← Chapters

သိုင်းလောက က ရှုတ်ထွေးတယ်

Vol. 8 Ch. 107

သိုင်းလောက က ရှုတ်ထွေးတယ်

Vol. 8 Ch. 107

"ဟုတ်ပါတယ်၊ သိုင်းလောကပါ"

"ကျွန်တော်မျိုး သိထားပါတယ်၊ အရှင်မင်းကြီးက တရှားတိုင်းပြည် အတွင်းမှာရှိတဲ့ သိုင်းလောကက လူတွေနဲ့ ဆက်သွယ်မှုရထားပြီးပါပြီ၊ အရှင်မင်းကြီးအတွက် အလုပ်လုပ်ပေးဖို့ ခိုင်းစေခဲ့တာကိုတောင် ကျွန်တော်မျိုး သိထားပါတယ်၊ ဒါပေမဲ့ သိုင်းလောကမှာလည်း ကိုယ်ပိုင် စည်းမျဉ်းဆိုတာရှိတယ်၊ တော်ဝင်ရုံးတော်နဲ့ သိုင်းလောကဆိုတာ မတူညီတဲ့ နေရာနှစ်ခုပဲ”

“သိုင်းလောကမှာရှိတဲ့ လူတွေအားလုံးကို အရှင်မင်းကြီးပြီးပြည့်စုံစွာ ထိန်းချုပ်ချင်တယ်ဆိုရင် သူတို့နဲ့ပတ်သက်ပြီး ကောင်းမွန်စွာ နားလည်ထားဖို့လိုအပ်တယ်၊ အထူးသဖြင့် သိုင်းလောကမှာ ကိုယ်ပိုင်လူယုံရှိနေမယ်ဆိုရင် ပိုကောင်းပါတယ်၊ ဒါကြောင့် ကျွန်တော်မျိုးတို့ ထျန်းချီတာဝါက အရှင်မင်းကြီးအတွက် အကောင်းမွန်ဆုံးသော ရွေးချယ်စရာပဲ"

လီဖူက ပြောပြီးတာနဲ့ ရှကျိုးယွီကို လှမ်းကြည့်လိုက်သည်။

လက်ရှိမှာ ရှကျိုးယွီက သိုင်းလောကရဲ့ လူတစ်ချို့ကို ထိန်းချုပ်နိုင်ထားသည်။ ဒါပေမဲ့ ရှကျိုးယွီ ထိန်းချုပ်နိုင်ခဲ့သောလူတွေက သိုင်းလောကရဲ့ သာမန်လူတချို့လို့ ပြောလို့ရသည်။ သိုင်းလောကဆိုတာ ကျယ်ဝန်းတဲ့လောကတစ်ခုပဲ။

တိုင်းပြည်ပေါင်းများစွာနဲ့ ပတ်သက်သည်။ ထျန်းချီတာဝါအနေနဲ့ အခုလိုမျိုး ထိပ်သီးဂိုဏ်းလေးခုထဲက တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းကလည်း သိုင်းလောကရဲ့အင်အားကြီးလူတချို့ကို အခြေခံအဖြစ် ဆုပ်ကိုင်ထားနိုင်လို့ပဲ။ ထို့ကြောင့် သူတို့အနေနဲ့ အောင်မြင်မှုကို အချိန်အကြာကြီး ပိုင်ဆိုင်ထားနိုင်တာဖြစ်သည်။

ထို့ကြောင့် လီဖူက ဒီကိစ္စကိုအသုံးပြုပြီး ရှကျိုးယွီနဲ့ဆွေးနွေးနိုင်ဖို့ ကြံစည်ခဲ့သည်။ ဒါပေမယ့် ရှကျိုးယွီကတော့ အံ့ဩနေလေ၏။

'သိုင်းလောကကို ထိန်းချုပ်ချင်ရင် သိုင်းလောကရဲ့ စည်းမျဉ်းကို နားလည်ရမယ်တဲ့လား? တကယ်ပဲ အဲ့လိုသီအိုရီရှိတာလား?’

