ဂိမ်းထုတ်လုပ်သူရဲ့ အမှားပဲ
Vol. 25 Ch. 369
အိဗလင်းသည် ဤသို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ ရမည်ဟု မမျှော်လင့်ခဲ့ချေ။
သူမသည် ဂိုဘလင်၊ ဂနိုမ်းနှင့် ခွေးခေါင်းလူသား အုပ်စု တစ်စုက အစီအစဉ် တစ်ခု ချမှတ်ရန် ဝိုင်းရံခြင်း ခံရမည် ဟုလည်း မမျှော်လင့်ခဲ့ပေ။
"ငါ့ရဲ့ မိန်းကလေးလိုက်တဲ့ အတွေ့အကြုံအရ၊ ရှားလီသာ ငတုံး မဟုတ်ဘူးဆိုရင် အိဗလင်းရဲ့ ခန္ဓာကိုယ်နဲ့ ရုပ်ရည်နဲ့ ဘယ်ဝတ်စုံ ဝတ်ဝတ် သေလောက်အောင် လှမှာပဲ။"
"သွားစမ်းပါကွာ၊ မင်းက အမှိုက်ပဲ။ ဘယ်ဝတ်စုံဝတ်ဝတ် အဆင်ပြေတယ်ဆိုရင် ငါတို့ ဘာလို့ ဒီလောက် ဒုက္ခခံနေရမှာလဲ။"
"အရေးကြီးတာက ဝတ်စုံမဟုတ်ဘူးလေ။ စကားပြောတာ မဟုတ်ဘူးလား။ ရုပ်ရည်က အရေးကြီးပေမဲ့ အိဗလင်းရဲ့ သေလောက်အောင် လှတဲ့ ရုပ်ရည်နဲ့ ဆိုရင် ဝတ်စုံက အပိုဆုကြေး တစ်ခုပဲ။ သူသာ မျက်နှာသစ်လိုက်ရင် မနက်ဖြန် ညနောက်ပိုင်း ရှားလီ တစ်ကိုယ်တည်း မဟုတ်တော့ဘူးလို့ ငါ ထင်တယ်။"
"ရှားလီက ဖိုးဉာဏ်ကျယ်နဲ့ တွဲနေပြီးသားလေ။ မင်းက ဘာကို ဆိုလိုတာလဲ တစ်ကိုယ်တည်းလို့။"
အိဗလင်းသည် ဂိမ်းမာများ၏ မရပ်မနား ပွစိပွစိ ပြောဆိုမှု များကြောင့် စိတ်ရှုပ်ထွေး နေခဲ့သည်။
သို့သော် သူတို့ထဲမှ အချို့မှာမူ သူတို့၏ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် အတွက် အိဗလင်းကို အလေးအနက် ကူညီ နေကြသည်။
ဂိုဘလင် နှစ်ယောက်သည် အိဗလင်း၏ ကိုယ်တိုင်း အတိုင်းအတာများ ရယူရန် ပေကြိုးများ အသုံးပြု နေကြသည်။ အရပ်အမောင်း ကွာခြားမှုကြောင့် သူတို့သည် ထပ်ဆင့်ထားသော ကုလားထိုင်များနှင့် စားပွဲများပေါ်တွင် ရပ်နေကြရသည်။
ဂိမ်းမာများ၏ စကားစမြည် အကြောင်းအရာများအရ ဤဂိုဘလင်များသည် ဂိမ်းအတွင်းရော ဂိမ်းအပြင်လောကတွင်ပါ အပ်ချုပ်သမားများ ဖြစ်ကြပြီး ပုဂ္ဂလိက ဖက်ရှင်တံဆိပ် တစ်ခု အတွက် ဒီဇိုင်နာများ ဖြစ်ကြသည်ဟု ဆိုကြသည်။
အိဗလင်းသည် ဂိမ်းအတွင်းနှင့် အပြင်လောကဟု သူတို့ ဆိုလိုသည့် အရာကို နားမလည် သော်လည်း သူတို့၏ ကျွမ်းကျင်မှုကို မြင်တွေ့ရသဖြင့် အိဗလင်းသည် သူတို့ကို ယုံကြည်လိုက်သည်။
ဝတ်စုံ မပြုလုပ်မီ သူတို့သည် အိဗလင်းအား မေးခွန်းအချို့ မေးမြန်းခဲ့ကြသည်။
"ခင်ဗျား အကြိုက်ဆုံး အရောင် ရှိပါသလား။"
"အဲ... မရှိပါဘူး။"
"ခင်ဗျား မကြိုက်တဲ့ အရောင်ရော ရှိပါသလား။"
"အဝါရောင်ပါ။ ကျွန်မ အဝါရောင် မကြိုက်ဘူး။"
"ပုံစံက,ကော။ ရှားလီက ဘယ်လို ပုံစံကြိုက်တတ်လဲဆိုတာ ခင်ဗျားသိလား။"
"အဲဒါက ရှားလီက..."
