နာမည်ကျော်အဆိုတော်တစ်ဦး၏ လက်မှတ်ရရှိရေး
Vol. 6 Ch. 73
အန်လင်း၏ မေးခွန်းအား ကြားသည့်အခါတွင် ထျန်းလင်းလင်း၏ မျက်နှာတွင် ကိုးရို့ကားယားနိုင်သည့် အမူအရာများ ပေါ်လာတော့သည်။
“ဘာလား … နင်မလုပ်နိုင်ဘူးလား …” အန်လင်းက စိုးရိမ်စွာဖြင့် မေးလိုက်သည်။
ထျန်းလင်းလင်းသည် အန်လင်း၏ မေးခွန်းအား ပြန်မဖြေပေ။ “တကယ်တော့ … နင်က တုန်ဖန်ရွှယ်နဲ့ အရင်ကတည်းက သိပြီးသား …”
“ငါက တုန်ဖန်ရွှယ်ကို အရင်ကတည်းက သိတယ် ဟုတ်လား …” ထျန်းလင်းလင်း၏ စကားအား ကြားသည့်အခါတွင် အန်လင်းက အံ့အားသင့် သွားသည်။
ထျန်းလင်းလင်း၏ မျက်နှာတွင် မရိုးသားသည့် အပြုံးတစ်ခု ပေါ်လာပြီး “တုန်ဖန်ရွှယ် ဆိုတာ ငါတို့ရဲ့ WeChat ဂရုထဲက ကောင်းကင် နတ်မိမယ် တည်ငြိမ်လေ …”
“ကောင်းကင် နတ်မိမယ်တည်ငြိမ် ဟုတ်လား …”
သူ့စိတ်ထဲတွင် ပုံရိပ်များစွာ ပေါ်လာသည့် အခါတွင် အန်လင်း၏ မျက်ဆံများမှာ ကျဉ်းမြောင်း လာတော့သည်။
ပထမဆုံး အကြိမ်အဖြစ် ဂရုအတွင်း ကောင်းကင်နတ်မိမယ် တည်ငြိမ် ပေါ်လာချိန်မှာ အန်လင်း၏ ရူးလောက်အောင် မြန်ဆန်သည့် ကျင့်ကြံနှုန်းကို ကြားလိုက်မိသဖြင့် သူမမှာ ထိတ်လန့် တုန်လှုပ်ကာ သွေးအန်ပြီး မူးမေ့ သွားတော့သည်။
ဒုတိယ တစ်ကြိမ်မှာ သူမသည် တစ္ဆေဘုရင်အား သုတ်သင်မည့် တာဝန်၌ ပါဝင်လိုသဖြင့် အန်လင်းအား တောင်းပန် ခဲ့လေသည်။
သို့သော်လည်း ထိုအချိန်က အန်လင်းသည် တာအိုခန္ဓာ အဆင့်၁၀ ကျင့်ကြံ သူများကိုသာ လိုအပ်ခြင်း ဖြစ်သဖြင့် သူမ၏ တောင်းဆိုမှုကို တစ်စက္ကန့်မျှပင် စဉ်းစားခြင်းမရှိ ငြင်းပယ်ခဲ့သည်။
“ဒီဟာက …” အန်လင်းမှာ အနည်းငယ် ဆွံ့အ နေမိသည်။
အန်လင်းက အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် “ကိုယ်စိုက်ပျိုးတာ ကိုယ်ပြန်ရိတ်သိမ်း ရမှာပေါ့လေ …”
ဂရုတစ်ခုတည်းမှ သူငယ်ချင်းများ ဖြစ်သည့် အတွက်ကြောင့် သူမ၏ လက်မှတ်အား ရရှိရန် သူ့တွင် အခွင့်အရေး တစ်ခု ရှိခဲ့ပေလိမ့်မည်။
