ကံကြမ္မာအမှတ်တွေ လျော့ကုန်ပြီလား သတင်းကောင်းပဲ အိုလာလာ ရို့ရို့
Vol. 8 Ch. 102
ရှထိုက်အန်းရဲ့ မျက်နှာပေါ်မှာ ချက်ချင်းပဲ ထိတ်လန့်မှုတွေ ပြည့်နှက်သွားသည်။
ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကောင်းကင်ရဲ့အထက်မှာ တည်ရှိနေတဲ့ ကြီးမားသောအစီအရင်၏ တဖြည်းဖြည်း မြင့်တက်လာသော ဖိအားကို သူ အာရုံခံလို့ရသည်။
"ကံကြမ္မာအမှတ်!"
ရှထိုက်အန်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ့ရဲ့မျက်လုံးထဲမှာလည်း စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေတော့၏။
"သခင်မလေး၊ တောင့်ခံထားရမယ်!!!"
ရွှန်းအာလည်း ကောင်းကင်ပေါ်ကို ကြည့်ကာ တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။
တဖြည်းဖြည်း သိပ်သည်းလာသော ဖိအားကြောင့် လေပြင်းတွေ တိုက်ခတ်လာသည်။ ပြင်းထန်သော လေပြင်းကြောင့် မျက်လုံးဖွင့်ရန်ပင် မလွယ်ကူတော့ပေ။
ချက်ချင်းပဲ ကံကြမ္မာအမှတ်ရဲ့ စွမ်းအင်တွေက ဦးတည်ရာဘက်အသီးသီးကို ပျံ့နှံ့သွားတော့သည်။
....
ထိုက်အန်းမြို့တော်က ပြည်သူတွေအားလုံး မယုံကြည်နိုင်စွာ ဆူညံနေခဲ့၏။
"ဟုတ်တယ် သေချာတယ်။ ငါ သတင်းရခဲ့တာ။ ရှကျိုးယွီက ကျန်းနန်မြို့မှာရှိတဲ့ ရေကြီးလာမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ဒုတိယအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ငှားခဲ့တယ်တဲ့။ အခု အခြေအနေကလည်း သူနဲ့ပဲ သက်ဆိုင်မယ်နဲ့တူတယ်"
"ရှကျိုးယွီ ရူးနေတာလား? ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဘယ်လိုတောင် တာဝန်ပေးရဲတာလဲ? ဒုတိယအဆင့် ကျင့်ကြံသူက ဘာသိမှာမလို့လဲ? ဒီလိုတာဝန်ယူဖို့ သူက တန်လို့လား?"
"ဘယ်သူမှ သေချာမသိဘူး။ ဒီကိစ္စက ကောင်းတာ ဖြစ်လာမလား၊ ဆိုးတာ ဖြစ်လာမလားဆိုတာကို။ ငါတို့ ကြားခဲ့တာ ထျန်းချီတာဝါနဲ့ အရှင်မင်းကြီးရဲ့ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိတယ်ဆို။ ဘာလို့ အရှင်မင်းကြီးက ထျန်းချီတာဝါကလူကို မဖိတ်ခေါ်ခဲ့ရတာလဲ?"
"ထျန်းချီတာဝါကိုလား? ဟုတ်တယ်နော်။ ငါ ကြားထားတာက ထျန်းချီတာဝါကလူက မြို့တော်မှာနေနေတာ ရက်တချို့ရှိပြီဆို"
"ဟုတ်လား တကယ်လား?"
ပြည်သူတွေရဲ့စကားဝိုင်းက တဖြည်းဖြည်း ကျယ်လောင်လာခဲ့သည်။
ထိုလူအုပ်ကြားထဲတွင် အိမ်နီးချင်းနိုင်ငံတွေမှ စေလွှတ်ထားသော သူလျှိုတွေလည်း ပါဝင်နေခဲ့သည်။ သူတို့ရဲ့မျက်လုံးတွေက ချက်ချင်းပဲ နက်ရှိုင်းလာတော့၏။ ၁လတည်းနဲ့ ၆ဆတက်သွားခဲ့သော တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကြောင့် အိမ်နီးချင်းတိုင်းပြည်တွေအားလုံး ပူပင်ခဲ့ရသည်။ ထို့ကြောင့် အသေးစိတ် စုံစမ်းနိုင်ရန်အတွက် သူလျှိုများကို စေလွှတ်ခဲ့တာပင်။
ထိုသူတွေကတော့ ပျော်ရွှင်နေတော့၏။
"အရှင်မင်းကြီးက အရမ်းမောက်မာတာပဲ။ ထျန်းချီတာဝါကိုသာ စောစော အကူအညီတောင်းခဲ့မယ်ဆိုရင် အခုလိုမျိုး ဖြစ်လာမှာမဟုတ်ဘူး!"
