← Chapters

အကြောင်းအရင်း မရှိဘူး

Vol. 8 Ch. 110

အကြောင်းအရင်း မရှိဘူး

Vol. 8 Ch. 110

"အရှင်မင်းကြီး၊ ဘာကိုဆိုလိုတာပါလဲ?"

စစ်သူကြီးမူရုံ အနည်းငယ် အံ့သြသွားခဲ့သည်။ ဝေ့ဘုရင်ကို ရှုပ်ထွေးစွာ လှမ်းကြည့်ပြီး မေးလိုက်တော့၏။

"ငါတို့ဘက်က ငွေကိုလည်း တကယ်ပေးမှာ။ ပြီးတော့ စေလွှတ်မယ့် တပ်သားတွေကလည်း အရင်ပို့ခဲ့တဲ့ မဟူရာနတ်ဘုရားတပ်ဖွဲ့ပဲ။ ဒါဆိုရင် ဘယ်လိုပဲကြည့်ကြည့် သင့်တော်တဲ့ ကိစ္စတစ်ခုပဲလေ။ ဒါပေမယ့် ငါတို့‌ဝေ့တိုင်းပြည်နဲ့ တရှားတိုင်းပြည်ဆိုတာ အချိန်အကြာကြီး စစ်ဖြစ်ခဲ့တဲ့ တိုင်းပြည်နှစ်ခုပဲ။ အပေးအယူကို ဆောင်ရွက်လို့ရတယ်။ ဒါပေမယ့် ငါတို့ရဲ့ငွေတွေ တရှားတိုင်းပြည်ထဲ တစ်ပြားမှ ဝင်သွားလို့မရဘူး!"

ဝေ့ဘုရင်က ပြောပြီးတာနဲ့ စစ်သူကြီးမူရုံကို လှမ်းကြည့်လိုက်သည်။

စစ်သူကြီးမူရုံက နားလည်စွာခေါင်းညိတ်လိုက်၏။ သူ သဘောပေါက်သွားခဲ့သည်။ အချိန်အကြာကြီး တွေးပြီးနောက်မှာ စစ်သူကြီးမူရုံ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"အရှင်မင်းကြီးက အဲဒီတပ်သားတွေကို အသုံးပြုပြီး ငွေပြန်ယူမလို့ စီစဉ်ထားတာပါလား? ဒါဆိုရင် ကျွန်တော်မျိုးတို့ဘက်က တစ်ခါတည်း သဘောမတူပါဘူးလို့ ငြင်းလိုက်တာနဲ့ ဘာများကွာခြားသွားလို့လဲ?"

စစ်သူကြီးမူရုံ နားမလည်နိုင်စွာ မျက်မှောင်ကြုတ်နေခဲ့သည်။

ထိုအချိန်မှာ ဝေ့ဘုရင်က ကျယ်လောင်စွာ ရယ်လိုက်ပြီး

"သေချာပေါက် ကွာခြားချက်ရှိတာပေါ့။ ဒီတကြိမ်မှာ ငါကိုယ်တော်က ပိုက်ဆံကို အပြည့်ပေးသလို ဟန်ဆောင်မှာ၊ ဒါဆို သေချာပေါက် အိမ်နီးချင်းတိုင်းပြည်တွေအားလုံးလည်း သတိထားမိသွားလိမ့်မယ်။ အဲ့လိုမျိုး ခက်ခဲလာတဲ့ အခြေအနေကျမှ တရှားရဲ့ဘုရင် ဘယ်လိုမျိုး‌ဆက်ပြီး ပူးပေါင်းမှုကို ဆောင်ရွက်ဦးမလဲဆိုတာ ငါကိုယ်တော် သိချင်မိတယ်။ တရှားရဲ့ဘုရင်က မလိုအပ်ဘဲနဲ့ အကြံအစည်များနေမှတော့ ငါကိုယ်တော်က စိတ်ပျက်စေလို့ ဘယ်ဖြစ်မလဲ?"