သို့ပေမဲ့လည်း ယခုအခါတွင်မူ အန်လင်းသည် ရည်ရွယ်ချက် မရှိပါဘဲနှင့် သူမအား ထပ်ကာထပ်ကာ နာကျင်စေခဲ့မိသည်။ ထို့ကြောင့် သူမထံမှ လက်မှတ် တောင်းဆိုမည် ဆိုလျှင်ပင် သူမအနေဖြင့် ပေးလိမ့်မည်တဲ့လား။
ထို့အစား ပါးရိုက်ပြီးသာ ပြန်လွှတ် လိုက်ပေလိမ့်မည်။
ဘုရားသခင်သည် တရားမျှတသူ ဖြစ်လေသည် ...။
အန်လင်းက ထိုင်ခုံတွင် မျှော်လင့်ချက်မဲ့စွာဖြင့် ပုံလျက်သား ရှိနေသည်။ သူ့မျက်နှာသည် ဝမ်းနည်း အားငယ်သည့် အမူအရာနှင့် ဖြစ်သည်။
ထျန်းလင်းလင်း သည်လည်း ထိုအခြေအနေကို နားလည်မိသည်။ သူမမျက်နှာတွင် နာကျင်သည့် မျက်နှာဖြင့် ဘေးတွင်ရပ်နေကာ ဘာပြောရမှန်းလည်း မသိပေ။
“ကောင်းပြီ … နင်က တကယ်ကြီး မမတုန်ဖန်ရဲ့ လက်မှတ် လိုချင်ရင်တော့ အဲဒါက မဖြစ်နိုင်ဘူးလို့တော့ မဟုတ်ပါဘူး … ဒါပေမဲ့လည်း နင်က ...” ထျန်းလင်းလင်းက ခေတ္တမျှ တုံ့ဆိုင်း နေလိုက်သည်။
“ဒါပေမဲ့လည်း ငါက ဘာဖြစ်လဲ …” ထျန်းလင်းလင်း၏ နာကျင်နေသည့် အမူအရာအား မကြည့်မီ အန်လင်းသည် သတိပြန်ကပ် လိုက်သည်။
“မမတုန်ဖန်က ငါ့ကို မျက်နှာသာပေးတယ်လေ … သူမက တစ်ခါမှ လက်မှတ် မထိုးဖူးဘူး ဆိုရင်တောင် ငါတောင်းဆို လိုက်မယ်ဆိုရင် သူမက လုပ်ပေးမှာပဲ … လိုအပ်တာကတော့ … နင်သိပါတယ် …” ထျန်းလင်းလင်းက သူမနှဖူးကို ပွတ်နေရင်း သက်ပြင်း ချလိုက်သည်။ “မျက်နှာသာပေးမှု ဆိုတာမျိုးက တစ်ကြိမ် တစ်ခါလောက်ပဲ ကောင်းတယ်မလား …”
အန်လင်းက ကမ်းလှမ်းမှု မလုပ်ခင်မှာ ခေတ္တမျှ တွေးတော လိုက်သေးသည်။ “စိတ်ဝိညာဉ်ကျောက်တုံး နှစ်ဆယ် …”
ထျန်းလင်းလင်းက အနည်းငယ် တုံ့ဆိုင်းနေပြီး “ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဒီအလုပ်က အမျိုးသမီး ကျင့်ကြံသူတွေရဲ့ ဓာတ်ပုံကို စုဆောင်းတာထက် လွယ်ကူမနေဘူးနော် …”
အန်လင်းက စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာဖြင့် ကမ်းလှမ်းရန် ပြင်နေစဉ်မှာပင် ထျန်းလင်းလင်းက သူမဘာသာ အဆိုပြုလာသည်။ “စိတ်ဝိညာဉ်ကျောက်တုံး သုံးဆယ်ဆိုရင် ဘယ်လိုလဲ … စိတ်ဝိညာဉ်ကျောက်တုံး သုံးဆယ် ပေးမယ် ဆိုရင်တော့ ငါက ကူညီပါ့မယ်လေ …”
