← Chapters

ရှာတွေ့ပြီ

Vol. 8 Ch. 100

ရှာတွေ့ပြီ

Vol. 8 Ch. 100

ကံကြမ္မာအမှတ်ရဲ့ နဂါးအသွင်ပြောင်းလဲမှုကြောင့် ရွှမ်းအာ ထိတ်လန့်နေခဲ့သည်။ ထိုထိတ်လန့်မှုမပြယ် သေးခင်မှာပဲ ယူလျိုရှားရဲ့ အံ့ဩဖွယ်စကားတွေကို ကြားလိုက်ရသဖြင့် သူမအလွန်မှင်သက် သွားလေတော့၏။

"...”

'ကြိုပြီးမှန်းနိုင်ခဲ့တယ် ဟုတ်လား? ရှကျိုးယွီကဒီနေရာနဲ့ မိုင်သောင်းချီဝေးတဲ့မြို့တော်မှာ ရှိနေတာလေ။ မြို့တော်မှာရှိနေတဲ့ သူတစ်ယောက်က သခင်မလေးကို ကူညီပေးခဲ့တယ်တဲ့လား? ဒီကိစ္စက မဖြစ်နိုင်ဘူး’

'ဒါအမှန်ပဲလား? ရှကျိုးယွီမှာ တကယ်ပဲ အခုလိုစွမ်းရည်ရှိနေတာလား? ဒါကြီးက နည်းနည်း များသွားပြီ မထင်ဘူးလား?’

ရွှမ်းအာရဲ့မျက်လုံးတွေက ရှုပ်ထွေးလာခဲ့သည်။

"သခင် အထင်မှားနေတာများလား? ရှကျိုးယွီကအခု ထိုက်အန်းမြို့တော်မှာ ရှိနေတာလေ သခင့်ကို ဘယ်လိုလုပ် ကူညီပေးနိုင်မှာလဲ? သေချာပေါက် နားလည်မှုလွဲနေတာပဲ ဖြစ်မှာပါ”

ယူလျိုရှား ခေါင်းယမ်းပြလိုက်လေကာ…

"ငါလည်းသေချာမသိဘူး။ ဒါပေမဲ့ ငါအာရုံခံလို့ရတယ်၊ သေချာပေါက် ရှကျိုးယွီပဲ အဲ့ဒီအရှိန်ဝါ... အဲ့ဒီအရှိန်ဝါက ရှကျိုးယွီရဲ့ အရှိန်အဝါပဲ။ အဲ့ဒီလွှမ်းမိုးမှုပြည့်နေတဲ့ အရှိန်အဝါထဲမှာ ကောင်းကင်တာအိုရဲ့ ဆန်းကြယ်တဲ့စွမ်းအင်ကိုပါ ငါအာရုံခံမိတယ်။

"နတ်တစ်ပါးရဲ့ အရှိန်အဝါလိုမျိုးပဲ။ အဲ့တာက ရှကျိုးယွီဆိုတာကို ငါရှင်းရှင်းလင်းလင်းသိနေတယ်”

ယူလျိုရှားရဲ့ မျက်နှာအထက်မှာ တည်ငြိမ်မှုအပြည့်ဖြစ်နေခဲ့သည်။ သူမက ဆက်ပြောလိုက်သည်။

"ငါ အာရုံခံနိုင်ခဲ့တာ ဒါပဲ မဟုတ်ဘူး။ အရိပ်တွေထဲကနေ အင်အားကြီးတဲ့ စွမ်းအင်တစ်ခုက ကမ္ဘာကြီးကို အားဖြည့်ပေးနေသလိုမျိုးပဲ!”

"မသိရင်..”

ယူလျိုရှား ခဏရပ်သွားခဲ့သည်။

ရွှမ်းအာ မနေနိုင်စွာ အလောတစ်ကြီးမေးလိုက်တော့၏။

"မသိရင်ဘာဖြစ်သလဲ?”

