဘူး။ လော့ချန်အတွက် သေဆုံးရခြင်းက သူ့အတွက် နောင်တရစရာ မရှိဘူး။ ဒါပေမယ့် ချင်းအာ၊ အဖိုးနဲ့ ရှောင်ယင်တို့ကိုတော့ အရမ်းလွမ်းဆွတ်တမ်းတနေမိတယ်။
သူ စစ်မြေပြင်မှာ သေဆုံးသွားရင် သူ့ရဲ့မိသားစုဝင်တွေ ဘယ်လောက်တောင် စိတ်မကောင်းဖြစ်သွားကြမလဲ?
ချင်းအာ... တောင်းပန်ပါတယ်၊ မင်း ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်အောင် ကိုယ်လုပ်ခဲ့မိပြီ။
အဖိုး.... တောင်းပန်ပါတယ်၊ အခုတော့ ဆံဖြူက ဆံမဲကို လိုက်ပို့ရတော့မယ်။
ရှောင်ယင်.... တောင်းပန်ပါတယ်။ မင်းရဲ့လက်ထပ်ပွဲကို အစ်ကိုတစ်ယောက်အနေနဲ့ မတက်ရောက်ပေးနိုင်တော့ဘူး'
"သတ်!"
ရှောင်းကျဲယွိက သူ့၏နှလုံးသားထဲမှ ဝမ်းနည်းပူဆွေးမှုများကို မျိုသိပ်လိုက်ပြီး တောင်တန်းများနှင့် မြစ်များကို ဖြိုချနိုင်လောက်သည့် ကြွေးကြော်သံဖြင့် အော်ဟစ်လိုက်သည်။ ထို့နောက် သူက အတူ ဝမ်မိသားစုစစ်တပ် မြို့ထဲသို့ ဝင်မလာစေရန် တားဆီးဖို့ သူတစ်ယောက်တည်း မြို့တံခါးမှ ပြေးထွက်သွားတော့သည်။ ရှေ့သို့ တိုးဝင်နေရင်း မြို့ထဲဘက်သို့ အော်ဟစ် အမိန့်ပေးလိုက်သေးသည်။
"မြို့တံခါးတွေကို ပြန်ပိတ်လိုက်တော့"
သူက မြို့သူမြို့သားများကို ကာကွယ်ရန် သူ့ကိုယ်သူ စတေးဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
"အစ်ကိုကြီး၊ ဒီညီလေးက မင်းနဲ့အတူ လိုက်ခဲ့မယ်"
ကျုံးယုံက ဝမ်မိသားစုစစ်တပ်အား သူ့အစ်ကိုကြီးတစ်ယောက်တည်း ခုခံခွင့် မပေးနိုင်ပေ။ သူက ရှောင်းကျဲယွိနှင့်အတူ မြို့တံခါး၏အပြင်ဘက်သို့ လိုက်ပါသွားခဲ့သည်။ သူတို့နှစ်ယောက်က မြို့တံခါးများကို စောင့်ကြပ်နေသည့် ကောင်းကင်တပ်မှူးများကဲ့သို့ ဖြစ်နေပြီး ထောင်နှင့် သောင်းနှင့် ချီသော ဝမ်မိသားစုစစ်တပ်၏ စစ်သည်များကို ရင်ဆိုင်နေရသည့်တိုင် သူတို့၏မျက်နှာတွင် ကြောက်ရွံ့မှုတစ်စုံတစ်ရာ မပြခဲ့ပေ။ သူတို့၏ မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များသာ ပြည့်နှက်နေသည်။
လုံလင်းက တပ်သားတစ်သောင်းကို ဦးဆောင်နေပြီး ထိုတပ်သားများကို မြို့ထဲသို့ဝင်ရန် အမိန့်ပေးနေခဲ့သည်။ သူလည်း ရဲရဲရင့်ရင့် ပြေးထွက်လာသော ရှောင်းကျဲယွိကို မြင်နေရပြီး စစ်သူကြီးရှောင်းဟမ်ကို ပြန်မြင်နေရသလို ခံစားနေရသည်။