‘အင်း၊ စိတ်ဝင်စားဖို့ကောင်းတယ်’

‘ သိုင်းလောကကရဲ့ လူတစ်ချို့ကို အသုံးပြုမယ်ဆိုရင် ကံကြမ္မာအမှတ်ကို တိုက်ခိုက်နိုင်မလားဆိုတာ ငါသိချင်မိသားပဲ’

‘ ဒါကြောင့်မို့ ဒီရက်ပိုင်းထဲ တစ်ခုခုမှားနေတယ်လို့ ခံစားနေရတာကိုး။ အခုကြည့်လိုက်တော့မှ သိုင်းလောကကလူတွေရဲ့ အကြောင်းကို သေချာနားမလည်သေးလို့ ဖြစ်နေတာပဲ’

'ဒါကြောင့် ငါဘယ်လောက်ပဲ ဒေါသဆွ နေပါစေ လီဖူရော အဲဒီမိန်းကလေးရော ဒေါသမထွက်ကြတာနေမယ်။ ကြည့်ရတာ အဲဒီစည်းမျဉ်းတွေကို ငါကိုယ်တိုင်လေ့လာဖို့ လိုနေပြီ'

ရှကျိုးယွီ ရယ်လိုက်တော့သည်။

"စိတ်ဝင်စားစရာပဲ၊ ဒါဆိုမင်းက ငါကိုယ်တော်ကို ဘယ်လိုမျိုးကူညီဖို့ စီစဉ်ထားလဲ? တရှားတိုင်းပြည်ကို မင်းဘယ်လိုမျိုးကူညီမှာလဲ?"

လီဖူ ထိုအခါမှ စိတ်သက်သာစွာ သက်ပြင်းချနိုင်တော့သည်။

'ကံကောင်းလို့ ပူးပေါင်းလို့ရသေးလို့ပေါ့။ ရှကျိုးယွီက သိုင်းလောကကိုစိုးမိုးနိုင်ဖို့ တော်တော်လေး စိတ်အားထက်သန်နေတာပဲ!’

'သေးငယ်တဲ့တိုင်းပြည် တစ်ခုက သိုင်းလောကသားတွေရဲ့ အကူအညီမပါဘဲနဲ့ မြင့်မားတဲ့နေရာကို တက်လှမ်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ’

‘သေးငယ်တဲ့တိုင်းပြည်တစ်ခုအနေနဲ့ နေရာအသီးသီးက သတင်းတွေကို စုဆောင်းချင်တယ်ဆိုရင် သေချာပေါက် သိုင်းလောကသားတွေရဲ့ အကူအညီကို လိုအပ်တယ်’

ဒါ့အပြင် တရှားတိုင်းပြည်ရဲ့နောက်ကွယ်မှာ ပထမအဆင့်ထက်ပိုမြင့်တဲ့ ကျင့်ကြံသူတစ်ယောက် တည်ရှိနေသည်။

ထိုအချက်က တရှားတိုင်းပြည်ရဲ့ အနီးနားက တိုင်းပြည်တွေအတွက်တော့ အလွန့်အလွန် အံ့ဩဖွယ်ရာအချက်တစ်ခု ဆိုသော်ငြား တချို့သောကြီးမားသည့် တိုင်းပြည်ကြီးတွေမှာ ထိုကဲ့သို့သော ပထမအဆင့်ထက်မြင့်သည့် ကျင့်ကြံသူတွေရှိနေသည်။

ထို့ကြောင့် ပထမအဆင့်ထက်မြင့်သော ကျင့်ကြံသူကို ပိုင်ဆိုင်နိုင်ရုံလောက်နဲ့ ထိပ်ဆုံးနေရာကို မရနိုင်သေးဘူး။

ဒါပေမဲ့ နောက်ထပ်ထူးခြားချက်က တရှားတိုင်းပြည်မှာ ရွှမ်ဂိုဏ်းရဲ့ထောက်ပံ့မှုကို ရရှိထားသည်။

လီဖူ အသက်ဝဝတစ်ချက်ရှူသွင်းလိုက်သည်။

"တကယ်တော့ သိုင်းလောကရဲ့စည်းမျဉ်းတွေက တော်တော်လေး ရှုပ်ထွေးပါတယ်၊ တစ်ခါတစ်လေ ဘယ်လိုပဲအင်အားကြီးတဲ့ တပ်ဖွဲ့ကို စေလွှတ်ပါစေ၊ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး။ ဒီအချက်ကို ကြည့်ရုံနဲ့တင် သိုင်းလောကရဲ့စည်းမျဉ်းတွေက ရုံးတော်ရဲ့စည်းမျဉ်းတွေထက် အများကြီးရှုပ်ထွေးတယ်ဆိုတာကို သိနိုင်တယ်"

