နောက်ကွယ်မှ ကြိုးကိုင်သူ
Vol. 25 Ch. 366
ရှားလော့ခ်၏ အချိန်စာရင်းမှာ အပြည့်ဖြစ်နေသည်။
သူ၏ အဓိက လုပ်ငန်းစဉ်မှာ စစ်ဆေးရေးပင် ဖြစ်၏။ ဂိမ်းမာများက သူတို့၏ အလုပ်တွင် ကြိုးစား လုပ်ကိုင် ကြသော်လည်း ရှားလော့ခ်အနေဖြင့် လိုအပ်သော တိုးတက်မှုများ ရှိ၊မရှိ သိရှိနိုင်ရန် ဒန်ဂျင်ကို စစ်ဆေး ရမည် ဖြစ်သည်။ သူသည် ဂိမ်းမာများက ဆောက်လုပ်ရေး စည်းမျဉ်းများကို ချိုးဖောက်ပြီး ပြဿနာများ ဖန်တီးခြင်း ရှိ၊မရှိ ကိုလည်း စစ်ဆေးရလေ၏။
ဒန်ဂျင်အပြင်၊ သူသည် ဆောင်းတောင်ကုန်းမြို့၏ သံတမန် ဆက်ဆံရေး တံခါးပေါက် တစ်ခု ဖြစ်သော ဆောင်းတောင်ကုန်းမြို့ ထာဝရတိုင်းပြည် စွန့်စားသူ အစည်းအရုံးကိုလည်း စစ်ဆေးခဲ့သည်။ စွန့်စားသူ အစည်းအရုံး၏ အကူအညီကို ရယူသော ဆောင်းတောင်ကုန်း မြို့သားများသည် ထာဝရတိုင်းပြည် အတွက် ချီးကျူးစကားများဖြင့် ပြည့်နှက်နေ၏။
"အာ၊ အဲ့ဒီ ဂနိုမ်းက တကယ်တော်တာပဲ။ ကျွန်မ အိမ်သာပိတ်နေတာကို သူက လာရှင်းပေးသွားတယ်။ ကျွန်မဖြင့် အရမ်း ကျေးဇူးတင်နေတာ။" သက်ကြီးရွယ်အို ရွှံ့ဗွက် မွန်းစတား အဖွားအိုတစ်ဦးက ချီးကျူးလိုက်သည်။
သို့သော် ၎င်းတို့မှာ အရေးကြီးဆုံးအရာများ မဟုတ်ကြချေ။ အရေးအကြီးဆုံးမှာ တည်ဆောက်ဆဲဖြစ်သော စက်ရုံပင်တည်း။
ထာဝရတိုင်းပြည်၏ စက်ရုံ တည်နေရာသည် ရေနေဖားမွန်းစတားမြို့၏ အပြင်ဘက်တွင် ရှိသည်။ မြေနေရာကျယ်ကြီး တစ်ခုကို ရှင်းလင်းပြီးနောက်၊ မြေပေါ်လောကနှင့် မြေအောက်လောက နှစ်ခုလုံး၏ သယံဇာတများပေါ် မူတည်၍ ဆောက်လုပ်ရေး ပစ္စည်းများမှာ လုံလောက်စွာ ရှိနေပြီး၊ သီးခြား ရှားပါးပစ္စည်းများကိုမူ ဆောင်းတောင်ကုန်းမြို့မှ ရရှိနိုင်ပေသည်။ ဒီဇိုင်း အတွက်မူ ဖိုရမ်မှ ရယူနိုင်၏။ ရှားလော့ခ်သည် ဤအရာနှင့် အလွန် ရင်းနှီး ကျွမ်းဝင်နေသည်။
"အရှင်ရှားလော့ခ်၊ ဒါက အကောင်းဆုံး နည်းပညာနဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး ရှိတဲ့ အပြည့်အဝ အလိုအလျောက် စနစ်သုံး စက်ရုံ တစ်ခုပါပဲ။ မာနာစွမ်းအင် သုံးစွဲမှု ပိုများပေမဲ့ အလုပ်သမား နည်းနည်းနဲ့ လည်ပတ်နိုင်ပြီး မှော်ဆေးရည် အမျိုးမျိုးကို အမြောက်အမြား ထုတ်လုပ်နိုင်ပါတယ်။ ဟုတ်ပါတယ်၊ လည်ပတ်မယ့်သူတွေက ဆေးဖော်စပ်ပညာကိုတော့ သိရပါမယ်။ မာနာ အဆောက်အအုံတွေနဲ့ ဆိုရင်တော့ လိုအပ်ချက်တွေကို အနိမ့်ဆုံးအဆင့်မှာ ထားရှိ ပြီးသားပါ။"
