← Chapters

ကြီးမားသောအကျိုးအမြတ်၊ အခြေတည်ဆေးလုံး ဖော်စပ်နည်း ရရှိခြင်း။

Vol. 6 Ch. 76

ကြီးမားသောအကျိုးအမြတ်၊ အခြေတည်ဆေးလုံး ဖော်စပ်နည်း ရရှိခြင်း။

Vol. 6 Ch. 76

ယန်တောင်တန်းကျားငါးကောင် ကျိုးစွေ့၏အိမ်သို့ ရောက်လာခြင်းသည် အကြောင်းမဲ့မဟုတ်သည်မှာ ထင်ရှားပေသည်။

သူတို့သည် ရှုထျန်းဇယ်က ကျိပင်းယွီနှင့်အခြားသူများအကြောင်း ပြောပြသည်ကို ကြားသိခဲ့ရပြီးနောက်၊ ရုတ်တရက်အကြံရကာ ညဘက်တွင် လုယက်သတ်ဖြတ်၍ များပြားသောကြွယ်ဝမှုအား စုဆောင်းနိုင်ရန် မျှော်လင့်ခဲ့ကြခြင်းဖြစ်သည်။ ဤသည်မှာ ရတနာများ၏ ညို့ငင်မှုဟု ခေါ်ဆိုရပေမည်။

ရှုထျန်းဇယ်၏ စကားများသာမရှိခဲ့ပါက၊ သူတို့ ရောက်လာခဲ့မည်မဟုတ်ပေ။

သို့သော် ရှုထျန်းဇယ်သည် အလွန်ပင် ကောက်ကျစ်စဉ်းလဲ၍ သူ၏လုပ်ရပ်များတွင် မည်သည့်ခြေရာလက်ရာမှ မကျန်ရစ်စေအောင် စွမ်းဆောင်ခဲ့သည်အား ဝန်ခံရပေမည်။

သူသည် ယန်တောင်တန်းကျားငါးကောင်အား ပေါ်ပေါ်တင်တင်လှုံ့ဆော်ခဲ့ခြင်းမရှိဘဲ၊ ကျိုးစွေ့၏ အိမ်ထောင်စုအကြောင်း သတင်းအချို့ကိုသာ မျှဝေခဲ့ခြင်းဖြစ်၏။

သို့သော် ယန်တောင်တန်းကျားငါးကောင်ကဲ့သို့ လုယက်သူများအတွက်မူ၊ ဤသို့ မက်မောစရာကောင်းသော ပစ်မှတ်တစ်ခုအကြောင်း သိလိုက်ရုံဖြင့် စိတ်မထိန်းနိုင်အောင် ဖြစ်သွားစေသည်။

အငှားလက်ဖြင့် လူသတ်သည့် ရိုးရှင်းသောအကြံအား အပြည့်အဝဖော်ဆောင်လိုက်နိုင်ပေသည်။

"ဒီရှုထျန်းဇယ်ကို ဘယ်တုန်းက ရန်ငြိုးဖွဲ့မိလို့ ငါ့ကို ဒီလိုကြံစည်ရတာလဲ..."

ကျိုးစွေ့၏ မျက်လုံးများမှေးကျဉ်းသွားပြီး တော်တော်လေးပင် စဉ်းစားမရ ဖြစ်သွားလေသည်။

အပြင်သို့ ရှားရှားပါးပါးသာထွက်လေ့ရှိသော အိမ်တွင်းပုန်းတစ်ယောက်အနေဖြင့်၊ သူ၏အိမ်နီးချင်းများနှင့် ဆက်ဆံရေးမှာ အလွန်နည်းပါးလှသည်။

ပုံမှန်အားဖြင့် သူ့တွင် ရန်သူများစွာ မရှိသင့်ပေ။

ပြဿနာမှာ ရှုထျန်းဇယ်သည် သူ့အပေါ် ရန်ငြိုးထားပုံရပြီး၊ သူ့အား ဆက်လက်၍ ကြံစည်နေခြင်းပင်ဖြစ်၏။

သူသာ အတိုင်းအတာတစ်ခုအထိ အစွမ်းမထက်ခဲ့ပါက အကြီးအကျယ် ဒုက္ခရောက်ရမည် ဖြစ်သည်။

"ဟုတ်သား... ဒီလောကမှာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခံရဖို့က ရန်ငြိုးရှိနေစရာမှမလိုတာ..”

