အံ့အားသင့်စရာ
Vol. 36 Ch. 539
လျန်ပိုင်ချွန်းက လူသတ်လက်နက်ကြီးများ ဖန်တီးနိုင်သည့်သူကို သူသိသည်ဟု ပြောလိုက်ချိန်တွင် မူလကတည်းက မှုန်ကုပ်နေသည့် ဝမ်ယွိလင်၏အမူအရာက ချက်ချင်း မည်းမှောင်သွားပြန်သည်။ သူက လျန်ပိုင်ချွန်းအား ထိုလူ၏နာမည်ကို ညီလာခံခန်းမအတွင်း မပြောရန် လက်မြှောက်အချက်ပြလိုက်ပြီး တော်ဝင်စာကြည့်ဆောင်တွင် သူ့ကို သီးသန့်လာရောက်တွေ့ဆုံရန် အမိန့်ပေးလိုက်သည်။
ဝမ်ယွိလင်က သူတို့ကို အကြံဉာဏ်ပေးရန် ထပ်ဖိအားမပေးတော့သည့်အတွက် ညီလာခံခန်းမထဲမှ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံး သက်ပြင်းချလိုက်ကြသည်။ ညီလာခံပြီးနောက်တွင် မှူးမတ်များက လော့ချန်မှ တိုက်ပွဲအကြောင်း ဆွေးနွေးရန် သူတို့ဘာသာ တစ်အုပ်စုစီ စုဝေးသွားကြသည်။
တခါမှ အရှုံးမရှိဖူးသည့် ဝမ်မိသားစုစစ်တပ် လုံးဝ သုတ်သင်ခံလိုက်ရမည်ဟုတော့ မည်သူမျှ မတွေးထားခဲ့ကြပေ။ လော့ချန်မှ စစ်ရေးအစီရင်ခံစာ အချိန်မီ မရောက်လာနိုင်ခြင်းက အတားအဆီးတစ်ခုကြောင့်ဟုသာ သူတို့ ထင်နေခဲ့ကြသည်။ သို့သော် ဤသည်ကိုပင် မည်သူမျှ မှတ်ချက်မပေးဝံ့ကြပေ။ အကြံပေးခဲ့မိသည့် ဝန်ကြီးကျန်းနှင့် ပညာရှင်လီတို့ ပြစ်ဒဏ်စီရင်ရေးဌာနသို့ အပို့ခံလိုက်ရသောကြောင့် မည်သူကမျှ ဧကရာဇ်၏ ဒေါသကို သွားမစရဲကြတော့ချေ။
ဝမ်ယွိလင်က လူသတ်လက်နက်ကြီး ဖန်တီးနိုင်သည့် ကျွမ်းကျင်လက်မှုပညာရှင်ကို ရှာဖွေရန် အလျင်စလို ကြိုးပမ်းနေခဲ့သည်။ ထိုအတောအတွင်းမှာပင် လုံလင်း၏စစ်တပ်တစ်ခုလုံး အမြစ်ပြတ်ချေမှုန်းခံလိုက်ရသည့် သတင်းကို သူ ရရှိသွားခဲ့သည်။ ထိုသတင်းက ဝမ်ယွိလင်ကို သူ့လည်ချောင်းထဲမှ သွေးများလျှံတက်လာစေပြီး သွေးတစ်လုပ် အန်ထုတ်လုနီးပါး ဖြစ်သွားစေခဲ့သည်။
သူရဲ့ လက်ရွေးစင်တပ်ဖွဲ့က အရင်က တခါမှ ရှုံးပွဲမရှိခဲ့ဖူးဘူး။ အခု လုံးလုံးလျားလျား ချေမှုန်းခံလိုက်ရတယ်တဲ့လား?
