← Chapters

စူးချင်း အလုပ်များနေခြင်း

Vol. 36 Ch. 540

စူးချင်း အလုပ်များနေခြင်း

Vol. 36 Ch. 540

"အဲ့နေရာကို ရောက်ရင် ရှင် သိလိမ့်မယ်"

စူးချင်းက ပြုံးတုံ့တုံ့လေး လုပ်နေပြီး အတိအကျ မပြောသေးပေ။ သူမ၏မျက်လုံးများတွင် လျှို့ဝှက်ချင်စိတ်များ ပြည့်နှက်နေပြီး ရှောင်းကျဲယွိ၏ စိတ်ဝင်စားမှုကို အောင်အောင်မြင်မြင် နိုးဆွနိုင်ခဲ့သည်။ သူက အပြုံးဖြင့် သဘောတူလိုက်သည်။

"ဟုတ်ပါပြီ၊ ဒါဆို ကိုယ် ချင်းအာနဲ့အတူ လိုက်ကြည့်ပါ့မယ်"

"မနက်စာ အရင် စားကြရအောင်"

စူးချင်းက ဟင်းနုနွယ်ကြော်တစ်ပန်းကန်၊ ကြက်ဥပြုတ်တစ်ပန်းကန်၊ မုန်လာစိမ်းရေနွေးဖျောတစ်ပန်းကန်၊ ဂန္ဓမာခါးရွက်နှင့် ကြက်သွန်နီဥသေးသေးသေး တစ်ပန်းကန် အပါအဝင် ဟင်းနုနွယ်ရွက်နှင့် ပုဇွန်ဟင်းချိုတစ်ပန်းကန်ကို ယူလာပေးရန် အမိန့်ပေးလိုက်သည်။ ဤဟင်းသီးဟင်းရွက်များအားလုံးကို သူမ၏ဖန်လုံအိမ်တွင် စိုက်ပျိုးထားခဲ့ခြင်း ဖြစ်သည်။

အချိန် နည်းနေသေးသောကြောင့်သာ မဟုတ်ဘဲ တစ်လလောက်စောင့်နိုင်လျှင် ဆူးသခွားသီးနှင့် လတ်ဆတ်ချိုမြိန်သည့် ခရမ်းချဉ်သီးများကိုပင် စားနိုင်ပေတော့မည်ပင်။

ခရမ်းချဉ်သီး၏အရသာကို တွေးမိသွားချိန်တွင် စူးချင်းတစ်ယောက် သူမကိုယ်သူမ မထိန်းနိုင်ဘဲ သရည်ပင် ယိုနေလေသည်။ သူမ ကိုယ်ဝန်ရှိနေကတည်းက ပေါ့ပေါ့ပါးပါး အရသာများကိုသာ စားချင်လာပြီး သိုးသားကို မြင်လျင် အန်ချင်စိတ်များ ပေါ်လာတတ်သည်။

"ဒီဟာက? ချင်းအာ... မင်း ဒီအသီးအရွက်တွေကို ဘယ်ကနေရလာခဲ့တာလဲ?"

လတ်ဆတ်သော ဟင်းသီးဟင်းရွက်များဟင်းပွဲများနှင့် ပြည့်နေသော စားပွဲကို မြင်လိုက်ရသောကြောင့် ရှောင်းကျဲယွိလည်း အံ့အားသင့်နေလေသည်။ သူလည်း အသားများကိုသာ နေတိုင်းစားနေရသောကြောင့် အသီးအရွက်များကို မြင်သည်နှင့် စာချင်းစိတ် ဖြစ်ပေါ်လာသည်။ သို့သော် ယခုက စိုက်ပျိုးရာသီ မရောက်သေးဘဲ အသီးအရွက်များ ရှိနေခြင်းကြောင့် ထူးဆန်းနေသည်ဟု သူ တွေးကာ ချက်ချင်း မေးမြန်းလိုက်ခြင်းပင်။

“အရင်စားလေ၊ စားပြီးရင်း ရှင် ကြည့်ဖို့ ကျွန်မ ခေါ်သွားပေးမယ်"

စူးချင်းက အနည်းငယ် မခိုးမခန့် ပြုံးနေပြီး သူမက သူမ၏ လျှို့ဝှက်ချက်ကို လုံးဝ မဖော်ပြချင်သေးပေ၊

အခု ပြောလိုက်ရင် သူ့အတွက် အံ့သြစရာတစ်ခု ပျောက်ဆုံးသွားမှာပေါ့။

“ကောင်းပါပြီ”