အန်လင်းက အမူအရာ ကင်းမဲ့စွာဖြင့် မျက်တောင်များ ခပ်လိုက်သည်။ “အမ် … အင်း … ကောင်းပြီ …”
အန်လင်း၏ အဖြေကို ကြားသည့်အခါ ထျန်းလင်းလင်း၏ မျက်နှာတွင် အဖြေရှာ၍ မရသည့် အပြုံးတစ်ချက် ပေါ်လာသည်။
ဟဟ … သူက ထုံထိုင်းခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းကို အချိုးကျ ပေါင်းစပ်ထားတာပဲ … ဒါက လက်မှတ်လေး တစ်ခုပဲလေ … ငါက တောင်းလိုက်မယ်ဆိုရင် မမတုန်ဖန်က သေချာပေါက် ပေးမှာပေါ့ … သူ့ဆီကနေ စိတ်ဝိညာဉ်ကျောက်တုံး သုံးဆယ်လောက် ဂွင်ဖန်လိုက်တာ … ဟိဟိ … ပိုက်ဆံရှာရ လွယ်လိုက်တာနော် …
ထျန်းလင်းလင်း မသိလိုက်သည်မှာ သူမ၏ အဆိုပြုချက်အား ကြားလိုက်သည့် အခါတွင် အန်လင်း၏ မျက်နှာတွင်လည်း နားလည်ရခက်သည့် အပြုံးတစ်ခု ပေါ်လာခြင်းပင်။
လိုလီလေးတွေက တကယ်ကို လိမ်ညာဖို့ လွယ်ကူလွန်းတယ် … အဲဒီလက်မှတ်ရဖို့ ငါ့ကို ပေးလိုက်တဲ့ အဖိုးအခက စိတ်ဝိညာဉ် ကျောက်တုံး ရှစ်ရာလေ … လိုလီလေးကို ပေးလိုက်တဲ့ သုံးဆယ်ကို ဖယ်လိုက်မယ် ဆိုရင်တောင် အမြတ်က ခုနစ်ရာနဲ့ ခုနစ်ဆယ်တိတိ ကျန်နေသေးတယ် … ပိုက်ဆံရှာရ လွယ်လိုက်တာနော် …
သူတို့နှစ်ဦးစလုံးသည် အတွေးထဲ နစ်မျော နေကြပြီး သူတို့၏ စိတ်ခံစားချက် များသည်လည်း သိသာစွာပင် မြင့်တက် လာနေသည်။
ထျန်းလင်းလင်းက တုန်ဖန်ရွှယ် ရှိနိုင်မည့် နေရာအား စုံစမ်းလိုက်သည်။ များမကြာမီမှာပင် တုန်ဖန်ရွှယ်သည် ယနေ့ညတွင် ရုံမြို့၌ ဖျော်ဖြေပွဲရှိသည့် အကြောင်း သိလိုက်ရသည်။
အား … တိုက်ဆိုင်ချက်ပဲ …
နတ်ဘုရား များသည်ပင်လျှင် သူမဘက်တွင် ရှိနေကြသည် …
တစ်ချိန်တည်းမှာပင် ညဦးမှောင်စ ပျိုးလာပြီး ဖျော်ဖြေပွဲ စတင်တော့မည် ဖြစ်သည်။
အန်လင်းနှင့် ထျန်းလင်းလင်း တို့အတွက် ဖျော်ဖြေပွဲသို့ သွားရန် အချိန် လုံလုံလောက်လောက် ရှိနေသေးသည်။
ထိုသို့ဖြင့် သူတို့နှစ်ဦးသားသည် ဖျော်ဖြေပွဲ ကျင်းပရာ နေရာသို့ ထွက်ခွာ လာကြတော့သည် …
***
ထျန်းလင်းလင်းသည် တုန်ဖန်ရွှယ်နှင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း သူမသည် အလုပ်များနေပုံ ရသည့်အတွက် ထျန်းလင်းလင်း၏ မက်ဆေ့ချ်များအား ပြန်ဖြေခြင်း မပြုပေ။