ထို့ကြောင့် ဝမ်ယွိလင်က လူသတ်လက်နက်ကြီးကို ပို၍ တက်မက်လာခဲ့သည်။ လူသတ်လက်နက်ကြီးများ ရှိသည့် မည်သူမဆို ဤကမ္ဘာကြီးကို ပေါင်းစည်းနိုင်မည်ဖြစ်ပြီး မည်သူကမျှ ထိုလူကို တွန်းလှန်နိုင်တော့မည်မဟုတ်ဟု သူ တထစ်ချ ယုံကြည်သွားပြီ ဖြစ်သည်။ ဝမ်ယွိလင်က လောကကြီးကို သိမ်းပိုက်ရန် ရည်ရွယ်လျှက် သူ့ဒေါသကို ခတ္တခဏ ဖိအားပေး မျိုသိပ်ထားလိုက်သည်။ ထို့ကြောင့် သူက လူသတ်လက်နက်ကြီးများ မဖန်တီးနိုင်ခင် သူ နှစ်ပေါင်းများစွာ ဝီရိယစိုက်ထုတ် တည်ဆောက်ထားခဲ့သည့် တပ်ဖွဲ့များကို ထပ်မလွှတ်ရန် ဆုံးဖြတ်လိုက်သည်။
ဝမ်ယွိလင် သူ့ဒေါသကို မျိုသိပ်သည်းခံလိုက်ခြင်းက လော့ချန်အတွက် ပြန်လည်ထူထောင်ရန် အချိန်ပေးလိုက်ခြင်း ဖြစ်သည်။ ရှောင်းကျဲယွိက သူ ဝမ်မိသားစုတပ်ဖွဲ့များအား သုတ်သင်ရှင်းလင်းလိုက်ကြောင်း သတင်းဖြန့်ရန် သူ့လူများကို အမိန့်ပေးလိုက်သည်။ သိပ်မကြာခင်မှာပဲ ကျယ်ကျယ်ပြန့်ပြန် သတင်းပျံ့နှံ့သွားပြီး စစ်တပ်ထဲသို့ ဝင်ရန် လော့ချန်သို့ ရောက်လာသည့်လူများက လှိုင်းလုံးကြီးများသဖွယ် ဝင်ရောက်လာပြီး လူပင်လယ်ကြီးကဲ့သို့ စုရုံးလာတော့သည်။
ရှောင်းမိသားစုစစ်တပ်ထဲသို့ ဝင်ရောက်လာသူများ အားလုံးက နေရာဒေသအသီးသီးမှ တက်ကြွသော လူငယ်လူရွယ်များ ဖြစ်ကြသည်။ သူတို့မွေးဖွားနေထိုင်ရာ အရပ်များ မတူကြသော်လည်း သူတို့အားလုံးထံတွင် တူညီသည့်အရာတစ်ခု ရှိနေခဲ့သည်။ သူတို့အားလုံးက လက်ရှိမင်းဆက်ကို မကျေမနပ်ဖြစ်နေပြီး လောကအသစ်တစ်ခု ဖန်တီးရန် မျှော်လင့်နေကြသည်။ သို့သော်လည်း သူတို့က ထိုသို့လုပ်ဆောင်ရန် အရည်အချင်းမရှိသောကြောင့် ပညာရှိသည့် ခေါင်းဆောင်နောက်သို့ လိုက်ရန်သာ တတ်နိုင်ကြတော့သည်။ ရှောင်းကျဲယွိက သူတို့ မျှော်လင့်နေသည့် ပညာရှိခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် သတ်မှတ်ရန် ပြည့်စုံနေခဲ့သည်။
လဝက်မပြည့်မီမှာပင် လော့ချန်၏စစ်အင်အားက စစ်သည်တစ်ထောင်မှ ငါးထောင်အထိ ပြန်တိုးလာခဲ့သည်။ ကျန်းကျင့်လင်းက စစ်ရေးလေ့ကျင့်ကွင်းကို တာဝန်ယူထားပြီး တပ်သားသစ်များကို နေ့တိုင်းလေ့ကျင့်နေခဲ့သည်။ ရှောင်းကျဲယွိကလည်း ကျန်းကျင့်လင်း၏စွမ်းရည်နှင့် အရည်အချင်းကို အလွန်ကျေနပ်နေလေသည်။ သူကတော့ မော်တာကျဥ်များ ပြုလုပ်ရန် ပန်းပဲဖိုသို့သွားလေ့ရှိသည်။ မော်တာကျည်ပြုလုပ်နည်းက သူတို့၏လျှို့ဝှက်ချက် ဖြစ်ပြီး