"ငါခံစားကြည့်ဖို့လုပ်ခဲ့ပေမဲ့ မတတ်နိုင်ခဲ့ဘူး။ မသိရင် အဲ့ဒီအရာက ရှေးကျတဲ့တိုင်းပြည်တစ်ခုကို စောင့်ရှောက်ပေးနေတဲ့ အင်အားကြီး အစောင့်အရှောက်သားရဲတစ်ကောင်ရဲ့ အရှိန်အဝါလိုမျိုးပဲ... ဟုတ်တယ် အစောင့်အရှောက်သားရဲတစ်ကောင် ရဲ့အရှိန်အဝါ!”

ချက်ချင်းပဲ ယူလျိုရှားရဲ့မျက်လုံးတွေက ထိတ်လန့်သွားတော့သည်။ အစောင့်အရှောက်သားရဲဆိုတာ တိုင်းပြည်တိုင်း ပိုင်ဆိုင်နိုင်တဲ့ အရာမဟုတ်ဘူး။ အထူးသဖြင့် တရှားလိုမျိုး သေးငယ်တဲ့တိုင်းပြည်ထဲမှာ အစောင့်အရှောက်သားရဲ ရှိနေစရာ အကြောင်းအရင်းမရှိဘူး။

အစောင့်အရှောက်သားရဲက တိုင်းပြည်ရဲ့ကံကြမ္မာအမှတ်ကို စားသုံးပြီး ကောင်းကင်နဲ့ မြေကြီးကြားမှာ နေထိုင်သည်။

အလွန်ထူးခြားဆန်းကြယ်တဲ့ သတ္တဝါမျိုးစိတ်ပဲ။

သူတို့ရဲ့လှုပ်ရှားမှု တစ်ချက်တည်းနဲ့ပဲ ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးပစ်နိုင်သည်။ ကမ္ဘာကြီးတစ်ခုလုံးကို ဝါးမျိုပြစ်နိုင်သည်လို့ ဒဏ္ဍာရီထဲမှာ ပြောခဲ့ကြသည်။

အစောင့်အရှောက်သားရဲကို ပိုင်ဆိုင်ထားတဲ့ ဘယ်တိုင်းပြည်မဆို ဖျက်ဆီးလို့မရတော့ဘူး!

"အစောင့်အရှောက်သားရဲ ဟုတ်လား? သခင်မလေးအထင်မှားနေတာပဲ ဖြစ်မှာပါ!”

"တရှားတိုင်းပြည်မှာ ဘယ်လိုလုပ် အစောင့်အရှောက်သားရဲရှိနေရမှာလဲ? တကယ်ပဲရှိနေမယ်ဆိုရင် အခုလိုမျိုး ကျန်းနန်မြို့မှာ ရေကြီးတဲ့ကိစ္စဖြစ်ပါ့မလား? သခင်မလေးပဲကြည့်လေ၊ အခုဆိုရင် ရေကြီးတဲ့ကိစ္စက အရမ်းပြင်းထန်လွန်းလို့ ထိန်းချုပ်ဖို့တောင် မလွယ်တော့ဘူး။ သခင်လည်းသိပါတယ် အစောင့်အရှောက်သားရဲရှိတဲ့ ဘယ်တိုင်းပြည်မှာမဆို ရာသီဥတုကောင်းမွန်ပြီး ဥစ္စာပစ္စည်းပေါကြွယ်ဝတယ်။ အခုလိုမျိုး သဘာဝဘေးကျရောက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပဲ”

"ပြီးတော့ တရှားတိုင်းပြည်လိုမျိုး သေးငယ်တဲ့ တိုင်းပြည်တစ်ခုက ဘယ်လိုလုပ် အစောင့်အရှောက်သားရဲတစ်ကောင်ကို မွေးမြူနိုင်မှာလဲ? ကျွန်မလုံးဝ မယုံကြည်နိုင်ဘူး!”