စစ်သူကြီးမူရုံ ရှုပ်ထွေးသွားခဲ့သည်။

"ဒါဆိုရင် အရှင်မင်းကြီးက အစကတည်းက ဘာလို့ ငွေအတုကို အသုံးမပြုခဲ့တာပါလဲ? ငွေအစစ်ကို အသုံးပြုလိုက်မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်"

စစ်သူကြီးမူရုံ မေးခွန်းထုတ်လိုက်သည်။ ဒါပေမယ့် ဝေ့ဘုရင်ရဲ့ဖြေကြားချက် ရောက်မလာခင်မှာပင် စစ်သူကြီးမူရုံက အတွေးပေါက်စွာ ပြန်ပြောလိုက်၏။

"ငွေအတုသုံးလို့ရနိုင်တယ်၊ ဒါပေမယ့် ငွေအတုသုံးလိုက်မယ်ဆိုရင် အဲဒီသတင်း ပေါက်ကြားသွားလိမ့်မယ်။ ဒါဆိုရင် ကျွန်တော်မျိုးတို့ ဝေ့တိုင်းပြည်က အရှက်ရသွားမှာပေါ့။ ဒါဆိုရင် တရှားရဲ့ဘုရင်အတွက် ဝေဖန်ဖို့ အခွင့်အရေး ရသွားလိမ့်မယ်”

“ ဒါပေမယ့် တရှားတိုင်းပြည်အတွင်းကို ရောက်သွားခဲ့ပြီးမှ ငွေတွေ ရုတ်တရက် ပျောက်သွားခဲ့မယ်ဆိုရင် ကျွန်တော်မျိုးတို့ ဝေ့တိုင်းပြည်နဲ့လည်း ဘာမှမသက်ဆိုင်တော့ဘူးလေ။ တရှားရဲ့ဘုရင်က သံသယဝင်မယ်ဆိုရင်တောင်မှ သံသယပဲ ဝင်လို့ရမှာ။ အဆုံးကျရင် တရှားတိုင်းပြည်ဘက်ကတောင်မှ ကျွန်တော်မျိုးတို့ ဝေ့တိုင်းပြည်ကို ငွေများစွာ အကြွေးတင်သွားလိမ့်မယ်"

"ဒါဆိုရင် ကျွန်တော်မျိုးတို့ဘက်က ပြောပိုင်ခွင့်ရှိသွားပြီး တရှားတိုင်းပြည်ကိုလည်း အပြစ်ပေးလို့ရသလို သယ်ဆောင်သွားခဲ့တဲ့ အဲဒီတပ်သားတွေကိုလည်း တာဝန်မကျေပွန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သတ်ပစ်လိုက်လို့ ရသွားပြီ!"

"သေချာပေါက် ဒီကိစ္စကကြီးမားတဲ့ ကိစ္စပဲ၊ သေချာဂရုတစိုက် ဆောင်ရွက်ရမယ်!"

စစ်သူကြီးမူရုံက ဝေ့ဘုရင်ကိုကြည့်ကာ ပြောလိုက်သည်။ သူ့ရဲ့မျက်လုံးတွေက နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားခဲ့သည်။

စစ်သူကြီးမူရုံ စကားထပ်ပြောမလို့ ပြင်လိုက်စဉ်မှာပဲ နန်းဆောင်အပြင်က အသံကို ကြားလိုက်ရ၏။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုးမှာ တင်ပြစရာ သတင်းရှိပါတယ်!"

ဝေ့ဘုရင် အံ့သြသွားခဲ့သည်။ ချက်ချင်းပဲ မျက်မှောင်ကြုတ်သွားပြီး နန်းဆောင်အပြင်ကို လှမ်းကြည့်လိုက်တော့သည်။

"အရှင်မင်းကြီး၊ တရှားတိုင်းပြည်မှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါတယ်"

"အို ဟုတ်လား၊ ငါကိုယ်တော်ကို တင်ပြစမ်း!"