ထိုထုတ်လုပ်မှုလုပ်ငန်းစဉ်ကို မည်သူကိုမျှ မြင်ခွင့်ပေး၍ မဖြစ်ပေ။ ထို့ကြောင့် ရှောင်းကျဲယွိလည်း ကျုံးယုံကိုသာ အကူအညီတောင်းရသည်။ သူတို့ညီအစ်ကိုနှစ်ယောက် တစ်ရက်လျှင် မော်တာကျဥ် ငါးလုံး၊ ခြောက်လုံးခန့်အထိ ထုတ်လုပ်နိုင်လာကြသည်။ ထုတ်လုပ်မှုက မမြင့်မားသော်လည်း ၎င်း၏စွမ်းအားက မယုံနိုင်ဖွယ် ဖြစ်သည်။ မော်တာကျည်တစ်တောင့်ကပင် တိုက်ပွဲ၏အခြေအနေကို ပြောင်းလဲရန် လုံလောက်နေပြီး ကျည်ငါးလုံး၊ခြောက်လုံးခန့်က သူတို့အတွက် ကျေနပ်ဖွယ်ရလဒ်ဖြစ်နေသေးသည်။
စူးချင်းကတော့ ဤရက်ပိုင်းအတွင်း ရှောင်းကျဲယွိ၏စောင့်ကြည့်မှုအောက်သို့ ရောက်နေပြီး သူမ၏ကိုယ်ဝန်ကိုသာ ဂရုစိုက်နေရသည်။ ထို့ကြောင့် သူမ ပျင်းရိလာပြီး ဖန်လုံအိမ်အကြောင်း စတင်တွေးတောနေတော့သည်။ အဓိက အကြောင်းအရင်းက သူမ ကိုယ်ဝန်ရှိလာပြီးနောက်မှာ အသီးအရွက်များ စားချင်လာသောကြောင့် ဖြစ်သည်။ လက်ရှိတွင် သူမ ငွေမည်မျှပေးနိုင်ပါစေ ဆောင်းရာသီ၌ အသီးအရွက်များ ဝယ်မစားနိုင်ပေ။
အိုး... မဝယ်နိုင်မှတော့ ကိုယ်တိုင်စိုက်မှာပေါ့။ ဘာပဲဖြစ်ဖြစ် သူမရဲ့ အိပ်မက်က လယ်ယာလုပ်ဖို့ပဲ မဟုတ်ဘူးလား?
သူမ၏အတွေးများကို အတည်ပြုပြီးနောက် စူးချင်းက ထိုအစီအစဥ်ကို လက်တွေ့အကောင်အထည် ဖော်နေတော့သည်။ သူမက ဆင်ခြေဖုံးနေရာတစ်ခုမှ မြေရိုင်းများကို ရွေးချယ်ခဲ့ပြီး မော့ချန်မှ သူမ ခေါ်ယူလာသည့် လက်ရွေးစင် စစ်သည်များထဲမှ သန်မာသော စစ်သည်ဆယ်ယောက်ကို ရွေးချယ်ကာ မြေကူရှင်းပေးရန် အကူအညီတောင်းခဲ့သည်။ ထို့နောက် ဖန်လုံအိမ်တစ်လုံး ဆောက်လုပ်ခဲ့သည်။
လော့ချန်က ဆောင်းရာသီတွင် အပူချိန်က ၁၀ ဒီဂရီစင်တီဂရိတ်ခန့် ရှိပြီး အလွန်အကျွံ မအေးသောကြောင့် ဖန်လုံအိမ်ဆောက်ရန် သင့်လျော်သည်။
ထိုစစ်သည်များက သူတို့၏သခင်မလေး ဘာလုပ်နေသည်ကို မသိသော်လည်း သူတို့က စူးချင်း၏အမိန့်ကို အမြဲနားထောင်လေ့ရှိသည်။ ထို့ကြောင့် သူတို့က စူးချင်း လုပ်ခိုင်းသမျှ လုပ်ကြပြီး သူတို့၏ ဓားနှင့် လှံများကို ပစ်ချကာ ပေါက်တူးနှင့် ထွန်ခြစ်များကို ကောက်ယူလိုက်ကြသည်။ တချို့ကလည်း လေးနှင့် မြှားတို့ ချကာ ဆောက်လုပ်ရေးသမားများ ဖြစ်လာကြသည်။
စူးချင်းက စားပွဲအသေးတစ်လုံး ရွှေ့လာစေပြီး ထိုနေရာတွင် ထိုင်နေရင်း အဆာပြေစားလိုက် ရေနွေးကြမ်းသောက်လိုက်ဖြင့် လုပ်ငန်းခွင်ကို ကြီးကြပ်နေလေသည်။ သူမ၏အတွေးများ တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်နှင့်အမျှ စူးချင်းက ထိုနေရာကို ကြည့်ကာ မြို့သိမ်းတိုက်ပွဲဆင်နွဲရသည်ထက် ပိုအောင်မြင်နေသလို ခံစားနေမိသည်။