ရှောင်းကျဲယွိက စူးချင်း၏ လျှို့လျှို့ဝှက်ဝှက် ဖြစ်နေသော ရယ်ချင်စရာပုံစံကို ကြည့်ရင်း သဘောတူလိုက်သည်။

သူက သူ့ချင်းအာရဲ့ ဒီလိုအပြုအမူလေးတွေ မြင်နိုင်ခွင့်ရှိတဲ့ တစ်ဦးတည်းသောသူပဲ။ အခုလိုပုံစံလေးဖြစ်နေတဲ့ သူမက တုံးတုံးအအ ပုံစံလေးဖြစ်နေပြီး အရမ်းချစ်စရာကောင်းတယ်။

စူးချင်းက ဟင်းနုနွယ်ဟင်းရည်ပန်းကန်ကို လှမ်းယူလိုက်ပြီး ရှောင်းကျဲယွိအတွက် တွန်းပေးလိုက်သည်။ ဟင်းနုနွယ်ရွက်က သံဓာတ်ပါဝင်ပြီး ခွန်အားဖြစ်စေသောကြောင့် စစ်သည်များအတွက် အသင့်တော်ဆုံးဖြစ်သည်။

“အရသာ ရှိတယ်”

ရှောင်းကျဲယွိက ပန်းကန်လုံးထဲရှိ အစိမ်းရောင်ဟင်းချိုကို ငုံ့သောက်လိုက်ပြီး စိတ်ကျေနပ်စွာ ချီးကျူးပြီးမှ နောက်တစ်ငုံထပ်သောက်လိုက်သည်။

ထို့နောက် သူက မုန်လာစိမ်းနှင့် ကြက်သွန်မြိတ်များကို ကြက်ဥပြုတ်နှင့် ရောနေသည့် စူးချင်းကို လှမ်းကြည့်လိုက်သည်။ သူမက အားရပါးရ သောက်နေပြီး သူမ ထိုကဲ့သို့အစားစားချင်စိတ် ပြင်းပြနေသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူမ ပါးစပ်လေး ဖောင်းနေသည်ကို ကြည့်ရုံဖြင့် အစားအစာများက ပိုအရသာရှိလာသလို ခံစားရစေသည်။

ရှောင်းကျဲယွိက စူးချင်းကို အတုယူပြီး ပန်းကန်တစ်ခုစီမှ ဟင်းနည်းနည်းစီ လှမ်းယူလိုက်သည်။

ဒါတွေက အခုအချိန်မှာ အရမ်းအဖိုးတန်တဲ့ဟင်းလျာတွေလေ၊ သူ မစားရင် သူ လူမိုက် ဖြစ်သွားမှာပေါ့။

သို့သော်လည်း ရှောင်းကျဲယွိက ထိုဟင်းများကို စားရန် အနည်းငယ် ဝန်လေးနေသေးသည်။ ရှောင်းကျဲယွိက အသီးအရွက် အနည်းငယ်စီသာ ယူနေသည်ကို မြင်လိုက်သဖြင့် စူးချင်းက သူ မကြိုက်ဘူးဟု ထင်သွားခဲ့သည်။

"ရှင် မကြိုက်ဘူးလား?"

သူမက သူမမှာ ကောင်းမွန်တဲ့ အစားအစာတွေ ရှိနေတာကြောင့် ရွှေ့ရှန့်နဲ့ မျှဝေချင်ခဲ့တာလေ။ ဓါပေမယ့် သာမန်လူတွေရဲ့အမြင်မှာ အသားက ဟင်းသီးဟင်းရွက်တွေထက် ပိုအရသာရှိတာကို သူမ မေ့သွားမိတယ်။

"ကိုယ် ကြိုက်ပါတယ်။ ဒါပေမယ့် ကိုယ် မင်းအတွက် ချန်ထားပေးချင်သေးတယ်။ ဒီအသီးအရွက်တွေ စားပြီးရင် မင်း မအန်ဘူးလေ”

ရှောင်းကျဲယွိ၏ နှုတ်ခမ်းများပေါ်တွင် နွေးထွေးသည့် အပြုံးတစ်ခု ရှိနေသည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှဦ ချင်းအာက စားပြီးတိုင်း အော့အန်နေခဲ့ပြီး သူမရဲ့ အစာစားချင်စိတ်ကလည်း လျော့ကျသွားတယ်။ အခု သူမ စားချင်တဲ့အရာ တစ်ခုခု ရှိလာမှတော့ သူ သူမအတွက် ချန်ထားပေးရမှာပေါ့။

