သတင်းကောင်း
Vol. 36 Ch. 536
“ချင်းအာ၊ ချင်းအာ ရောက်လာတာလား?”
ရှောင်းကျဲယွိ၏လှံက လုံလင်း၏ပခုံးကို ထိမှန်သွားခဲ့သော်လည်း ထိုလှံက လုံလင်း၏ချပ်ဝတ်တန်ဆာကို မဖောက်ဝင်နိုင်လောက်အောင် တုံးလွန်းနေပြီ ဖြစ်သည်။ လုံလင်းက ထိုအချိန်ကို အခွင့်ကောင်းယူကာ ရှောင်းကျဲယွိအား အလစ်ပြန်တိုက်ရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း ကျယ်လောင်သော ပေါက်ကွဲသံက သူ့ကို ကြားဖြတ်ဟန့်တားလိုက်ပြီး သူ အထိတ်တလန့် လှည့်ကြည့်လိုက်ရာ သူ့လက်အောက်ငယ်သားများ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်ကို တွေ့လိုက်ရသည်။
ဤလက်နက်၏ စွမ်းအားက ယခင်ကထက် ဆယ်ဆကျော် ပိုမိုအားကောင်းလာသည့်အတွက် လုံလင်း အံ့သြသင့်နေစဥ်မှာပင် နောက်ထပ် မော်တာကျည်တစ်တောင့် ပြေးဝင်လာပြီး ဝမ်မိသားစုစစ်တပ်၏ စစ်သည်အစုအဝေးထဲ၌ ပေါက်ကွဲသွားပြန်သည်။ သူတို့က တဖက်လူ ဖောက်ခွဲရ ပိုအဆင်ပြေအောင် အဆင်သင့်စုဝေးပေးထားသလိုသာ ဖြစ်နေတော့သည်။
လုံလင်းက ထိုအချင်းအရာကို ချက်ချင်း သဘောပေါက်သွားပြီး သူ့လူများကို နောက်သို့ ချက်ချင်း ပြန်ဆုတ်ရန် အဆောတလျင် အော်ဟစ်အမိန့်ပေးလိုက်သည်။ သို့သော်လည်း ပေါက်ကွဲသံများက သူ့အော်သံကို တိမ်မြုပ်ပျောက်ကွယ်သွားစေသည်။ ဝမ်မိသားစုစစ်တပ်ဘက်သို့ သုံးကြိမ်ဆက်တိုက် ပစ်ခတ်ခံခဲ့ရပြီး ဝမ်မိသားစုစစ်တပ်မှ စစ်သည် တစ်ဝက်ကျော် သေဆုံးပြီး ကျန်လူများလည်း ဒဏ်ရာအများအပြားရရှိသွားကြသည်။ အသက်ရှင်နေသေးသည့် စစ်သည်များကလည်း ဤကြောက်မက်ဖွယ်လက်နက်ကြောင့် ထိတ်လန့်သွားပြီး ပုန်းစရာနေရာကို ရှာဖွေနေကြသည်။
ဒါကြီးက အရမ်းကြောက်စရာကောင်းလွန်းတယ်လေ။ ရန်သူရဲ့အရိပ်ကိုတောင် မမြင်ရဘဲ လူတွေက အစိတ်စိတ်အမြွှာမြွှာ ပြတ်တောက် လွင့်စင်သွားရတယ်။ ဒါက ခေါင်းဖြတ်ခံရတာထက်တောင် ပိုကြောက်စရာကောင်းနေသေးတယ်။
ရှောင်းကျဲယွိ၏မျက်လုံးများက တောက်ပလာပြီး သူ့လက်ထဲမှ လှံကို မြှောက်ကာ သူရဲကောင်းဆန်ဆန် အော်ဟစ်လိုက်သည်။
"သူတို့ကို သတ်"
“သူတို့ကို သတ်၊ သတ်၊ သတ်ကြဟေ့”