ထာဝရတိုင်းပြည်၏ မာနာအင်ဂျင်နီယာ ယိုဒါက စက်ရုံအကြောင်း မိတ်ဆက်နေသည်။ သူသည် အဓိကလုပ်သား၊ အဆောက်အအုံပစ္စည်း ဝယ်ယူရေး အရာရှိ၊ ပရောဂျက် ကြီးကြပ်သူ၊ ဘဏ္ဍာရေး ထိန်းချုပ်သူ၊ ဝန်ထမ်း အာမခံ မန်နေဂျာ၊ ပစ္စည်း မန်နေဂျာ၊ ကုန်လှောင်ရုံ မန်နေဂျာ၊နှင့် အလုပ်သမားခေါင်းဆောင် ဖြစ်လေသည်။
"အင်း၊ အရမ်း ကောင်းတယ်။ မှော်ကျောက်တုံး ရင်းနှီးမြှုပ်နှံမှုက ပြဿနာသိပ် မရှိပါဘူး။ အရေးအကြီးဆုံးက စွမ်းဆောင်ရည်မြင့်မားပြီး အဆင့်မြင့် မာနာ အဆောက်အအုံ တစ်ခုရဲ့ အရည်အချင်း ပြည့်မီဖို့ပဲ။ တစ်လအတွင်း အသေးစား ကုသရေး ဆေးရည် ထုတ်လုပ်မှု စတင်နိုင်အောင် ကြိုးစားကြရအောင်၊ ငါတို့ ဒန်ဂျင်က ဒါကို အများကြီး လိုအပ်နေတယ်လေ။ ဆေးဖော်စပ်ပညာ ကောင်းကောင်းတတ်တဲ့ အလုပ်သမားတွေ ထပ်လွှတ် ပေးလိုက်မယ်။ ပြီးရင်တော့ ဒုတိယထုတ်လုပ်မှု လိုင်း တစ်ခု ထပ်တည်ထောင် ကြတာပေါ့။"
ရှားလော့ခ်သည် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ် ကြိုးစား လုပ်ကိုင်နေကြသော ဂိမ်းမာ ထောင်ပေါင်း များစွာကို မြင်တွေ့ရ၍ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ မစ်ရှင်စနစ်ဖြင့် ဂိမ်းမာများ၏ ကုန်ထုတ်စွမ်းအားကို ရှားလော့ခ်က ထိန်းချုပ် ထား၏။ မစ်ရှင် မပြီးမြောက်သော ဂိမ်းမာများမှာ လူနည်းစုသာ ဖြစ်ကြသည်။ အမှန်စင်စစ်၊ ဂိမ်းမာတိုင်းက အာသာကဲ့သို့ ချမ်းသာကြွယ်ဝကြသည် မဟုတ်ချေ။
"ကျွန်တော် နားလည်ပါတယ် အရှင်ရှားလော့ခ်၊ ဒါပေမဲ့ အသေးစား ကုသရေး ဆေးရည်က..." ယိုဒါက ချီတုံချတုံဖြင့် ပြောလိုက်၏။
ရှားလော့ခ်သည် အနက်ရောင် ဆေးရည် ဖြည့်ထားသော ပုလင်း တစ်လုံးကို ထုတ်ယူလိုက်ပြီး "ဒါပဲလေ"ဟု ဆိုသည်။
"အရှင်ရှားလော့ခ်၊ စိတ်မပူပါနဲ့၊ အရှင် ပေးအပ်တဲ့ မစ်ရှင်ကို ကျွန်တော် ပြီးအောင် လုပ်ပါ့မယ်။ ဒါပေမဲ့ နောက်ထပ် ပြဿနာ တစ်ခု ရှိပါသေးတယ်။ လျှော်ကြိုးနည်းပညာရှင်နဲ့ သူ့ လူတွေက ဂန်ဒမ် မာနာစက်ရုပ် တစ်ခု ထုတ်လုပ် နေကြပါတယ်။ အဲဒါက ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်တယ်လို့ ကျွန်တော် ထင်တယ်။ ရှေ့ပြေးပုံစံ အရဆိုရင် အလားအလာကောင်း တစ်ခုလိုပဲ။" ယိုဒါက လေးနက်စွာ အကြံပြုလိုက်သည်။
