← Chapters

ထူးခြားပြောင်မြောက်တဲ့အစီအစဉ်

Vol. 36 Ch. 537

ထူးခြားပြောင်မြောက်တဲ့အစီအစဉ်

Vol. 36 Ch. 537

သို့သော်လည်း ထိုစစ်ရေးအစီရင်ခံစာကို ရေး၍မှ မပြီးမီ လုံလင်း၏စခန်းထဲ၌ ပေါက်ကွဲသံများ ထွက်ပေါ်လာပြန်သည်။ ရှောင်းကျဲယွိက စူးချင်းထံမှ လက်ပစ်ဗုံး ဆယ်လုံး ထပ်တောင်းလာခဲ့ပြီး ထိပ်တန်းစစ်သည်တစ်ရာကို ဦးဆောင်ကာ ထိုစခန်းသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူက ညအမှောင်ကို အားကိုးကာ ဝမ်မိသားစုစစ်စခန်းကို အလစ်ခိုးဝင်တိုက်ခိုက်ရန် ကြံရွယ်ထားခြင်း ဖြစ်သည်။

ထိုအရာက ရှောင်းကျဲယွိနှင့် စူးချင်းတို့ ဆွေးနွေးခဲ့ကြသည့် ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်သည်။ ဝမ်မိသားစုစစ်တပ် နောက်တစ်ကြိမ် မြို့ကို လာတိုက်ခိုက်ခြင်းအား တားဆီးရန် မြို့ကို ခိုင်ခံ့အောင် ပြုပြင်နေစေမည့်အစား ထိုလူယုတ်မာများ ပြန်လည်အင်အားပြည့်လာမည့် အချိန်ကို မစောင့်တော့ရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။ သူတို့အတွက် စစ်ကူများ စောင့်နေရန် အခွင့်အရေးမပေးခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

လက်ပစ်ဗုံးဖြင့် ခိုးဝင်တိုက်ခိုက်ရခြင်းက လွယ်ကူလွန်းလှပြီး လေညှင်းခံထွက်ရသလိုမျိုး သက်တောင့်သက်သာ ရှိလှသည်။ ရှောင်းကျဲယွိက တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ စခန်း၏ အရှေ့ဘက်မှ ဝင်ရောက်လာခဲ့ပြီး ကျန်းကျင့်လင်းက သူ၏လူများကို ခေါင်းဆောင်ကာ စခန်း၏အနောက်ဘက်သို့ ရောက်ရှိနေခဲ့သည်။ ရှောင်းကျဲယွိက ဝမ်မိသားစုစစ်တပ်၏စစ်စခန်းထဲသို့ ပြေးဝင်သွားပြီး ဗဟိုစခန်းထဲသို့ လက်ပစ်ဗုံးတစ်လုံး ပစ်ထည့်လိုက်သည်။ ဗဟိုစခန်းက မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားပြီး ရှောင်းကျဲယွိကတော့ ဖောက်ခွဲပြီးသည်နှင့် မျက်တောင်တစ်ခတ်စာပင် တုံ့ဆိုင်းမနေဘဲ ပြန်ထွက်ခွာသွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် လုံလင်းက ပေါက်ကွဲသံကြားကြားချင်း ပင်မတဲထဲမှ ထွက်လာခဲ့သည်။ ထို့နောက် သူက မီးလောင်နေသော တဲစခန်းများနှင့် ခြေပြက် လက်ပြတ် သေကျေပျက်ဆီးနေသော စစ်သည်များကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

သူ ဒီတိုက်ပွဲကို ဘယ်လို ဆက်တိုက်ရတော့မှာလဲ?