ထို့ကြောင့် ထျန်းလင်းလင်းသည် ထျန်းယွီအုပ်စု၏ အထွေထွေ မန်နေဂျာအား ဖုန်းခေါ်လိုက်ပြီး စင်နောက်သို့ ဝင်ခွင့်ပေးရန် တောင်းဆိုလိုက်သည်။
သူမ၏ ထျန်းယွီအုပ်စု ဥက္ကဌ သမီးဆိုသည့် ဂုဏ်ပုဒ်မှာ အလင်းတန်းနှင့် တူသည်။ ဆယ်မိနစ် အတွင်းမှာပင် ဖျော်ဖြေပွဲ တစ်ခုလုံးရှိ ဝန်ထမ်းများအား အသိပေးပြီး ဖြစ်သွားသည်။
အချိန်တို အတွင်းမှာပင် သူတို့နှစ်ဦးသည် ဖျော်ဖြေပွဲကျင်းပရာ အဆောက်အဦသို့ ရောက်ရှိလာကြသည်။
အန်လင်းတို့သည် အဆောက်အဦ အပြင်ဘက်တွင် ရှိနေကြသော်လည်း သောင်းနှင့်ချီသည့် အဖြူရောင် အလင်းတန်းများသည် ညအချိန်တွင် စည်းချက်ကျကျ ဝှေ့ယမ်း နေသည်ကို မြင်တွေ့နေရသည်။ အလင်းများသည် အဆောက်အဦ တစ်ခုလုံးအား အဖြူရောင် ပင်လယ်ကြီး အဖြစ်သို့ ပြောင်းလဲသွားစေပြီး ထိုမြင်ကွင်းသည် အလွန်လှပ လွန်းသည်။
လေထဲတွင် ဆွဲဆောင်အား ကောင်းသည့် တေးဂီတသံများ ပျံ့လွင့်လျက်ရှိကာ ဖျော်ဖြေပွဲသို့ လာရောက်ကြသူများသည် သီချင်းသံထဲတွင် နစ်မြော သွားကြလေသည်။
တုန်ဖန်ရွှယ်သည် အလွန်အံ့အားသင့်ဖွယ်ရာ အဆိုတော်တစ်ဦးပင်။
ထိုအချိန်တွင် အန်လင်းအား ထိုင်ခုံတစ်ခု ပေးမည်ဆိုပါက သူက အဆောက်အဦ အပြင်တွင် ထိုင်ပြီး ဖျော်ဖြေပွဲမှ ထွက်ပေါ်လာသည့် သီချင်းသံအား အဆုံးအထိ နားထောင်နေမည်ပင် ဖြစ်သည်။
သူမ၏ ပရိသတ်အများစုသည် အမှန်တကယ်ပင် ကိုယ်ပိုင်ထိုင်ခုံများ ယူလာကြပြီး အဆောက်အဦ အပြင်ဘက်တွင် ထိုင်ကာ သီချင်းသံအား နှစ်လိုမှု အပြည့်ဖြင့် နားထောင် နေကြလေသည်။
အန်လင်းက ထိုလူများအား အကြမ်းဖျင်း ရေတွက် ကြည့်လိုက်သည့် အခါတွင် အနည်းဆုံး ထောင်နှင့်ချီ၍ ရှိမည်ကို သိလိုက်ရသည်။
အန်လင်းမှာ ထိတ်လန့်မှုကြောင့် ဆွံ့အ သွားတော့သည်။ သူ၏ ကမ္ဘာကြီးအား ရှုမြင်ချက်များ အားလုံးတို့သည် တုန်ဖန်ရွှယ်၏ သီချင်းသံ လွှမ်းမိုးမှုအောက်တွင် လုံးဝကို ပြောင်းလဲ သွားတော့သည်။
ထိုလူများသည် လက်မှတ် မရလိုက်သည့် ပရိသတ်များပင် ဖြစ်နိုင်သည်။