ရွှမ်းအာရဲ့အသံက တဖြေးဖြေးကျယ် လာလေတော့၏။ အနီးနားကလူတွေရဲ့ အာရုံကိုပါ ဆွဲဆောင်မိသွားသည်။ အနားမှာရှိနေတဲ့ ပြည်သူတွေရဲ့အကြည့်က ချက်ချင်းပဲကျရောက်ခဲ့သည်။

ထိုအချိန်မှာ သူမတို့နှစ်ယောက်လုံး မိုးရေထဲမှာ ရပ်နေခဲ့ကြသည်။ ဒါပေမဲ့ သူမတို့အပေါ် မိုးရေတွေက မကျရောက်ဘူး။ ဒါကိုမြင်တော့လူတွေ အံ့ဩကုန်ကာ…

"ဟိုမှာကြည့်လိုက်ဦး အဲ့ကောင်မလေးနှစ်ယောက် ဘာတွေလုပ်နေကြတာလဲ?”

"ငါလည်းမသိဘူး သူရဲ့ပုံစံက ထူးဆန်းတယ်နော်”

"သူတို့ဒီမိုးထဲမှာ ရပ်နေတာ တော်တော်ကြာနေပြီ။ သူတို့ဘာလုပ်နေတာလဲဆိုတာ ငါလည်းမသိဘူး။ ပြီးတော့ တရှားတိုင်းပြည်ကလူဟုတ်ရဲ့လား? သူတို့ရဲ့ပုံစံက မတူနေဘူးနော်”

"ဟမ် တရှားတိုင်းပြည်က မဟုတ်ဘူးလား? ဒါဆိုရင်ငါကြားထားတာ အရှင်မင်းကြီးက ရေကြီးမှုကို ထိန်းချုပ်ဖို့အတွက် ပညာရှင်တချို့ကို စေလွှတ်ထားတယ်တဲ့။ အဲ့တာ ဒီကောင်မလေးနှစ်ယောက်များ ဖြစ်နေမလား?”

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းရဲ့စကားက”

"အဲ့နှစ်ယောက်ရဲ့အသက်ကိုလည်းကြည့်လိုက်ဦး”

လေထုတစ်ခုလုံးမှာ ဆွေးနွေးသံတွေ ပြည့်နက်လာခဲ့သည်။ မိုးရေအလယ်က မိန်းကလေးနှစ်ယောက်ကို လက်ညိုးတစ်ထိုးထိုးဖြင့် ဝိုင်းဝန်းအကဲခတ်နေကြတော့၏။

"မင်းတို့မှတ်မိသေးလား? အရင်အရှင်မင်းကြီး လက်ထပ်က ရေကြီးမှုကို ထိန်းချုပ်ဖို့ လုပ်ခဲ့သေးတယ်။ အဲ့ဒီတုန်းကဆိုရင် အသက်၂၀၀ ရှိတဲ့ အဘိုးအိုတစ်ယောက်ကို စေလွှတ်ခဲ့တာပဲ။ ဒါပေမဲ့ အဲ့တာတောင်မှ ထိန်းချုပ်ဖို့ မလွယ်ကူခဲ့ဘူး။ ငါကြားခဲ့သလောက်ဆိုရင် အဲ့လူကြီး အဆုံးမှာ မေ့လဲသွားတယ်တဲ့။ တော်တော်လေးကြိုးစားခဲ့ပြီးမှ ထိန်းချုပ်နိုင်ခဲ့တာဆိုလားပဲ”

"ဒီကောင်မလေးကရော လုပ်နိုင်မှာလား?”

"ဘယ်သူသိမှာမလို့လဲ?”

"ဒါပေမဲ့ အရှင်မင်းကြီးရဲ့ဆုံးဖြတ်ချက်ကို ငါတို့က ဝင်ပြောနိုင်မှာမလို့လား?”

