ချိန်းတွေ့ပွဲ အတွက် ပြင်ဆင်ခြင်း
Vol. 25 Ch. 368
"ကျစ် ကျစ်၊ အရှင်ရှားလော့ခ်၊ အရှင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချစ်ရေးက ရှုပ်ထွေးနေတာပဲ။ အရှင့်က အိဗလင်းရဲ့ ချိန်းတွေ့ ဖိတ်ကြားချက်ကို လက်ခံလိုက်တယ်။ အိဗလင်းက အရှင့်ကို သူမအပေါ် စိတ်ဝင်စားတယ်လို့ ထင်သွားရင်တော့ စိတ်ဝင်စားစရာ ကောင်းသွားပြီ။" ဘရုက စိတ်လှုပ်ရှားစွာ ပြောလိုက်သော်လည်း ရှားလော့ခ်မှာမူ ဘရု၏ အတွေးများကို လက်ခံခြင်း မရှိချေ။
"ချိန်းတွေ့တာလား။ အိဗလင်းက ငါ အရမ်း အလုပ်များနေလို့ သူကငါ့ကို အပန်းဖြေစေချင်ပြီး ပွဲကြည့်ဖို့ ဖိတ်တာ မဟုတ်ဘူးလား။"
"အဲ၊ အဲ့ဒီ အိပ်မက်နတ်ဆိုးမယ်က အဲ့လိုပြောပေမဲ့ အရှင့်က သူ့ရဲ့ ရည်ရွယ်ချက်ကို မမြင်ဘူးလား။ ဖြစ်နိုင်တာက သူက အရှင့်ကို ကြိုက်နေတာပဲ။"
"ငါက ဘယ်လိုများ အဲ့လိုနားလည်မှု လွဲမှားအောင် လုပ်မိလို့လဲ။ မင်းက ငါ့ကို မိန်းကလေး တွေကြားမှာ နာမည်ကြီးတယ်လို့များ ထင်နေတာလား။" ရှားလော့ခ်က ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။
"အိဗလင်းက သူ့ ခံစားချက်တွေကို ဖွင့်ပြောလာရင် ဘယ်လို လုပ်မလဲ။" ဘရုက တိုက်ရိုက် မေးလိုက်သည်။
ရှားလော့ခ်က "ငါ ငြင်းလိုက်မှာပေါ့။ ငါ့ အတွက် အချစ်ရေးဆိုတာ စဉ်းစားလို့တောင် မရတဲ့ ကိစ္စပဲ။ အရေးအကြီးဆုံးက ငါ့မှာ အဲ့ဒီ အတွက် လိုအပ်တဲ့ အခြေအနေတွေ မရှိဘူး။"ဟု ဆို၏။
"ကောင်းပြီ၊ အရှင်ရှားလော့ခ်က ဒီလောက် ယုံကြည်နေမှတော့..." ဘရုသည် သူ့အား ဖျောင်းဖျရန် ကြိုးပမ်းမှုကို လက်လျှော့လိုက်သည်။
ရှားလော့ခ်က "ငါက သူ့ ဖိတ်ကြားချက်ကို လက်ခံလိုက်တာက သူက ဒန်ဂျင်မှာ ကပ်နေ,နေတာမို့လို့ပဲ၊ အဲ့ အတွက် ငါက အကျိုးအမြတ်တချို့ ပြန်လိုချင်လို့။"ဟု ဆို၏။
"နေဦး၊ အရှင်ရှားလော့ခ်၊ အဲ့ဒါက အရှင့် စိတ်ထဲမှာ တွေးနေခဲ့တာလား။ အရှင့်က တကယ်ပဲ အထက်တန်းစား နတ်ဆိုးတစ်ပါးပါပဲ..."