ရေတွက်ပြီးနောက် ထိုပေါက်ကွဲမှုတစ်ခုတည်းဖြင့် လူရာနှင့်ချီ သေဆုံးခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး သူတို့၏ ရိက္ခာများလည်း ထပ်မံခိုးယူခံခဲ့ရသည်။ သူတို့ ထပ်ဆက်နေလျှင်လည်း ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုများကြောင့် သေဆုံးရခြင်း သို့မဟုတ် အစာငတ်ပြီး သေဆုံးရခြင်းသာ ဖြစ်ပေတော့မည်။

သို့သော်လည်း လုံလင်း တော်ဝင်အမိန့်တော်အရ ခွင့်ပြုချက်မရှိဘဲ ပြန်မထွက်ခွာနိုင် ဖြစ်နေခဲ့သည်။ သူက ကင်းသမားများအား လေးမြှားများ အသင့်ပြင်ထားစေပြီး ချဥ်းကပ်လာသော မည်သည့် စစ်မြင်းများကိုမဆို ပစ်ခတ်ရန် စောင့်ဆိုင်းနေစေသည်။

ရှောင်းကျဲယွိက ဤရက်များတွင် သူတို့ အပြည့်အဝ သတိရှိလိမ့်မည်ဟု တွက်ဆထားပြီး နောက်ထပ်သုံးရက်အတွင်း မလှုပ်ရှားဘဲ ငြိမ်နေခဲ့သည်။ ဤသုံးရက်အတွင်း သူက မြို့ရိုးနှင့် မြို့တံခါး ပိုခိုင်မာအောင် ပြုပြင်နေပြီး စစ်သည်များ ပြန်လည်အားပြည့်လာစေရန် စောင့်ဆိုင်းနေခဲ့သည်။

သို့သော် သူ အလုပ်များလွန်းသောကြောင့် စူးချင်းနှင့်အတူ အိပ်စက်ရန် ညဘက်တွင်မှ စခန်းသို့ ပြန်လာနိုင်ပြီး နေ့ခင်းဘက်များတွင် စူးချင်းအတွက် အချိန်မပေးနိုင်တော့ပေ။

စူးချင်းကတော့ သူတို့၏ စစ်ရေးကိစ္စများတွင် ပါဝင်ခြင်း မရှိတော့ပေ။ သူမက နေ့ခင်းဘက်တွင် မော်တာကျည်များ ပြုလုပ်ရန် ပန်းပဲဖိုသို့ သွားလေ့ရှိသည်။ ဤနေရာတွင် ယုံကြည်စိတ်ချရသော ပန်းပဲဆရာ မရှိသောကြောင့် သူမက ကျုံးယုံကို လက်ထောက်အဖြစ် ခေါ်ဆောင်သွားခဲ့သည်။ ဆရာတပည့်နှစ်ယောက် မော့ချန်တွင် ရှိနေစဥ်ကအတိုင်း တစ်ယောက်က ပန်းပဲထုကာ တစ်‌ယောက်က ဖားဖိုဆွဲနေရတော့သည်။ ရှောင်းကျဲယွိ ထိုသတင်းကို ကြားသွားပြီး ပန်းပဲဆိုင်သို့ အပြေးအလွှား ရောက်ရှိသွားချိန်တွင် မီးဖိုရှေ့တွင် ရပ်နေပြီး ချွေးများရွဲနေသည့်စူးချင်းကို တွေ့လိုက်ရသည်။ ရှောင်းကျဲယွိက စူးချင်းဆီသို့ အမြန်လျှောက်သွားပြီး သူမ၏လက်ထဲမှ တူကို လှမ်းဆွဲလိုက်သည်။

"ချင်းအာ၊ ကိုယ် လုပ်ပေးမယ်၊ မင်း ဘေးကနေ ညွှန်ကြားပေး"

ရှောင်းကျဲယွိ၏ စိတ်မကောင်းဖြစ်နေသော အကြည့်များကို မြင်လိုက်ရသောကြောင့် စူးချင်းက ချွေးများ သုတ်နေရင်း ပြုံးလိုက်သည်။

"ကောင်းပြီလေ၊ ရှင် သင်ချင်ရင် သင်လို့ ရတယ်"