"အမလေး ငါ့မှာအေ… ကံကြမ္မာအမှတ်ကို ၆ဆလောက် တက်အောင်လုပ်သွားနိုင်တဲ့အတွက် အရှင်မင်းကြီးကို တော်တော်လေး ထူးချွန်တဲ့ဘုရင်လို့ ထင်လိုက်ရတာ"
"အခုတော့ ကြည့်လိုက်ဦး။ ဒီလိုမျိုး တာဝန်ကြီးကို မိန်းကလေးတစ်ယောက်ကို ပေးလိုက်တယ်တဲ့လား?"
အကုန်လုံးရဲ့မျက်လုံးထဲမှာ ဝေဖန်မှုတွေ ပြည့်နေကြသည်။
"နေဦး မင်းပြောတာ တကယ်လား? ရှကျိုးယွီက ကံကြမ္မာအမှတ်ကို တစ်လတည်းနဲ့ ၆ဆတက်အောင် လုပ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းက အမှန်ပဲပေါ့"
တစ်စုံတစ်ယောက်ရဲ့မေးခွန်းသံ ထွက်လာချိန်မှာ ထိုသူက အထင်သေးစွာ မျက်နှာကိုမဲ့လိုက်ပြီး ရှင်းပြလိုက်သည်။
"ငါ အဲဒီကောင်မလေးကို အထင်သေးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သဘာဝကပ်ဘေးတစ်ခုကို ရင်ဆိုင်ရမှာလေ။ ရှကျိုးယွီ လက်လွတ်စပယ် လုပ်လိုက်တယ်လို့ မင်းတို့ မထင်ဘူးလား? သဘာဝကပ်ဘေးဆိုတာ ဘယ်လိုအရာမလို့လဲ? ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုပဲ။ ဒုတိယအဆင့်ပဲရှိသေးတဲ့ ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ? ငါပြောတာ မမှန်ဘူးလား မင်းတို့ပဲ စဥ်းစားကြည့်"
ထိုလူက ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။
"အခုလို အစီအရင်ကို ဖန်တီးနိုင်ခဲ့တာတော့ အဲဒီကောင်မလေး တော်တယ်ဆိုတာ ငါ ဝန်ခံတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ အရည်အချင်းရှိနေပါစေ လက်ရှိအခြေအနေကို ကြည့်ရသလောက်..."
"ဘာဖြစ်တုံး ဆက်ပြောလေ"
အကုန်လုံး စိတ်ဝင်တစား မေးလိုက်ကြသည်။
ထိုသူရဲ့မျက်လုံးတွေက နက်ရှိုင်းသွားပြီး
"အဲဒီကောင်မလေး ပထမအဆင့် မတက်ဘူးဆိုရင် ဒီအခြေအနေကို မထိန်းချုပ်နိုင်လောက်ဘူး"
"မဟုတ်သေးဘူး။ ပထမအဆင့်ကို တက်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ ဒီမိန်းကလေးက ရေကိုထိန်းချုပ်နိုင်တဲ့ မိသားစုက လာတာမလို့လား? မဟုတ်ဘူးဆိုရင် ဘယ်လိုလုပ် ပထမအဆင့်ကို တက်နိုင်မှာလဲ? ဒါ့အပြင် ကံကြမ္မာအမှတ်ရဲ့ အဆက်မပြတ် ထောက်ပံ့မှုကို လိုအပ်တယ်မလား? ကံကြမ္မာအမှတ်က အဲလောက်အကြာကြီး တောင့်ခံနိုင်မှာလား?"