ရှောင်းကျဲယွိက သူမ စားရန် ချန်ပေးထားသည်ကို နားလည်သွားချိန်တွင် စူးချင်းလည်း သူမ၏ နှလုံးသားထဲမှ နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူမက ပြုံးလိုက်ပြီး ရှောင်းကျဲယွိအတွက် စားစရာတစ်ချို့ ထည့်ပေးလိုက်သည်။

“မြန်မြန်စား၊ အများကြီး ရှိသေးတယ်”

ရှောင်းကျဲယွိက စူးချင်း ချဲ့ကားပြောဆိုနေသည်ဟု ထင်နေခဲ့သည်။

ဒီအချိန်မှာ ဒီလိုအသီးအရွက်တွေကို ဘယ်ကနေ အများကြီး ရနိုင်မှာလဲ?

နောက်ဆုံးတွင် စူးချင်းက သူ့လက်ကို ကိုင်ပြီး ဖန်လုံအိမ်ငါးလုံးဆီသို့ ဦးတည်လိုက်သည်။ ယခု အတူတူ လမ်းလျှောက်ရသောကြောင့် နွေးထွေးမှုကို ခံစားရပြီး မြေပြင်ကပင် စိမ်းလန်းနေသလို ခံစားရစေကာ နွေဦးပေါက်၏ရနံ့ ပိုသင်းပျံ့နေလေသည်။

မနက်က စားခဲ့တဲ့ အသီးအရွက်တွေ အားလုံးက ဒီမှာ ရှိနေတာလား?

အစပိုင်းတွင် ရှောင်းကျဲယွိက ထိုသို့ တွေးနေခဲ့ပြီး နံပါတ်လေးဖန်လုံအိမ်သို့ ရောက်သွားချိန်တွင်တော့ ထိုအသီးအရွက်များက ဘာမှန်းပင် သူ မသိနိုင်တော့ပေ။

"ချင်းအာ၊ ဒီဟင်းရွက်တွေက ဘာတွေတုန်း?"

ရှောင်းကျဲယွိက ဇဝေဇဝါ ဖြစ်နေဟန်ဖြင့် မေးလိုက်သည်။ ယခင်က သူ ဆန်လုံးညိုနှင့် ဂျုံပင်များကိုသာ အများစု စိုက်ပျိုးခဲ့ဖူးသည်။ သူတို့၏တောင်ပေါ်မြေတွင် မြေပြန့် ရှားပါးသောကြောင့် အိမ်နောက်ဖေးမြေပြင်ပေါ်တွင်သာ ဟင်းသီးဟင်းရွက်အချို့ စိုက်ပျိုးနိုင်ခဲ့သည်။ နောက်တစ်ဘက်မှ စဥ်းစားလျှင် သူတို့၏ဆာလောင်မှုကို အပြည့်အဝ မဖြည့်ဆည်းပေးနိုင်သည့် ထိုအပင်များ စိုက်ပျိုးရန် မြေနေရာ ကျယ်ကျယ် သုံးရန် တွန့်ဆုတ်နေခဲ့ကြသည်။

“ဒါတွေက အာလူးနဲ့ ကန်စွန်းဥတွေလေ။ သူတို့ရဲ့အမြစ်တွေကလေ အသီးသီးနိုင်တယ်၊ တပင်တည်းကနေတောင် အရေအတွက်အများကြီး ရနိုင်တော့ စားနပ်ရိက္ခာ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်လိမ့်မယ်”

စူးချင်းက သူ့ကို ရှင်းပြလိုက်သည်။ ထိုအရာက စူးချင်း၏ အနာဂတ်အတွက် အစီအစဉ်ဖြစ်သည်။ အာလူးကို အရန်ဟင်းအဖြစ်စားသုံနိုင်သလို အဓိကအစားအစာအဖြစ်လည်း စားသုံးနိုင်သည်။ ကန်စွန်းဥကလည်း ထို့အတူပင် ဖြစ်သည်။ နှစ်မျိုးစလုံးက စိုက်ပျိုးရလွယ်ကူပြီး အထွက်နှုန်းလည်း မြင့်မားသည်။ သူမတို့ တိုင်းပြည်ကို သိမ်းပိုက်ပြီးနောက် အာလူးနှင့် ကန်စွန်းဥများ စိုက်ပျိုးရန် တိုင်းသူပြည်သူများကို လမ်းညွှန်ပေးမည်ဟု စူးချင်း ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူမက ပထမဆုံးအနေဖြင့် လူတိုင်းအတွက် အခြေခံ အစားအသောက်နှင့် အဝတ်အထည် ပြဿနာကို ဖြေရှင်းပေးရန် စိတ်ပိုင်းဖြတ်ထားပြီး ထို့နောက်မှာသာ ဆန်နှင့် ဂျုံမှုန့်ကဲ့သို့သော သန့်စင်သော အစေ့အဆန်များ စိုက်ပျိုးရန် တွေးထားခဲ့သည်။

"အဲ့လိုလား?"