သူတို့နှစ်ယောက်လုံးက ပြည်သူတွေအတွက် အသေခံဖို့ ဆန္ဒရှိကြတယ်။
လုံလင်းက အတွေးနှင့်အတူ နှလုံးသားထဲမှ သက်ပြင်းချလိုက်သည်။
သာမန်ပြည်သူတွေ ရှောင်းမိသားစုစစ်တပ်ကို အထင်ကြီးလေးစားတာ အံ့သြစရာမဟုတ်ပေ။ သူတို့က ပြည်သူတို့ကို ကာကွယ်ရင်း အသက်စွန့်နိုင်ကြတယ်။
ဒါပေမယ့် ဒါက စစ်တပ်နှစ်ခုကြားက တိုက်ပွဲတစ်ခုပဲ။ ရှောင်းကျဲယွိသာ သူ့ရဲ့သခင် ဖြစ်ခဲ့ရင် သူ သေရမယ်ဆိုရင်တောင် ရှောင်းကျဲယွိအပေါ် သစ္စာစောင့်သိနိုင်လိမ့်မယ်။
ကံမကောင်းတာက အခု သူတို့ ရန်သူတွေ ဖြစ်နေကြပြီ။ မင်း သေရင်သေ ဒါမှမဟုတ်ရင် ငါ အသက်ရှင်မှ ဖြစ်မယ်(သူအတွေ့ကလည်း သူ့ဘက်ကချည်းပဲ)။ သူက ဧကရာဇ်မင်းမြတ်ရဲ့အမိန့်ကို လက်ခံခဲ့ပြီးပြီ၊ သူ့နှလုံးသားထဲမှာ တွန့်ဆုတ်နေတဲ့ အရိပ်အယောင်တွေ ရှိနေခဲ့ရင်တောင် လက်ရှိမင်းဆက်ရဲ့အုပ်ချုပ်မှုအာဏာနဲ့ မျိုးဆက်ပေါင်းများစွာကို ကာကွယ်ဖို့ သူ ဒီနေ့ ရှောင်းမိသားစုရဲ့ ဒီကလေးလေးကို ဖယ်ရှားပစ်ရတော့မယ်”
"ငါ့ရဲ့ ကောင်းကင်ပုဆိန်သွားလှံရှည်ကို ယူလာခဲ့"
လုံလင်းက ရှောင်းကျဲယွိ ပင်ပန်းနွမ်းနယ်ပြီး ခွန်အား ကျဆင်းနေသည်ကို အခွင့်ကောင်းယူကာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက သူ့၏လက်အောက်ငယ်သားများအား သူ့လက်နက်ကို ယူဆောင်လာရန် အမိန့်ပေးလိုက်သည်။ သူ အသုံးပြုသော ပုဆိန်သွားတပ် စစ်ပွဲသုံးလှံရှည်က ကျင်းဒါဇင်ပေါင်းများစွာ အလေးချိန်ရှိပြီး သူကိုယ်တိုင်ကလည်း ကြီးမားထူးကဲသော ခွန်အားရှိသည့် စစ်သူကြီးတစ်ဦး ဖြစ်သည်။
“ဘေးဖယ်ထားကြ၊ ရှောင်းမိသားစုက ဒီကလေးကို ငါကိုယ်တိုင် ဖြေရှင်းချင်တယ်”
လုံလင်းက ရှောင်းကျဲယွိအား ဝိုင်းထားသည့် သူ့လက်အောက်ငယ်သားများကို နောက်ဆုတ်ရန် အော်ဟစ်အမိန့်ပေးလိုက်သည်။ သူက သူ့မြင်းကို ရှေ့တိုးလာပြီး သွေးများ ဖုံးလွှမ်းနေသည့် ရှောင်းကျဲယွိကို လှမ်းပြောလိုက်သည်။
“မင်း အညံ့ခံလိုက်ဖို့ ငါ အကြံပေးမယ်။ မဆင်မခြင်နဲ့ ခုခံတာတွေ ဆက်လုပ်မနေနဲ့တော့"
