သူမ၏နောက်ခံ
Vol. 8 Ch. 104
“မင်းက ငါ့ကိုသိတယ်လား?”
ရှထိုက်အန်း အံ့ဩစွာဖြင့် သူမကို ကြည့်မိသွားသည်။
ယူလျိုရှား ရဲ့ကျင့်ကြံမှုက ပထမအဆင့်ကို ရောက်နေခဲ့ပြီ။ သူမရဲ့အနားမှာ ဝန်းရံထားသော လေထုကလည်း သိပ်သည်းသည်။ ထိုလေထုရဲ့အစွမ်းကြောင့် တိမ်စိုင်ကြားရှိ ရေငွေ့တွေက အေးမြမှုအဖြစ် ပြောင်းလဲသွားကာ လူတွေကို နူးညံ့တဲ့ခံစားချက် ဖြစ်ပေါ်စေသည်။
သူမရဲ့အရှိန်အဝါကို ပြီးပြည့်စုံစွာဖော်ထုတ်ပြသပေးနေ၏။
ထိုအရှိန်အဝါကြောင့် သူမရဲ့အလှတရားသည်လည်း ပိုမိုအားပြင်းသွားခဲ့သည်။
တောက်လောင်နေတဲ့ နေရောင်ကြားမှာ သူမကနတ်ဘုရားမတစ်ပါးလို ထည်ဝါနေလေ၏။ ရှထိုက်အန်း ကြည့်မိလေလေ အရှေ့ကမိန်းကလေးကို တူတော်မောင်နဲ့ အလွန်လိုက်ဖက်မည့် မိန်းကလေးဟု ထင်မြင်မိလေလေပဲ။
“ကျွန်တော်မျိုးမ မမြင်ဖူးပါဘူး၊ ဒါပေမယ့် အရှင်မင်းကြီးနဲ့တွေ့ဆုံခဲ့စဉ်က ချင်မင်းသားကို ကျန်းနန်မြို့ဆီ အုပ်ချုပ်ဖို့ စေလွှတ်ထားခဲ့မှန်းသိခဲ့ရတယ်၊ ဒါ့အပြင် အရှင့်သားရဲ့မျက်နှာက အရှင်မင်းကြီးနဲ့ ရုပ်ချင်းဆင်တူပါတယ်၊ ဒါကြောင့် ကျွန်တော်မျိုးမ မှန်းဆလိုက်တာပါ၊ အကယ်လို့ မှားယွင်းခေါ်ဆိုမိခဲ့ရင် ကျွန်တော်မျိုးမကို ခွင့်လွှတ်ပေးပါ”
ယူလျိုရှား နူးညံ့စွာ ပြောလိုက်သည်။ တချိန်တည်းမှာ သူမက ရှထိုက်အန်းရဲ့ အနားကိုတိုးကပ်လိုက်လေ၏။
“မှန်ပါတယ်၊ ငါက ရှထိုက်အန်းပါ၊ မိန်းကလေးကကျန်းနန်ကို လာလည်တဲ့ဧည့်သည်ပဲ၊ ငါမင်းသား ကောင်းကောင်းဧည့်မခံရသေးဘူး၊ အခုပထမအဆင့်လည်း တက်လှမ်းနိုင်ခဲ့ပြီ ဆိုတော့ ဘာလို့အုပ်ချုပ်သူစံအိမ်မှာ လိုက်မတည်းရမှာလဲ?”