ချက်ချင်းပဲ ဝေ့ဘုရင် စိတ်လှုပ်ရှားသွားကာ အပြင်ကို ထွက်သွားတော့သည်။ သတင်းပို့ဆောင်ပေးသော ကျောက်တုံးကို ယူလိုက်၏။ ချီစွမ်းအင်ကို အသက်သွင်းလိုက်ကာ ရုံးတော်အတွင်းရှိ လူအားလုံးရဲ့အရှေ့မှာ သတင်းကို ဖော်ထုတ်လိုက်သည်။

(တရှားတိုင်းပြည်ရဲ့ ကျန်းနန်းမြို့မှာရှိသော ရေကြီးမှုကို ထိန်းချုပ်ဖို့ ယူအိမ်တော်ရဲ့ ဒုတိယအဆင့် ကျင့်ကြံမှုရှိတဲ့ ဆက်ခံသူတစ်ယောက်က ပင်လယ်ကိုငြိမ်သက်စေနိုင်သော ရွှေထောက်တိုင်ကို အသုံးပြုခဲ့တယ်။ ရေကြီးမှုကိုလည်း အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့တယ်။ တရှားတိုင်းပြည်နဲ့ ယူအိမ်တော်ကြားမှာ ပူးပေါင်းမှု ရှိနေမယ်လို့ သံသယရှိပါတယ်)

ထိုသတင်းက အမတ်တွေအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။ တည်ငြိမ်စပြုနေသော ဝေ့ဘုရင်ပင် ချက်ချင်း ချွေးတွေပြန်ထွက်လာတော့သည်!

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!!! ယူအိမ်တော်ဆိုတာ ရေထိန်းချုပ်မှုနဲ့ပတ်သက်ရင် ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး အိမ်တော်တစ်ခုပဲ! အဲလိုမျိုးအိမ်တော်က ရှကျိုးယွီနဲ့ ဘယ်လိုလုပ် ပူးပေါင်းနိုင်မှာလဲ?"

“ဒီသတင်း ဘယ်ကလာတာလဲ?”

ရုတ်တရက် ကျရောက်လာသော ဘုရင်ရဲ့ အေးစက်သော အကြည့်ကြောင့် ထိုကောင်လေး ကြောက်ရွံ့သွားကာ အမြန်ဖြေကြားလိုက်သည်။

"ဒီသတင်းကို ကျန်းနန်မြို့ကို စေလွှတ်ထားတဲ့ ဝေ့တိုင်းပြည်ရဲ့လူယုံက ပို့လာခဲ့တာပါ။ ကျန်းနန်မြို့ကို အုပ်စိုးထားတဲ့ ဂိုဏ်းတွေကိုလည်း ချင်မင်းသားက ဖြေရှင်းခဲ့ပြီ။ ဒီလိုပုံဆိုရင် ကျန်းနန်မြို့က နှစ်အနည်းငယ်အတွင်းမှာပင် အမြန်ကြီးပွားလာတော့မယ်လို့ ယူဆရပါတယ်။ ကျန်းနန်မြို့က တရှားတိုင်းပြည်အတွက် အကြီးမားဆုံးသော အထောက်အပံ့ ဖြစ်လာလိမ့်မယ်"

ဝေ့ဘုရင် ချက်ချင်းပဲ မျက်မှောင်ကြုတ်သွားတော့သည်။ သူ့ရဲ့မျက်လုံးတွေက တည်ငြိမ်သွားတော့၏။

စစ်သူကြီးမူရုံလည်း အံ့သြနေခဲ့သည်။ သူ မနေနိုင်စွာ အရှေ့တိုးလိုက်ပြီး

"အရှင်မင်းကြီး၊ ဒီလိုဆိုရင် ကျွန်တော်မျိုးတို့ရဲ့ အစီအစဉ်ကို ပြန်စဉ်းစားဖို့လိုနေပါပြီ"

"ဘာမှစဉ်းစားစရာ မလိုဘူး။ ယူအိမ်တော်ဆိုတာ ပျောက်ကွယ်သွားတာ ကြာပြီဖြစ်တဲ့ အိမ်တော်တစ်ခုပဲ။ ထျန်းချီတာဝါနဲ့ ရှကျိုးယွီတို့ ပူးပေါင်းမယ်ဆိုတဲ့ သတင်းကြားတုန်းကပဲ ငါကိုယ်တော် အနည်းငယ် ပူပင်ခဲ့ရတာ။ ဒါပေမယ့် ယူအိမ်တော်လား? ယူအိမ်တော်ကတော့ ပြောပြဖို့တောင် မတန်ဘူး"