နံရံတစ်ချပ်သည် သူတို့၏ ချစ်မြတ်နိုးမှုအား တားဆီးနိုင်ပုံ မရှိပေ။ သူတို့သည် အဆောက်အဦ အပြင်ဘက်တွင် ထိုင်ခုံများဖြင့် ထိုင်ကာ ဖျော်ဖြေပွဲအား ခံစား နားဆင်နေကြသည်။
အန်လင်းနှင့် ထျန်းလင်းလင်း တို့သည် ဖျော်ဖြေပွဲအား အနောက်တံခါးမှနေ တိတ်တဆိတ် ဝင်ရောက်လိုက်ပြီး တုန်ဖန်ရွှယ်၏ မိတ်ကပ်ပြင်သည့် အခန်းသို့ ချော့မွေ့စွာ ရောက်ရှိ သွားကြသည်။
အန်လင်းတို့ နှစ်ဦးအား တုန်ဖန်ရွှယ်၏ မန်နေဂျာဖြစ်သူ မစ္စလျှိုမှ လှိုက်လှဲစွာ ကြိုဆိုလာသည်။
မစ္စလျှိုသည် အန်လင်းအား မသိသော်လည်း သူနှင့်အတူ ပါလာသည့် သေးသွယ်သွယ် မိန်းကလေးအား အသေအချာကို မှတ်မိနေပေသည်။ ထိုမိန်းကလေးသည် တုန်ဖန်ရွှယ်၏ သူငယ်ချင်း အရင်းကြီး ဖြစ်သည်သာမက ထျန်းယွီအုပ်စု ဥက္ကဌ၏ သမီးလည်း ဖြစ်သည်။ မစ္စလျှို အနေဖြင့် ထိုကဲ့သို့သော လူမျိုးအား မခန့်လေးစား မလုပ်ဝံ့ပေ။
တုန်ဖန်ရွှယ်သည် စင်ပေါ်၌ သီဆိုဖျော်ဖြေနေဆဲ ဖြစ်သည်။ ဖျော်ဖြေပွဲ ကြာမြင့်ချိန်မှာ နှစ်နာရီဖြစ်ပြီး သူမသည် ထိုအချိန်အတွင်း သီချင်းငါးပုဒ်သာလျှင် ဆိုခြင်းဖြစ်သည်။
သူမသည် ကျန်ရှိသည့် အချိန်များအား ဖျော်ဖြေပွဲသို့ တက်ရောက် လာသူများအား သီချင်းများ သီဆိုရန် ဖိတ်ကြားခြင်း၊ စင်ပေါ်တွင် ကစားခြင်းများ ပြုလုပ်လေ့ရှိသည်။ မည်သည့် အကြောင်းကြောင့်ပင် ဖြစ်စေကာမူ သူမ၏ သီချင်းငါးပုဒ်သာ သီဆိုလေသည်။
ယခုအခါတွင် သူမသည် တတိယမြောက် သီချင်းအား သီဆိုနေခြင်း ဖြစ်ကာ ‘ကိုရေ ဘာတွေလဲ’ ဟု အမည်ရလေသည်။
စင်အနောက်ဘက်ရှိ မိတ်ကပ်ပြင်သည့် အခန်းမှနေ အန်လင်းသည် တုန်ဖန်ရွှယ်၏ ဖျော်ဖြေမှုအား ရှင်းလင်းစွာ ကြားနေရသည်။
တုန်ဖန်ရွှယ်၏ အသံတွင် ရင့်ကျက်တည်ငြိမ်မှုများ ရောယှက်နေသည်။ ‘ကိုရေ ဘာတွေလဲ’ ဟူသည့် သီချင်းမှာ မှန်းဆထားခြင်း မရှိသည့် ဘဝ၏ ခက်ခဲမှုများ ကြမ်းတမ်းမှုများမှနေ ရုန်းထွက်ချင်သည့် သဘောဖြစ်သည်။
ထိုသီချင်းသည် နားထောင်သူများ၏ စိတ်အာရုံထဲတွင် ပုံရိပ်များ ထင်ဟပ် လာစေပြီး ရှေးဟောင်း မြို့တော်တစ်ခု၏ နံရံများပေါ်တွင် မိန်းမပျိုလေးတစ်ဦး သီဆိုဖျော်ဖြေလျက် ရှိသည်ဟုပင် မြင်ယောင်လာစေသည်။