ရှားလော့ခ်သည် ဘရု၏ စကားများကြောင့် တုန်လှုပ်ခြင်း မရှိဘဲ "အဓိက,က ပြဇာတ်ကိုယ်တိုင်ပဲ။"ဟု ဆိုလိုက်သည်။
ရှားလော့ခ်သည် "မဟာနတ်ဆိုး— မိုက်ကယ်အိန်ဂျယ်လို" ဟူသော စာသားများ ပါသည့် လက်မှတ်ကို ကောက်ယူလိုက်သည်။
"အဲ... ပြဿနာ မရှိလောက်ပါဘူးနော်။"
ဘရုသည် အံ့အားသင့် တွေဝေသွားပြီး ပွဲနှင့် ပတ်သက်၍ မည်သည့် ပြဿနာမျှ မမြင်နိုင်ခဲ့ချေ။ ရှားလော့ခ်သည် မော်ဂန်ဟု ခေါ်သော တစ်စုံတစ်ယောက်က အဓိက ဇာတ်ဆောင် ဖြစ်ကြောင်း ပြသနေသည့် တံဆိပ်ကို လက်ညှိုးထိုး ပြလိုက်သည်။
"ဒီမော်ဂန်က..."
"သူက ထာဝရမီးလျှံရဲ့ ဒုတိယဆက်ခံသူပဲ။" ရှားလော့ခ်က ဆိုသည်။ "သူက ပြဇာတ် ဖျော်ဖြေမှုတွေကို စိတ်ဝင်စားတယ်။ သူက ပြဇာတ်အဖွဲ့နဲ့အတူ ဆောင်းတောင်ကုန်းမြို့ကို လိုက်လာပြီး သူ့ရဲ့ လာရောက်လည်ပတ်မှု အတွင်းမှာ ဖျော်ဖြေနေတာ။"
"ကျစ်၊ ဆက်ခံသူတစ်ယောက် အတွက်တော့ တကယ့်ကို စိတ်ပျက်စရာပဲ။ မော်ဂန်က အရှင့်ကို ကြံစည်ဖို့ သူတို့ စီစဉ်ထားတဲ့ သူလို့ အရှင့်ထင်သလား။"
ဘရုသည် ခဏစဉ်းစားပြီး သဘောတူလိုက်သည်။
"အင်း၊ ဖြစ်နိုင်ခြေ အရမ်း များတယ်။ အရှင့်က အန်ဒရူးကို ထောင်ထဲ ပို့လိုက်တာလေ။ မော်ဂန်က အန်ဒရူးရဲ့ အစ်ကို ဖြစ်ပြီး သူတို့က ရင်းနှီးကြတယ် ဆိုရင် သူက လက်စားချေဖို့ လာတာ ဖြစ်နိုင်တယ်။"
"အခြေအနေကို နားလည်ဖို့ အတွက် ငါက ပွဲကို ကြည့်ဖို့ အရေးကြီးတယ်လို့ ထင်တယ်။"
ရှားလော့ခ်သည် ဖိုရမ်ကို လှန်လှော ကြည့်ရှုရင်း ပြုံးလိုက်သည်။
"စိတ်ဝင်စားစရာ မကောင်းဘူးလား။"
...
