ငါ တစ်လခွဲ ဒါမှမဟုတ် ဆယ်ရက်လောက် စဥ်းစားမယ်
Vol. 8 Ch. 108
ထိုစကားကြောင့် ရှကျိုးယွီ ပိုပြီးပျော်ရွှင်သွားခဲ့သည်။
'ဟား ဟား နောက်ဆုံးတော့ မင်းရဲ့မောက်မာမှုကို ထုတ်ပြလာပြီပေါ့။ မဆိုးဘူး မဆိုးဘူး။ ငါလိုချင်နေတာလည်း အဲ့ဒါပဲ!’
ရှကျိုးယွီရဲ့အကြည့်က မထင်ထားစွာဖြင့် နှစ်သက်မှုအဖြစ် ပြောင်းလဲသွားလေ၏။
“ဒါဆိုရင်မင်းက ငါကိုယ်တော်ရဲ့ လုပ်ရပ်ကိုမှားတယ်လို့ပြောချင်တာလား?”
ရှကျိုးယွီ အပြုံးတစ်ခုနဲ့ မေးလိုက်သည်။
လီဖူ တွန့်ဆုတ်သွားသည်။
ရှကျိုးယွီကို ကြည့်နေရင်း အသက်တစ်ချက်ရှုသွင်းလိုက်ပြီးမှ ပြောလိုက်သည်။
“အရှင်မင်းကြီးဘက်က ဘာလို့ အခုလိုပြုမှုနေလည်းဆိုတာ ကျွန်တော်မျိုး နားမလည်ပါဘူး။ ဒါပေမယ့် ဒီလိုမျိုး ဆက်ဖြစ်နေမယ်ဆိုရင် ကျွန်တော့်ရဲ့ အကြီးအကဲတွေကို ကျွန်တော်လည်း မတင်ပြနိုင်တော့ဘူး”
“ဒီတော့ မင်းပြောချင်တာက ငါတို့ရဲ့ တရှားတိုင်းပြည်က မှားနေတယ်လို့လား?”
ရှကျိုးယွီ ထပ်မေးလိုက်သည်။
လီဖူး အံ့ဩသွားလေ၏။ တစ်ကယ်တော့ မှားတယ်လို့ ပြောလို့လည်း မရပြန်ပေ။ ပူးပေါင်းမှုအတွက် စတင်ပြောဆိုခဲ့သူက ထျန်းချီတာဝါဘက်က ဖြစ်သည်။ တရှားတိုင်းပြည်ဘက်က ပူးပေါင်းမှု အကြောင်းကို ပြောခဲ့တဲ့အကြိမ်အရေအတွက် အလွန်ရှားသည်။
သူ ရှကျိုးယွီကို နားမလည်နိုင်တော့ဘူး။ ထျန်းချီတာဝါနဲ့ ပူးပေါင်းခဲ့ရင် တရှားတိုင်းပြည်အတွက် အကျိုးယုတ်စရာမှမရှိဘူး။ ဘာကြောင့် ငြင်းနေရတာလဲ?
ထို့ကြောင့် လီဖူ စိတ်ရှည်စွာဖြင့် ရှကျိုးယွီကို ကြည့်လိုက် သည်။ ထို့နောက်မှာ ပြောလိုက်လေ၏။
“အရှင်မင်းကြီးက ဘုရင်တစ်ယောက်အနေနဲ့ ကျွန်တော်မျိုးနဲ့ အလောင်းအစားပြုလုပ်ခဲ့တယ်။ အခု ဒီအခြေအနေကို ရောက်လာခဲ့မှတော့ အကြောင်းပြချက် မပေးဘဲ ဘာလို့ငြင်းနေရမှာပါလဲ? ဒါက တရားမဝင်ပါဘူး။ အရှင်မင်းကြီး တစ်ယောက်အနေနဲ့ အခုလိုမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်!”
လီဖူက ရှကျိုးယွီထံမှ အကြည့်မလွှဲခဲ့ပေ။
“ငါ ကိုယ်တော်ဘက်က ငြင်းနေလို့လား? ငါ မင်းကို စောင့်ဖို့ပြောခဲ့တာ။ မင်းက စောင့်နေလိုက်ပေါ့။ ဘာကိစ္စ စကားတွေ များနေတာလဲ?”