"တစ်ယောက်ယောက်ရဲ့လမ်းကို ပိတ်မိထားတာမျိုး.. ဒါမှမဟုတ် တစ်ယောက်ယောက်က တစ်ခုခုကို သဘောကျသွားတာမျိုး ဖြစ်နိုင်တယ်..."

"အဲ့ဒီလူ တစ်ခုခုကို သတိထားမိပြီးတော့.. ငါ့မှာ တန်ဖိုးကြီးပစ္စည်းတွေ အများကြီးရှိတယ်လို့ ထင်‌သွားတာများလား..”

ကျိုးစွေ့၏ မျက်လုံးများထဲတွင် အေးစက်စက်အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။

သူသည် အမှန်တကယ်တွင် ရှုထျန်းဇယ်နှင့် ပတ်သက်ရန် စိတ်ကူးမရှိပေ။ ရှုထျန်းဇယ်သည် မိစ္ဆာကျင့်ကြံသူတစ်ဦးဖြစ်နေလျှင်ပင်၊ သူ့အား အနှောင့်အယှက်မပေးသရွေ့ ကျိုး‌‌စွေ့ လျစ်လျူရှုထားမည်သာ ဖြစ်သည်။

သို့သော် မမျှော်လင့်ဘဲ ရှုထျန်းဇယ်သည် သူ့အား အလွတ်ပေးရန် စိတ်ကူးမရှိပေ။ ဤသည်မှာ သူ့အား တန်ပြန်တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိ ဖြစ်စေသည်။

သို့သော် ရှုထျန်းဇယ်ကို ကိုင်တွယ်ရန်မှာ သေသေချာချာ အစီအစဉ်ဆွဲရန် လိုအပ်ပေမည်။

ဝှစ်..။

ထို့သို့စဉ်းစားလိုက်ရင်း ကျိုးစွေ့၏ ပုံရိပ်က ရိပ်ခနဲ ဖြစ်သွားပြီး၊ တံခါးအပြင်ဘက်တွင် ပေါ်လာသည်။ သူသည် မီးလုံးပညာရပ်ကို ထုတ်ဖော်လိုက်ကာ အလောင်းများကို ချက်ချင်းလောင်ကျွမ်းသွားစေပြီး၊ ခဏချင်းမှာပင် ယန်တောင်တန်းကျားငါးကောင်သည် မည်သည့်အခါကမှ မတည်ရှိဖူးသကဲ့သို့ ပြာအဖြစ်ပြောင်းလဲသွားတော့သည်။

မှန်ပေသည်၊ သူသည် သိုလှောင်အိတ်များကိုတော့ ယူဆောင်ခဲ့သည်။

ဤကဲ့သို့သော ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူများ၊ အထူးသဖြင့် လုယက်သူများသည် တန်ဖိုးကြီးရတနာများကို သယ်ဆောင်လာနိုင်ပေသည်။

ထို့ကြောင့် သူသည် ထိုသို့သော ရတနာများရယူနိုင်မည့်အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။

"အထင်ကြီးစရာပဲ.. သူတို့မှာ တကယ်ကို ရတနာတွေအများကြီး ရှိတာပဲ...”

"သူတို့က ငွေမရှိလို့ လုယက်ကြတာမဟုတ်ဘူးပေါ့.. ဒါက လောဘကြီးတာသပ်သပ်ပဲ..."

"ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေဆိုတဲ့အတိုင်းပဲ.. ပျက်စီးနေတဲ့သင်္ဘောမှာတောင် သံချောင်းအနည်းငယ်တော့ ရှိသေးတာပဲ..."