စစ်ကူများ ရောက်လာသည်ကို မြင်လိုက်ချိန်တွင် ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များက သေခြင်းတရားအတွက် လုံးဝ စိတ်ပိုင်းဖြတ်ထားသည့် သူတို့၏ စိတ်အခြေအနေကို အမြန်ပြန်ထိန်းညှိလိုက်ကြသည်။ သူတို့အားလုံးက အားမာန်ပြန် ပြည့်လာပြီး တက်တက်ကြွကြွ ကြွေးကြော်အော်ဟစ်လိုက်ရာ ကောင်းကင်ယံတွင် အော်သံများ ပဲ့တင်ထပ်နေလေသည်။
"မြှားတွေ ပစ်"
စူးချင်းက သူမ ယူလာသည့်ကျည်အားလုံးကို ပစ်ခတ်ခဲ့ပြီး ပေါက်ကွဲမှုမှ ထွက်ပြေးလာသည့် ဝမ်မိသားစုစစ်သည်များကို သတ်ဖြတ်ရန် သူမနောက်မှ စစ်သည်တစ်ရာကို အမိန့်ပေးလိုက်သည်။
“ဆုတ်၊ ပြန်ဆုတ်ကြ”
လုံလင်းလည်း စစ်ကူမည်မျှရောက်လာသည်ကို မခန့်မှန်းနိုင်တော့ပေ။ ထိုမျှများပြားသော မျှားမိုးကြီး ကျဆင်းလာသည်ကို မြင်လိုက်သည်နှင့်တပြိုင်နက် သူက ပျံသန်းလာသောမြှားများကို သူ့လှံပုဆိန်ဖြင့် ရိုက်ဖယ်ရင်း တပ်များအားလုံး နောက်ပြန်ဆုတ်ရန် အော်ဟစ်အမိန့်ပေးလိုက်ပြန်သည်။
ရှောင်းကျဲယွိနှင့် သူ့လူများကလည်း ရန်သူများနောက်သို့ ပြေးလိုက်ကြသည်။ သူ၊ ကျုံးယုံနှင့် ကျန်းကျင့်လင်းအားလုံးက ရက်စက်ကြမ်းတမ်းသော စစ်သူကြီးများ ဖြစ်သည်။ သူတို့ သုံးယောက် ပူးပေါင်းခြင်းက လမ်းတလျှောက်မှ ဝမ်မိသားစုစစ်သည်များအတွက် သေမင်းကို ခေါ်ဆောင်လာခြင်းသာ ဖြစ်သည်။ သူတို့က ဝမ်မိသားစုစစ်တပ်၏ နောက်ပိုင်းမှ ကျန်ရစ်နေသူများကို အပြီးတိုင် သုတ်သင်ရှင်းလင်းနေကြသည်။ ဤတိုက်ပွဲက သူတို့အတွက် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်အောင်ပွဲ ဖြစ်ပြီး အခက်အခဲများကြားမှ တောင့်ခံရင်း ရရှိလာသော ရလဒ် ဖြစ်သည်။
မကြာခင်မှာပင် ဝမ်မိသားစုစစ်တပ်က ဒီရေကျသလို အမြန် ပြန်ဆုတ်ခွာသွားကြသည်။ ရှောင်းကျဲယွိက ခြုံခိုတိုက်ခိုက်ခံရမည်ကို ကြိုတွေးကာ သူတို့ နောက်သို့ ဆက်မလိုက်တော့ပေ။ သူက သူ့မြင်း၏ဇာတ်ကြိုးကို ဆွဲကာ စူးချင်းဆီသို့ ချဥ်းကပ်သွားပြီး အားရပါးရ ပြုံးနေခဲ့သည်။
ချင်းအာက သူ့အတွက် ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ။ သူမ ရောက်လာတာနဲ့ တိုက်ပွဲအခြေအနေက စားပွဲလှန်လိုက်သလို ချက်ချင်း ပြောင်းပြန်ဖြစ်သွားပြီ။