ကျောက်သား အခန်းငယ်လေး တစ်ခုတွင်၊ မတ်တပ်ရပ် မှန်တစ်ချပ် ရှေ့၌ အိပ်မက်နတ်ဆိုးမယ် အိဗလင်းသည် စကတ်တစ်ထည် ဝတ်ဆင်ထားပြီး ဟိုဟိုသည်သည် ပုံစံ အမျိုးမျိုး ပြုလုပ်နေသည်။ သို့သော် သူမ,မြင်တွေ့နေရသည့် အရာကို သူမ ကျေနပ်ခြင်း မရှိဘဲ တီးတိုးရေရွတ်နေသည်။ "ဒါက ငါ့ အတွက် နည်းနည်း ကလေးဆန်လွန်းနေသလား။ အရှင်ရှားလော့ခ်က ငါ့ကို ကလေးလို ပြုမူနေတယ်လို့ ထင်သွားလိမ့်မယ်။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒါကို ငါ မဝတ်နိုင်ဘူး။"
အိဗလင်းသည် ခေါင်းခါလိုက်ပြီး သူမ၏ အဝတ်ဗီရိုကို ဖွင့်လိုက်သည်။ ထို့နောက် သူမ၏ အဝတ်အစား အနည်းငယ် စုစည်းမှု ထဲမှ အပြာရောင် ဝတ်စုံရှည် တစ်ထည်ကို ထုတ်ယူကာ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် တင်ကြည့်လိုက်သည်။
"ဒီဝတ်စုံက ကောင်းရဲ့လား။ နေဦး၊ ငါ ခုနကတင် ဒါကို ဝတ်ကြည့်ပြီးပြီ မဟုတ်ဘူးလား။"
အိဗလင်းသည် သူမ၏ အဝတ်ဗီရိုကို ကြည့်လိုက်သည်။ သူမသည် အဝတ်အစား အားလုံးကို တစ်ကြိမ်စီ ဝတ်ကြည့်ပြီးဖြစ်၏။
သူမ၏ လစာအများစုကို ငှားရမ်းခ၊ စီမံခန့်ခွဲမှု ကြေးနှင့် နေထိုင်စားသောက် စရိတ်များ ကဲ့သို့သော အခြေခံလိုအပ်ချက်များ အတွက် သုံးစွဲရသောကြောင့် သူမ၏ အဝတ်အစားများမှာ အကန့်အသတ် ရှိနေသည်။ ရှားလော့ခ်၏ ဒန်ဂျင်တွင် နေထိုင်စဉ်ကမူ သူမသည် အသုံးစရိတ်များ ပေးဆောင်ရန် မလိုဘဲ အစားအသောက်နှင့် နေရာထိုင်ခင်းကို ထာဝရတိုင်းပြည်မှ ပံ့ပိုးပေး ခဲ့သော်လည်း လစာ မရရှိခဲ့ချေ။
စုဆောင်းငွေ မရှိသောကြောင့် သူမသည် မည်သည့် အဝတ်အစားမျှ ဝယ်ယူနိုင်ခြင်း မရှိခဲ့ပေ။ ထို့အပြင် သူမသည် အလုပ်ဝတ်စုံများသာ ဝတ်ဆင်လေ့ ရှိသောကြောင့် အဝတ်အစားများစွာ မရှိခဲ့ချေ။
အိဗလင်းသည် နောင်တရ နေမိသည်။ ရှားလော့ခ်နှင့် ချိန်းတွေ့ရန် အတွက် သူမ၌ သင့်တော်သော ဝတ်စုံ တစ်ထည်မျှ မရှိခဲ့ချေ။
"ဒေါက်၊ ဒေါက်၊ ဒေါက်။"
သူမ အဝတ်အစားများ အကြောင်း စဉ်းစားနေစဉ် တံခါးခေါက်သံ ကြားလိုက်ရ၍ လန့်ဖျပ်သွားသည်။ သူမသည် ခေါင်းလှည့်လိုက်ပြီး "ဘယ်သူလဲဟင်။"ဟု မေးလိုက်သည်။
"မစ္စအိဗလင်း၊ ကျွန်တော်ပါ၊ ဖိုးဉာဏ်ကျယ်ပါ။"
ထိုအသံမှာ ဖိုးဉာဏ်ကျယ်၏ အသံဖြစ်၏။
"ဘာ၊ ဘာကိစ္စရှိလို့လဲ။" အိဗလင်းသည် အံ့အားသင့်သွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ကျွန်တော်က စွန့်စားသူ အစည်းအရုံး နာမည်စာရင်း အတွက် လာတာပါ။"