မြို့တွင် နေထိုင်သူများကလည်း ထိုအတောအတွင်း သူတို့၏ ပြိုပျက်သွားသော အိမ်များကို ပြန်တည်ဆောက်နေကြသည်။ ထို့ကြောင့် လော့ချန်တစ်ဝိုက်ရှိ သစ်ပင်များအားလုံးနီးပါး ခုတ်လှဲခံခဲ့ရသည်။
နောက်ဆုံးတွင် တစ်မြို့လုံးမှ အခြေခံအဆောက်အအုံများ ပိုကောင်းမွန်လာပြီး လူတိုင်းက သာယာဝပြောမှုကို ခံစားနေကြသည်။ ထိုကောင်းမွန်သော အဆောက်အအုံများက လူတိုင်းကို ပို၍အားအင်ပြည့်လာစေသည်။ ရှောင်းမိသားစုစစ်တပ်ကို ထောက်ပံ့ပေးရန် သူတို့၏အိမ်များကို သူတို့ကိုယ်တိုင် ဖြိုဖျက်ခဲ့ကြသော်လည်း လော့ချန်ကို ကာကွယ်နိုင်ခဲ့ခြင်းက သူတို့၏ပျော်ရွှင်မှုကို ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ရှေ့ဆက်ရမည့် အနာဂတ်တွင် ကြွယ်ဝမှုများ စောင့်ကြိုနေမည်ဟု သူတို့ ယုံကြည်နေကြသည်။
ရှောင်းကျဲယွိကလည်း သူတို့၏အကူအညီကို အသိအမှတ်ပြုခဲ့ပြီး မြို့သူမြို့သားများအား အလွန်ကျေးဇူးတင်နေခဲ့သည်။ ထို့ကြောင့် သူက သာမန်အထွေထွေအခွန်အခများနှင့် အထူးစည်းကြပ်ခွန်များအားလုံး ကင်းလွတ်ခွင့်ပေးခဲ့သည်။ မြို့နေလူတန်းစားအတွက် မယုံနိုင်လောက်အောင် စိတ်အေးသွားစေသည့်အချက်မှာ ရှောင်းကျဲယွိက စစ်မှုထမ်းရန် ရှောင်ကျဥ်ခြင်းမှ ဒဏ်ကြေးကင်းလွတ်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
ယခင်က စစ်တပ်ထဲသို့ မ၀င်ချင်လျှင် ဒဏ်ကြေးပေးဆောင်ရသည်။ ဒဏ်ကြေး မပေးနိုင်လျှင် စစ်တပ်ထဲသို့ အတင်းအကျပ် ဝင်ခိုင်းလေ့ရှိသည်။ ယခု ရှောင်းကျဲယွိက သူတို့အတွက် စစ်မှုထမ်း ကင်းလွတ်ခွင့် ပေးလိုက်သောကြောင့် လူတိုင်း စိတ်သက်သာရာရသွား ကြသည်။ ထိုအစား သန်မာသူများအားလုံးက ရှောင်းမိသားစုစစ်တပ်တွင် ပါဝင်ရန် ပိုစိတ်အားထက်သန်လာကြပြီး စာရင်းသွင်းရန် စုပြုံလာကြပြန်သည်။
ရှောင်းကျဲယွိက သူတို့ကို အခွန်ကင်းလွတ်ခွင့်ပေးခဲ့ရုံသာမက ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များကိုလည်း ပြည်သူများ၏အိမ်များ ကူဆောက်ပေးရန် စေလွှတ်ပေးခဲ့သည်။ သူတို့က သူတို့၏အိမ်များကို ရှောင်းမိသားစုစစ်တပ်အတွက် ဖြိုဖျက်ပေးခဲ့သောကြောင့် သူတို့၏အိမ်များ ပြန်လည်တည်ဆောက်ရေးအတွက် ကူညီကြမည်က ရှောင်းမိသားစုစစ်တပ်၏ တာဝန်သာ ဖြစ်သည်။