ပထမဦးဆုံးအနေနဲ့ ရေကိုထိန်းချုပ်နိုင်တဲ့ မိသားစုကဖြစ်ရမည်။ ဒုတိယအချက်အနေနဲ့ ပထမအဆင့်ကို အဆင့်တက်ဖို့ လိုအပ်သည်။ တတိယအချက်အနေနဲ့ ကံကြမ္မာအမှတ်ရဲ့ ဆက်တိုက်ထောက်ပံ့မှုကိုလည်း လိုအပ်သေးသည်။
ဘယ်လိုပဲကြည့်ပါစေ မဖြစ်နိုင်တဲ့ ကိစ္စတွေကို စုပေါင်းထားတာပဲ။
ရေကို ထိန်းချုပ်နိုင်တဲ့အိမ်တော်က ကမ္ဘာပေါ်မှာ ဆယ်ခုပဲရှိသည်။ ကမ္ဘာပေါ်မှာရှိသော တိုင်းပြည်ပေါင်းများစွာရဲ့ကြားမှာ ထိုအိမ်တော် ၁၀အိမ်တော်ရဲ့ဆက်ခံသူကို ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပဲ။
ပထမအဆင့်ကို တက်ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်တဲ့အရာလို့ ပြောရမည်။ သာမန်လူတစ်ယောက်အနေနဲ့ ဒီလောက် အချိန်တိုအတွင်းမှာ ပထမအဆင့်ကို တက်နိုင်ဖို့ဆိုတာ မလွယ်ကူဘူး။
ဒါ့အပြင် ကံကြမ္မာအမှတ်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်... တစ်လတည်းနဲ့ ၆ဆတက်ခဲ့တာမှန်ပေမဲ့ လုံလောက်အောင် များပြားသည်လို့တော့ မဆိုလိုဘူးလေ။
ဒီလိုသာ ဆက်တိုက် စုပ်ယူခံနေရမယ်ဆိုရင် အချိန်တိုအတွင်းမှာ အမှတ်တွေအကုန် ကုန်သွားမှာပဲ။ ကံကြမ္မာအမှတ်ရဲ့ ထောက်ပံ့မှု ရပ်တန့်သွားပြီဆိုတာနဲ့ ကြုံလာရမယ့်ကိစ္စကို ရှောင်လွဲနိုင်မှာ မဟုတ်တော့ဘူး!
တရှားတိုင်းပြည်တစ်ခုလုံး ရေလွှမ်းမိုးမှုခံရပြီး ပျက်ဆီးသွားလိမ့်မည်!
သူလျှိုတွေအားလုံးရဲ့ရင်ထဲမှာ ထိုကိစ္စ ဖြစ်ပေါ်လာစေရန် မျှော်လင့်နေခဲ့ကြသည်။
...
တော်ဝင်နန်းတော်အတွင်းမှာ ရှကျိုးယွီ အိပ်နေခဲ့သည်။ ထိုအချိန်မှာပဲ စနစ်ရဲ့အသိပေးသံကို ကြားလိုက်ရသည်။
(ရေကြီးမှုကို ထိန်းချုပ်ဖို့အတွက် ကံကြမ္မာအမှတ်၁မှတ် စုပ်ယူလိုက်ပါတယ်)
(ကံကြမ္မာအမှတ်၁၀မှတ် စုပ်ယူလိုက်ပါတယ်)
(ကံကြမ္မာအမှတ်၁၀၀ စုပ်ယူလိုက်ပါတယ်!)
(ကံကြမ္မာအမှတ်၁,၀၀၀ စုပ်ယူလိုက်ပါတယ်)
ဆက်တိုက်တက်လာသော စနစ်ရဲ့အသိပေးချက်ကြောင့် ရှကျိုးယွီ မှင်သက်သွားတော့သည်။ ဒါပေမဲ့ ချက်ချင်းပဲ သူရဲ့မျက်နှာက စိတ်ပူရမယ့်အစား ပျော်ရွှင်သွားတော့၏။
'မိုက်လိုက်တာ။ ဟိုကောင်မလေး တော်သားပဲ!’