“ဟမ့်၊ အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့တော့၊ ခင်ဗျားမှာ အရည်အချင်းရှိရင် ကျုပ်ခေါင်းကို ရအောင် လာဖြတ်လိုက်"
ရှောင်းကျဲယွိက အေးစက်စွာ လှောင်ပြောင်လိုက်ပြီး သူ့၏လှံရှည်ကို သူ့ရင်ဘတ်ရှေ့၌ ကန့်လန့်ဖြတ် ကိုင်ထားလိုက်သည်။ သူ ပင်ပန်းလွန်းသောကြောင့် သူ့လက်များပင် တုန်ယင်နေပြီ ဖြစ်သည်။ သို့တိုင်အောင် ရှောင်းကျဲယွိက အသက်ကို ပြင်းပြင်းရှူရင်း သူ့အင်အားကို ထိန်းညှိရန် လှံရိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူက သူ့ခွန်အား ပြန်လည်ရရှိရန် အချိန်ခဏယူနေခဲ့သည်။
"ကောင်းပြီ ဒါဆို ငါက အနိုင်ကျင့်တယ်လို့ အပြစ်မတင်နဲ့"
လုံလင်းက ရှောင်းကျဲယွိကို အမှန်တကယ် သဘောကျနေခဲ့သည်။
ဒီလောက် အင်အားကြီးတဲ့ စစ်တပ်ကြီးနဲ့ အဝိုင်းခံထားရတာတောင် သူ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေ မရှိသေးဘူး။ သူ့ရဲ့ ဇွဲလုံလနဲ့ ထက်မြက်မှုက ဘယ်လိုမှ လျှော့တွက်သင့်တဲ့အရာ မဟုတ်ဘူး။ သူရဲ့ ခံ့ညားထည်ဝါတဲ့ ရောင်ဝါကလည်း သူ ကြောက်မက်ဖွယ်ကောင်းနေအောင် ပံ့ပိုးပေးထားသေးတယ်။
လုံလင်းက ရှောင်းကျဲယွိအား အသက်ရှင်လျက် ဖမ်းဆီးရန် တတ်နိုင်သမျှ ကြိုးစားချင်နေသည်။
သူ ရှောင်းကျဲယွိကို ဧကရာဇ်မင်းမြတ်ဆီ ဖမ်းခေါ်သွားပြီး လူသတ်လက်နက်ကြီးတွေရဲ့ အစွမ်းကို ပြောပြချင်သေးတယ်၊ ပြီးတော့ ရှောင်းကျဲယွိက လူသတ်လက်နက်တွေရဲ့လုပ်နည်းကို သိနေနိုင်တယ်။ ဒါပေမယ့် အခု သူ ရှောင်းကျဲယွိကို အရှင် ဖမ်းသွားနိုင်ရင်တောင် ရှောင်ကျဲယွိနဲ့ ဧကရာဇ်မင်းမြတ်ကြားထဲမှာ ဘယ်တော့မှ မပြေနိုင်တဲ့ မုန်းတီးမှုနဲ့ ရန်ငြိုးတွေ ရှိနေသေးတယ်။ ရှောင်းကျဲယွိက ခေါင်းမာတော့ သူက လူသတ်လက်နက်တွေအကြောင်း ဧကရာဇ်မင်းမြတ်ကို ဘယ်တော့မှ မပြောလောက်ဘူး။
ရှောင်းကျဲယွိက သူ့အသက်ရှူနှုန်းကို ထိန်းထားရင်း သူ့၏ခွန်အားကို ပြန်လည်ရရှိသွားပြီ ဖြစ်သည်။ လုံလင်းကို ကြည့်နေသည့် သူ့မျက်လုံးများက မီးရှူးမီးပန်းများကဲ့သို့ တောက်ပလာသည်။
"လာခဲ့လေ"
"အကိုကြီး၊ ငါ သူ့နဲ့ တိုက်ချင်တယ်"