လီဖူက ရှကျိုးယွီကို ကြည့်နေခဲ့သည်။ ရှကျိုးယွီက အာရုံစိုက်စွာ နားထောင်နေတာသေချာမှ သူက ဆက်ရှင်းပြလိုက်သည်။

"တိုင်းပြည်အတွင်းမှာ သိုင်းလောကသားတွေ တချို့တလေလောက်ကို စုဆောင်းနိုင်ရုံနဲ့ အောင်မြင်သွားပြီလို့ မဆိုလိုဘူး။ သိုင်းလောကသားတွေက အန္တရာယ်များကြတယ်၊ သူတို့နဲ့ရင်ဆိုင်ရတာက ဓားထိပ်ပေါ်မှာ လမ်းလျှောက်နေရသလိုမျိုးပဲ သတိထားစရာများတယ်"

"အရင်တုန်းက တရှားတိုင်းပြည်မှာ ဂိုဏ်းတစ်ချို့ တကယ်ပဲရှိခဲ့တယ်၊ ဒါပေမယ့် အရှင်မင်းကြီးက အလင်းလို အလျင်နဲ့ ရှင်းပစ်လိုက်တယ်မလား? ဒါကြောင့် သိုင်းလောကသားတွေ အတွက် အရှင်မင်းကြီးက ကြောက်စရာကောင်းတဲ့ လူတစ်ယောက် ဖြစ်သွားခဲ့တယ်”

“အရှင်မင်းကြီးရဲ့ ကျန်းနန်မြို့မှာ အရင်တုန်းကရှိခဲ့တဲ့ ဂိုဏ်းတစ်ချို့က သိုင်းလောကသားအစစ်လို့ ပြောလို့မရပေမဲ့ သူတို့မှာ သိုင်းလောကကလူတွေနဲ့ ဆက်နွှယ်မှုရှိတယ်၊ ဒါကြောင့် သူတို့ကို ဘယ်သူကမှ အလွယ်တကူမထိရဲခဲ့တာပဲ၊ သူတို့ကိုထိတာက သူတို့ရဲ့နောက်မှာရှိတဲ့ ဂိုဏ်းကြီးတွေကို ရန်စသလိုမျိုး ဖြစ်သွားလိမ့်မယ်"

လီဖူက ပြောပြီးတာနဲ့ ရှကျိုးယွီကို မနေနိုင်စွာ လှမ်းကြည့်လိုက်သည်။ ရှကျိုးယွီရဲ့မျက်နှာပေါ်မှာ စိုးရိမ်မှုတချို့ဝင်ရောက်လာဖို့ကို လီဖူ မျှော်လင့်ခဲ့သည်။

ဘာလို့လဲဆိုရင် ရှကျိုးယွီက တကယ်ပဲ ထိုဂိုဏ်းတွေကို ရန်စမိသွားပြီလေ။

ဒါပေမဲ့ သူ မထင်မှတ်မိခဲ့တာက ရှကျိုးယွီရဲ့မျက်နှာက လုံးဝကိုမပူပင်နေခဲ့ဘူး။ ထိုအစား ရှကျိုးယွီရဲ့မျက်နှာပေါ်မှာ လူယုတ်မာဆန်တဲ့ အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

'သူက ပျော်နေတာလား?’

‘ ဒါပေမဲ့ ငါပြောသွားတဲ့အထဲမှာ ပျော်စရာစကားပါနေလို့လား?'

‘ဒါမှမဟုတ် ရှကျိုးယွီက ကြိုသိနေလို့လား?’

လီဖူ စိတ်သက်သာသွားခဲ့သည်။ လီဖူ တွေးမိသွားလေသည်။

ရှကျိုးယွီမှာ ရွှမ်ဂိုဏ်းရဲ့ထောက်ပံ့မှုရှိထားတဲ့အပြင် ပထမအဆင့်ထက်မြင့်တဲ့ ကျင့်ကြံသူတစ်ယောက်ကို ပိုင်ဆိုင်ထား သေးသည်။ သိုင်းလောကကလူတစ်ချို့ တကယ်ပဲ ရန်ပြုလာခဲ့မယ် ဆိုရင်တောင်မှ သူ့အနေနဲ့ မဖြေရှင်းနိုင်စရာအကြောင်းမရှိဘူး။ ဒါ့အပြင် ယူအိမ်တော်ရဲ့ ကူညီပေးမှုကိုပါ ရထားသေးသည်။