စူးချင်းက နောက်ပိုင်းတိုက်ပွဲတွင် မပါဝင်တော့ပေ။ သူမ ကျင့်ရှီလျိုမြောင်မှ ထွက်ခွာလာချိန်တွင် ဆရာဦးလေးကျိုးပေါ်က သူမ လူလျော့သတ်ပြီး ကုသိုလ်များများ စုဆောင်းရန် သူမကို အကြံပေးလိုက်သည်။
စူးချင်းကတော့ ကုသိုလ်နှင့် အကုသိုလ်များကို ဂရုမစိုက်ပေ။ သို့သော် သူမ၏ဗိုက်ထဲမှ ကလေးလေး နာကျင်သွားမည်ကို စိုးရိမ်သည့်အတွက် စစ်သည်များကိုသာ စစ်တိုက်ခိုင်းပြီး သူမက လက်နက်များ ထောက်ပံ့ပေးပို့ရန် ဆုံးဖြတ်ထားခဲ့သည်။
"ချင်းအာ"
ရှောင်းကျဲယွိက သူ့မြင်းပေါ်မှ ခုန်ချလိုက်ပြီး စူးချင်း၏ရထားလုံးဆီသို့ လှမ်းလာခဲ့သည်။ စူးချင်း ရထားလုံးပေါ်တွင် ထိုင်နေသည်ကို မြင်ရခြင်းက ရှောင်းကျဲယွိ၏မျက်လုံးများထဲ၌ သံသယရိပ်များ စွန်းထင်းလာစေသည်။
စူးချင်း၏ ပင်ကိုယ်စရိုက်အရ သူမက နှေးကွေးသည့် ရထားလုံးများကို မကြိုက်ဘဲ ရထားလုံးစီးရလျှင် ညည်းညူနေလေ့ရှိသည်။
ချင်းအာက ဘာလို့ မြင်းမစီးတာလဲ? သူမ နေမကောင်းဘူးလား?
ထိုအတွေးက ရှောင်းကျဲယွိကို မတည်မငြိမ် ဖြစ်သွားစေခဲ့သည်။ သူက ရထားလုံးရှေ့သို့ အမြန်လျှောက်သွားပြီး စူးချင်းကို ဂရုတစိုက် စစ်ဆေးလိုက်သည်။
"ချင်းအာ၊ မင်း နေမကောင်းဘူးလား?"
"မဟုတ်ပါဘူး၊ ကျွန်မ ဘာမှ မဖြစ်ဘူး"
စူးချင်းက ရှောင်းကျဲယွိကို ကြည့်ကာ ပြုံးနေသော်လည်း တိကျသည့်အဖြေကိုတော့ ပြန်မပေးခဲ့ပေ။
သူမတို့က အခု စစ်မြေပြင်မှာ ရှိနေတာလေ။ ဒါကို ပြောဖို့ အိမ်ပြန်ရောက်ပြီး တံခါးပိတ်တဲ့အချိန်အထိ သူမ စောင့်လိုက်ဦးမယ်။
နောက်ဆုံးတွင် မြို့တံခါးကို ပြန်ဖွင့်လိုက်ကြသည်။ မြို့တွင်းမှလူများက မြို့ပျက်တော့မည်ဟုသာ ထင်နေကြပြီး ဤကဲ့သို့အချိုးအကွေ့တစ်ခု ဖြစ်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားကြပေ။
ရှောင်းကျဲယွိ စူးချင်းနှင့်အတူ မြို့ထဲသို့ ပြန်ဝင်လာသည်ကို မြင်လိုက်ရချိန်တွင် မြို့သူမြို့သားများ အားလုံး ဝမ်းသာအားရ ခုန်ပေါက်ကြတော့သည်။
“ရှောင်းမိသားစုစစ်တပ် အဓွန့်ရှည်တည်တံ့ပါစေ”
လူတစ်ယောက်က စတင်ကြွေးကြော်လိုက်ပြီး ဦးဆောင်သူရှိသည်နှင့် ကျန်လူများက ချက်ချင်း လိုက်အော်ကြတော့သည်။
"ရှောင်းမိသားစုစစ်တပ်ကြီး အဓွန့်ရှည်တည်တံ့ပါစေ၊ သခင်လေး သက်တော်ရာတော်ရှည်ပါစေ..."