ကျုံးယုံက လုံလင်း၏ လေးလံသော ပုဆိန်သွားတပ်လှံရှည်ကို မြင်သွားပြီး သူ့အစ်ကိုကြီး အန္တရာယ် ဖြစ်မည်ကို စိုးရိမ်နေသည်။ သူက ရှောင်းကျဲယွိနှင့် လုံလင်းတို့ကြားသို့ ဝင်ရောက်ပိတ်ဆို့ရန် သူ့မြင်းကို ရှေ့တိုးလာခဲ့သည်။
"ကျုံးယုံ၊ မြို့တံခါးကို သွားကာကွယ်ထား။ စစ်ကူတွေ ရောက်လာတဲ့အထိ စောင့်နိုင်ရမယ်”
ရှောင်းကျဲယွိက ကျုံးယုံကို သူ့နောက်သို့ ပြန်ဆွဲခေါ်လိုက်သည်။
ကျုံးယုံမှာ ထူးခြားတဲ့ ခွန်အားရှိပေမယ့် တိုက်ပွဲအတွေ့အကြုံက နည်းပါးနေသေးတယ်။ ဒီလုံလင်းကို ကြည့်ရတာ လိမ္မာပါးနပ်မှန်း သိသာနေတယ်။ အဲ့ဒါကြောင့် ကျုံးယုံ အန္တရာယ် ဖြစ်မှာကို သူ စိုးရိမ်တယ်။
“အစ်ကိုကြီး…”
ကျုံးယုံက ရှောင်းကျဲယွိအတွက် စိတ်ပူနေသော်လည်း အမိန့်ကို မလွန်ဆန်နိုင်ဘဲ နီရဲသော မျက်လုံးများဖြင့် နာခံလိုက်ရသည်။
ရှောင်းကျဲယွိက သူ့ညီလေးကို ခေါင်းညိတ်ပြလိုက်ပြီး သူ့မြင်းကို ရှေ့တိုးကာ ကျူံးယုံကို ကာကွယ်ပေးထားလိုက်တယ်။
အကိုကြီးတစ်ယောက်အနေနဲ့ ဒီညီလေးကို သူ အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ပေးရမှာပေါ့။
ကျန်းကျင့်လင်းနှင့် မြို့တွင်းရှိ စစ်သည်များက ရန်သူများကို ရဲဝင့်စွာ ရင်ဆိုင်တိုက်ခိုက် သတ်ဖြတ်နေကြသည်။ မြို့ထဲသို့ ပြေးဝင်လာသည့် ဝမ်မိသားစုစစ်သည်များအားလုံး အသတ်ခံကြရပြီး ကျန်းကျင့်လင်ထံတွင်လည်း သွေးများ ဖုံးလွှမ်းနေသည်။ သူတို့၏သခင်လေးက မြို့သူမြို့သားများအတွက် သူ့ကိုယ်သူ စတေးနေသည်အား သူတို့ မြင်နေရပြီး ကျန်းကျင့်လင်း၏မျက်လုံးများတွင် မျက်ရည်များ စိုရွှဲလာတော့သည်။
“သေခြင်းတရားကို မကြောက်မရွံ့ ရင်ဆိုင်ရဲတဲ့ သခင်လေးကို ကာကွယ်ဖို့ ငါ့နောက်ကို လိုက်ခဲ့ကြ၊ မြို့ထဲမှာ ကျန်နေတဲ့သူတွေက မြို့တံခါးကို ပိတ်ဆို့ထားပြီး မြို့သူမြို့သားတွေကို ကာကွယ်ပေးကြ”
စစ်သည်နှစ်ထောင်ကျော်တွင် ထက်ဝက်ကျော်က သေဆုံးသူနှင့် ဒဏ်ရာအပြင်းအထန်ရသူများ ဖြစ်သွားကြသည်။ ယနေ့တိုက်ပွဲတွင် သူတို့ဘက်မှ အခြေအနေကို ပြောင်းပြန်လှန်ရန် အခွင့်အလမ်း မရှိတော့ပေ။ ကျန်းကျင့်လင်းကလည်း နောက်ဆုံးအခိုက်အတန့်အထိ မြို့သူမြို့သားများအတွက် တိုက်ပွဲဝင်ချင်နေခဲ့သည်။ သူက