တရှားတိုင်းပြည်မှာ ဒဏ္ဍာရီလာပင်လယ်ကို ငြိမ်သက်စေနိုင်သော ရွှေထောက်တိုင်ကို ဆင့်ခေါ်နိုင်ခဲ့ပြီး…. ထိုအချက်က တရှားတိုင်းပြည်နဲ့ ယူအိမ်တော်ရဲ့အကြားက ဆက်နွှယ်မှုကို ဖော်ထုတ်လိုက်တာပင်။

ယူအိမ်တော်က သိုင်းလောကမှာ အလွန်ကြီးမားတဲ့အင်အားတစ်ခုလို့ ပြောလို့မရသော်ငြား သူတို့ရဲ့သန်မာမှုကို အထင်သေးလို့တော့မရဘူး။

ခေတ်အဆက်ဆက်ကျော်ကြားခဲ့တဲ့ အိမ်တော်တစ်ခုအနေနဲ့ အလွယ်တကူသွားရှုပ်လို့ မရတဲ့နေရာတစ်ခု ဖြစ်သည်။ ဒီလိုဆိုမှတော့ ယူအိမ်တော်ရဲ့ အထောက်အပံ့ရထားချိန်မှာ ရှကျိုးယွီအနေနဲ့ ကြောက်စရာဘာရှိသေးလို့လဲ?

လီဖူ ထပ်မံ ခေါင်းယမ်းလိုက်တော့သည်။

အတွေးတွေကိုရပ်ကာ ဆက်ရှင်းပြဖို့ပြင်လိုက်သည်။

ထိုအချိန်မှာပဲ ရှကျိုးယွီရဲ့ရယ်သံကိုကြားလိုက်ရပြီး၊

"ဟုတ်ပြီ မဆိုးဘူး မဆိုးဘူး၊ ဒီလိုဆိုရင် ပြဿနာတွေအများကြီးကို ဖြေရှင်းနိုင်သွားပြီ"

ရှကျိုးယွီက ပြောပြီးတာနဲ့ လီဖူကို မော့ကြည့်လိုက်သည်။ အကြည့်တစ်ချက်ပဲဆိုပေမဲ့ လီဖူရဲ့ကျောရိုးတစ်လျှောက်လုံး စိမ့်အေးသွားတော့၏။

ထိုအချိန်မှာပဲ ရှကျိုးယွီရဲ့အသံကို ထပ်ကြားလိုက်ရသည်။

"သိုင်းလောကမှာ ကိုယ်ပိုင်စည်းမျဉ်းဆိုတာ ရှိပေမဲ့ ဘယ်လိုပဲသိုင်းလောကက ဖြစ်နေပါစေ၊ ငါရဲ့တရှားတိုင်းပြည်အတွင်းမှာ ရှိနေမယ်ဆိုရင် တရှားရဲ့စည်းကမ်းကို လိုက်ကိုလိုက်နာရမယ်၊ ဒါကြောင့် ငါကိုယ်တော် ကြိုပြီး သတိပေးထားမယ်။ ထျန်းချီတာဝါလည်း သေချာပေါက်အပြုအမူကို ထိန်းသိမ်းထားပါ"

ရှကျိုးယွီက ပြောပြီးတာနဲ့ မတ်တတ်ရပ်လိုက်ပြီး လီဖူကို အပေါ်စီးက ကြည့်လိုက်သည်။

လီဖူအတွက်တော့ ကြောက်မက်ဖွယ် သားရဲတစ်ယောက်ထံမှ စိုက်ကြည့်ခံနေရသလို မသက်မသာခံစားနေရ၏။

ရှကျိုးယွီဘက်က ဘယ်လိုကြောင့် အခုလိုအင်အားကြီးသောအချိန်အရှိန်အဝါကို ထုတ်ဖော်နိုင်သည်ကိုလည်း လီဖူ တွေးလို့မရခဲ့ဘူး။

သူ့ရဲ့နှလုံးသားထဲမှာ ချက်ချင်းပဲ သံသယတွေ ပြည့်နှက်သွားတော့သည်။

'ပြဿနာတွေကို ဖြေရှင်းနိုင်မယ်ဟုတ်လား? ပြီးတော့ ငါတို့ကိုလည်း ဝင်မပတ်သက်ခိုင်းဘူးတဲ့လား? ဒါက ပုံမှန်ပြုမူသင့်တဲ့အပြုအမူလား?’