အိဗလင်းသည် သူမအိမ်သို့ မှားယွင်းစွာ ယူဆောင်လာခဲ့သော နာမည်စာရင်းကို သတိရ သွားသည်။ ထိုစာရင်းမှာ စွန့်စားသူ အစည်းအရုံးတွင် သိမ်းဆည်းထား သင့်သည့် အရာ ဖြစ်၏။ သူမသည် ချိန်းတွေ့ပွဲ အကြောင်းကိုသာ အချိန်တိုင်း စဉ်းစား နေခဲ့သည်။
ချိန်းတွေ့ပွဲလား။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒါက ချိန်းတွေ့ပွဲ မဟုတ်ဘူး။ အရှင်ရှားလော့ခ်က သူမကို ဂရုစိုက်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြသဖို့ သူမက ခြိုးခြံချွေတာပြီး ပြဇာတ်လက်မှတ် နှစ်စောင် ဝယ်ခဲ့တာ၊ အပန်းဖြေဖို့ သက်သက်ပဲ။ ကွန်ပျူတာ လို့ခေါ်တဲ့ မာနာစက်ပစ္စည်း ရှေ့မှာ ထိုင်နေတာက ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ အပြင်ထွက်ပြီး လေကောင်းလေသန့် ရှူတာက ကောင်းတယ်။ ဒါက ရှားလော့ခ်ရဲ့ ကျန်းမာရေး အတွက် သေချာပေါက် အကျိုးရှိမှာပဲ။
ဒါပေမဲ့ အဝတ်အစားတွေက,ကော ဘယ်လို လုပ်မလဲ။ သူမက ချိန်းတွေ့ပွဲကြောင့် အဝတ်အစားတွေ အတွက် စိတ်အနှောင့်အယှက် ဖြစ်နေတာ မဟုတ်ဘဲ အရှင်ရှားလော့ခ်ကို သင့်တော်တဲ့ လေးစားမှု ပြဖို့ အတွက်သာ ဖြစ်သည်။ သူက ဒန်ဂျင်အရှင် တစ်ပါး ပဲလေ။ အခမ်းအနားနဲ့ မသင့်တော်တဲ့ အဝတ်အစားတွေ ဝတ်လို့ မဖြစ်ဘူး။ သူမက သတိကြီးစွာ ပြုမူ ရမည်။
အဝတ်အစား အသစ် ဝယ်ဖို့ ပိုက်ဆံ မရှိသောကြောင့် သူမသည် လက်ရှိ အဝတ်အစားပုံထဲမှ အနည်းငယ် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန်သာ တတ်နိုင်ခဲ့သည်။ သို့သော် သူမသည် အပ်ချုပ်သမား တစ်ဦး မဟုတ်ချေ။ ဂနိုမ်းများကို အကူအညီ တောင်းသင့်သလား။ သူတို့က အပ်ချုပ်ပညာမှာ အရည်အချင်း ရှိပုံ ရသည်။ ဆောင်းတောင်ကုန်းမြို့သို့ လာရောက် လည်ပတ်စဉ်က သူတို့သည် ထာဝရတိုင်းပြည် အလံကို ဖန်တီးခဲ့ကြသည်...
မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူတို့ ကိုသာ အကူအညီ တောင်းလိုက်ရင် ချိန်းတွေ့ပွဲ အကြောင်း သူတို့ မသိဘဲ နေပါ့မလား။ ရှက်စရာ ကောင်းလိုက်တာ...
"ဒေါက်၊ ဒေါက်၊ ဒေါက်။"
ဖိုးဉာဏ်ကျယ်က တံခါးကို ခေါက်၍ "မစ္စအိဗလင်း"ဟု အံ့ဩစွာ မေးလိုက်သည်။
"အာ။ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။"
အိဗလင်းသည် ကလေးဆန်သော စကတ်ကို ဝတ်ဆင်ထားသည်ကို မေ့လျော့ကာ အလျင်အမြန် တံခါးဖွင့်လိုက်သည်။
ဖိုးဉာဏ်ကျယ်သည် တံခါးဝတွင် စိတ်ခံစားမှု ကင်းမဲ့စွာ ရပ်နေရင်း ထိတ်လန့်နေသော အိဗလင်းကို စိုက်ကြည့်နေသည်။
"အဲဒါက... ကျွန်မ အဝတ်အစားတွေ ဝတ်စမ်းနေတာ မဟုတ်ပါဘူး။ ကျွန်မက အရှင်ရှားလော့ခ်နဲ့ ချိန်းတွေ့ဖို့၊ အာ၊ မဟုတ်ဘူး။ ကျွန်မတို့က ပြဇာတ် တစ်ခု ကြည့်ကြမလို့ပါ..."