ရှောင်းမိသားစုစစ်တပ်မှ လက်မရွံ့ စစ်သည်များကို ခေါ်ဆောင်ကာ မြို့ပြင်သို့ အပြေးအလွှား ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ အဆုံးတွင် ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များအားလုံး သူ့နောက်မှ လိုက်ပါလာသည်ကို သူ မြင်လိုက်ရသည်။ သူတို့အားလုံးက သခင်လေးကို ကယ်တင်ချင်နေကြပြီး သူနှင့်အတူ တိုက်ပွဲဝင်ရန် တောင်းဆိုခဲ့ကြသည်။
နောက်ဆုံးတွင် ကျန်းကျင့်လင်းက စစ်သည်တစ်ဝက်ကျော်ကို မြို့ထဲ၌ ချန်ထားရန် စစ်အမိန့်ကိုသာ အသုံးပြုလိုက်ရသည်။ ကျန်တစ်ဝက်က မြို့တံခါး၏ အပြင်ဘက်သို့ ထွက်လာပြီး ရှောင်းကျဲယွိ၏အနောက်၌ တန်းစီရပ်နေလေသည်။
သူတို့နောက်မှ မြို့တံခါး ပြန်ပိတ်သွားချိန်တွင် လေထုထဲ၌ ဝမ်းနည်းဖွယ်အငွေ့အသက်များ ပြည့်လျှံလာသည်။ သို့သော် မည်သူကမျှ နောက်သို့ လှည့်မကြည့်ကြဘဲ သူတို့၏မျက်လုံးများတွင် ကြောက်ရွံ့မှုဟူ၍ အနည်းငယ်မျှပင် မရှိကြချေ။ သူတို့အားလုံးက သေခြင်းတရားကို မကြောက်မရွံ့ ရင်ဆိုင်နိုင်ကြသည်။
ရှောင်းကျဲယွိက နောက်သို့ လှည့်ကာ သူတို့ကို တချက်ကြည့်လိုက်သည်။ ယခုအချိန်တွင် ကျန်းကျင့်လင်းကို ပြန်သွားခိုင်းရန် မလိုအပ်တော့ပေ။ ကျန်စစ်သည်များ၏အင်အားဖြင့် လော့ချန်ကို မကာကွယ်နိုင်တော့မှန်း သူသာလျှင် အနားလည်ဆုံးဖြစ်သည်။ သူ တတ်နိုင်သည်က မော့ချန်နှင့် ကျင့်ရှီလျိုမြောင်မှ စစ်ကူများ ရောက်လာမည့်အချိန်အထိ အချိန်ဆွဲပေးရန်သာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးအခိုက်အတန့်အထိ လွယ်လွယ်နဲ့ အရှုံးမပေးနိုင်သေးဘူး။
လုံလင်းကလည်း မြို့ကို တိုက်ခိုက်ရန် အလျင်စလို မလုပ်တော့ပေ။ မည်သို့ပင်ဖြစ်စေ လော့ချန်က သူ့လက်ထဲသို့ ကျရောက်နေပြီဟု သူ ခံစားနေရသည်။ သူက ရှောင်းကျဲယွိကိုသာ သူကိုယ်တိုင် ဖမ်းဆီးချင်နေပြီး သို့မှသာ သူ့၏ရိက္ခာများ မီးရှို့ခံရခြင်းအတွက် အရှက်ကွဲမှုကို ပြန်အဖက်ဆယ်နိုင်မည် ဖြစ်သည်။