'ဒီလောက်အချိန်အတွင်းမှာ ကံကြမ္မာအမှတ်တွေ အများကြီး စုပ်ယူနိုင်တယ်’
'ငါ့နှလုံးသားလေးကို နွေးထွေးသွားတာပဲကွာ’
ရှကျိုးယွီ တော်တော်လေး ကျေနပ်နေခဲ့သည်။ သူ့ရဲ့မျက်နှာတစ်ခုလုံး ပြုံးရွှင်နေလေ၏။
'တကယ်ကို လုပ်ရည်ကိုင်ရည်ရှိတဲ့ ကောင်မလေးပဲ။ ငါ ကြိုက်လိုက်တာ! ငါ ဒီလောက်ကြီးထိ မျှော်လင့်မထားခဲ့မိဘူး။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် သေချာပေါက် ကံကြမ္မာအမှတ်တွေ အကုန်ကုန်သွားမှာပဲ။ ဒါဆိုရင်…’
ရှကျိုးယွီရဲ့မျက်နှာပေါ်က အပြုံးက ပိုကြီးလာခဲ့သည်။
' ကိစ္စကောင်းတွေ ဖြစ်လာတော့မယ်။ ဟားဟားဟား ကိစ္စကောင်းတွေ ဖြစ်လာတော့မယ် အင်မော်တယ်ဖြစ်လာတော့မယ် အဟေ့’
ချက်ချင်းပဲ ရှကျိုးယွီရဲ့မျက်လုံးထဲမှာ ဂုဏ်ယူမှုတွေ ဝင်ရောက်လာခဲ့သည်။
စနစ်ရဲ့အသိပေးသံက သူရဲ့အောင်မြင်မှုကို ဂုဏ်ပြုပေးနေသလိုပဲ။
အချိန်ခဏအတွင်းမှာ ကံကြမ္မာအမှတ်၂၀,၀၀၀ ကုန်သွားခဲ့သည်။ ရှကျိုးယွီရဲ့ရင်ဘတ်ထဲမှာ ပျော်ရွှင်မှုတွေ လှိုင်းထန်နေခဲ့ပြီး မျက်နှာပေါ်က အပြုံးကလည်း ကြီးလာလွန်းလို့ နားရွက်တောင် တက်ချိတ်တော့မည်။
'ဟုတ်တယ် ဆက်လုပ်ထား။ ငါ မင်းကို ယုံကြည်တယ်။ ဆန်းကြယ်တဲ့အရာတွေကို မင်း ဖန်တီးနိုင်လိမ့်မယ်! လုပ်မယ့်လုပ် ကံကြမ္မာအမှတ်တွေကို အကုန်သာ သုံးပစ်လိုက်စမ်းပါ!’
ရှကျိုးယွီရဲ့နှလုံးသားက အဆက်မပြတ် အော်ဟစ်နေခဲ့သည်။
....
တော်ဝင်မြို့တော်ထဲမှာရှိနေသော လီဖူတစ်ယောက် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်မိတာနဲ့ သူ့ရဲ့မျက်နှာက ချက်ချင်းပဲ တည်ငြိမ်သွားခဲ့သည်။
အစပိုင်းက ရေကြီးမှုပဲ ရှိခဲ့သည်။ အခုတော့ ရေကြီးမှု မဟုတ်တော့ဘူး။ တစ်တိုင်းပြည်လုံး ဖျက်ဆီးခံရမယ့် ရေလွှမ်းမိုးမှုအဖြစ် ပြောင်းသွားခဲ့ပြီ!
ကံကြမ္မာအမှတ်ကို စုပ်ယူမှုကလည်း အရမ်းကို များနေခဲ့ပြီး မအောင်မြင်ဘူးဆိုရင် အစွမ်းတွေရဲ့ တန်ပြန်မှုကို ခံရမယ့်ပမာဏက သေချာပေါက် သေးမှာမဟုတ်ဘူး!
"တကယ်ပဲ အရှင်မင်းကြီး ဘယ်လိုလူမျိုးကို ရှာခဲ့တာလဲ? တရှားတိုင်းပြည်တစ်ခုလုံး ပျက်စီးတော့မှာပဲကွာ။ အဓိပ္ပါယ်ကိုမရှိဘူး!"
"ရှကျိုးယွီမှာ ရွှမ်ဂိုဏ်းရဲ့ ထောက်ပံ့မှုရှိထားတယ် မဟုတ်ဘူးလား? ဘယ်လိုလုပ် ဒီလိုမျိုး တုံးအတဲ့လုပ်ရပ်ကို လုပ်ရတာလဲ? ငါ အဆုံးထိ သေချာစောင့်ကြည့်ရမယ်!"
"အခုအခြေအနေအရတော့ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအတွက် အခြေအနေ မကောင်းဘူး"
လီဖူ ခေါင်းယမ်းလိုက်သည်။ ထိုအချိန်မှာ ရှကျိုးယွီအပေါ်မှာရှိသော သူ့ရဲ့လေးစားမှုတွေ ပျောက်ကွယ်သွားခဲ့ရပြီ။
အချိန်နဲ့အမျှ ပြင်းထန်လာသော အခြေအနေကြောင့် တည်ငြိမ်မှုကို မပျက်စီးအောင် မနည်းထိန်းနေရသည်။
……….