ရှားလော့ခ်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။
"အင်း၊ မင်းက ဒီလိုပြောနေမှတော့ ဒီသုတေသန အတွက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ တစ်ခု ငါ ထောက်ပံ့ပေးမယ်။ ပမာဏ အတွက်တော့ နောက်မှ ဆွေးနွေးကြတာပေါ့။ တခြားအရေးကြီးတဲ့ ကိစ္စတွေ ရှိသေးလား။"
"မရှိပါဘူး အရှင်ရှားလော့ခ်။"
ယိုဒါသည် လေးစားစွာ ဦးညွှတ်လိုက်ပြီး ရှားလော့ခ်ကလည်း အလားတူ တုံ့ပြန်ကာ လုပ်ငန်းခွင်မှ ထွက်ခွာသွားသည်။
"အရှင်ရှားလော့ခ်၊ ကုန်သည်မဟာမိတ် အဖွဲ့ကိစ္စ အတွက် ကျွန်တော်တို့ ပြင်ဆင်ဖို့ မလိုဘူးလား။ အလက်ဇန္ဒရီယားက ပိုလီယိုကို ဘာလို့ ထောင်ကနေ လွှတ်ပေးလိုက်တာလဲ။ အလက်ဇန္ဒရီယားက အရှင့်ကို ကြံစည်နေတယ်လို့ ကျွန်တော် သံသယ ရှိတယ်။" ရှားလော့ခ် ထာဝရတိုင်းပြည်သို့ ပြန်လာစဉ် ဘရုက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
"ကုန်သည်မဟာမိတ် အဖွဲ့ကို ဂရုစိုက်စရာ မလိုဘူး၊ သူတို့က စီးပွားရေးသမား တစ်စုပဲ။ ဆောင်းတောင်ကုန်းမြို့ကို နီကိုလပ်စ်က အုပ်ချုပ်နေမှတော့ ကုန်သည်မဟာမိတ် အဖွဲ့ထဲမှာ ဆန့်ကျင်မှုတွေ ရှိရင်တောင် သူတို့ ဝင်စွက်ဖက်နိုင်မှာ မဟုတ်ဘူး။ အလက်ဇန္ဒရီယားက ပိုလီယိုကို လွှတ်ပေးတာ မကောင်းဘူးလား။ ပိုလီယိုကြောင့် ဂိမ်းမာတွေ နောက်ထပ် ဖျော်ဖြေရေး တစ်ခု ရသွားတာပေါ့။ ငါက တခြားကိစ္စ တစ်ခုကို ပိုစိတ်ပူနေတာ..."
ရှားလော့ခ်သည် "အဲ့ဒီ ထောက်လှမ်းရေးသမား ဘွန်းလေ"ဟု ဆိုစဉ် ငေးငိုင် နေခဲ့သည်။
"ဘွန်းလား။ အာ၊ သူက အော့ခ်တွေအကြောင်း သတင်း အချက်အလက် ရဖို့ ဂိမ်းမာတွေနဲ့ လိုက်သွားပြီး နောက်တော့ ထွက်ပြေးသွားတဲ့ တစ်ယောက်လေ။ သူက ေ*ာက်သုံးမကျဘူး။" ဘရုက မထီမဲ့မြင်ဖြင့် ပြောသည်။ "သူ့ နာမည်ကတော့ မိုက်သလိုပဲ။"
"သူက ပုံမှန် မဟုတ်ဘူး။" ရှားလော့ခ်က ဆို၏။ "ဒါပေမဲ့ အဆင်ပြေပါတယ်၊ ငါ စုံစမ်းစစ်ဆေးမှု တစ်ခု စီစဉ်ထားပြီးသား ။"
...