ရှထိုက်အန်းရယ်ကာ ဖိတ်ခေါ်လိုက်သည်။ အရှေ့ကမိန်းကလေးကို အကြိမ်ကြိမ် ကြည့်နေလေ၏။ သူမကတော်တော်လေး ကြည့်လို့ကောင်းသည်ဟု ရှထိုက်အန်း ခံစားရသည်။
ယူလျိုရှားလည်း မှင်သက်နေခဲ့သည်။ ထိုအချိန်မှာပဲ ရွှမ်းအာက ထီးအမည်းရောင်ကို ကိုင်ကာ ရောက်လာခဲ့သည်။ အစောပိုင်းက သူမကိုယ်တိုင်အဝေးကို လွှင့်ပစ်ခဲ့ပေမယ့် အခုတော့ပြန်ယူလာခဲ့ပြီ။
“သခင်မလေး…ထီးပါ” ရွှမ်းအာခပ်တိုးတိုး ပြောလိုက်သည်။
ယူလျိုရှားယူပြီးတာနဲ့ ထီးကို သူမနောက်မှာ ထားလိုက်ပြီး ချင်မင်းသားကို ပြန်ဖြေပေးလိုက်သည်။
“ကျွန်တော်မျိုးမ မလိုက်တော့ပါဘူး၊ မြို့တော်ကို အရေးတကြီးပြန်ရမှာ ဖြစ်တဲ့အတွက် အရှင့်သားနဲ့ဆွေးနွေးဖို့ အချိန်မရှိလို့ပါ”
ယူလျိုရှားပြုံးကာ ပြောလိုက်သည်။
ချင်မင်းသား ခေါင်းညိတ်ပြလိုက်တော့သည်။
“ဒီလိုဆိုမှတော့ ငါမတားတော့ပါဘူး”
“ဟုတ်ကဲ့”
ဒီလိုနဲ့စကားဝိုင်းက အဆုံးသတ်သွားခဲ့ပြီး သူမတို့နှစ်ယောက်လည်း ထွက်သွားလိုက်ကြသည်။
ရှထိုက်အန်းကတော့ အဝေးကိုသွားနေသော မိန်းကလေးနှစ်ယောက်ရဲ့ကျောပြင်ကိုကြည့်နေခဲ့သည်။ ချက်ချင်းပဲ ရှထိုက်အန်းရဲ့အနောက်မှာ တပ်သားများစွာ ပေါ်ပေါက်လာကာ…
“အရှင့်သား ဒီကိစ္စကိုဘယ်လို လုပ်လိုက်ရမလဲ?”
“ရတယ် ကိစ္စမရှိဘူး၊ သတင်းပို့ ကျောက်တုံးကိုအသုံးပြုပြီး ကျန်းနန်က အဖြစ်အပျက်တွေကို မြို့တော်ဆီ အစီအရင်ခံလိုက်”
ရှထိုက်အန်းပုံမှန်လိုပဲ အမိန့်ပေးလိုက်သည်။ ကြည်လင်နေတဲ့ ကောင်းကင်ဘုံကို ကြည့်နေရင်း သူ့ရဲ့နှလုံးသားက အခုန်မြန်လာခဲ့သည်။
“အဲဒီမိန်းကလေးရဲ့ နောက်ခံကထူးခြားတယ်၊ ကြည့်ရတာ ရေကြီးမှုကို လုံးဝဖြေရှင်းလိုက်နိုင်ပုံပဲ၊ ဒီလိုဆိုမှတော့ ဆည်ဆောက်ဖို့က လိုဦးမှာလား?”