မည်သို့ပင်ဖြစ်စေ ကျန်းကျင့်လင်းနှင့် ဝမ်ဖူတို့က မြို့ကို တာဝန် ယူနေကြပြီး သူတို့ကို မျက်နှာလွှဲထားကာ စနစ်တကျ လေ့ကျင့်ပေးရန်လည်း လိုအပ်နေသေးသည်။ ထိုသို့မဟုတ်ဘဲ ရှောင်းကျဲယွိအနေဖြင့် အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ဖြေရှင်းနေရလျှင် ထိုအရာရှိများ ခန့်ထားခြင်းက အပိုသာ ဖြစ်သွားပေလိမ့်မည်။

“အစ်ကိုကြီး၊ ဒါကို သင်ယူရတာ အရမ်းခက်တယ်။ ငါ ဆရာဆီကနေ တစ်ချိန်လုံး သင်ယူနေခဲ့ပေမယ့် အခုထိ သေသေချာချာ မကျွမ်းကျင်သေးဘူး”

ကျုံးယုံက ရှောင်းကျဲယွိအား မော်ကျည် ထုလုပ်ခြင်းနှင့် လက်နက်များ ထုလုပ်ရခြင်းက မတူကြောင်း သတိပေးလိုက်သည်။ လက်နက်တစ်ခုကို ဖန်တီးလျှင် ထုနှက်ရန် အင်အားသာ လိုအပ်ပြီး မော်တာကျည်ခွံကတော့ အရွယ်အစား မှန်ကန်တိကျရန် ပြုလုပ်ရသောကြောင့် သူ့အတွက် အလွန်ခက်ခဲနေလေသည်။

“ရပါတယ်၊ ချင်းအာ သင်ပေးလိုက်ရင် ငါလည်း လုပ်နိုင်သွားမှာပါ"

ရှောင်းကျဲယွိက စူးချင်းနေရာတွင် သူ အစားထိုး အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

သူ အရွယ်ရောက်ပြီးသား ယောကျာ်းတစ်ယောက် ဖြစ်နေတောတောင် သူ့ကို ကူညီဖို့ ကိုယ်ဝန်ဆောင်ဇနီးသည်ကို အလုပ်လုပ်ခိုင်းရဦးမှာလား? ဒါဆို သူ အသက်ရှင်နေတာက အဓိပ္ပါယ် ရှိပါတော့မလား?

ရှောင်းကျဲယွိက အပြောနှင့် အလုပ် ထပ်တူကျသူ ဖြစ်ပြီး စူးချင်း သင်ပေးလိုက်သည့်နှင့် သူက အလျင်အမြန် နားလည်သဘောပေါက်သွားခဲ့သည်။ ထိုကဲ့သို့ လျင်လျင်မြန်မြန် ဖောက်ထွင်းမြင်နိုင်ပြီး သင်လွယ်တတ်လွယ်ခြင်းက သူ့၏မွေးရာပါ အရည်အချင်း ဖြစ်ပြီး ထိုကဲ့သို့အရည်အချင်းမျိုးက လူတိုင်း မနာလို မဖြစ်ဘဲ မနေနိုင်လောက်စေသည့်အရာ ဖြစ်သည်။

ရှောင်းကျဲယွိ စူးချင်းနှင့်အတူ ပန်းပဲဆိုင်တွင် ကျည်ခွံများ ပြုလုပ်နေချိန်တွင် ကျန်းကျင့်လင်းကတော့ မြို့တော်သို့သွားရာလမ်းတွင် ရန်သူကို ချောင်းမြောင်းတိုက်ခိုက်ရန် လူများစေလွှတ်ထားခဲ့သည်။ ထိုစစ်သည်များက မြို့တော်သို့ စစ်ရေးအစီရင်ခံစာသာမက ငှက်တစ်ကောင်မျှပင် ပျံသန်းခွင့်မရအောင် စောင့်ကြပ်နေရခြင်း ဖြစ်သည်။