[ T.N - ‘ဆင်ပိန်ရင်တောင် ကျွဲလောက်တော့ကျန်တယ်’ ဆိုတဲ့ မြန်မာစကားပုံနဲ့ တူပါတယ်။]

သူ၏အိမ်သို့ ပြန်ရောက်သည်နှင့် ကျိုးစွေ့သည် သိုလှောင်အိတ်ငါးလုံးကို ချက်ချင်း ဖွင့်လိုက်သည်။ သူ၏ ဝိညာဉ်အာရုံဖြင့် တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် အတွင်းရှိ ရတနာအမျိုးမျိုးအား အာရုံခံမိလိုက်သည်။

သိုလှောင်အိတ်များအတွင်း၌ ဝိညာဉ်ကျောက်တုံးများစွာ မရှိပေ။ ၎င်းမှာ အကုန်လုံးအား သူတို့ သုံးစွဲလိုက်ကြ၍ ဖြစ်နိုင်သည်။ သို့သော် ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူများအတွက် သင့်တော်သော ဆေးလုံးပုလင်းများစွာ ရှိနေသည်။

ရွှေခြင်ဆီဆေးလုံး ငါးပုလင်း၊ ဟွမ်းလုံဆေးလုံး ခုနစ်ပုလင်း၊ ထိပ်တန်းအဆင့် အဆိပ်ဖြေဆေးလုံး သုံးပုလင်း၊ ဥပုသ်ဆေးလုံး သုံးပုလင်းနှင့် အခြားဆေးလုံးများစွာ ဖြစ်လေ၏။

အတိုချုပ်ဆိုရလျှင် ကျင့်ကြံမှုမြှင့်တင်ရန် ဆေးလုံးများ၊ အဆိပ်ဖြေဆေးလုံးများနှင့် ချီအားဖြည့်ဆေးလုံးများ အစုံအလင် ရှိနေသည်။

သူတို့သည် သူတို့၏ကျင့်ကြံမှုတိုးတက်မှုရေးကို အလွန်တန်ဖိုးထားကြောင်း ထင်ရှားသည်။

သူတို့တွင် ဝိညာဉ်ကျောက်တုံးများ မရှားပါးပေ၊ သူတို့၏ ဝိညာဉ်ကျောက်တုံးများကို ဤဆေးလုံးများအဖြစ်သို့ ပြောင်းလဲထားခြင်းသာ ဖြစ်သည်။

သို့သော် ယခုအခါ ဤဆေးလုံးများအားလုံးသည် သူ၏ပိုင်ဆိုင်မှု ဖြစ်သွားရလေပြီ။ ဤဆေးလုံးများကို ရောင်းချရုံမျှဖြင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးသောင်းခန့် ရရှိနိုင်ပေသည်။

"မှော်လက်နက်တွေနဲ့ ပစ္စည်းတွေ အများကြီးပဲဟ...”

ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်၏။

ဆေးလုံးများအပြင် ယန်တောင်တန်းကျားငါးကောင်၏ သိုလှောင်အိတ်တစ်ခုချင်းစီတွင် မှော်လက်နက်များစွာ ရှိနေသည်။ အတိအကျဆိုရလျှင် ပထမအဆင့် အဆင့်နိမ့်မှော်လက်နက် သုံးဆယ့်ခြောက်ခု၊ ပထမအဆင့် အလယ်အလတ်အဆင့်မှော်လက်နက် တစ်ဆယ့်ရှစ်ခုနှင့် ပထမအဆင့် ထိပ်တန်းအဆင့်မှော်လက်နက် ငါးခုတို့ ဖြစ်သည်။

တန်ဖိုးကြီး သတ္တုရိုင်းများနှင့် ပစ္စည်းများစွာလည်း ရှိနေသေးသည်။

သံသယဖြစ်ဖွယ်မရှိဘဲ ဤပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးသည်လည်း အနည်းဆုံး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးသောင်းခန့်နှင့် ညီမျှပေသည်။

ဆိုလိုသည်မှာ အတွင်းရှိပစ္စည်းများ၏ တန်ဖိုးသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်ရှိပြီး အတော်ပင် များပြားသောပမာဏဖြစ်၏။