ရှထိုက်အန်း ဘာဆက်လုပ်ရမည်ဆိုတာ သေချာမသိတော့ပေ။ လက်ရှိကျန်းနန်းမြို့ရဲ့ အခြေအနေက တည်ငြိမ်သွားခဲ့ပြီ။ ရေကြီးမှုကို ဖြေရှင်းပြီးတဲ့အပြင် မြို့ထဲကထွက်သွားခဲ့တဲ့ ဂိုဏ်းများစွာကြောင့် ကျန်းနန်မြို့က သေချာပေါက် တိုးတက်လာတော့မည်။
ထို့ကြောင့် ငွေဖြုန်းတီးပြီး ဆည်တွေတည်ဆောက်ဖို့ မလိုအပ်တော့ဘူး။ အခုချိန်မှာ ဆည်မြောင်းတွေ တည်ဆောက်လိုက်မယ်ဆိုရင် နယ်စပ်ကိုသွားပြီးကျန်းပိုင်မင်းသားလို အကျိုးမရှိတဲ့ မဟာတံတိုင်း တည်ဆောက်နေတဲ့ လုပ်ရပ်နဲ့အတူတူပဲ။ အကျိုးမထူးဘူး။
ထို့ကြောင့် ချင်မင်းသား တွန့်ဆုတ်နေခဲ့သည်။
ရေကြီးမှုကို ထိန်းချုပ်ဖို့ ထိုမိန်းကလေး နှစ်ယောက်ကို ရှကျိုးယွီ စေလွှတ်ခဲ့တာ ဖြစ်သည်။ အခုရေကြီးမှုကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီ။
ဒါပေမယ့် ဆည်မြောင်းတည်ဆောက်မယ့် အမိန့်တော်ကလည်း ရှကျိုးယွီရဲ့အမိန့်တော်ပဲ။ တစ်နည်းပြောရမယ်ဆိုရင် ရှကျိုးယွီက အကုန်လုံးကို ကြိုတင် မှန်းဆခဲ့တဲ့သူ ဖြစ်သည်။ ထိုမိန်းကလေးရဲ့ နောက်ခံကိုလည်း ရှကျိုးယွီ သေချာပေါက် သိလောက်သည်။
အခုကျန်းနန်မြို့မှာရှိတဲ့ အခြေအနေတွေ အားလုံးကိုလည်းပဲ ရှကျိုးယွီ ကြိုတင်မှန်းဆနိုင်ခဲ့မှာကိုတောင် စိုးရသည်။
ထို့ကြောင့် တင်ပြစရာ မလိုဘူးလို့တောင် သူထင်မိသည်။
ထို့အပြင် ထိုကောင်မလေးက ထိုက်အန်းမြို့တော်ကို ချက်ချင်းပဲပြန်တော့မည်ဟု ပြောသွားခဲ့သေးသည်။
ထို့ကြောင့် ရှထိုက်အန်း ကျန်းနန်းမြို့ရဲ့ အခြေအနေတွေကို အစီအရင် မခံတော့ဖို့ဆုံးဖြတ်လိုက်သည်။
ယူအိမ်တော်ရဲ့ ဆက်ခံသူဘက်မှ ကိုယ်တိုင်ပြောပြချင်နေဟန် ရှိသည်မို့ ရှထိုက်အန်း ချက်ချင်းပဲ အစီအရင်ခံခိုင်းခဲ့သော တပ်သားလေးကို ပြန်ခေါ်လိုက်ကာ
“နေဦး”
ရှထိုက်အန်းရဲ့ အသံကြောင့် ထိုတပ်သား အံ့ဩသွားလေကာ
“ဟုတ်ကဲ့ အရှင့်သား”
“မြို့တော်ဘက်က တစ်ယောက်ယောက်ကိုလွှတ်ပြီး သတင်း တောင်းမလာဘူးဆိုရင် ဒီကိစ္စကို အစီအရင်မခံနဲ့တော့”
ရှထိုက်အန်း ညွှန်ကြားလိုက်သည်။ သူ့ရဲ့မျက်နှာက တည်ငြိမ်နေ၏။
တပ်သားတွေအားလုံး အဆက်မပြတ်ခေါင်းငြိမ့်လိုက်ကာ
“ဟုတ်ကဲ့ ကျွန်တော်မျိုးတို့ နားလည်ပါပြီ”
ဒီလိုနဲ့တပ်သားတွေ အားလုံးထွက်သွား ခဲ့ကြသည်။
……
“သခင်မလေးက တကယ်တော်တာပဲ၊ ကျန်းနန်းမြို့ရဲ့ရေကြီးမှုကို ထိန်းချုပ်နိုင်ခဲ့တယ်၊ ယူအိမ်တော်က အဲဒီအကြီးအကဲတွေ ဘာပြောမလဲ ကျွန်မအရမ်းသိချင်နေပြီ!”
လမ်းလျှောက်နေရင်းရွှမ်းအာက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
ဒါပေမယ့် ယူလျိုရှားက အတွေးလွန်နေဟန်ရှိသည်။ သူမဘက်က အဖြေပြန်မပေးခဲ့ဘူး။
“သခင်မလေးက ပထမအဆင့်ကို တက်နိုင်ခဲ့တာလေ မပျော်ဘူးလား?”