ထိုမြင်ကွင်းက အမှန်တကယ် အံ့မခန်း ဖြစ်နေပြီး စူးချင်းက ရထားလုံးပေါ်တွင် ထိုင်နေရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်နေသော သာမန်အရပ်သားများကို လှမ်းကြည့်နေသည်။
သူတို့က မဆိုးဘူးပဲ၊ ကာကွယ်ပေးဖို့ ထိုက်တန်တယ်။
“တကယ်တော့ မင်းတို့ ငါ့ဇနီးကို ကျေးဇူးတင်ရမှာ၊ သူ(မ) အချိန်မီရောက်လာပြီး ငါတို့အားလုံးကို ကယ်တင်ပေးခဲ့တာ”
ရှောင်းကျဲယွိက မြို့သူမြို့သားများ အော်ဟစ်ဆုတောင်းပေးနေခြင်းကို တားဆီးရန် သူ့လက်ကို မြှောက်လိုက်သည်။ သူက စူးချင်း၏လက်ကို ဆုပ်ကိုင်ကာ ရထားလုံးပေါ်မှ ဆင်းလာရင်း အားလုံးကို ကယ်တင်ပေးခဲ့သူက စူးချင်းဖြစ်ကြောင်း ပြောပြလိုက်သည်။
သူက သူ့ဇနီးရဲ့အောင်မြင်မှုကို ဘာလို့ လုယူရမှာလဲ?
"သခင်မလေး သက်ရှည်ကျန်းမာပါစေ!"
သခင်လေးရှောင်း၏ စကားကို ကြားလိုက်ရချိန်တွင် မြို့သူမြို့သားများက စူးချင်းကို လေးစားသောမျက်ဝန်းများဖြင့် လှမ်းကြည့်နေကြသည်။
သခင်လေးရဲ့ဇနီးက နတ်သမီးလေးလို လှပလွန်းတယ်။ သူမက လူတွေကို ဒုက္ခဘေးကနေ ကယ်တင်ပေးဖို့ ကောင်းကင်ဘုံကနေ ကြွမြန်းလာတဲ့ နတ်သမီးလေးပဲ ဖြစ်လိမ့်မယ်။
ပျော်ရွှင်စာ အော်ဟစ်နေသည့် အောင်ပွဲခံသံများကြားတွင် ရှောင်းကျဲယွိက စူးချင်း၏လက်ကို ဆုပ်ကိုင်ထားရင်း လူအုပ်ကြားမှ ဖြတ်လျှောက်သွားသည်။ လူတိုင်း၏ အာရုံစူးစိုက်မှုအလယ်တွင် ရှိနေပြီး လမင်းနှင့် ကြယ်စင်များကဲ့သို့ ဆက်ဆံခံနေရသည့်အတွက် စူးချင်းက စိတ်နေစိတ်ထားလည်း အနည်းငယ် ကွဲပြားလာသည်။ သူမက အရင်လောက် အေးစက်မနေတော့ဘဲ နွေးထွေးသည့်အရိပ်အယောင်လေးများ ထွက်ပေါ်လာသည်။
ရှောင်းကျဲယွိက စူးချင်းကို ပင်မတဲဆီသို့ ပြန်ခေါ်လာခဲ့သည်။ သူက စူးချင်းနှင့်အတူ အနားမယူနိုင်သေးဘဲ မြို့ကို ပြန်အားဖြည့်ရန် သူ့လူများကို ဦးဆောင်ရပေဦးမည်။
"ချင်းအာ၊ မင်း အနားယူနှင့်နော်၊ ကိုယ် မြို့ကို အားဖြည့်ဖို့ ပြန်သွားရဦးမယ်”