ရှောင်းကျဲယွိက ထိုစကားကြောင့် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။

တကယ်‌တော့ သူလည်း တိုင်းပြည်ကို မသိမ်းပိုက်နိုင်သေးတာတောင် တိုင်းပြည်နဲ့ ပြည်သူ့တွေအတွက် တွေးနေပြီး စိတ်ပူနေခဲ့တာပါ။ အခု မိုးခေါင်ရေရှားမှုကို သုံးနှစ်ဆက်တိုက် ကြုံခဲ့ရပြီး မရေမတွက်နိုင်တဲ့ လူတွေ ငတ်ပြတ်သေဆုံးနေရတယ်။ အရေးကြီးဆုံးက စားစရာ လုံလုံလောက်လောက်ရှိဖို့ပဲပေါ။

“ဟုတ်တယ်၊ အာလူးတစ်ပင်ကနေ အာလူးဆယ်လုံးလောက်အထိ ထွက်နိုင်တယ်။ တစ်ချို့အာလူးအကြီးတွေဆိုရင် တစ်ကျင်း၊နှစ်ကျင်းလောက်အထိ အလေးချိန်ရှိနိုင်တယ်၊ သေးငယ်တဲ့အာလူးတွေကတော့ အလေးချိန် နည်းနည်းပဲ ရှိနိုင်တာပေါ့၊ ပြီးတော့ စိုက်ပျိုးဖို့လည်း အထူးတလည် ဘာမှ လုပ်နေစရာ မလိုဘူး”

စူးချင်းက ရှောင်းကျဲယွိအား စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ သူလည်း ထိုအချက်အလက်များကို စနစ်ထံမှ သိခဲ့ရခြင်း ဖြစ်ပြီး အာလူးများကို ပြုတ်၍သော်လည်း မီးဖြုတ်၍သော်လည်း စားနိုင်သေးသည်။ အခြားပါဝင်ပစ္စည်းများနှင့် ရောနှောလိုက်သည့်တိုင် အာလူးကအရသာက မပြောင်းလဲဘဲ ပို၍ စားကောင်းလာပေလိမ့်မည်။

“ကောင်းတယ်၊ ဒါက အရမ်းကောင်းတယ်”

ရှောင်းကျဲယွိက နှစ်ကြိမ်ဆက်တိုက် ကျုံးဝါးလိုက်ပြန်သည်။ ထို့နောက်တွင်မူ သူက အာလူး၏ပုံပန်းသဏ္ဍာန်ကို မြင်နိုင်ရန် စိတ်စောနေတော့သည်။ ထိုကြောင့် သူက စကားပြောနေရင်း အာလူးပင်ပေါက်တစ်ပင်ကို ဆွဲနှုတ်လိုက်သည်။ သူက စူးချင်း ယခုန ပြောခဲ့သည့် မြင်ကွင်းကို မြင်ရတော့မည်ဟု မျှော်လင့်ပြီး အမြစ်ကို လှမ်းကြည့်လိုက်သည်။ သို့သော် အမြစ်မှ တွဲလောင်းကျနေသော ကြက်မျက်လုံးလေးများလောက် အလုံးသေးသေးလေးအချို့ကိုသာ သူ တွေ့လိုက်ရသည်။

ဒါပဲလား? ဒါက စားလို့တောင် ရနိုင်ပါ့မလား?

ရှောင်းကျဲယွိ၏မျက်လုံးများတွင် သံသယရိပ်များ ပြည့်နှက်လာသည်။ ရှောင်းကျဲယွိတစ်ယောက် အာလူးပျိုးပင်အား နှုတ်နေသည်ကို မြင်လိုက်ရသည့် စူးချင်းကတော့ သူမ၏နှလုံးသားပင် နာကျင်သွားသလို ခံစားလိုက်ရသည်။

"ဒါက မရင့်သေးဘူး! ဘာလို့ ဆွဲထုတ်လိုက်တာလဲ?"