မျက်နှာဖုံးစွပ်ထားပြီး လေကာအင်္ကျီ အကြီးကြီး ဝတ်ဆင်ထားသော အရပ်မြင့်မြင့် ပုံရိပ် တစ်ခုသည် မှောင်မိုက်သော လမ်းကြား တစ်ခုတွင် ရပ်နေသည်။ လမ်းကြား အပြင်ဘက်တွင် ဆောင်းတောင်ကုန်းမြို့၏ စည်ကားသော လမ်းမများ ရှိနေ၏။
ထိုပုံရိပ်သည် ယိမ်းထိုး၍ လျှောက်လှမ်းနေပြီး မည်သည့် အချိန်တွင်မဆို လဲကျသွားနိုင်ပုံ ပေါက်နေသည်။ သူသည် မလဲကျစေရန် မိမိကိုယ်ကို ထိန်းထားရသည်။
ဟမ်းစတား သုံးကောင် လမ်းကြား အတွင်းပိုင်းသို့ ဝင်ရောက်သွားစဉ် စူးရှသေးငယ်သော အသံများမှာ အဝတ်အစားများထဲမှ ထွက်ပေါ်လာသည်ကို ကြားလိုက် ရသည်။
"ခုနကတင် ဒီမှာရှိသေးတာ။ ဘာလို့ ပျောက်သွားတာလဲ။"
"အနံ့က ရှိနေတုန်းပဲ။ သိပ်မဝေးလောက်ပါဘူး။"
"စားချင်စရာ အနံ့ရတယ်။"
အရပ်ရှည်ရှည် ပုံရိပ်သည် ရုတ်တရက် လဲကျသွားပြီး ဟမ်းစတား သုံးကောင်မှာ အဝတ်အစားများ ထဲမှ တိုးဝှေ့ ထွက်လာကြသည်။
ညာဘက်အစွန်ဆုံးမှ ဟမ်းစတားသည် သူ၏ လက်သည်းများဖြင့် သူ၏ အမွှေးများကို သပ်ရပ်အောင် ပြုလုပ်ပြီးနောက် ပတ်ဝန်းကျင်ကို နမ်းရှုံ့ ကြည့်လိုက်သည်။
"ဟုတ်တယ်၊ အနံ့က စူးရှနေတုန်းပဲ။"
"ဘော့စ်အကြီး၊ ဒီဂနိုမ်း ဘွန်းက အရှင်ရှားလော့ခ် ပြောသလိုပဲ ထူးဆန်းတယ်ဗျ။"
"အယ်။ ဘာဖြစ်လို့လဲ။"
"သူက ရုတ်တရက်ကြီး ပျောက်သွားတာလေ။ ပြဿနာ ရှိတဲ့ လူမှ ဒီလို ဖြစ်မှာပေါ့။"
"ငါတို့ ထမင်း သွားစားလို့ ရပြီလား။"
ဘော့စ်အကြီးနှင့် ဒုတိယဘော့စ်တို့က စိတ်လှုပ်ရှားစွာ စကားပြော နေကြပြီး ဝတုတ်အိုတာကု၏ တောင်းဆိုမှုကို လျစ်လျူရှု ထားကြသည်။ ဝတုတ်အိုတာကုသည် သူ၏ ဗိုက်ကို ပွတ်သပ်ပြီးနောက် ပတ်ပတ်လည် ရှာဖွေ ကြည့်လိုက်သည်။ သူသည် နံရံ တစ်ခုဆီသို့ ရောက်လာပြီး သူ၏ မျက်လုံးများမှာ အစားအစာ၏ ဆွဲဆောင်မှုကြောင့် အရောင်တောက် လာသည်။ သူသည် သူ၏ လက်များကို နံရံပေါ် တင်လိုက်ရာ နံရံ၏ တစ်ဖက်ခြမ်းမှ မွှေးရနံ့ တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက် ရသည်။ ထိုအချိန်တွင်ပင် နံရံသည် ပျောက်ကွယ်သွားသည်ကို သူခံစားလိုက်ရ၏။ သူသည် နံရံကို ဖြတ်ကျော် ဝင်ရောက်သွားပြီး ဘေးတစ်ဖက် တစ်ချက်စီတွင် မှော်မီးအိမ်များ ထွန်းညှိထားသော ကျဉ်းမြောင်းသည့် ဥမင်လိုဏ်ခေါင်း တစ်ခုထဲသို့ ရောက်ရှိသွားသည်။