"အရှင်ရှားလော့ခ်ပါ။"
"သိပ်မသေချာဘူး။ အရှင်ရှားလော့ခ်က လူကြီးလူကောင်းဆန်ဆန် ဝတ်စားတတ်တယ်၊ ပြီးတော့ ရှင်တို့က သူ့ကို အရှင်ရှားလော့ခ်လို့ ခေါ်သင့်တယ်၊ ရှားလီလို့ မဟုတ်ဘူး။"
"ကျွန်တော် နားလည်ပါတယ်။"
"သူက ယဉ်ကျေးသိမ်မွေ့တဲ့ အမျိုးသမီးပုံစံကို ပိုကြိုက်တတ်သလား မသိဘူး။"
"အင်း၊ အဲ့ဒါ ဖြစ်နိုင်တယ်။ အိမ်နီးနားချင်း ကောင်မလေးပုံစံလေး နည်းနည်း ထည့်လိုက်ရင်ကော။ ရှားလီက အိဗလင်းထက် ပိုငယ်ပုံရတယ်။"
"ပိုငယ်တယ် ဟုတ်လား။"
ဂိုဘလင် နှစ်ဦးလုံးသည် အိဗလင်း၏ အသက်အရွယ်ကို အထိန်းအကွပ်မဲ့စွာ ဆွေးနွေး နေကြသည်။ အိဗလင်းက အသက်ပိုကြီးသည်ဟု သူတို့ ရည်ညွှန်းဝံ့ကြ ပါသည်တကား။ သူမသည် ကျောင်းပြီးခါစသာ ဖြစ်ပြီး ရှားလော့ခ်မှာမူ ဒန်ဂျင်အရှင်တစ်ပါး ဖြစ်သည်။
သူတို့သည် အိဗလင်းအား ရှင်းပြခွင့် မပေးခဲ့ကြချေ။ ကိုယ်တိုင်း အတိုင်းအတာများ ရယူပြီးနောက် ထာဝရတိုင်းပြည်တွင် မှော်အပ်ချုပ်စက်များ မရှိသောကြောင့် ဝတ်စုံပြုလုပ်ရန် ဆောင်းတောင်ကုန်းမြို့သို့ ထွက်ခွာ သွားကြသည်။
ဝတ်စုံအပြင် ဂိမ်းမာများသည် ချိန်းတွေ့ပွဲ အတွက် အခြား အကြံပြုချက်များ ကိုလည်း ပေးအပ် ခဲ့ကြသည်။
"ချိန်းတွေ့တဲ့ အခါ လိုက်နာရမယ့် စည်းကမ်းတွေကို သိထားရမယ်။ အမျိုးသမီး တစ်ယောက် အနေနဲ့ အချက်တချို့ကို ကြိုသတိပေးရလိမ့်မယ်။"
"ချိန်းတွေ့တဲ့ အခါ နောက်ကျရမယ် ဟုတ်လား။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲ့ဒါက ခေတ်မစားတော့ဘူး။ မိန်းကလေးက ဉာဏ်ကောင်းရမယ်၊ သူ့ရဲ့ ကောင်းကွက်တွေကို ပြသရမယ်။ ယောကျာ်းလေး တစ်ယောက်က မိန်းကလေး တစ်ယောက်ရဲ့ ဘယ်အချက်ကို ကြိုက်တတ်လဲ။ သူ့ကို အပြင်ခေါ်ထုတ်ပြီး ကြွားဝါဖို့ပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အလှဆုံး ပြင်ဆင်ပြီး လူတိုင်းရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ရမယ်။ ရှားလီရ ောက်လာတဲ့ အခါ ကိုယ့်ရဲ့ အကောင်းဆုံး ဘက်ကို ပြလိုက်။ ပြီးရင် သူက ဖြတ်သွားဖြတ်လာတွေရဲ့ မင်းအပေါ် ချီးကျူးစကားတွေကို ကြားလိမ့်မယ်..."