လုံလင်း သတင်းပို့ဆက်သား လွှတ်လိုက်သည်မှာ ငါးရက်ရှိပြီ ဖြစ်သည်။ သူတို့၏တပ်စခန်းတွင် ဒဏ်ရာရစစ်သည်များ များလွန်းသောကြောင့် ဆေးဝါးများ ပြတ်တောက်သွားပြီး ကျန်လူများကလည်း ဆာလောင်မှုကို မခံနိုင်တော့ဘဲ တောတောင်များထဲသို့ ဝင်သွားကြသည်။ သူတို့က သူတို့ ဖမ်းမိလာသည့်သားကောင်ကို ကင်စားရန် ပြင်ဆင်လိုက်ကြသော်လည်း မီးမွှေးလိုက်သည်နှင့် ရှောင်းမိသားစု၏စစ်တပ်က သူတို့ကို လက်ပစ်ဗုံးများဖြင့် ပစ်ပေါက်ကြသည်။ သူတို့ ထိုလက်ပစ်ဗုံးများ ဝဲပျံလာမည်ကို ကြောက်ရွံ့သောကြောင့် မီးပင်မမွေးရဲတော့ဘဲ အစိမ်းလိုက်သာ ဝါးစားကြရတော့သည်။

ယခင်က အလွန့်အကျွံ မောက်မာခဲ့သည့် ဝမ်မိသားစုစစ်တပ်မှ စစ်သည်များအဖို့ ကြီးစွာသော ထိုးနှက်ချက်ကို ခံစားနေကြရသည်။ ငါးရက်ကြာပြီးနောက် သူတို့ ဆာလောင်မွတ်သိပ်မှုကို မခံနိုင်ကြတော့ဘဲ လက်နက်ကိုင်ရန်ကို မဆိုထားနှင့် မတ်တပ်ရပ်ရန်ပင် ခွန်အားမကျန်တော့ပေ။

ရှောင်းကျဲယွိက အချိန်တန်ပြီဟု တွက်ချက်ကာ စခန်းသိမ်းတိုက်ပွဲ ဆင်နွဲရန် ကျန်းကျင့်လင်းနှင့် ကျုံးယုံတို့ကို လက်ရွေးစင်စစ်သည်များ ခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်သည်။ ရှောင်းမိသားစုစစ်တပ်၏ မြင်းစီးစစ်သည်များ ရောက်လာသည်ကို တွေ့လိုက်သည်နှင့် ဝမ်မိသားစုစစ်တပ်မှ စစ်သည်များက ခုခံကာကွယ်ရန် သူတို့၏လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။ သို့သော် သူတို့ထံတွင် ထိုသို့လုပ်ဆောင်ရန်ပင် ခွန်အားမရှိတော့ပေ။ ရှောင်းမိသားစုစစ်တပ်က သူတို့ စစ်စခန်းထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး သူတို့၏လည်ပင်းများ ခုတ်ဖြတ်နေသည့်တိုင် သူတို့ ဒီအတိုင်းသာ ခိုကိုးရာမဲ့ ကြည့်နေရတော့သည်။

ဝမ်မိသားစုစစ်တပ်၏ တပ်မှူးကောင်းတစ်ယောက် ဖြစ်ခဲ့ဖူးသူ လုံလင်းက နောက်ဆုံးအခိုက်အတန့်အထိ ထွက်မပြေးခဲ့ပေ။ သေခြင်းတရားကို မရှောင်လွှဲနိုင်တော့မှန်း သူ သိနေသော်လည်း ကျန်းကျင့်လင်းနှင့် ကျုံးယုံတို့ကို အဆုံးစွန်ထိ ပြန်တိုက်ခိုက်နေဆဲ ဖြစ်သည်။ သူက သူ့ကိုယ်သူ ဝံပုလွေတစ်ကောင်ကဲ့သို့ ကျင့်သုံးခဲ့ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားကို ထိန်းသိမ်းရန်အတွက် လွန်ခဲ့သည့်ရက်များအတွင်း သူ သားကောင်များကို အစိမ်းလိုက်ဝါးစားကာ ၎င်းတို့၏သွေးများကို သောက်ခဲ့သည်။