ဝတုတ်အိုတာကုသည် ပတ်ပတ်လည် ကြည့်လိုက်သည်။ သူသည် အစားအစာ၏ မွှေးရနံ့ကိုသာ အာရုံစိုက်နေပြီး ထိုအရာက သူ၏ ကြောက်ရွံ့မှုကို ဖိနှိပ်ထားသည်။ ဥမင်လိုဏ်ခေါင်း တစ်လျှောက် ရှေ့ဆက် သွားနေစဉ် သူ၏ စိတ်ထဲတွင် ဘာမှ မရှိတော့ချေ။
ဥမင်လိုဏ်ခေါင်းမှာ အဆုံးမရှိ သကဲ့သို့ ထင်ရသည်။ ဝတုတ်အိုတာကု၏ အစားအစာ အပေါ် လိုချင်တပ်မက်မှုက သူ၏ အချိန်အပေါ် အမြင်ကို ပြောင်းလဲစေခဲ့ခြင်း ဖြစ်နိုင်ပေသည်။ မကြာမီတွင် သူသည် အခန်းတစ်ခန်း ရှေ့သို့ ရောက်ရှိလာပြီး ထိုနေရာမှ အသံများကို ကြားလိုက် ရသည်။
"တုံ့ပြန်မှု မရှိဘူးလား။ နီကိုလပ်စ်က ထာဝရတိုင်းပြည်နဲ့ တကယ် မဟာမိတ် ဖွဲ့ထားတာပဲ၊ ဆိုလိုတာက ဆောင်းတောင်ကုန်းမြို့ကို ထာဝရတိုင်းပြည်နဲ့ တိုက်ခိုက်ဖို့ ငါတို့ လှုံ့ဆော်လို့ မရတော့ဘူးပေါ့။"
"ငါတို့ အဲ့လိုလုပ်လို့ မရပေမဲ့ ကုန်သည်မဟာမိတ် အဖွဲ့ထဲမှာ ထာဝရတိုင်းပြည်ကို မကျေနပ်တဲ့ အဖွဲ့အစည်းတွေ ရှိနေတယ်။ ဘာပဲ ဖြစ်ဖြစ် ရှားလော့ခ်က နီကိုလပ်စ်ကို ဒန်ဂျင်အရှင်အဖြစ် အကြံပြုခဲ့တာက အဖွဲ့အစည်း တော်တော်များများရဲ့ အကျိုးစီးပွားကို ထိခိုက်စေခဲ့တယ်လေ။"
"အဲ့တော့ ဘာဖြစ်လဲ။ ဆောင်းတောင်ကုန်းမြို့ ကြောင့်နဲ့တော့ အောင်မြင်နေတဲ့ ထာဝရတိုင်းပြည်ကို ဘယ်သူမှ ရန်မလုပ်လောက်ပါဘူး။ ရှားလော့ခ်ရဲ့ နောက်ခံကို ငါတို့ မသိပေမဲ့ သူက ငရဲနတ်ဆိုးဘုရင် ဆာမေးလ်ကို အနိုင်ယူ နိုင်ခဲ့တယ်၊ ပြီးတော့ တခြား နတ်ဆိုးဘုရင် ခြောက်ပါးက သူ့ကို လျော်ကြေးအသီးသီး ပေးခဲ့ကြတယ်။ ငရဲပြည်က နတ်ဆိုးဘုရင်တွေက ငြိမ်းချမ်းရေး ကာလ ကြာရှည်ပြီးနောက်မှာ ပျော့ညံ့သွားကြပြီလို့ မင်း တကယ်ထင်နေတာလား။"
"ငါတို့ ဘာလုပ်သင့်လဲ။ ကုန်သည်မဟာမိတ် အဖွဲ့က ထာဝရတိုင်းပြည်ရဲ့ အင်အားကို မလျော့ပါး စေနိုင်ဘူးဆိုရင် ငါတို့က ရှားလော့ခ်ဆီကနေ မိုက်ကယ်အိန်ဂျယ်လိုရဲ့ အစွမ်းကို ဘယ်လို လုယူနိုင်မှာလဲ။"
"စိတ်မပူပါနဲ့၊ ကုန်သည်မဟာမိတ် အဖွဲ့ မရှိရင်တောင် ငါ အစီအစဉ်တွေ လုပ်ထားပြီးသား။ တခြား တစ်ယောက်ယောက်က ထာဝရတိုင်းပြည်ကို အားနည်းအောင် လုပ်ဖို့ ငါတို့ကို ကူညီလိမ့်မယ်။ အဲ့ဒီ ငတုံးကောင်က လှုံ့ဆော်ရ လွယ်တယ်။"
"ငါ သိပြီ၊ မင်း ပြောနေတာက..."