ဝေ့ဘုရင်က စက်ဆုပ်စွာဖြင့် ပြောလိုက်သည်။ ထိုသို့ပြောလိုက်သော်ငြား သူ့ရဲ့မျက်လုံးထဲက စိုးရိမ်မှုတွေကိုတော့ ဖုံးကွယ်လို့မရခဲ့ဘူး။

အခြေအနေတွေက ထင်ထားတာထက် ရှုပ်ထွေးနေတာ သိသာသည်။ ချက်ချင်းပဲ ဝေ့ဘုရင်က စစ်သူကြီးမူရုံကို လှမ်းကြည့်လိုက်ကာ

"ဒါပေမယ့် ဒီသတင်းကနေ ငါတို့ အတည်ပြုလို့ရနိုင်တာ တစ်ခုရှိတယ်"

"ဘာများလဲ?"

စစ်သူကြီးမူရုံလည်း အနည်းငယ် အံ့ဩနေခဲ့သည်။

"အရင်တုန်းက မဟူရာနတ်ဘုရားတပ်သားတွေ ပြောခဲ့တဲ့ ကိစ္စက လိမ်နေတာ မဟုတ်လောက်ဘူး။ တရှားတိုင်းပြည်မှာ တကယ်ကို ထူးချွန်တဲ့ ကျွမ်းကျင်ကျင့်ကြံသူတစ်ယောက် ရှိနေလောက်တယ်။ အဲဒီကျင့်ကြံသူက ယူအိမ်တော်က ဖြစ်နိုင်တယ်"

"ယူအိမ်တော်!!!"

ချက်ချင်းပဲ စစ်သူကြီးမူရုံ သဘောပေါက်သွားခဲ့သည်။

"ဒါဆိုရင် တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ် ခြောက်ဆလောက် တက်သွားခဲ့တာလည်း ယူအိမ်တော်ရဲ့ အကူအညီကြောင့်ပေါ့! ဒါပေမယ့် ယူအိမ်တော်လိုမျိုး နာမည်ဂုဏ်သတင်းကြီးမားတဲ့ အိမ်တော်တစ်ခုက တရှားတိုးင်ပြည်ကို ဘာကြောင့် ကူညီရတာလဲ?"

"ကျွန်တော်မျိုးတို့ သိခဲ့ရသလောက် အဲ့လိုမျိုး အိမ်တော်ကြီးတွေက တိုင်းပြည်ရေးမှာ ဝင်ပါဝင်လေ့မရှိဘူး။ ယူအိမ်တော်က ရေကြီးမှုကို ထိန်းချုပ်တဲ့နေရာမှာ နာမည်ကြီးတဲ့ အိမ်တော်တစ်ခုပဲ။ သူတို့မှာ ရေကိုထိန်းချုပ်နိုင်တဲ့ အစွမ်းရှိတယ်"

အခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

'ဟုတ်တယ်၊ ယူအိမ်တော်က တရှားတိုင်းပြည်ကို ကူညီခဲ့တယ်။ ဒါပေမယ့် တကယ်ပဲ ဘာကြောင့်လဲ?’

"ဒါဆိုရင် ဖြစ်နိုင်တာ ရှကျိုးယွီရဲ့ သတ္တိက ဒီအခြေအနေကိုဖန်တီးပေးခဲ့တာလား?"

ထိုအချိန်မှာ ဝေ့ဘုရင်ရဲ့အသံ ထွက်လာခဲ့သည်။

အမတ်တွေအားလုံး ဝေ့ဘုရင်ကို လှည့်ကြည့်လိုက်ကြသည်။

ဝေ့ဘုရင်ကတော့ အားလုံးရဲ့ အကြည့်တွေကို လစ်လျူရှုပြီး ရယ်လိုက်လေကာ

"ရှကျိုးယွီ တော်တော်လေး သတ္တိရှိတာကိုတော့ ငါကိုယ်တော် ဝန်ခံရမယ်။ ရေကိုထိန်းချုပ်နိုင်တဲ့ အစွမ်းရှိလို့ နာမည်ကြီးတဲ့ ယူအိမ်တော်ဆိုသော်ငြား သူတို့ရဲ့အစွမ်းက ပထမအဆင့် ကျင့်ကြံမှုကို မရောက်သေးဘူးဆိုရင် ကန့်သတ်ချက်ရှိတယ်။ ရှကျိုးယွီ ဘယ်လိုလုပ်လိုက်တာလဲ?"