ရှကျိုးယွီ တိုက်ရိုက်ဘဲပြောလိုက်သည်။ ထို့နောက်မှာ လီဖူကို စကားပြောဖို့ အခွင့်အရေးမပေးတော့ပဲ ဆက်ပြောလိုက်၏။
“ငါ ကိုယ်တော်ဘက်က ငြင်းတဲ့စကား ထွက်ခဲ့လို့လား? ငါပြောခဲ့တာက နောက်မှဆွေးနွေးမယ်လို့ ပြောခဲ့တာ။ ငါကိုယ်တော် ဒီနေ့ စိတ်အခြေအနေမကောင်းဘူး။ ဒါကြောင့် ရက်တစ်ချို့ကြာမှ ဆွေးနွေးမယ်လို့ ပြောခဲ့တာ။ ဘာလဲ? အဲ့ဒါမဖြစ်နိုင်တဲ့အရာမလို့လား?”
ပြောပြီးတာနဲ့ ရှကျိုးယွီ ပြုံးလိုက်သည်။ အမှန်တော့ သူ့ရဲ့စိတ်အခြေအနေက တော်တော်လေး ကောင်းနေခဲ့သည်။
“ပြီးတော့ မင်း ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ? စိတ်လှုပ်ရှားသင့်တာ ငါ ကိုယ်တော် မဟုတ်ဘူးလား? ငယ်ရွယ်တဲ့သူတစ်ယောက်အနေနဲ့ ဒေါသကြီးတာပုံမှန်ပဲ ဆိုပေမယ့် တစ်ခါတစ်လေမှာ စိတ်ရှည်တတ်ရတယ်။ နားလည်လား!”
“မင်း အစောပိုင်းက ပြောသွားခဲ့တယ်။ ငါကိုယ်တော်ရဲ့ တရှားတိုင်းပြည်က သိုင်းလောကမှာရှိတဲ့ ဂိုဏ်းအများစုကို ရန်စလိုက်မိတယ်ဆို။ အခုအခြေအနေက ရှုပ်ထွေးတဲ့အခြေအနေဖြစ်နေပြီ။ အဲ့ဒါကို ဘာကြောင့် ပူးပေါင်းမယ့်ကိစ္စကိုပဲ ဆက်တိုက်ပြောနေရတာလဲ?”
“ထျန်းချီတာဝါရဲ့တည်ရှိမှုက ဘယ်လိုမျိုးလဲ? ပြီးတော့ ငါကိုယ်တော်ရဲ့ တရှားတိုင်းပြည်က အများအမြင်မှာ ဘယ်လောက်အထိ အောင်မြင်နေပြီမလို့လဲ?”
ရှကျိုးယွီ စိတ်ဓါတ်ကျစွာဖြင့် ပြောလိုက်သည်။
လီဖူ ချက်ချင်းပဲ ပြောစရာပျောက်ဆုံးသွား၏။ ဗလာမျက်ဝန်းများဖြင့် ရှကျိုးယွီကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။ သူဘယ်လို တုံ့ပြန်ရမလဲ မသိတော့ပေ။
'ငါ တစ်ကယ်ပဲ နားလည်မှုလွဲခဲ့တာလား? ရှကျိုးယွီက ထျန်းချီတာဝါကိုတွေးပေးပြီး ငါတို့ကို ဝင်မပါစေချင်တာလား? ငါ အမြဲတမ်းတစ်နေရာမှာ လွဲနေတယ်ဆိုပြီးတွေးနေခဲ့မိတာ.. အခုတော့ သိသွားပြီ’
လီဖူး အနည်းငယ် တည်ငြိမ်သွားခဲ့သည်။
“ကျွန်တော်မျိုး အလောတကြီး ပြုမူမိသွားပါတယ်”
“အရှင်မင်းကြီးက အဲ့ဒီကိစ္စအတွက် ပူပန်နေတယ်ဆိုရင် သေချာပေါက် မလိုအပ်ပါဘူး။ အဲ့ဒီဂိုဏ်းတွေအားလုံး စုဝေးလိုက်မယ်ဆိုရင်တောင်မှ ထျန်းချီတာဝါကို ဆန့်ကျင်ဖို့အတွက် မလုံလောက်သေးဘူး။ ဒါကြောင့် ပူးပေါင်းမှုနဲ့ပတ်သက်ပြီး အရှင်မင်းကြီး စိုးရိမ်တော်မမူပါနဲ့”
လီဖူက ပြောပြီးတာနဲ့ ရှကျိုးယွီကို လှမ်းကြည့်လိုက်သည်။ သူအာရုံခံလို့ရသည်။ ရှကျိုးယွီရဲ့ မျက်နှာပေါ်မှာ စိတ်မရှည်မှု တစ်ချို့ဝင်ရောက်လာသလိုပဲ။
“ဒါဆိုလည်း စောင့်နေ။ ငါ ကိုယ်တော် ဘယ်လိုနေနေ စဉ်းစားဦးမယ်!”