ဖိုးဉာဏ်ကျယ်သည် ထိတ်လန့်နေသော အိဗလင်းကို ကြည့်နေသော်လည်း သူကမူ တုန်လှုပ်သွားခြင်း မရှိခဲ့ချေ။ သူက စိတ်ခံစားမှု ကင်းမဲ့စွာ "ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ နာမည်စာရင်းကို ကျွန်တော့်ကို ပေးလို့ ရမလား။ မှတ်ပုံတင်ဖို့ လိုအပ်လို့ပါ။"ဟု ဆိုလိုက်သည်။
"တောင်းပန်ပါတယ်၊ ခဏစောင့်ပေးပါဦး။"
အိဗလင်းသည် ဖိုးဉာဏ်ကျယ်အား ဦးညွှတ်လိုက်ပြီး အိမ်ထဲသို့ လျှောက်ဝင်သွားသည်။ သူမသည် စားပွဲပေါ်မှ နာမည်စာရင်းကို ဆွဲယူလိုက်ပြီး ဖိုးဉာဏ်ကျယ်ထံ ပေးအပ် လိုက်သည်။
"ကျေးဇူးတင်ပါတယ်။"
ဖိုးဉာဏ်ကျယ်သည် ခေါင်းညိတ်လိုက်ပြီး နောက်လှည့် မကြည့်ဘဲ ထွက်ခွာသွားသည်။
"အယ်။"
သို့သော် အိဗလင်း၏ အံ့ဩတကြီး အော်သံကြောင့် ဖိုးဉာဏ်ကျယ် ရပ်တန့်သွားပြီး နောက်ပြန် လှည့်ကြည့် လိုက်သည်။
"ဘာကိစ္စရှိလို့လဲ။"
"မဟုတ်ပါဘူး၊ ဒီပြဿနာ မဟုတ်ပါဘူး။ အဲဒါက... အရှင်ရှားလော့ခ်နဲ့ ကျွန်မ ပြဇာတ် တစ်ခု သွားကြည့်ကြ မလို့ပါ။ အရှင်ဖိုးဉာဏ်ကျယ်၊ အဲ့ဒါက..."
အိဗလင်းသည် လေသံပျော့ပျော့ဖြင့် ပြောလိုက်ရာ ဖိုးဉာဏ်ကျယ်က အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။ "မစ္စအိဗလင်းရဲ့ ပါဝင်ကူညီမှုနဲ့ ခင်ဗျားရဲ့ အသုံးစရိတ် တွေကို နှိုင်းယှဉ်ကြည့်ရင် ခင်ဗျားက အရှင်ရှားလော့ခ်ကို ပွဲတစ်ခု ပြန်ဖိတ်တာ အံ့ဩစရာ မရှိပါဘူး။ ဒါပေမဲ့ မစ္စအိဗလင်း၊ ခင်ဗျားရဲ့ ဒီဝတ်စားဆင်ယင်မှုကို ပြန်စဉ်းစား သင့်တယ်။ ဒန်ဂျင်အရှင်ကို လေးစားမှု ပြရမယ်လေ။ ဒီဝတ်စုံက ခင်ဗျားအသက်အရွယ်နဲ့ မသင့်တော်နေဘူး။"
"ရက်စက်လိုက်တာ..."