"ဝါး။ သူက လှလိုက်တာ။ တစ်ယောက်ယောက်ကို စောင့်နေတာလား။"
"သူ့ ရည်းစားကို စောင့်နေတာလား။ အိုး၊ ဘုရားသခင်၊ ကျွန်တော်ဖြင့် အရမ်း အားကျတာပဲ။"
"စိတ်ပျက်စရာပဲ။ ဘာလို့ ကျွန်တော့်မှာ အဲ့လို ရည်းစား မရှိရတာလဲ။"
"ကျွန်တော် အဲ့လို ရည်းစား တစ်ယောက် လိုချင်တယ်။ ဘာမဆို လုပ်ဖို့ ဆန္ဒ ရှိတယ်။"
"ဟုတ်တယ်။ ဒီလိုမျိုး စကားတွေပေါ့။ ရှားလီက ဂုဏ်ယူပြီး မင်းရဲ့ ကျွန် ဖြစ်သွားလိမ့်မယ်။"
"အမလေး။ ဒီလိုမျိုးကိုး။ ဒါကြောင့် အာသာက ငါ့ကို လက်ထပ်ခွင့် မတောင်းတာကိုး။"
"အို။ ညီမလေး ဆယ်ဗားနပ်စ်လား။ နင်က အဆင့်တွေများကြီး ကျော်သွားပြီ မဟုတ်လား။"
ဂိမ်းမာများသည် ပျော်ရွှင်စွာ အချိန်ဖြုန်း နေကြစဉ် အိဗလင်းမှာမူ စိတ်ရှုပ်ထွေး နေခဲ့သည်။
သူမ၏ ချိန်းတွေ့ပွဲမှာ မနက်ဖြန် ဖြစ်သောကြောင့် အချိန် များများစားစား မရှိတော့ချေ။
...
ရှားလော့ခ်သည် အနက်ရောင် သိုးမွှေးကုတ် အင်္ကျီကို အဖြူနှင့် အပြာကြား ရှပ်အင်္ကျီ၊ ဖြောင့်စင်းသော ဘောင်းဘီတစ်ထည်နှင့် အနက်ရောင် ပြောင်လက်နေသော သားရေဖိနပ်တို့ဖြင့် တွဲဖက် ဝတ်ဆင်ထားသည်။
သူသည် လူကြီးလူကောင်း ဆန်သော ဝတ်စုံကို ဝတ်ဆင် ထားသော်လည်း အိဗလင်းနှင့် ချိန်းတွေ့ရန်ကြောင့် မဟုတ်ချေ။ မိန်းကလေး တစ်ဦးနှင့် အပြင်သွားသည့်အခါ သပ်ရပ်စွာ ဝတ်စားဆင်ယင် ရမည်မှာ သူ၏ စည်းမျဉ်းပင် ဖြစ်သည်။
"ကျစ်၊ ဒီနေ့ အရှင်ရှားလော့ခ်က အရမ်း ခန့်ညားနေတာပဲ။ ဂိမ်းမာတွေသာ အရှင့်ကို မြင်ရင် ဖိုရမ်မှာ ထူးဆန်းတဲ့ ကောလာဟလတွေ ဖြန့်ကြတော့မှာပဲ။" ဘရုက တံခါးမှ ထွက်လာသော ရှားလော့ခ်အား ပြောလိုက်သည်။
"သူတို့က ထူးဆန်းတဲ့ ကောလာဟလတွေ ဖြန့်ပြီးသားပဲကို။"
ရှားလော့ခ်သည် သူ့အား အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော ပတ်ဝန်းကျင်မှ ဂိမ်းမာများကို ကြည့်လိုက်သည်။
သူတို့၏ ရည်ရွယ်ချက်ကို ရှားလော့ခ် ခန့်မှန်းရန် မခက်ခဲလှချေ။ သူတို့သည် သူ၏ သွားလာရာ နေရာကို အိဗလင်းထံ သတင်းပို့ လိုကြခြင်း ဖြစ်သည်။
ရှားလော့ခ် နားမလည်နိုင်ခဲ့ချေ။ သူမက သူ့အား ပြဇာတ်ပွဲသို့ ဖိတ်ကြားခြင်းမှာ ကျေးဇူးတင်ကြောင်း ပြသသည့် အပြုအမူ တစ်ခုသာ ဖြစ်ရာ သူတို့ အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှားနေကြပါသနည်း။