သို့သော် သူ အလွန် စိတ်ဓာတ်ကျနေမိသေးသည်။ ရန်သူများ၏ သံမဏိဓားများအောက်၌ သေဆုံးသွားသည့် သူ့လူများကို သူ မကူညီနိုင်တော့ပေ။ အရပ်လေးမျက်နှာမှ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေပြီး သူ ရင်နာလွန်းသောကြောင့် သူ့မျက်လုံးများ နီရဲလာသည်။ နောက်ဆုံးတွင် လုံလင်းက သူ့၏ပုဆိန်သွားတပ်လှံရှည်ကြီးကို မြှောက်ကာ ကျန်းကျင့်လင်းကို အုပ်မိုးခုတ်ပိုင်းလိုက်သည်။

ကျန်းကျင့်လင်း၏ သိုင်းပညာက ကောင်းမွန်သော်လည်း သူ၏အင်အားက လုံလင်းလောက် မကြီးမားပေ။ လေသံနှင့်အတူ ကောင်းကင်ဘုံမှ ကျလာသလို ကျရောက်လာသည့် လှံပုဆိန်ကြီးကို မြင်လိုက်ရချိန်တွင် သူက သူ့မြင်းကို ရှောင်ထွက်ရန် အလျင်အမြန် အချက်ပေးလိုက်သည်။ ကျုံးယုံကတော့ သူ့ဆရာ သူ့အတွက် ထပ်လုပ်ပေးထားသည့် သံတူအသစ်ကြီးကို မြှောက်ကာ ထိုလှံပုဆိန်ကို ဝင်ခုခံလိုက်သည်။

စူးချင်း၏ပန်းပဲအတတ်စွမ်းရည်က အဆင့်ရှစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူမ ထုလုပ်သည့် လက်နက်များက သာမန်ပန်းဆရာများ ပြုလုပ်သောလက်နက်များထက် ဆယ်ဆပိုအားကောင်းသည်။ ပုံမှန်အားဖြင့် ၎င်းက အသုံးပြုနေသူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ဆယ်ပုံတစ်ပုံဖန့် ပိုတိုးလာစေနိုင်သည်။ ကျုံးယုံကလည်း မူလကတည်းက သန်မာလွန်းနေပြီ ဖြစ်ကာ သူ့ဆရာ ထုလုပ်ပေးခဲ့သည့် လက်နက်က သူ့အတွက် ကျားကို အတောင်တပ်ပေးလိုက်ခြင်းသာ ဖြစ်သည်။ သူ တူတစ်ချက် ဝှေ့ယမ်းရုံဖြင့် လှံပုဆိန်ကို ကိုင်ထားသည့် လုံလင်း၏ လက်မနှင့် လက်ညှိုးမှ အဆစ်များ ကွဲအက်သွားကာ ထိုလှံပုဆိန်ကို မြေပေါ်သို့ ပစ်ချမိလုနီးပါး ဖြစ်သွားရသည်။

လုံလင်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ ကျုံးယုံနှင့် မတိုက်ခင်တွင် ကျုံးယုံက သူ့ထက် ပိုခွန်အားကောင်းနေမည်ဟု သူ မခံစားခဲ့ရပေ။ ယခုအချိန်တွင် သူ ကျုံးယုံ၏တူကို ရင်ဆိုင်ရန် ကြောက်လန့်နေပြီ ဖြစ်သည်။