ထိုသီချင်းတွင် စိတ်ခံစားချက်များအား ဖော်ပြနိုင်ရုံသာမက အနုပညာ တစ်ရပ်ကိုလည်း ရုပ်လုံး ကြွလာစေသည်။
တုန်ဖန်ရွှယ်သည် ထိုသီချင်းအား သီဆိုဖျော်ဖြေရာတွင် အလွန်တရာ ကျွမ်းကျင် ပိုင်နိုင်ကြောင်း ထင်ရှားပေသည်။
ထိုသီချင်း ပြီးဆုံး သွားသော်လည်းပဲ နားထောင်သူများ၏ စိတ်အာရုံတွင် အချိန်ကြာမြင့်စွာ စွဲထင်ကျန်နေမည် ဖြစ်သည်။
တုန်ဖန်ရွှယ်သည် မိတ်ကပ်ပြင်သည့် အခန်းသို့ ပြန်လာနေပြီ ဖြစ်သည်ကြောင့် အန်လင်းမှာ အတော်လေး စိုးရိမ်နေမိသည်။
သူက သူမ၏ တောင်းဆိုချက်အား ငြင်းပယ်ခဲ့ဖူးသည် မဟုတ်ပါလား …။
နောက်တစ်ခုမှာ သူက အိုင်ဒဲလ်တစ်ဦးနှင့် တွေ့ဆုံရတော့မည့် ပရိသတ် တစ်ယောက်ကဲ့သို့ ခံစားနေရခြင်းပင်။
မှန်သည်။ အန်လင်းသည် တုန်ဖန်ရွှယ်၏ နှစ်လိုဖွယ် တေးဂီတကြောင့် သူမ၏ ပရိသတ်တစ်ဦး ဖြစ်သွားလေပြီ။
ပေါ့ပါးသည့် ခြေလှမ်းများက အခန်းအနီးသို့ ရောက်လာပြီး ပျော်ရွှင်နေသည့် အသံလေးအား တံခါးတစ်ဖက်မှနေ ကြားနေရသည်။
“မစ္စလျှိုရေ … စံပယ်ပန်း လက်ဖက်ရည်လေး လုပ်ပေးပါဦးနော် …”
ထိုစကားဆုံးသည့်အခါတွင် အမျိုးသမီးတစ်ဦး ဝင်ရောက်လာသည်။
သူမသည် ညိုဖျော့ဖျော့ ဂါဝန်တစ်ထည်အား ဝတ်ဆင်ထားပြီး သူမ၏ နူးညံ့ကာ တင့်တယ်သည့် ပုံရိပ်လေးနှင့် လိုက်ဖက် ညီလှသည်။ သူမ၏ အသားအရေမှာ နှင်းကဲ့သို့ ဖြူဖွေးနေပြီး မျက်လုံးများ သည်လည်း ရေကဲ့သို့ ကြည်လင်ကာ ကြည့်နေသူများအား ညှို့ယူဖမ်းစား နိုင်လေသည်။
ထိုအမျိုးသမီးသည် ဂန္တဝင်ဆန်သည့် အလှတရားများဖြင့် ပြည့်နေသူ ဖြစ်သည်။
အန်လင်းသည် ဘာကြောင့်မှန်းမသိ သည်အမျိုးသမီးရှေ့တွင် သူ့နှလုံးသားသည် ရုတ်တရက် ဆိုသလို ကြည်လင် အေးချမ်းသွားသည်ဟု ခံစားမိသည်။
“မမတုန်ဖန် …”
ထျန်းလင်းလင်းသည် သူမအား စိတ်လှုပ်ရှားစွာဖြင့် ပြေးဖက် လိုက်သော်လည်း သူမ၏ ပုသေးသည့် အရပ်ကြောင့် တုန်ဖန်ရွှယ်၏ ရင်ဘတ်တွင် မျက်နှာ သွားကပ်နေသည်။