ယခုအချိန်တွင် မြို့တွင်းရှိ သစ်လုံးများနှင့် ကျောက်တုံးများအား အကုန်သုံးစွဲပြီး ဖြစ်သဖြင့် မြို့ပြင်သို့ ထွက်ကာ တောင်တန်းများပေါ်ရှိ သစ်ပင်များအား ခုတ်လှဲရန် လူ စစုရပြန်သည်။ သို့သော် မြို့အပြင်ဘက်၌ အန္တရာယ်ရှိနိုင်သည့်အတွက် စစ်သည်များက သူတို့ကို ကာကွယ်ပေးရန် လိုက်ပါသွားရမည် ဖြစ်သည်။
“အင်း”
စူးချင်းကလည်း ကိုယ်ဝန်ရှိနေသည့်အတွက် ခရီးရှည်က သူမကို ပင်ပန်းနွမ်းနယ်နေစေသည်။
ဘာပဲဖြစ်ဖြစ် အခုလောလောဆယ်တော့ လော့ချန်က အန္တရာယ်တွင်းထဲကနေ လွတ်မြောက်သွားပြီ။ သူမ ရေချိုးပြီး အိပ်စက် အနားယူဖို့ လိုအပ်တယ်။ သူမ ပြန်နိုးလာရင် မော်တာကျည်တွေ ထပ်လုပ်ရဦးမယ်။ သူမ ယူဆောင်လာတဲ့ မော်တာကျည်တွေက အကုန် သုံးပြီးသွားပြီ။ ဝမ်မိသားစုစစ်တပ် နောက်တစ်ခါ ပြန်မလာခင် အမြန်ဆုံး အင်အားပြန်ဖြည့်တင်းထားရမယ်။
ရှောင်းကျဲယွိက စူးချင်း၏ မျက်နှာပေါ်မှ ပင်ပန်းနွမ်းနယ်မှုများကို မြင်သွားခဲ့ပြီး စိုးရိမ်စိတ်ဖြင့် သူမ၏မျက်နှာလေးကို ပွတ်သပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ကောင်းကောင်း အိပ်လိုက်နော်။ ခနနေရင် မင်းအတွက် စားစရာတစ်ခုခု ယူလာပေးဖို့ ကိုယ် အမိန့်ပေးထားခဲ့မယ်"
“အင်းပါ”
စူးချင်းက နာနာခံခံ ခေါင်းညိတ်လိုက်သည်။ ရှောင်းကျဲယွိ၏ စစ်ဝတ်စုံပေါ်တွင် သွေးနှင့် ဦးနှောက်အပိုင်းအစများ ရှိနေပြီး ၎င်းတို့ကို မြင်လိုက်ရခြင်းက သူမကို ရုတ်တရက် မအီမသာ ဖြစ်သွားစေသည်။
“အော့၊ အော့…”
စူးချင်း လုံးဝ သည်းမခံနိုင်တော့ဘဲ ပျို့တက်လာပြီး ထိုအရာက ရှောင်းကျဲယွိကို ထိတ်လန့်သွားစေခဲ့သည်။ သူက သူမဘေးသို့ ကမန်းကတန်း ရောက်လာပြီး သူမ၏သွေးခုန်နှုန်းကို စစ်ဆေးရန် သူမလက်ကို ဆွဲယူလိုက်သည်။
"ချင်းအာ၊ မင်း အအေးမိသွားတာလား?"
သူ သူမ၏သွေးခုန်နှုန်းကို စစ်ဆေးနေရင်း ထူးဆန်းသည့်သွေးခုန်နှုန်းကို ခံစားလိုက်ရသောကြောင့် ရှောင်းကျဲယွိက စူးချင်းကို တအံ့တသြ ကြည့်လိုက်သည်။
“ချင်းအာ.... ဒါက..."