"ဟုတ်တယ်။ ဒီရက်ပိုင်းထဲမှာဆိုရင် ချင်မင်းသားရဲ့ စွမ်းဆောင်မှုကြောင့် မြို့ထဲမှာလည်း တည်ငြိမ်လာခဲ့ပြီ။ ငါတို့အတွက် အဆိုးအကောင်းကို အတူဖြတ်ကျော်ပေးခဲ့တဲ့ ချင်မင်းသားရှိနေချိန်မှာ ငါတို့က ဘာတွေ ငြီးငြူနေရမှာလဲ?”

"အမှန်ပဲ။ အရှင်မင်းကြီးက ငါတို့အတွက် မတွေးပေးဘူး ဆိုရင်တောင်မှ ငါတို့အနေနဲ့ ချင်မင်းသားကို ရိုင်းပြလို့မဖြစ်ဘူး”

ပြောနေရင်းနဲ့ ထိုလူတွေက အုပ်ချုပ်သူစံအိမ်ရှိရာကို လှမ်းကြည့်လိုက်ကြသည်။ သူတို့ရဲ့မျက်နှာထက်မှာ လေးစားမှုတစ်ချို့ ဝင်ရောက်လာလေ၏။

နားမထောင်ချင်ပေမဲ့ ပျံ့နှံ့လာသော စကားတွေကိုယူလျိုရှား မတုံ့ပြန်ခဲ့ဘူး။ သူမက ရိုးရှင်းစွာပဲ ခေါင်းယမ်းလိုက်သည်။ သူမရဲ့မျက်လုံးတွေက စူးရှနေဆဲပဲ။

"အစောင့်အရှောက်သားရဲ ရှိသည်ဖြစ်စေ မရှိဘူးဖြစ်စေ တရှားတိုင်းပြည်ရဲ့အင်အားက ငါထင်ခဲ့သလို မဟုတ်ဘူးဆိုတာတော့ သေချာတယ်။ ပြီးတော့ သူတို့မှာ တကယ်ပဲ အစောင့်အရှာက်သားရဲ ရှိနေခဲ့ပြီးတော့ ရှကျိုးယွီကလည်း ငါ့ကို ဒီတာဝန် ပေးအပ်ခဲ့တာဆိုရင် ဖြစ်နိုင်ခြေက တစ်ခုပဲရှိတော့တယ်။

ယူလျိုရှား ခဏလောက်တွေးကာ ပြောလိုက်သည်။သူမရဲ့အကြည့်က ကောင်းကင်ထက်မှာ ကပ်ညှိနေလေ၏။

ချက်ချင်းပဲ သူမရဲ့လက်ဖဝါးတစ်ဝိုက်မှာ အလင်းတန်းတွေ ဖြစ်ပေါ်လာခဲ့သည်။ ထိုအလင်းတန်းတွေက စက္ကန့်ပိုင်းအတွင်းမှာပဲ ကောင်းကင်ပေါ်သွယ်တန်းကာ ပျောက်ကွယ်သွားသည်။

ထိုအချိန်မှာ ရွှမ်းအာ မနေနိုင်စွာ မေးလိုက်လေ၏။

"ဖြစ်နိုင်တာတစ်ခုဆိုတာဘာလဲ သခင်?”

"ရိုးရှင်းပါတယ်၊ သူတို့က ဟန်ဆောင်နေတာပဲ။ အပြင်လူတွေရဲ့ အမြင်မှာ သူတို့ကိုယ်သူတို့ မသန်မာတဲ့လူလိုမျိုး ဟန်ဆောင်နေခဲ့တာ။ ဒါပေမဲ့ ငါနားမလည်နိုင်တာတစ်ခုက ရွှမ်ဂိုဏ်းက သူတို့ရဲ့ မြင့်မြတ်ပစ္စည်းတစ်ခုကို ဘာလို့ပေးခဲ့တာလဲ? ပြီးတော့ တရှားတိုင်းပြည်မှာ ဘာကြောင့် အစောင့်အရှောက်သားရဲ ရှိနေတာလဲ ဆိုတာပဲ”

"ဒါကြောင့် နင်ပဲစဉ်းစားကြည့်၊ အခုဆိုရင် တရှားတိုင်းပြည်မှာ နဂါးကိုးကောင်မီးပေါင်းဖိုလည်းရှိပြီ၊ အစောင့်အရှောက်သားရဲလည်းရှိနေခဲ့ပြီ။ သူတို့က ဘာကြောင့် အားနည်းနေရမှာလဲ? ဘယ်လိုပဲတွေးတွေး ဒါက မူမမှန်နေတဲ့ကိစ္စပဲ!”