'အမှန်ဆိုရင် ငါ့ရဲ့စကားလုံးတွေက သာမန်တိုင်းပြည်ငယ်တစ်ခုအတွက် ကြောက်ရွံ့ပြီး ထျန်းချီတာဝါကို အကူအညီတောင်း လာစေသင့်တာလေ’

‘ဒါပေမဲ့ ရှကျိုးယွီက ငါတို့ကိုဝင်မပါနဲ့လို့ ပြောလိုက်တာလား? ဘာလို့ ရှကျိုးယွီရဲ့လုပ်ရပ်တွေက စည်းမျဉ်းနဲ့မညီရတာလဲ?’

'ဘာလဲ? လိုက်ရခက်ချင်ယောင် ဆောင်နေတာလား?’

‘ ဒါကတော့ နည်းနည်းများသွားပြီ။ ငါတို့ရဲ့ ထျန်းချီတာဝါဆိုတာ ထိပ်သီးဂိုဏ်းလေးခုထဲက တစ်ခုပဲ!’

'ထားပါ။ ငါသည်းခံလိုက်ပါ့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပူးပေါင်းမှုက အရေးကြီးတယ်’

လီဖူ သူ့ရဲ့နှလုံးသားကို အတင်းအကြပ်ထိန်းချုပ်လိုက်သည်။ ထို့နောက်မှာ ရှကျိုးယွီကို လှမ်းကြည့်လိုက်ပြီး...

"အရှင်မင်းကြီး စိတ်ချလက်ချနားနေပါ၊ ကျွန်တော်တို့ရဲ့ ထျန်းချီတာဝါက အမြဲတမ်းတရားမျှတတယ်၊ ဒီကိစ္စက... "

လီဖူရဲ့စကားတောင် မဆုံးသေးဘူး ရှကျိုးယွီရဲ့တားမြစ်ခြင်းကို ခံလိုက်ရလေ၏။

"မင်းတို့ကိုယ်မင်းတို့ ဘာလုပ်နေတယ်ထင်လဲ? ငါကိုယ်တော်က ဝင်မပါနဲ့လို့ပြောရင် ဝင်မပါနဲ့ပေါ့၊ ရပြီ ဒီနေ့မင်းပြန်လို့ရပြီ၊ ပူးပေါင်းတဲ့ကိစ္စကို ငါကိုယ်တော်တွေးဦးမယ်၊ နောက်မှဆွေးနွေးမယ်"

ရှကျိုးယွီက ပြောပြီးတာနဲ့ လက်တစ်ဖက်ကို ယမ်းပြလိုက်သည်။ မသိရင် မောင်းထုတ်နေတဲ့အတိုင်းပဲ။

လီဖူရဲ့မျက်နှာကတော့ ချက်ချင်းပဲ ပျက်ယွင်းသွားခဲ့သည်။ သူ ကျိန်ဆဲချင်လာပြီပင်။

'နောက်မှဆွေးနွေးမယ်ဆိုတာ ဘာကိုပြောချင်တာလဲ? နောက်မှဆိုတာ ဘယ်အချိန်လဲ? ငါအကြာကြီးစောင့်ခဲ့ပြီးပြီ’

‘ ရှကျိုးယွီ မင်းဘာကိုဆိုလိုနေတာလဲ? မဟုတ်သေးဘူး ငါတို့ရဲ့ထျန်းချီတာဝါက အဲ့လောက်ဆိုးနေလို့လား?’

'ရှကျိုးယွီ မင်းငါ့ကို ဒုတိယအကြိမ်အခွင့်အရေးတောင် မပေးချင်ဘူးလား? ငါတို့ရဲ့ထျန်းချီတာဝါက အဲ့လောက်တောင် မထိုက်တန်ဘူးလား? ရွှမ်ဂိုဏ်းတောင်မှ ငါတို့ရဲ့ထျန်းချီတာဝါကို အခုလို မဆက်ဆံရဲဘူး!’

လီဖူ မနေနိုင်စွာ မေးလိုက်တော့သည်။

"အစပိုင်းက ကျွန်တော်မျိုးတို့ ထျန်းချီတာဝါရဲ့လုပ်ရပ်က တကယ်ပဲမှားယွင်းခဲ့တယ်ဆိုတာကို ဝန်ခံပါတယ်၊ ဒါပေမဲ့ ကျွန်တော်မျိုး တောင်းပန်ခဲ့ပြီးပြီလေ၊ ဘာလို့ဒီလောက်ထိ အညှိုးထားနေရတာပါလဲ?"

………

All Chapters