"ဟင်? ဘယ်တော့မှ စားလို့ရမှာလဲ?"

ရှောင်းကျဲယွိက စူးချင်း၏ စိတ်ပူပန်နေသော အမူအရာကို မြင်သွားပြီး သူ့မျက်လုံးများတွင် နောင်တရသွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

သူ ချင်းအာ ဒုက္ခရောက်အောင် လုပ်လိုက်မိပြီလား?

“ဒါက ဆောင်းဦးရာသီမှာ စိုက်ပျိုးဖို့ အသင့်တော်ဆုံးပဲ။ အခုက မျိုးစေ့အတွက် ကျွန်မ စိုက်ထားတာ။ လော့ချန်က လူတွေက ကျွန်မတို့ကို ကူညီပေးခဲ့တယ်၊ အဲ့အတွက် မျိုးစေ့တွေ ရတာနဲ့ သူတို့ကို အရင် စိုက်ခွင့်ပေးကြမယ်လေ။ ပြီးရင်တော့ တစ်တိုင်းပြည်လုံး အနှံ့ဖြန့်ဝေပေးမယ်”

စူးချင်းက ရှောင်းကျဲယွိအား စိတ်အားထက်သန်စွာ ပြောပြနေခဲ့သည်။

ဒါက မြေသြဇာကောင်းတဲ့ မြေမူတစ်သောင်း စိုက်ပျိုးချင်တဲ့ သူမရဲ့အိပ်မက်ကို အကောင်အထည် ဖော်နိုင်တော့မှာ မဟုတ်ဘူးလား?

"ကောင်းပြီလေ ဒါဆို ကိုယ်တော့ ဆောင်းဦးရောက်တဲ့အထိ စောင့်ကြာတာပေါ့"

ရှောင်းကျဲယွိက အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက သူ့လက်ထဲမှ အာလူးပျိုးပင်ကို ကြည့်ကာ စွန့်မပစ်ရက် ဖြစ်နေပြီး ပြန်မြှုပ်ရန် ပြင်ဆင်နေသည်။

ဒါက ချင်းအာ ဝီရိယရှိရှိနဲ့ စိုက်ပျိုးခဲ့တဲ့ အရာလေ။ သူ ဖြုန်းတီးလို့ မဖြစ်ဘူး။

“အဲဒါကို ဆွဲနှုတ်ပြီးမှ ပြန်စိုက်ရင် အသက်မရှင်နိုင်တော့ဘူး။ အသက်ရှင်ရင်တောင် အထွက်နှုန်း မကောင်းနိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ဒါလေးတွေကို ပါးပါးလှီးပြီး ကြော်လိုက်မယ်၊ ကျွန်မတို့ မြည်းစမ်းလို့ရတာပေါ့"

စူးချင်းက ထိုအာလူးပျိုးပင်ကို ပြန်မစိုက်တော့ရန် လှမ်းတားလိုက်သည်။

အမြစ်ကနေ ဆွဲနှုတ်လိုက်မှတော့ ဘယ်လိုဆက်ပြီး ရှင်သန်နိုင်တော့မှာလဲ?

"ကောင်းပြီလေ၊ ဒါဆို ကိုယ် ပြန်မစိုက်တော့ဘူး"

ရှောင်းကျဲယွိက ထိုအာလူးပျိုးပင်ကို သူ့နောက်မှ သက်တော်စောင့်ဆီသို့ လှမ်းပေးလိုက်သည်။

အခု သူ တဲကြီးနှစ်လုံးကိုပဲ ဝင်ကြည့်ရသေးတယ်၊ ထပ်ကြည့်ဖို့ သုံးလုံးကျန်နေသေးတယ်။ သူ့ရဲ့ချင်းအာမှာ ဘယ်လို အံ့အားသင့်စရာတွေ ရှိနေသေးတာလဲ? သူ အရမ်းသိချင်နေပြီ။

ထို့နောက် ရှောင်းကျဲယွိက တဲကို လိုက်ကြည့်နေပြီး ခေါင်မိုးပေါ်ရှိ အဖြူရောင်အပြားကြီးကို စူးစမ်းလေ့လာနေခဲ့သည်။

သို့သော် စူးချင်းက သူ တုံးအသည်ဟု ထင်မြင်သွားမည်ကို သူ စိုးရိမ်နေပြီး သူမကို မေးလည်းမမေးရဲတော့ပေ။ သူ အချိန်အတော်ကြာ စူးစမ်းနေခဲ့သော်လည်း အဖြေရှာမရခဲ့ပေ။ နောက်ဆုံးတွင် ရှောင်းကျဲယွိက ကျောင်းသားကောင်းတစ်ယောက် ဖြစ်လာရန် ဆုံးဖြတ်ပြီး အရှက်မဲ့စွာ မေးမြန်းလိုက်တော့သည်။

"အမိုးပေါ်မှာ အဖြူရောင်အပြားက ဘာကြီလဲ?"