လော့ချန်က လူများကလည်း ရှောင်းကျဲယွိ၏ ထိုလုပ်ရပ်ကြောင့် ရှောင်းမိသားစုစစ်တပ်ကို သဘောကျပြီးရင်း သဘောကျလာကြသည်။
အရင်တုန်းကဆိုရင် တော်ဝင်ရုံးတော်က ပြည်သူတွေကို ဘယ်တော့မှ မကူညီခဲ့ဘူး။ သူတို့ မီးရှို့တာတွေ လူသတ်ပြီး လုယက်တာတွေ မလုပ်ရင်ကို ကောင်းမွန်နေပြီလို့ ပြောနိုင်တယ်။
အခုတော့ အနာဂတ်ကို တွေးကြည့်ရုံနဲ့ကို ပျော်ရွှင်နေရပြီ။ အခွန်မဆောင်ရရင် သူတို့ ရှာဖွေနိုင်သမျှငွေကို သူတို့ ပိုင်ဆိုင်နိုင်လိမ့်မယ်။ လယ်သမားတွေအနေနဲ့လည်း စပါးခွန်ပေးပြီးရင် ကျန်တာကို သိမ်းထားနိုင်ပြီ။
ထိုကဲ့သို့သော အကြောင်းအရာများ အားလုံးကြောင့် လူတိုင်းက ရှောင်းမိသားစုစစ်တပ်ကို ထောက်ခံရန် ပို၍ ပို၍ စိတ်ပိုင်းဖြတ်လာနိုင်ကြသည်။
စူးချင်းက နေ့စဥ် ရှောင်းကျဲယွိ ပြန်မလာမီ အိမ်သို့ အပြေးအလွှား ပြန်သွားပြီး သူ့အတွက် အရသာရှိသော ဟင်းပွဲများကို ပြင်ဆင်ပေးလေ့ရှိသည်။ သူမက အားလုံးကို ပါးစပ်ပိတ်ထားစေပြီး ရှောင်းကျဲယွိအား သူမ ဖန်လုံအိမ်ဆောက်ထားကြောင်း လုံးဝ ပြောခွင့်မပေးခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်ကြာသွားပြီး သုံးလပိုင်းသို့ ရောက်လာကာ ရာသီဥတုလည်း ပိုသာယာလာသည်။ စူးချင်းလည်း ဖန်လုံအတွက် တဲဆောက်ပြီး ပြစ်သည်။ သို့သော် ပြဿနာတစ်ခု ရှိနေခဲ့ပြီး ပလတ်စတစ် သို့မဟုတ် မှန်ချပ်များ မရှိဘဲ သစ်သားဖြင့် ပြုလုပ်ထားသည့် နံရံများသာ ရှိနေခြင်း ဖြစ်သည်။
စူးချင်းက ပလတ်စတစ်ပြားများပေးရန် သူမ၏ သေနေသော စနစ်ကို တောင်းဆိုလိုက်သည်။ သူမ၏ တောင်းဆိုမှုက အလွန်အကျွံ မဟုတ်ဟု သတ်မှတ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ပလတ်စတစ်ပြားများက လေယာဉ်လည်း မဟုတ်သလို မော်တာနှင့်လည်း မတူပေ။ သို့သော်လည်း စနစ်က သူမထံမှ ကျွမ်းကျင်မှုအမှတ်ငါးမှတ်ကို တောင်းဆိုခဲ့သေးသည်။
စူးချင်ကလည်း ကြည်ကြည်ဖြူဖြူ ပေးခဲ့ပြီး သူမ ဖန်လုံအိမ်ဆောင်နိုင်သရွေ့ အဆင်ပြေသည်ဟု တွေးတောနေခဲ့သည်။
ထို့ကြောင့် စနစ်က ပလတ်စတစ်ပြားများ ထုတ်ပေးခဲပြီး စူးချင်းက ၎င်းတို့ကို စစ်သည်များထံသို့ ပေးကာ ဖန်လုံအိမ်ကို အမိုးမိုးရန် ညွှန်ကြားလိုက်သည်။
စစ်သည်ဆယ်ယောက်လုံး အံသြနေကြပြီး နာမလည်နိုင် ဖြစ်နေကြသည်။
ဒါက ဘာလဲ? သခင်မလေးမှာ ဘာကြောင့် ထူးဆန်းတဲ့အရာတွေ အမြဲရှိနေရတာလဲ?