ရှားလော့ခ်သည် ဂိမ်းမာများကို ထိန်းချုပ်ရန် သူ၏ ဩဇာအရှိန်အဝါကို ထုတ်သုံးလိုက်ပြီးနောက် နေရာရွှေ့ပြောင်း ဝင်ပေါက်ဆီသို့ လျှောက်လှမ်းသွားသည်။
ပြဇာတ်ရုံသည် နေရာရွှေ့ပြောင်း ဝင်ပေါက် ခန်းမဆောင်နှင့် မနီးမဝေးတွင် ရှိသည်။ သူသည် ငရဲမြင်းရထားတစ်စီး ငှားလိုက်ရာ ခရီးစဉ်မှာ ဆယ်မိနစ်ခန့် ကြာမြင့်ခဲ့သည်။
ပြဇာတ်ရုံ၏ ဝင်ပေါက်တွင် ဧည့်သည် များစွာဖြင့် ပြည့်နှက်နေပြီး သတ္တဝါ များစွာသည် ကောင်တာ တစ်ခုတွင် လက်မှတ်များ ဝယ်ယူ နေကြသည်။ ဤသည်မှာ မိုက်ကယ်အိန်ဂျယ်လို၏ ဇာတ်လမ်းကို ပုံဖော် ထားသောကြောင့် အလွန် မျှော်လင့်စောင့်စားခံရသည့် ဖျော်ဖြေပွဲ တစ်ခု ဖြစ်သည်။
မြေအောက်လောကသားများ အတွက် သူသည် သူရဲကောင်း တစ်ဦး ဖြစ်၏။
ရှားလော့ခ်သည် ဝင်ပေါက်ဆီသို့ လျှောက်သွားပြီး လူအုပ်ကြားတွင် ပြောဆိုဆွေးနွေး ခံနေရသော အိဗလင်းကို ချက်ချင်းပင် သတိပြုမိလိုက်သည်။
သူမ၏ ပုံမှန် ရှေးရိုးဆန်သော ပုံစံနှင့် နှိုင်းယှဉ်ပါက အိဗလင်းသည် ဒူးအထက် ရောက်သော စကတ်တို တစ်ထည်ကို ဝတ်ဆင်ထားပြီး သူမ၏ ခန္ဓာကိုယ် အပေါ်ပိုင်းကိုမူ ပခုံးနှင့် ကျောပြင်ကို ဖော်ပြနေသည့် အပြာနုရောင် ရင်ရှား အင်္ကျီဖြင့် ဝတ်ဆင် ထားသည်။
ရင်ရှားအင်္ကျီ အတွက် အထည်များများစားစား အသုံးမပြုထားဘဲ အထည်၏ အရည်အသွေးမှာ ကောင်းမွန်သော်လည်း အထူးပုံစံများ မပါရှိခဲ့ချေ။ ဒီဇိုင်းမှာ အလွှာပေါင်းများစွာ ခေါက်ရိုးများဖြင့် ဖွဲ့စည်းထားသည်။
အိဗလင်းသည် ဒေါက်မြင့် ဖိနပ် တစ်ရံကိုလည်း ဝတ်ဆင်ထားသည်။ ထိုဖက်ရှင်ပုံစံသည် မြေအောက်လောကသားများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့ပြီး သူတို့သည် တစ်ယောက်နှင့် တစ်ယောက် တီးတိုးပြောဆို နေကြသည်။
"ဒီအိပ်မက်နတ်ဆိုးမယ်က ဘယ်လို ဖြစ်နေတာလဲ။ ဘာလို့ ဒီလို ဝတ်ထားတာလဲ။"
"မသင့်တော်တာမျိုးတော့ မဟုတ်ပေမဲ့ ပုံစံက ထူးဆန်းတယ်ရော။"
"အရမ်း ရုပ်ဆိုးတာပဲ..."
"သူက လှပေမဲ့ ဘာလို့ သူ့ ဝတ်စုံက ဒီလောက် ရုပ်ဆိုးနေရတာလဲ။ သူက သူ့ ကိုယ်သူ လက်လျှော့လိုက်ပြီလား။"
"သူက တစ်ယောက်ယောက်ကို စောင့်နေတာလား။ သူ့ ရည်းစားကိုလား။ ငါသာ သူ့ ရည်းစားဆိုရင် ဘယ်တော့မှ ပေါ်မလာတော့ဘူး။"
"ရှက်စရာ ကောင်းလိုက်တာ။ ဒါက လူအများရှေ့မှာ အပြစ်ပေးခံရတာလား။"
"ဒီခေတ် လူငယ်လေးတွေဖြင့်... ကျစ် ကျစ်..."