"ဟုတ်တယ်၊ ရှင် အဖေဖြစ်တော့မှာ"
ရှောင်းကျဲယွိက သူမ၏သွေးခုန်နှုန်းကို စမ်းသပ်ပြီးသွားပြီ ဖြစ်သောကြောင့် စူးချင်းက အပြုံးဖြင့် ခေါင်းညိတ်ဝန်ခံလိုက်သည်။ သူမက သူမ၏ဗိုက်လေးကို ပွတ်သပ်နေပြီး သူမ၏မျက်ဝန်းများက နူးညံ့နေသလို သူမ နှုတ်ခမ်းပေါ်ရှိ အပြုံးလေးများကလည်း တောက်ပလွန်းလှသည်။
"အရမ်းကောင်းတယ်၊ ချင်းအာ ဒါက မင်း ပေးခဲ့သမျှ နှစ်သစ်လက်ဆောင်တွေထဲက အကောင်းဆုံး နှစ်သစ်လက်ဆောင်ပဲ”
ရှောင်းကျဲယွိက အလွန်ဝမ်းသာသွားပြီး စူးချင်းကို ပွေ့ဖက်ရန် လက်လှမ်းလိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်ပေါ်မှ သွေးနံ့ကြောင့် သူမ ထပ်အန်မည်ကို သူ စိုးရိမ်သွားပြီး နောက်ဆုတ်သွားပြန်သည်။ သူ စိတ်လှုပ်ရှားနေမှန်း သိသာလှပြီး တဲထဲတွင် ခေါက်တုန့်ခေါက်ပြန် လျောက်နေကာ သူ့မျက်လုံးများတွင် ရွှင်မြူးသောအရိပ်များနှင့် နေရောင်ကဲ့သို့သော တောက်ပမှုများ ရှိနေလေသည်။
အခု သူတို့ရဲ့ ရှောင်းမိသားစုမှာ အမွေဆက်ခံမယ့်သူ တစ်ဦးရှိလာပြီ၊ ပြီးတော့ သူနဲ့ ချင်းအာမှာ ကလေးလေး ရှိလာတော့မယ်။
"ကျွန်မ ရှင့်အတွက် ချုပ်ပေးလိုက်တဲ့ အဝတ်အစားတွေ ဘယ်မှာလဲ?"
ရှောင်းကျဲယွိက သူ့၏ချပ်ဝတ်တန်ဆာအောက်တွင် သူ့၏ဝတ်စုံဟောင်းကိုသာ ၀တ်ဆင်ထားဆဲဖြစ်ကြောင်း မြင်လိုက်ရသောကြောင့် စူးချင်းက ပေါ့ပေါ့ပါးပါး လှမ်းမေးလိုက်သည်။
ထိုအချိန်တွင် ကျုံးယုံက ခေါင်းငိုက်စိုက်ဖြင့် တိုးတိုးလေး ဝင်ပြောလာခဲ့သည်။
“ဆရာ ကျွန်တော့်ကို ရိုက်ပါ။ ကျွန်တော် အစ်ကိုကြီးရဲ့အဝတ်တွေ ဖျောက်လိုက်မိတယ်"
"ပျောက်သွားတာလား?"