အခန်းထဲတွင် သတ္တဝါနှစ်ကောင် စကားပြော နေကြသော်လည်း ဝတုတ်အိုတာကုမှာမူ စကားဝိုင်း၏ ထိုအပိုင်းအစလေးကိုသာ ခိုးနားထောင်နိုင်ခဲ့သည်။ အစားအစာ၏ မွှေးရနံ့ကြောင့် တံခါးဆီသို့ ဆွဲဆောင် ခေါ်ယူခြင်း ခံခဲ့ရသဖြင့် သူရောက်ရှိ သွားသည့်အခါ တံခါးကို စိတ်မပါ လက်မပါဖြင့် တွန်းဖွင့် လိုက်သည်။
ဘွန်းသည် အခန်းထဲတွင် မှောင်မိုက်သော ပုံရိပ် တစ်ခု နှင့်အတူ ရပ်နေခဲ့ပြီး ထိုပုံရိပ်မှာ အခန်းထဲမှ ချက်ချင်းပင် လျှပ်တပြက် ထွက်ခွာသွားသည်။ မှောင်မိုက်သော ပုံရိပ်သည် ရုပ်ခန္ဓာကိုယ် မရှိသကဲ့သို့ပင်။ သူသည် ပျောက်ကွယ် သွားခဲ့၏။
"ဘယ်သူလဲဟ။"
ဘွန်းသည် အံ့အားသင့်သွားပြီး သူ၏ ခါးမှ ဓားမြောင်ကို ဆွဲထုတ်လိုက်သည်။
မဖြစ်နိုင်ဘူး။ ဘာလို့ အဲ့ဒီ ငတုံးရုပ် ဟမ်းစတားက ငါ့ရဲ့ လျှို့ဝှက် စခန်းကို ရှာတွေ့ နိုင်ရတာလဲ။ သူက သေသေချာချာ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားခဲ့တာပဲ။ နံရံဝင်ပေါက်မှာ မာနာမှော်အက္ခရာတွေ အများကြီးနဲ့ ကာကွယ်ထားတာ၊ ဒါကြောင့် ဘယ်သူမှ လွယ်လွယ်နဲ့ ဝင်လို့ မရဘူး။
ဒီဟမ်းစတားက ဘာလဲဟ။
ဝတုတ်အိုတာကုသည် ဘွန်းကို လျစ်လျူရှုလိုက်သည်။ သူသည် မှောင်မိုက်သော ပုံရိပ်၏ ဦးတည်ရာသို့ စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်ပြီး "အား...! ငါ့ရဲ့ စားချင်စရာ အစားအစာတွေ သွားပါပြီ။"ဟု အော်ဟစ်လိုက်သည်။
ဘွန်းသည် ဂရုမစိုက်ဘဲ သူ၏ ဓားမြောင်ဖြင့် ဝတုတ်အိုတာကုထံ ပြေးဝင် တိုက်ခိုက်လိုက်သည်။ ပုံရိပ်နှစ်ခုသည် ဝတုတ်အိုတာကု အပေါ်သို့ ခုန်အုပ်လိုက်ကြပြီး သူတို့သည် မြေပြင်ပေါ်သို့ လဲကျ သွားကြသည်။ သူတို့မှာ ဘော့စ်အကြီးနှင့် ဒုတိယဘော့စ်တို့ ဖြစ်ကြ၏။
"ငတုံးညီလေး၊ မင်း သေတော့မလို့ပဲ။"
"မဆိုးဘူးပဲ ဝတုတ်အိုတာကု၊ မင်းက ငါတို့ကို ဝင်ပေါက် ရှာတွေ့အောင် ကူညီခဲ့တာပဲ။"
ဘော့စ်အကြီးနှင့် ဒုတိယဘော့စ်တို့ ပြောနေကြစဉ် ဝတုတ်အိုတာကုမှာမူ "အား...!"ဟု ဆက်လက် အော်ဟစ်နေဆဲပင်။