အိဗလင်း၏ မျက်နှာမှာ နီရဲနေခြင်း မဟုတ်ဘဲ အစိမ်းရင့်ရောင် ဖြစ်နေသည်။
ရှားလော့ခ်သည် အိဗလင်းကို မသိချင်ယောင် ဆောင်မနေဘဲ သူမထံသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ ရှားလော့ခ် ပေါ်လာသောအခါ လူအုပ်သည် လမ်းဖယ်ပေးကြပြီး တိတ်ဆိတ် သွားကြသည်။ အမျိုးသမီး သတ္တဝါ များစွာသည် အထက်တန်းစား နတ်ဆိုးကို မြင်သောအခါ မနာလိုသော အကြည့်များဖြင့်ပင် ကြည့်ကြသည်။ သို့သော် သူခန့်ညားသောကြောင့် မဟုတ်ဘဲ သူသည် ရှားလော့ခ် ဖြစ်သောကြောင့်ပင်။
ထာဝရတိုင်းပြည်၏ ဒန်ဂျင်အရှင်။ သူ့ကို ဘယ်သူက မသိဘဲနေမည်နည်း။
"အရှင်ရှားလော့ခ်..."
အိဗလင်းသည် ခေါင်းငုံ့ထား လိုက်သည်။ အပေါက် တစ်ခုသာ ရှိပါက သူမသည် မဆိုင်းမတွ ဝင်ပုန်းအောင်း လိုက်မည် ဖြစ်သည်။
"ဝတ်စုံက ရဲတင်းပြီး နည်းနည်း ထူးဆန်းပေမဲ့ ရုပ်မဆိုးပါဘူး အိဗလင်း။"
ရှားလော့ခ်က ပြုံးလိုက်ပြီး အိဗလင်းထံသို့ သူ၏ လက်ကို ဆန့်တန်းလိုက်ရာ မှော်လက်စွပ်များက သူမ၏ ခန္ဓာကိုယ်ကို ဝန်းရံသွား၏။
"အရှင်ရှားလော့ခ်။"
အိဗလင်းသည် သူမအား ဝန်းရံနေသော မှော်လက်စွပ်များကို ထူးဆန်းစွာ ကြည့်လိုက်သည်။ သူမ အကြောင်း အတင်းအဖျင်း ပြောခဲ့သော သတ္တဝါများမှာမူ ငေးငိုင် သွားကြ ပြီးနောက် သူတို့၏ ကိုယ်ပိုင် ကိစ္စများကို ဆက်လက် လုပ်ဆောင် သွားကြသည်။
"ငါက မင်းကို သိပ်ထင်ပေါ် မနေအောင် လုပ်ပေးနေတာ။"
မည်သည့် မာနာစွမ်းရည် ဖြစ်သည်ကို သူမ မသေချာသော်လည်း လူအုပ်ထဲမှ သတ္တဝါများ အကြည့်လွှဲ သွားပြီးနောက် အိဗလင်းသည် များစွာ သက်သာရာ ရသွားသည်။
သူတို့သည် ပြဇာတ်ရုံထဲသို့ ဝင်ရောက်သွားစဉ် ပျော်ရွှင်စွာ စကားစမြည် ပြောဆို သွားကြသည်။
အဝေးမှ ချောင်းမြောင်း ကြည့်ရှုနေသော ဂိမ်းမာများသည် မျက်မှောင်ကြုတ် လိုက်ကြသည်။
"ဘာဖြစ်သွားတာလဲ။ ဘာလို့ ဒီဂိမ်းက ပုံမှန်အတိုင်း မဖြစ်ရတာလဲ။"
"ငါ့ ဒီဇိုင်းမှာ ဘာပြဿနာမှ မရှိဘူး။ ပြဿနာက ဂိမ်းထုတ်လုပ်သူမှာပဲ။ ဂိမ်းထုတ်လုပ်သူကို ကျိန်ဆဲလိုက်စမ်းပါ။"
"ဂိမ်းထုတ်လုပ်သူကိုပဲ အပြစ်တင်ကြစို့။"
သူတို့သည် ဒေါသတကြီး ပြောဆိုကြသည်။