ယူလျိုရှားရဲ့ပုံစံက စိတ်ပူနေသည့်ပုံစံပေါက်နေ၍ ရွှမ်းအာ မနေနိုင်စွာမေးလိုက်သည်။
“သခင်မလေး စိတ်မပူပါနဲ့၊ တရှားတိုင်းပြည်ရဲ့နောက်မှာ ရွှမ်ဂိုဏ်းရှိနေတယ် ဆိုရင်တောင်မှ သူတိုဘာလုပ် နိုင်မှာမလို့လဲ? အခုသခင်မလေးက ပထမအဆင့်ကိုလည်း ရောက်သွားခဲ့ပြီလေ၊ သူတို့ကသခင်မလေးကို တားနိုင်မှာမို့လို့လား?”
“ရွှမ်းအာ!”
ယူလျိုရှားအစကတော့ အံ့ဩသွားသေးသည်။ ထို့နောက်မှာ သူမချက်ချင်းပဲ မျက်မှောင်ကြုတ်လာပြီး အော်လိုက်တော့သည်။
ရွှမ်းအာ နားမလည်နိုင်စွာဖြင့် ပြန်မေးလိုက်သည်။
“သခင်…ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ဘူး” ယူလျိုရှားခေါင်းသာ ယမ်းပြလိုက်သည်။
သူမရဲ့အာရုံထဲကို ရှကျိုးယွီရဲ့ပုံရိပ်က ချက်ချင်းပဲ ဝင်ရောက်လာခဲ့သည်။ သူမရဲ့ပါးပြင်နှစ်ဖက်လုံး ပူနွေးသွားတော့သည်။
'ရှကျိုးယွီ…..နင်ငါ့ကိုဘာလို့ကူညီတာလဲ? ပြီးတော့တရှားတိုင်းပြည်မှာ သေချာပေါက် အစောင့်အရှောက်သားရဲ ရှိနေတယ်၊ ဒါဆိုရင် ငါ့ကိုတကူးတက တာဝန်ပေးပြီးရေကြီးမှုကို ထိန်းချုပ်ခိုင်းစရာမလိုအပ်ဘူး’
ရှကျိုးယွီနဲ့ တရှားတိုင်းပြည်အပေါ် ယူလျိုရှားရဲ့ စိတ်ဝင်စားမှုက ပိုပြီး မြင့်တက်လာခဲ့သည်။
သခင်မလေးရဲ့ ပြောင်းလဲသွားသော မျက်နှာကြောင့် ရွှမ်းအာမနေနိုင်စွာ မေးလိုက်သည်။
“သခင်..ကျွန်မတို့ အခုဘယ်သွားကြမလဲ? ထိုက်အန်းမြို့တော်ကို တစ်ကယ် ပြန်သွားမှာလား? အခုကျန်းနန်မြို့က အခြေအနေကိုလည်း ဖြေရှင်းပြီးသွားပြီ၊ ကျွန်မတို့ပြန်သွားဖို့ မလိုတော့ဘူးလေ”
“ပြန်ကြမယ် ငါရှကျိုးယွီကို မေးစရာရှိတယ်”
ယူလျိုရှား အသက်တချက် ရှူသွင်းလိုက်သည်။
ထို့နောက်မှာ ထိုက်အန်းမြို့တော် ရှိရာကို သူမက လှမ်းကြည့်လိုက်သေးသည်။ တရှားတိုင်းပြည် အပေါ်ထားတဲ့ သံသယတွေက သူမရဲ့နှလုံးသားထဲမှာ တော်တော်လေးမြင့်တက်နေခဲ့ပြီ…