လုံလင်းက သူ့၏ပုဆိန်သွားတပ်လှံရှည်ကို မြှောက်ကာ ရှောင်းကျဲယွိကို စတင်တိုက်ခိုက်တော့သည်။ ဝမ်မိသားစုစစ်တပ်မှ အခြားလက်ထောက်စစ်သူကြီးများကလည်း ကျုံးယုံနှင့် ကျန်းကျင့်လင်းတို့ကို ဝိုင်းရံထားကြသည်။ သူတို့က ကျင့်ဝတ်များကိုပင် ဂရုမစိုက်ကြတော့ဘဲ သူတို့ တစ်ယောက်စီကို နှစ်ယောက်စီ ဝိုင်းတိုက်နေကြသည်။ လက်နက်ချင်း ထိမိသံနှင့် မာန်သွင်းအော်ဟစ်သံများက ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေသည်။
မြို့သူမြို့သားများက ဒဏ်ရာရနေသည့် စစ်သည်များကို ပတ်တီးစည်းပေးရန် ကူညီနေကြသည်။ လော့ချန် မကာကွယ်နိုင်တော့ဘဲ ရှောင်းမိသားစုစစ်တပ် လုံးဝ သုတ်သင်ခံရတော့မည်ကို နားလည်နေသည့် သာမန်ပြည်သူအများအပြားကလည်း အော်ဟစ်ငိုကြွေးနေကြသည်။
ရှောင်းကျဲယွိနှင့် လုံလင်းတို့က တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်နေကြပြီး ရှောင်းကျဲယွိက လုံလင်း၏အင်အားကို နားလည်နေပြီး သူ့နှင့် ခွန်အားချင်းနှင့် လုံးဝ သွားမယှဉ်ခဲ့ပေ။ ထိုအစား သူက ရန်သူကို အမြဲတမ်း စတင်တိုက်ခိုက် နှောက်ယှက်ရန် သူ့၏လှံကို လိမ္မာပါးနပ်စွာ အသုံးပြုနေခဲ့သည်။ စစ်မြင်းကြီးကလည်း သူ့၏သခင်နှင့် စိတ်ချင်းဆက်သွယ်ထားသလို ဖြစ်နေပြီး သူက သခင်ဖြစ်၏ရည်ရွယ်ချက်ကို ချက်ခြင်း နားလည်နိုင်သည်။ လုံလင်း၏ အသေသတ် တိုက်ကွက်များကို အချိန်တိုင်း ရှောင်ရှားနိုင်ခဲ့သည်။
"ရှောင်းမိသားစုရဲ့ ကလေးက တော်တော် အရည်အချင်း ရှိသားပဲ"
လုံလင်းပင်လျှင် အလွန်ပါးနပ်သည့် ရှောင်းကျဲယွိအား မချီးကျူးဘဲ မနေနိုင်တော့ပေ။ ရှောင်းကျဲယွိက သူ စကားပြောနေသည်ကို အခွင့်ကောင်းယူပြီး လုံလင်း၏ လည်ပင်းကို လှံဖြင့် လှမ်းထိုးလိုက်သည်။ လုံလင်းတစ်ယောက် အလွန် တုန်လှုပ်သွားကာ ချွေးအေးများ ထွက်လာပြီး အလျင်အမြန် ရှောင်ထွက်လိုက်သည်။ သို့သော်လည်း သူ့လည်ပင်းကို ရှောင်လိုက်နိုင်သည့်တိုင် ပခုံးတို့တော့ ဖွင့်ဟပေးသလို ဖြစ်သွားခဲ့သည်။ ရှောင်းကျဲယွိက သူ့ကို လှံဖြင့် လှမ်းထိုးလိုက်သည်။
အုန်း.....
ကြီးမားသော ပေါက်ကွဲသံနှင့်အတူ ကြီးမားသော မီးတောက်ကြီးတစ်ခုက ဝမ်မိသားစုစစ်တပ်မှ စစ်သည်များကို ကောင်းကင်သို့ ပျံတက်သွားစေခဲ့သည်။ ရှောင်းကျဲယွိက ထိုနေရာကို အံ့သြတကြီး လှမ်းကြည့်လိုက်သည်။