ရှကျိုးယွီ စိတ်မရှည်စွာ လက်တစ်ဖက်ယမ်းပြလိုက်သည်။ ထွက်သွားဖို့ ထပ်မံ အချက်ပြလိုက်တာပင်။
လက်ရှိမှာကံကောင်းစွာဖြင့် ကံကြမ္မာအမှတ်က ကိုးထောင်သာ ကျန်တော့သည်။ ထို့ကြောင့် ရှကျိုးယွီ လုံးဝ ပြဿနာ မဖြစ်စေချင်ဘူး။
ရှကျိုးယွီရဲ့ ပုံစံကြောင့် ဘယ်လိုမှ ဆက်ဆွေးနွေးလို့ မရနိုင်မှန်း လီဖူ သဘောပေါက်သွားခဲ့သည်။
သိုင်းလောကရဲ့ အကြောင်းကိုနားထောင်ပြီးတာနဲ့ ရှကျိုးယွီ ဘာကြောင့်အခုလိုမျိုး ဖြစ်သွားလဲ သူ နားမလည်နိုင်ခဲ့ဘူး။ လီဖူ မနေနိုင်စွာ မေးလိုက်တော့သည်။
“ဒါဆိုရင် အရှင်မင်းကြီးစဉ်းစားဖို့ ဘယ်လောက်ကြာမှာလဲ? ကျေးဇူးပြုပြီး အချိန်အတိအကျ ပြောပေးနိုင်မလား?”
ရှကျိုးယွီ အနည်းငယ်မှင်သက် သွားခဲ့သည်။ လီဖူကို လှည့်ကြည့်လိုက်ချိန်မှာ အလွန်တည် တင်းနေသော မျက်နှာကို မြင်လိုက်ရသည်။
ထိုနောက်မှာ လျော့သွားပြီဖြစ်တဲ့ ကံကြမ္မာအမှတ်ကို ပြန်တွေးလိုက်မိသည်။ ရှကျိုးယွီ မနေနိုင်စွာအံကြိတ်မိတော့၏။
“၁၀ရက်၊ ၁၀ရက်နေရင် ပြန်လာပြီးဆွေးနွေးလိုက်!”
“ဟုတ်ပါပြီ။ ဒါဆိုရင် ကျွန်တော်မျိုး ၁၀ရက်နေတာနဲ့ အရှင်မင်းကြီးကို လာတွေ့ပါ့မယ်”
လီဖူ အသက်တစ်ချက် ရှုသွင်းလိုက်သည်။ ၁၀ ရက်ဆိုသည့်အချိန်က ကြာရှည်သော်လည်း သူ ဒေါသမထွက်ပါချေ။ ထိုအစား စိတ်သက်သာရာရသွားခဲ့သည်။
ရှကျိုးယွီက ၁၀-ရက်အတွင်းမှာ သိုင်းလောကရဲ့ ပြဿနာတွေအားလုံးကို ဖြေရှင်းမည်ဟု လီဖူ ထင်သွားခဲ့လေ၏။
ဘယ်လိုမှ မယုံကြည်နိုင်စရာ ကိစ္စတစ်ခုဆိုပေမယ့် ရှကျိုးယွီရဲ့မျက်နှာထက်က တည်ငြိမ်သော အပြုအမှုကြောင့် လီဖူအနေနှင့် ယုံကြည်ဖို့အပြင် ရွေးစရာ မရှိတော့ပေ။
ထို့ကြောင့် လီဖူ နန်းတော်မှ တိတ်တဆိတ် ထွက်သွားခဲ့သည်။
တည်းခိုဆောင်ကို ပြန်မသွားခဲ့ဘဲ လျိုချင်းချန်ရှိရာကို သွားလိုက်၏။ လီဖူ သူမကို မေးချင်တာတစ်ခု ရှိနေခဲဲ့သည်။
လီဖူရဲ့ကျောပြင်ကိုကြည့်နေရင်း ရှကျိုးယွီ မနေနိုင်စွာ ခေါင်းယမ်းလိုက်တော့သည်။
‘အဲ့ဒီ လီဖူက.. တကယ်ကို ခေါင်းမာတာများ… ကပ်ပါးကောင်လိုမျိုးပဲ။ ကပ်နေတာ သွားကိုမသွားတော့ဘူး!’