"အရည်အချင်း မပြည့်ဝသေးတဲ့ လူတစ်ယောက်ကို ကျန်းနန်မြို့မှာ ဖြစ်ပေါ်နေတဲ့ ကြီးမားတဲ့ ရေကြီးမှုကို ထိန်းချုပ်ဖို့ တကယ်ပဲ တာဝန်ပေးရဲခဲ့တယ်။ ပြောရမယ်ဆိုရင် သူက တိုင်းပြည်ရဲ့ကံကြမ္မာကို အလောင်းအစားလုပ်ခဲ့တာပဲ!"

"ပြီးတော့ အခုအခြေအနေကို ကြည့်ရသလောက် သူနိုင်သွားခဲ့တယ်။ ဒီတော့ ရလဒ်အနေနဲ့ ကျန်းနန်မြို့ရဲ့ ရေကြီးမှုကို ဖြေရှင်းနိုင်ရုံတင်သာမကဘဲ ယူအိမ်တော်ကို သူ့လက်အောက်မှာ သိမ်းသွင်းနိုင်ခဲ့တယ်လေ။ ဒါတောင် နှစ်တစ်ရာလောက် သိမ်းသွင်းနိုင်ခဲ့တာ!"

“ရှထိုက်အန်းကို ကျန်းနန်မြို့မှာ ထိန်းချုပ်ဖို့ စေလွှတ်ခဲ့တာလည်း အဆုံးမှာ ဒီအကြံအစည်ကို ရောက်ချင်လို့လို့ ငါကိုယ်တော် ထင်မိတယ်။ ဒါပေမယ့် အရင်က ငါကိုယ်တော် ဘာလို့ သဘောမပေါက်မိခဲ့ရတာလဲ?”

ဝေ့ဘုရင်ရဲ့မျက်နှာမှာ ဒေါသတွေ ဖြစ်ပေါ်လာခဲ့သည်။ အချိန်အကြာကြီး စဉ်းစားပြီးနောက်မှာ ဝေ့ဘုရင် အတွေးပေါက်သွားခဲ့သည်။ စစ်သူကြီးမူရုံကို ချက်ချင်းပဲ လှည့်ကြည့်လိုက်ကာ

"ရှကျိုးယွီဘက်က လီလင်ပုနဲ့ ဘာကြောင့် ဒီစာစောင်ကို ပို့ပေးခဲ့လဲဆိုတာ ငါကိုယ်တော် သဘောပေါက်သွားပြီ"

"ဘာကြောင့်လဲ အရှင်မင်းကြီး?"

ရုံးတော်အတွင်းမှာရှိသော အမတ်တွေအားလုံး စိတ်ဝင်စားစွာ ကြည့်လာကြသည်။

ဒါပေမယ့် ဝေ့ဘုရင်က ချက်ချင်း ရှင်းမပြခဲ့ဘူး။ ထိုအစား အမတ်တွေအားလုံးကို အလွန်တည်ငြိမ်စွာဖြင့် တစ်ယောက်ချင်းစီ ကြည့်လိုက်သည်။ ထို့နောက်မှာမှ ဖြည်းညင်းစွာ ရှင်းပြလိုက်၏။

"ဖြစ်နိုင်တာ ရှကျိုးယွီရဲ့ပစ်မှတ်က ဝေ့တိုင်းပြည်တစ်ခုတည်းပဲမဟုတ်ဘူး၊ အိမ်နီးချင်းတိုင်းပြည်တွေအားလုံးကို ပစ်မှတ်ထားနေတာဖြစ်မယ်။ ငါကိုယ်တော်ရဲ့ မှန်းဆချက်သာ မမှားဘူးဆိုရင် တခြားတိုင်းပြည်တွေလည်း ရှကျိုးယွီရဲ့စာစောင်ကို ရရှိလိမ့်မယ်။ ပြီးရင် စာစောင်တွေကလည်း တစ်ပုံစံတည်းပဲ ဖြစ်နေလိမ့်မယ်!”

………..

All Chapters