သာမန်ကျင့်ကြံသူများတွင် ဤမျှများပြားသော မှော်လက်နက်များနှင့် ပစ္စည်းများ ပိုင်ဆိုင်မည်မဟုတ်‌သည်မှာ အသိသာကြီးပင် ဖြစ်၏။ ဖြစ်နိုင်သည်မှာ ယန်တောင်တန်းကျားငါးကောင်သည် ၎င်းတို့အား အခြားကျင့်ကြံသူများထံမှ လုယက်ခဲ့ကြခြင်းသာ ဖြစ်ပေမည်။

"ငါက လက်နက်ဖန်တီးရှင် မဟုတ်ဘူး... မီယွင်မြို့ရဲ့ လက်ရှိဈေးကွက်အရဆိုရင်လည်း ဈေးကောင်းရမှာမဟုတ်ဘူး... ဒီဟာတွေကို 'ရွှေစားကူ' တွေကိုပဲ ကျွေးလိုက်တော့မယ်..."

ကျိုးစွေ့ မျက်လုံးများ မှေးကျဉ်းသွားသည်။

'ရွှေစားကူ' များအတွက်မူ ဤမှော်လက်နက်များနှင့် ပစ္စည်းအမျိုးမျိုးသည် ထိပ်တန်းအဆင့် အစားအစာများ ဖြစ်သည်။

၎င်းတို့အားလုံးကို စားသုံးလိုက်ပါက သူတို့၏ စွမ်းအားကို သိသိသာသာ တိုးမြှင့်ပေးပြီး၊ သူတို့၏ ဆင့်ကဲပြောင်းလဲမှုကို အရှိန်မြှင့်ပေးပေလိမ့်မည်။

သူတို့သည် 'ချစ်ခြင်းမေတ္တာကူ' ကဲ့သို့ပင် အဆင့်နှစ်သို့ တက်လှမ်းသွားနိုင်သည်။ ထိုသို့ဖြစ်လာပါက 'ရွှေစားကူ' တပ်ဖွဲ့ဖြင့် ကျိုးစွေ့သည် အခြေတည်အဆင့်ကျင့်ကြံသူများကို အလွယ်တကူ ချေမှုန်းနိုင်ပေလိမ့်မည်။ ၎င်းမှာ သူကိုယ်တိုင် ထိုအဆင့်သို့ မရောက်ခင်ကတည်းက၊ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ထိုသို့စဉ်းစားလိုက်သည်နှင့် ကျိုးစွေ့သည် လက်ဟန်တစ်ချက်လုပ်လိုက်ပြီး၊ မှော်လက်နက်များနှင့် ပစ္စည်းများကို 'ရွှေစားကူ' များထံသို့ ပစ်ပေးလိုက်သည်။

စိတ်လှုပ်ရှားနေသော ကူပိုးကောင်များသည် ချက်ချင်းပင် ထိုလုယက်ပစ္စည်းများဆီသို့ အုပ်စုလိုက် တိုးဝင်သွားကြပြီး၊ ချောကလက်စားသကဲ့သို့ စတင်စားသုံးကြတော့သည်။

သူတို့ထံမှ ထုတ်လွှတ်သောအရှိန်အဝါသည် ပိုမိုအားကောင်းလာပြီး၊ ခန္ဓာကိုယ်ပေါ်တွင် သင်္ကေတများ ပြွတ်သိပ်နေသည့် အခွံအမျိုးမျိုးဖြင့် ဖုံးလွှမ်းထားသည့်နှယ် ဖြစ်တည်လာလေသည်။ မှော်လက်နက်များ၏ စွဲမက်ဖွယ်ကောင်းသော အစွမ်းသည် သူတို့ကိုယ်များမှ လှိုင်းထနေသည်။

ဤ 'ရွှေစားကူ' များ၏ အစွမ်းသတ္တိသည် ကြီးမားသော တိုးတက်မှုကို ကြုံတွေ့ခဲ့ရပြီ ဖြစ်သည်မှာ ထင်ရှားပေသည်။

"နေဦး.. ဒါက အခြေတည်ဆေးလုံး ဖော်စပ်နည်းလား..."