အကြောက်တရားက စစ်သည်တစ်ဦးအတွက် ကြီးမားသောတားမြစ်ချက်တစ်ခု ဖြစ်သည်။ ကျုံးယုံက တိုက်ခိုက်နေရင်း ပို ရဲရင့်လာသော်လည်း လုံလင်းကတော့ တစ်ဆင့်ပြီးတစ်ဆင့် နောက်ပြန်ဆုတ်သွားခဲ့သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး မြို့တော်ဘက်ဆီသို့ လေးနက်သော အမူအရာဖြင့် လှမ်းကြည့်နေသည်။

သူ တော်ဝင်ရုံးတော်ကနေ စစ်ကူတွေ ရောက်လာမှာကို ကြံ့ကြံ့ခံ စောင့်ဆိုင်းခဲ့ပေမယ့် နောက်ဆုံးမှာ ဘယ်သူမှ ရောက်မလာခဲ့ကြဘူး။

လုံလင်း ခဏတာမျှ အာရုံလွဲသွားချိန်တွင် ကျုံးယုံ၏တူက သူ့ပခုံးပေါ်သို့ ကျ‌‌ရောက်လာခဲ့သည်။ တိုက်ဆိုင်လွန်းစွာဖြင့် ကျုံးယုံ ရိုက်လိုက်သည့် ပခုံးက ပြီးခဲ့သည့်တိုက်ပွဲတွင် ရှောင်းကျဲယွိ လှံဖြင့် ထိုးခဲ့သော ပခုံးတစ်ဖက်ဖြစ်နေပြန်သည်။ ထိုစဥ်တုန်းက ရှောင်းကျဲယွိ၏ လှံဖျားထိပ်က တုံးလွန်းနေပြီး သူ့သံချပ်ကာကို မဖောက်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ကျုံးယုံက သူ့အရိုးများကို ကွဲကြေသွားစေခဲ့သည်။

လုံလင်းက နာနာကျင်ကျင် အော်ဟစ်ပြီး မြင်းပေါ်မှ ပြုတ်ကျသွားသည်။ သူ နာကျင်လွန်းသောကြောင့် မျက်ဖြူလန်ကာ ချက်ချင်း သတိလစ်သွားတော့သည်။ ကျန်းကျင့်လင်းက သူ့ကို ကြိုးဖြင့် ချည်ထားရန် အမိန့်ပေးလိုက်သည်။ တိုက်ပွဲတွင် တပ်မှူးကို လက်ရဖမ်းမိသွားခြင်းက တိုက်ပွဲကို များစွာသက်ရောက်စေပြီး ကျန်ဝမ်မိသားစုစစ်သည်များအားလုံး လက်နက်ချလိုက်ကြသည်။

လက်နက်ချရင် သူတို့ ရှင်သန်နိုင်ပေမယ့် ခေါင်းမာမာနဲ့ ခုခံနေရင်တော့ ချက်ချင်း သေရတော့မှာလေ။

ရှောင်းကျဲယွိက ဝမ်မိသားစုစစ်တပ်၏ သံမဏိ စည်းမျဉ်းနှစ်ခုကို တပြိုင်နက် ချိုးဖောက်နိုင်ခဲ့သည်။ သူတို့ အမြဲကြွေးကြော်ခဲ့သည့်အရာက “ဘယ်သူမှ မနိုင်မယူနိုင်ဘူး” ဟူသည့်စကားနှင့် နောက်တစ်ခုက “ဘယ်တော့မှ လက်နက်မချဘူး”ဟု အမြဲမောက်မာလာခဲ့ကြခြင်းပင်။