ယူလျို့ရှား နူးညံ့စွာ သက်ပြင်း ချလိုက်သည်။ အဆုံးမရှိတဲ့သံသယတွေက သူမရဲ့နှလုံးသားကို ရိုက်ခတ်နေ၏။ သူမအတွေးလွန်နေခဲ့တာမလို့ ပြည်သူတွေရဲ့ဝေဖန်စကားကို ဂရုမစိုက်တော့ပေ။

သူမနားလည်ခဲ့ပြီးပြီ။ တရှားတိုင်းပြည်ရဲ့ပြည်သူတွေက ခေါင်းမာတဲ့လူတွေပဲ။ ဒါပေမဲ့ ဘယ်လိုပဲဆိုးသွမ်းတဲ့လူတွေပဲဖြစ်နေပါစေ။ အခြေအနေတစ်ရပ်မှာတော့ သူတို့ရဲ့တိုင်းပြည်အပေါ်ချစ်တဲ့စိတ်က တခြားတိုင်းပြည်ရဲ့ပြည်သူတွေထက်သာလွန်သည်။ စည်းလုံးမှုရှိသည်!

တိုင်းပြည်တိုင်းက ဒါမျိုးကောင်းချီးကို ပိုင်ဆိုင်ရတာမဟုတ်ဘူး။ တရှားတိုင်းပြည်ရဲ့ အားသာချက်ပဲဒါက!

" သခင် ဒါဆိုရင် အဲ့ဒီ အစောင့်အရှောက်သားရဲက လွန်ခဲ့တဲ့နှစ်ရက်က ပေါ်ပေါက်လာခဲ့တာ ဖြစ်မလား?”

ရွှမ်းအာ မနေနိုင်စွာ မေးလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်ပါ တရှားတိုင်းပြည်ရဲ့သန်မာမှုက ငါတို့ထင်တာထက်ပိုတယ်ဆိုတာတော့ သေချာတယ်”

ယူလျိုရှား နူးညံ့စွာရှင်းပြလိုက်လေ၏။

တစ်ချိန်တည်းမှာပဲ သူမက လက်ထဲမှာရှိသော အနက်ရောင်ထီးကို ကောင်းကင်ဆီ ချိန်ရွယ်လိုက်လေသည်။ ထီးဖွင့်လိုက်သည်နဲ့ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ချက်ချင်းပဲ ထိုအလင်းတန်းက ပျောက်ကွယ်သွားသည်။

"သခင်ရှာတွေ့ပြီးလား?”

ရွှမ်းအာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ယူလျိုရှား အဖြေမပေးခဲ့ဘူး။ ထိုအချိန်မှာပဲ ကောင်းကင်ပေါ်ကို လွှမ်းမိုးထားတဲ့ တိမ်မည်းတွေကြားကို အနီရောင်အလင်းတွေ ဖောက်ဝင်လာခဲ့သည်။ ထိုအလင်းက တဖြေးဖြေး‌စူးရှလာကာ အဆုံးမှာတော့ ယူလျိုရှားရဲ့ ခန္ဓာကိုယ်ရှိရာကို ဦးတည်လာခဲ့သည်။ အလင်းလှိုင်းလုံးတွေက တဖြေးဖြေးနဲ့ သူမရဲ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားသလိုပဲ။

ထိုအချိန်မှာပဲ တိမ်တွေကြားက ပြိုကွဲမှုအနည်းငယ်ကို အကုန်လုံး ခံစားလိုက်ရသည်။

……..

All Chapters