သို့သော်လည်း သူတို့ စိတ်ထဲမှာ တွေးရုံသာ တွေးကြပြီး စူးချင်းကိုလည်း ပြန်မမေးရဲကြပေ။
ထိုစစ်သည်ဆယ်ယောက်က တိုက်ပွဲတွင် ရဲရဲရင့်ရင့် တိုက်ခိုက်နိုင်သလို သူတို့၏အလုပ်တိုင်းကိုလည်း တာဝန်ကျေအောင် လုပ်နိုင်ကြသည်။ စူးချင်းက သူတို့ကို လုပ်ပုံလုပ်နည်း ပြောပြနေသမျှ သူတို့က ပြီးပြည့်စုံအောင် လုပ်ပေးကြသည်။
ပလတ်စတစ်ဖန်လုံအိမ် ဆောက်ပြီးနောက် စူးချင်း ပို၍ အလုပ်များလာခဲ့သည်။ သူမက ဖန်လုံအိမ်ထဲတွင် ပေါက်ပြားသေးသေးလေးကိုင်ကာ နေ့တိုင်းနေ့တိုင်း ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနေတော့သည်။ ထိုဟင်းသီးဟင်းရွက်များ၏မျိုးစေ့များကိုလည်း စနစ်ထံမှ တောင်းခဲ့ခြင်း ဖြစ်သည်။
ဒီစနစ်က ပလတ်စတစ်ပြားငါးလိပ်ပေးပြီး သူမဆီကနေ ကျွမ်းကျင်မှုအမှတ်ငါးမှတ် လိုချင်နေတာပဲ။ ဘယ်ရမလဲ သူမက မျိုးစေ့တွေ အပိုတောင်းထားလိုက်တာပေါ့။
စူးချင်းက စုစုပေါင်း ဖန်လုံအိမ် (၅)ခန်း ဆောက်လုပ်ခဲ့ပြီး ထိုဖန်လုံအိမ်အားလုံးထဲတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားပြီ ဖြစ်သည်။ အသားထက် အသီးအရွက် ရှာဖွေရန် ပိုခက်ခဲသည့် ဤခေတ်ကာလတွင် သူမ၏ဖန်လုံအိမ်ငါးလုံးက ရွှေတောင်ငါးလုံးကဲ့သို့ အဖိုးတန်လှသည်။
စစ်သည်ဆယ်ယောက်ကလည်း သူတို့၏လက်ရှိဘဝကို သဘောကျနေကြသည်။
သူတို့ စစ်တိုက်ရင်း အသက်သေစရာ မလိုတော့ဘူး။ နေ့တိုင်း အသီးအရွက်တွေ စိုက်ဖို့ သခင်မလေးနဲ့အတူ ခြံထဲကို လိုက်သွားနိုင်ကြတယ်။ ဟိုးအရင် စစ်ပွဲတွေမရှိတဲ့ ငြိမ်းချမ်းတဲ့နှစ်တွေဆီ ပြန်ရောက်သွားသလိုတောင် ခံစားနေရတယ်။ နေထွက်ချိန်မှာ စိုက်ပျိုးကြပြီး နေဝင်ချိန်ရောက်ရင် အနားယူနိုင်ပြီ။ အဲ့တုန်းက သူတို့ရဲ့ဘဝတွေ တကယ်ကို အေးချမ်းသာယာပြီး မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြရတယ်။
စူးချင်းက ရှောင်းကျဲယွိ အံ့အားသင့်သွားအောင် လုပ်ချင်နေပြီး ထိုဖန်လုံအိမ်အကြောင်း မည်သူကိုမျှ ပြောပြခွင့်မပေးခဲ့ပေ။ ဖန်လုံအိမ်က မြို့စွန်တွင် ရှိနေပြီး ရှောင်းကျဲယွိက များသောအားဖြင့် ထိုနေရာသို့ သွားလေ့မရှိပေ။
ရှောင်းမိသားစုစစ်တပ်အတွင်း စူးချင်း၏လေးစားခံရမှုက ရှောင်းကျဲယွိထက် မလျော့နည်းပေ။ သခင်လေး၏ဇနီးက ပြောခွင့်မပြုသောကြောင့် မည်သူကမျှ သခင်လေးထံ သတင်းမပို့ရဲကြပေ။
ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်း တစ်ဝက်ကျော် ထပ်ကုန်ဆုံးသွားပြန်သည်။ ယနေ့တွင် ရှောင်းကျဲယွိက အစောကြီးနိုးလာပြီး သူ့၏ထုံးစံအတိုင်း တပ်သားသစ်များ၏လေ့ကျင့်မှုကို သွားစစ်ဆေးရန် ပြင်ဆင်နေသည်။ ထိုအချိန်တွင် စူးချင်းက သူ့ကို တားဆီးလိုက်သည်။
"ရွှေ့ရှန့်၊ ဒီနေ့ ကျွန်မနဲ့ တစ်နေရာကို လိုက်ခဲ့ပေးပါလား?"
"ရတယ်လေ၊ မင်း ဘယ်သွားချင်လို့လဲ?"