အိဗလင်းသည် ဖိုးဉာဏ်ကျယ်၏ စကားများကြောင့် စိတ်ဓာတ်ကျသွားပြီး ငေးငိုင်သွားသည်။
"ဒါဆိုရင်တော့ နှုတ်ဆက်ပါတယ်။"
ဖိုးဉာဏ်ကျယ်သည် ထွက်ခွာရန် လှည့်ထွက်သွားပြီး နောက်ပြန်လှည့်ကြည့်ရန် ဆန္ဒ မရှိတော့ချေ။
ဖိုးဉာဏ်ကျယ် ထွက်ခွာသွားသော်လည်း စကားဝိုင်းကိုမူ ဂိုဘလင်၊ ဂနိုမ်းနှင့် ခွေးခေါင်းလူသား အုပ်စု တစ်စုက ကြားဖြတ် ခိုးနားထောင် နေခဲ့ကြသည်။ သူတို့သည် အမ်ပီစီများ၏ အဝတ်အစားများကို ခိုးယူခြင်း၊ ပြတင်းပေါက်များမှ တစ်ဆင့် သူတို့၏ အိမ်များသို့ ဝင်ရောက်ခြင်း၊ သို့မဟုတ် အမ်ပီစီများ အိပ်ပျော်နေစဉ် ထူးဆန်းသော အရာများ ပြုလုပ်ခြင်း ကဲ့သို့သော ထူးဆန်းသည့် အရာများကို မလုပ်ဆောင် နိုင်သော်လည်း ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်များ အတွက် ဘေးတွင် စောင့်ဆိုင်း နေနိုင်ကြသည်။
သူတို့သည် ထိုင်ချ စောင့်ဆိုင်းနေခြင်းမျိုး မဟုတ်နိုင်သော်လည်း ဖိုးဉာဏ်ကျယ်အနီးမှ ဖြတ်သွားခြင်း သို့မဟုတ် နောက်ယောင်ခံ လိုက်လာခြင်းမှာ သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင်။
ဖိုးဉာဏ်ကျယ်နှင့် အိဗလင်းတို့၏ စကားဝိုင်းမှ ရရှိသော သတင်း အချက်အလက်များမှာ လုံလောက်သည်ထက်ပင် ပိုနေသည်။
"အမလေး။ ရှားလီနဲ့ အိဗလင်း ချိန်းတွေ့ နေကြတာလား။"
"ဂိမ်းတာဝန်ရှိသူက ငါတို့ကို အချစ်ရေး ဇာတ်လမ်းတွေ ပေးနေတာ၊ ငါ ဖြင့်..."
"ရှားလီနဲ့ ဖိုးဉာဏ်ကျယ်က တွဲနေကြတာ မဟုတ်ဘူးလား။ ဘာလို့ ဖိုးဉာဏ်ကျယ်က ဒီလောက် တည်ငြိမ်နေရတာလဲ။ သူက အိဗလင်းကို သတ်ဖို့ ကြံနေတာလား။"
"ကျစ်၊ ဒီလို ရှေးရိုးဆန်တဲ့ အိပ်မက်နတ်ဆိုးမယ်က နောက်ဆုံးတော့ ချိန်းတွေ့တော့ မှာပေါ့။"
"အမ်ပီစီတွေ ချိန်းတွေ့တဲ့ ဇာတ်လမ်းကို ငါ မကြည့်ချင်ဘူး။ ဆောင်းတောင်ကုန်းမြို့ တိုက်ခိုက်ခံရတာနဲ့ ထာဝရတိုင်းပြည်က စစ်သည်တော်တွေ ကောင်းကင်ကနေ ဆင်းသက်လာတာကို ငါ မြင်ချင်တယ်။ ငါ ကမ္ဘာကြီးကို ကယ်တင်ချင်တယ်။"
"စိတ်မပူပါနဲ့ အိဗလင်း၊ ငါက အပ်ချုပ်ပညာနဲ့ ဘွဲ့ရထားတာ။ ဆောင်းတောင်ကုန်းမြို့က ဆရာမတောင် ငါ့ လက်ရာကို ချီးကျူးခဲ့တာ။ ချိန်းတွေ့ပွဲ အတွက် မင်း ဝတ်စုံကို ငါ တာဝန်ယူလိုက်မယ်။"
"ငါတို့ ယှဉ်ပြိုင်ရအောင် အိဗလင်း။ ရှားလီက ငါ့ အပိုင်။"
"ဝါးးးးး။"