‘ငါ ဘယ်လိုမှ မောင်းထုတ်လို့ကိုမရဘူး။ ဘာကြောင့်များ တရှားတိုင်းပြည်ကို အဲ့လောက် စွဲလန်းနေရတာလဲ?’
'ထားတော့ အဲ့ဒီကောင် အကြောင်းမတွေးတော့ဘူး။ ကျန်နေတဲ့ ကံကြမ္မာအမှတ် ကိုးထောင်ကို ဆယ်ရက်အတွင်းမှာ ဘယ်လိုဖြုန်းပစ်ရမလဲ ဆိုတာ ငါ အမြန်စဉ်းစားရမယ်!’
ရှကျိုးယွီ ခေါင်းယမ်းရင်း ပြောလိုက်သည်။
“သိုင်းသမားတွေရဲ့ အကူအညီ သုံးလိုက်ရမလား? လီဖူ ပြောသွားပုံအရဆိုရင် ကျောက်ကောင်းရဲ့ လုပ်ရပ်က သိုင်းသမားတွေကို ရန်စသလို ဖြစ်ခဲ့တယ်ဆိုလားပဲ”
“ ဒီကိစ္စကို အခွင့်အရေးတစ်ခုအနေနဲ့ အသုံးပြုလိုက်ရင် ငါ့အတွက် ကြီးမားတဲ့အောင်မြင်မှုကို ရလာနိုင်တယ်!”
ရှကျိုးယွီ ချက်ချင်းပဲ မြို့အတွင်းကို လှမ်းကြည့်လိုက်သည်။
“မကြာခင် မုန်တိုင်းထန်တော့မှာပဲ”
ရှကျိုးယွီ ခပ်တိုးတိုးရေရွတ်လိုက်၏။
ထိုအချိန်တွင် ဝေ့တိုင်းပြည်ရဲ့ တော်ဝင်ရုံးတော်အတွင်းသို့ လျှို့ဝှက်ကုန်သည်မှုနှင့် ပတ်သက်သော သတင်းပို့ဆောင်ချက် ရောက်လာခဲ့သည်။
ဝေ့ဘုရင် အံ့ဩသွားခဲ့သည်။ အချိန်အကြာကြီး တွေးတောပြီးမှသာ အနီးကတပ်သားတွေကို လှမ်းကြည့်လိုက်ပြီး
“တရှားတိုင်းပြည်က ပို့လိုက်တာဆိုတာသေချာလား? တရှားရဲ့ဘုရင်က ရူးသွားတာလား? ငါအရှင်လိုမျိုး ဘုရင် တစ်ယောက်က အကျိုးမရှိတဲ့အရာကို လုပ်မယ့်ပုံ ပေါက်နေလို့လား? တစ်ကယ်ကို အဓိပ္ပာယ်မရှိဘူး!”
တစ်ဆက်ထဲမှာ ဝေ့ဘုရင်က သတင်းပို့လာသော တပ်သားကို အနီးကပ်စစ်ဆေးလိုက်သည်။
“အရှင်မင်းကြီး ဘာမှားလို့ပါလဲ? တရှားတိုင်းပြည်က ရိုင်းစိုင်းတဲ့တောင်းဆိုချက် ပေးပို့လာခဲ့လို့လား?”
ဝေ့ဘုရင့်ရဲ့ထူးဆန်းတဲ့အပြုအမူကို အနီးရှိ စစ်သူကြီးမူရုံ သတိထားမိသွားသည်။ ထို့ကြောင့်မနေနိုင်စွာ မေးလိုက်တာပင်။
“မင်းကိုယ်တိုင်ကြည့်လိုက်”
ဝေ့ဘုရင်က အလွန်မပျော်ရွှင်စွာဖြင့် စာလိပ်ကို ပစ်ပေးလိုက်သည်။
သူ့ရဲ့မျက်လုံးထဲမှာ မကျေနပ်ချက်တို့ ပြည့်နေ၏။
စစ်သူကြီးမူရုံ ဂရုမပြုဘဲ မနေရဲတော့ဘူး။ ချက်ချင်းပဲ စာလိပ်ကိုယူကာ အသေးစိတ် ဖတ်ကြည့်လိုက်၏။
“ဒီစာက တစ်ကယ်ကို ရိုင်းစိုင်းတာပဲ! အရှင်မင်းကြီး မဆုံးဖြတ်ခင် ကျွန်တော်မျိုးတို့ရဲ့အကြံပေးမှုကို နားထောင်တော်မူပါ”
……….