တုန်ဖန်ရွှယ်သည် အနောက်သို့ အနည်းငယ်ဆုတ်ကာ သူမ၏ အနေအထားအား အနည်းငယ် ပြင်လိုက်ပြီး ထျန်းလင်းလင်း၏ ခေါင်းကို ချစ်ခင် နှစ်သက်သည့် အပြုံးဖြင့် ပွတ်သပ် နေနေလေသည်။ “ဒီနေ့ည ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာတဲ့တုန်း … နင်က ငါ့သီချင်းတွေကို စိတ်မဝင်စားဘူး မဟုတ်လား …”
အန်လင်းမှာ ချက်ချင်း ဆိုသလို ဒေါသထွက် လာတော့သည်။ တုန်ဖန်ရွှယ်ရဲ့ သီချင်းတွေကို စိတ်မဝင်စားဘူးတဲ့လား …။
ဘယ်လိုတောင် လူမဆန်လိုက်တဲ့ မိန်းမလဲ …။
အန်လင်းက သူ့ကိုယ်သူ သတိမမူမိခင်မှာပင် တုန်ဖန်ရွှယ်၏ ပရိသတ်အကြီးစား တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။
ထျန်းလင်းလင်သည် တုန်ဖန်ရွှယ်အား ပွေ့ဖက်လိုက်ပြီး “မမကို လွှမ်းနေတာ …”
“ဟုတ်ပါပြီ …”
တုန်ဖန်ရွှယ်သည် ‘အပိုတွေ’ ဆိုသည့် သဘောဖြင့် ပြုံးနေရင်း အန်လင်းကို တွေ့သည့်အခါတွင် နှုတ်ခမ်းတင်းတင်း စေ့သွားတော့သည်။
ထျန်းလင်းလင်း သည်လည်း တုန်ဖန်ရွှယ် ကြည့်နေသည့် နေရာကို သတိပြုမိသွားသဖြင့် “မမတုန်ဖန် … သူက ဘယ်သူလဲ သိလား …”
တုန်ဖန်ရွှယ်သည် သူမအရှေ့တွင် ရှိနေသည့် ခန့်ညား ချောမောသည့် သူအား သေချာစွာ အနီးကပ် ကြည့်လိုက်သည်။
သူမ အရှေ့ရှိလူသည် သူမအား အလွန်အမင်း သဘောကျသည့် အမူအရာဖြင့် ပြုံးကာ ကြည့်နေသော်ငြား သူမတွင် ထိုသူနှင့် ပတ်သက်သည့် မှတ်ဉာဏ် တစ်ပိုင်းတစ်စပင် ရှိမနေပါ။
အဆုံးတွင် သူမက စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းခါ လိုက်ပြီးနောက် “ဘယ်လိုမှ စဉ်းစားမရဘူးရယ် … သူက ဘယ်သူတုန်း …”
ထျန်းလင်းလင်းသည် တုန်ဖန်ရွှယ် အနားသို့ ကပ်ကာ မရိုးသားသည့် အမူအရာဖြင့် တီးတိုး ပြောလိုက်လေသည်။ “အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး ကလေးလေး အန်ကို မှတ်မိလား …”
တုန်ဖန်ရွှယ်၏ စိတ်ထဲတွင် သူမတို့ စကားပြော ဆိုခဲ့သည်များအား အစီအရီ ပေါ်လာခဲ့သည်။
သူမ၏ ကြည်လင်အေးချမ်းသည့် မျက်နှာလှလှလေးသည် ရုတ်တရက် ဆိုသလို မကြည်မသာ ဖြစ်လာပြီးနောက် အသက်ပြင်းပြင်း ရှူလိုက်ကာ …
“မစ္စလျှို … ဧည့်သည်ကို လိုက်ပို့လိုက်ပါဦး …”
***