စူးချင်းက မျက်မှောင်ကြုတ်လိုက်သည်။
သူမ ဒီအဝတ်တွေကို ချုပ်ဖို့ ညပေါင်းများစွာ အချိန်ယူခဲ့ရတာလေ။ အဲ့ဒါက သူမ ရွှေ့ရှန့် နှစ်သစ်မှာ အဝတ်အစားအသစ်တွေ ဝတ်စေချင်လို့ပဲ။ ပြီးတော့ အပ်တစ်ချက်ချင်းစီနဲ့ ချည်မျှင်တစ်မျှင်တိုင်းမှာ သူ့အပေါ်ထားတဲ့ သူမရဲ့ချစ်ခြင်းမေတ္တာတွေ ပါဝင်တယ်။
“ကျုံးယုံ ဒီကို ရောက်လာတဲ့အချိန်တုန်းကလည်း ဝမ်မိသားစုစစ်တပ်က လော့ချန်ကို ဝိုင်းထားသေးတယ်။ သူ စစ်သည်ထောင်ပေါင်းများစွာကို တစ်ယောက်တည်း ကျော်ဖြတ်လာရတာလေ။ အဲ့ဒါကြောင့် တိုက်ပွဲကြားထဲမှာ အဝတ်အစားတွေကို ဆုံးရှုံးသွားရတာပါ”
ရှောင်းကျဲယွိက ကျုံးယုံကိုယ်စား အမြန်ရှင်းပြလိုက်သည်။
သူ့နှလုံးသားက ချင်းအာထက်တောင် ပိုနာကျင်ရသေးတယ်။ ဒါက ချင်းအာ သူ့အတွက် သေသေချာချာ ချုပ်ပေးလိုက်တဲ့ နှစ်သစ်ကူးလက်ဆောင်လေ။
“အဲ့လိုဆိုရင်တော့ မင်းအပြစ်မဟုတ်တော့ဘူး။ လုပ်တာ တော်တယ်”
စစ်မြေပြင်တွင် အဝတ်အစားများ ပျောက်ဆုံးသွားသည်ကို သိရပြီးနောက်တွင် စူးချင်းက ကျုံးယုံကို အပြစ်မတင်တော့ပေ။ စူးချင်းက ကျန်းယွိရန် ကျုံးယုံအတွက် ချုပ်ပေးလိုက်သော ပိုက်ဆံအိတ်ကို ထုတ်ယူကာ ကျုံးယုံဆီသို့ လှမ်းပေးလိုက်သည်။
"ဒါက ကျန်းယွိရန် မင်းအတွက် ပေးခိုင်းလိုက်တဲ့ အိတ်ပဲ"
“ကျေးဇူးတင်ပါတယ် ဆရာ”
ကျုံးယုံက ရတနာတစ်ခုကို တွေ့လိုက်ရသကဲ့သို့ သူ့လက်နှစ်ဖက်ဖြင့် ပိုက်ဆံအိတ်ကို လှမ်းယူလိုက်ပြီး ဝမ်းသာအားရ ပြုံးနေပြန်သည်။
သူ ဒီနေ့ အသက်ဆက်မရှင်နိုင်တော့ဘဲ ယွိရန်ကို ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ ထင်ထားခဲ့တာ။ ကံကောင်းထောက်မစွာနဲ့ ဆရာ ရောက်လာလို့ပေါ့။
လော့ချန်တွင် မြို့၏ခံစစ်ကို အရူးအမူး ပြန်အားဖြည့်နေကြပြီး ကာကွယ်ရေးအတွက် လက်နက်များ ပြင်ဆင်ရင်း အလုပ်များနေကြသည်။ လုံလင်းဘက်တွင်လည်း စစ်သည်တော်တော်များများ သေကျေပျက်ဆီးကာ ဒဏ်ရာရသွားခဲ့ကြသည်။ လူအရေအတွက်ကို ရေတွက်ပြီးနောက်တွင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ဝမ်မိသားစုစစ်တပ် ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ထိုသေဆုံးမှုက အကြီးမားဆုံးနှင့် ကြေကွဲဖွယ်ရာအကောင်းဆုံး ဆုံးရှုံးမှု ဖြစ်သည်။ ထို့ကြောင့် လုံလင်းက သူ့ကံကြမ္မာကို တွေးဆထားပြီးဖြစ်ကာ ဖြူဖျော့သောမျက်နှာဖြင့် အားကောင်းသည့်လက်နက်ကြီးများအကြောင်း ဧကရာဇ်ထံသို့ အစီရင်စာ ရေးသားနေခဲ့သည်။