အကယ်၍ တစ်စုံတစ်ယောက်က အခြားတစ်စုံတစ်ဦးကို နှလုံးသားထဲမှ ကြောက်ရွံ့ပါက သူတို့က ထိုသူကို နတ်ဘုရားကဲ့သို့ ကိုးကွယ်ကြပေလိမ့်မည်။ ယခင်က ဝမ်မိသားစုစစ်တပ်က စွမ်းအားကြီးလွန်းပြီး ရက်စက်သည့်အတွက် လူအများက ဝမ်ယွိလင်ကို ကိုးကွယ်ခဲ့ကြသည်။ ယခုတွင် ရှောင်းကျဲယွိက လူများကို ကောင်းကင်ပေါ်သို့ မှုတ်ထုတ်နိုင်သည့် အစွမ်းထက်လက်နက်တစ်မျိုး ကိုင်ဆောင်ထားသောကြောင့် လူများက သူ့ကို ပိုကြောက်ရွံ့ကာ ကိုးကွယ်လာကြပြီ ဖြစ်သည်။ ရှောင်းကျဲယွိ၏ နည်းပရိယာယ်နှင့် ထိုလက်နက်ပေါင်းလိုက်လျှင် သူက လက်ပင်မမြှောက်ဘဲ ကြွေကျနေသော သစ်ရွက်များအား သယ်ဆောင်သွားသည့် လေပြင်းကဲ့သို့ သူတို့ကို သတ်ပစ်နိုင်သည်။

ထိုတိုက်ပွဲတွင် ရှောင်းကျဲယွိရော စူးချင်းပါ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း မရှိပေ။ သူတို့က ကျန်းကျင့်လင်းနှင့် ကျုံးယုံတို့ ပြန်ယူလာမည့်သတင်းကောင်းကိုသာ စောင့်နေခဲ့ကြသည်။ အောင်ပွဲခံ စည်သံကို ကြားလိုက်သည်နှင့် ရှောင်းကျဲယွိက အားရပါးရ ပြုံးလိုက်ပြီး သူ့ဘေးတွင် ထိုင်ကာ ကလေးအတွက် အဝတ်အစားများ ချုပ်နေသည့် စူးချင်းကို လှည့်ကြည့်လိုက်သည်။

"ချင်းအာ၊ ရှောင်းမိသားစုစစ်တပ်က မင်းကြောင့် နာမည်ကြီးလာတော့မယ်။ လော့ချန်က လူထောင်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တာလည်း မင်း အချိန်မီရောက်လာခဲ့လို့ပဲ၊ အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်"

စူးချင်းက သူ့ကို သဘောကျစွာ ပြန်ကြည့်နေလေသည်။

သူက ဘာကြောင့် ဒီလောက် ဟန်ဆောင်ပန်ဆောင်လုပ်နေရတာလဲ?

စူးချင်းက သူမ၏မျက်လုံးထောင့်မှတဆင့် ရှောင်းကျဲယွိကို ကြည့်နေပြီး အပြုံးလေးဖြင့် သူမ ပြောလိုက်သည့်စကားတွင် ဆိုးသွမ်းသော ရည်ရွယ်ချက်များ ပြည့်နှက်နေသည်။

"ဒါဆို ရှင်က ကျွန်မကို ဘယ်လို ကျေးဇူးဆပ်မှာလဲ?"

စူးချင်း၏ ညှို့ငင်သောအသံက ရှောင်းကျဲယွိ၏ နှလုံးသားကို လက်သေးသေးလေးနှင့် ကုတ်ခြစ်နေသလို ခံစားရစေပြီး သူ၏စူးရှသော မျက်လုံးများက တောက်ပလာသည်။ သူ့ဆန္ဒများကြောင့် သူ့အသံက ပို၍ နက်ရှိုင်းလာပြီး ပိုစွဲမက်ဖွယ် ဖြစ်လာသည်။ သူက စူးချင်း၏ မျက်နှာရှေ့သို့ ကိုင်းချလိုက်ပြီး သူတို့နှစ်ယောက် လက်ချောင်းတစ်ချောင်းစာသာ ဝေးကွာတော့သည်။ သူတို့ နီးကပ်လွန်းသောကြောင့် သူတို့၏အသက်ရှုသံများပင် ရောယှက်နေလေသည်။

"ချင်းအာက ဒီခင်ပွန်းဆီကနေ ဘယ်လိုကျေးဇူးဆပ်တာမျိုးကို လိုချင်လဲ?"

All Chapters