“ဒါကို ပရော်ဖက်ရှင်နယ် ဖန်လုံအိမ်တွေမှာ သုံးတဲ့ ပလတ်စတစ်ပြားတွေ‌လေ”

ရှောင်းကျဲယွိက စူးချင်း ပြောနေသည့်စကားများကို နားမလည်နိုင်သေးပေ။

ပလတ်စတစ်ပြားဆိုတာက ဘာလဲ? သူ အနှစ်နှစ်ဆယ်ကြာအောင် အသက်ရှင်ခဲ့ပေမယ့် ဒါမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။

"ဒါကို ကောင်းကင်က ပေးတဲ့ လက်ဆောင်တစ်ခုလို့ပဲ သတ်မှတ်လိုက်ပါတော့!"

စူးချင်းက သူမ သူ နားလည်အောင် မရှင်းပြနိုင်မှန်း သိသွားပြီး ထပ်ရှင်းမချင်တော့ပေ။

ခေတ်ဟောင်းက လူတွေက ဒါမျိုးတွေကို ဘယ်လိုနားလည်နိုင်ပါ့မလဲ?

“မင်းကမှ ကိုယ့်အတွက် ကောင်းကင်ကနေပေးတဲ့ အဖိုးတန်ဆုံးလက်ဆောင်ပဲ”

စူးချင်းကို ကြည့်နေသည့် ရှောင်းကျဲယွိ၏ မျက်ဝန်းနက်နက်များထဲတွင် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေလေသည်။

သူ့ရဲ့ချင်းအာက သူ အင်ပါယာတည်ဆောက်ဖို့ ကူညီပေးနေတဲ့အပြင် ပြည်သူတွေအတွက် အထွက်နှုန်းမြင့် အစားအစာကိုတောင် အခုတည်းက စပြင်ဆင်ပေးနေပြီ။ ပြီးတော့ သူမမှာလည်း သူ့ကလေးလေး ရှိနေသေးတယ်။ သူမက သူ့ရဲ့ကံကောင်းခြင်းကြယ်ပွင့်ဆိုတာ သူ ချဲ့ကားပြောဆိုနေတာ မဟုတ်ပါဘူး။

သူ ဒီလို ပြောဖူးတာ ဒါ ပထမဆုံး မဟုတ်ပေမယ့် ဘယ်နှခါပြောရပြောရ သူ မငြီးငွေ့သွားဘူး။

“အင်း၊ ကျန်တဲ့ ဖန်လုံအိမ်တွေကို ဆက်ကြည့်ရအောင်”

စူးချင်းက မြှောက်ပင့်ပြောဆိုခံရခြင်းကို မကြိုက်ပေ။ သို့သော်လည်း ပြောသူက မည်သူမည်ဝါဖြစ်နေသည့်အပေါ်တွင်လည်း မူတည်နေသေးသည်။ ရှောင်းကျဲယွိက ထိုသို့ ပြောလျှင်တော့ သူမ သဘောကျတတ်ပြီး သူမ၏အေးစက်စက် မျက်နှာပေါ်တွင် အပြုံးလေးများ ဖြစ်ပေါ်လာလေ့ရှိသည်။

"ကောင်းပြီလေ၊ ကိုယ့်ရဲ့ချင်းအာမှာ ဘာအံ့သြစရာတွေ ထပ်ရှိနေလဲဆိုတာ ကြည့်ကြရအောင်"

ရှောင်းကျဲယွိက စူးချင်း၏လက်ကို ဆုပ်ကိုင်ရင်း အပြုံးဖြင့် ပြန်ပြောလိုက်သည်။ သူမ၏သေးငယ်နူးညံ့သောလက်လေးက တိမ်တိုက်တစ်ခုကို ဆုပ်ကိုင်ထားသလို ခံစားရစေသည်။

"သခင်လေး၊ မကောင်းတာ တခုခု ဖြစ်နေပါပြီ"

All Chapters