'ဘာအကြောင်းအရင်းကြောင့်များ အဲဒီဘုရင်က ကံကြမ္မာအမှတ်တွေ အများကြီး စတေးပြီးတော့ ငါ့ကိုပထမအဆင့် ရောက်အောင် ကူညီပေးခဲ့တာလဲ? ငါ့ရဲ့နောက်ကွယ်က ယူအိမ်တော်ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်လား? ဒီလိုဆိုရင်လည်း လိုမှမလိုအပ်တာဘဲ’
ယူအိမ်တော်က ရေကိုထိန်းချုပ်တဲ့ နေရာမှာ နာမည်ကြီးတယ်ဆိုပေမယ့် အရမ်းသန်မာတဲ့ အိမ်တော်တစ်ခုမဟုတ်ဘူး။ ရွှမ်ဂိုဏ်းနဲ့ယှဉ်လိုက်မယ်ဆိုရင် လုံးဝကို ပြောပြစရာမလိုအပ်တဲ့ အရာတစ်ခုပဲ။ သူမ နားမလည်နိုင်တော့ဘူး။
“မေးစရာရှိတယ်ဟုတ်လား…သခင်မလေး? ရွှမ်ဂိုဏ်းနဲ့ပက်သက်ပြီး မေးတော့မလို့လား? ဒါပေမယ့် ရွှမ်ဂိုဏ်းဆိုတာ အင်အားကြီး ဂိုဏ်းတစ်ခုပါ၊ သခင်မလေး မပက်သက်သင့်ဘူးလို့ ကျွန်မ ထင်တယ်”
“သခင်မလေး ပထမအဆင့်ကို တက်သွားတဲ့သတင်းက မကြာခင် အိမ်တော်ဆီကို ရောက်သွားတော့မှာ၊ အခုသခင်မလေး ချက်ချင်းအိမ်တော်ကို မပြန်ဘူးဆိုရင် နောက်ထပ် အတားအဆီးတွေပေါ်လာမှာကို စိုးရိမ်ရတယ်၊ အရင်အိမ်တော်ကို သွားကြရအောင်၊ ပြီးမှ….”
ရွှမ်းအာမနေနိုင်စွာ တားမြစ်ဖို့ပြင်လိုက်သည်။ သူမရဲ့နှလုံးသားထဲမှာ စိုးရိမ်မှုက တော်တော်မြင့်တက်နေပြီပင်။
ထိုအချိန်မှာ ယူလျိုရှားက အသက်တချက်ရှုသွင်းပြီး စကားပြောဖို့ ဟန်ပြင်လိုက်တာမို့ ရွှမ်းအာ သူမရဲ့ပူပင်စကားတွေကို ခဏရပ်တန့်ပေးလိုက်သည်။
“ရွှမ်းအာ…ငါပြောမယ်သေချာနားထောင်၊ ဒီတစ်ခေါက် ငါ့ရဲ့အဆင့်တက်မှုက ကောင်းကင်ဘုံက လက်ဆောင်တစ်ခုလို့ ထင်ရပေမယ့် တကယ့်တကယ်မှာတော့ ရှကျိုးယွီက အနောက်ကနေ ကူညီပေးခဲ့တာပဲ၊ ရှကျိုးယွီသာ မရှိဘူးဆိုရင် ပင်လယ်ကိုငြိမ်သက်စေနိုင်တဲ့ အလင်း ထောက်တိုင်ကို အသုံးပြုဖို့မပြောနဲ့၊ ပင်လယ်သေ နတ်သိုင်းကို ပထမဦးဆုံး အသက်သွင်းတဲ့ နေရာမှာတင် ငါမထိန်းချုပ်နိုင်ဘဲ အခြေအနေတွေ အကုန်ပြောင်းပြန် ဖြစ်သွားရမှာ!”
“ဒီကိစ္စမှာ ငါကနာမည်ကောင်းရခဲ့ပေမယ့် ငါ့ရဲ့ကြိုးပမ်းအားထုတ်မှုက အခြေခံလောက်ပဲ ဖြစ်ခဲ့တယ်”
“အရေးကြုံတဲ့အခြေအနေမှာ တကယ့်ပြောင်းလဲမှုကို ပြုလုပ်ပေးနိုင်ခဲ့တဲ့သူက ရှကျိုးယွီပဲ! ဒါ့ကြောင့်မို့ ငါပြန်ကိုပြန်သွားရမယ်!”
………..