ကျိုးစွေ့၏စိတ်ကူးအတွေးများ လွင့်စင်သွားလေသည်။ သူသည် သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို နောက်တစ်ကြိမ် စေ့စေ့စပ်စပ် စစ်ဆေးကြည့်လိုက်ရာ ဝမ်းမြောက်အံ့အားသင့်သွားလေသည်။ ‌ယန်တောင်တန်းကျားငါးကောင်ထံမှ အခြေတည်ဆေးလုံး ဖော်စပ်နည်းကို ရရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

အခြေတည်ဆေးလုံး ဖော်စပ်နည်းသည် အလွန်တန်ဖိုးကြီးပြီး ငွေဖြင့်ပင် အလွယ်တကူဝယ်ယူနိုင်သောအရာ မဟုတ်သည်အား နားလည်နိုင်ပေသည်။

ယန်တောင်တန်းကျားငါးကောင်က ရှာဖွေနိုင်ခဲ့လိမ့်မည်ဟု သူ မထင်ထားမိခဲ့ချေ။

သို့သော် စဉ်းစားကြည့်ပြီးနောက်တွင်မူ ၎င်းမှာ ကျိုးကြောင်းဆီလျော်ပေ၏။ မည်သို့ပင်ဖြစ်စေ၊ သူတို့၏ ကျင့်ကြံမှုသည် ချီသန့်စင်ခြင်းအဆင့်(၉)သို့ အမှန်တကယ် ရောက်ရှိနေပြီဖြစ်ရာ၊ သူတို့အတွက် အခြေတည်ဆေးလုံးကို ရှာဖွေရန် အချိန်တန်ပြီဖြစ်သည်။

ပြဿနာမှာ သူတို့အတွက် အခြေတည်ဆေးလုံးကို ရယူရန် အလွန်ခက်ခဲပြီး၊ ဂိုဏ်းများမှ တချို့တလေထုတ်ပေးသည်အား စောင့်ဆိုင်းရပေမည်။

သို့သော် အခြေတည်ဆေးလုံးအများစုအား ကျင့်ကြံသူမိသားစုများကသာ သိမ်းပိုက်ထားကြသည်။ တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် အလှည့်ကျရန် မဖြစ်နိုင်ပေ။

လေလံပွဲတွင် အခြေတည်ဆေးလုံးကို မရယူနိုင်သောကြောင့် ဖြစ်ရိုးဖြစ်စဉ်အတိုင်း သူတို့ကိုယ်တိုင်ဖန်တီးရန်သာ ကြိုးစားရလေသည်။

ထို့ကြောင့် ယန်တောင်တန်းကျားငါးကောင်သည် အခြေတည်ဆေးလုံး ဖော်စပ်နည်းကို ရရှိနိုင်ရန် ကြီးမားသောပမာဏအား သုံးစွဲခဲ့ကြရသည်။

ယခုအခါ ၎င်းသည် ကျိုးစွေ့အတွက် အကျိုးအမြတ်ဖြစ်သွားမည်ဟု သူတို့ထင်ထားမည်မဟုတ်ပေ။

"ကောင်းလိုက်တဲ့ကံကွာ.. နေရာပေါင်းစုံ လိုက်ရှာနေတုန်းက မတွေ့ဘူး.. တွေ့မယ်တွေ့တော့...ဟားဟား..."

ကျိုးစွေ့သည် အလွန်တရာပင် ဝမ်းသာလုံးဆို့နေတော့၏။

အစက သူသည် ရွှမ်ပေါင်မျှော်စင်လေလံပွဲမှ အခြေတည်ဆေးလုံး ဖော်စပ်နည်းကို ရယူရန် စီစဉ်ထားခဲ့သည်။ ဤလုယက်သူများက ထိုမျှကြီးမားသော ဆုလာဒ်အား သူ့အတွက် ‌ရေကန်အသင့်၊ကြာအသင့် ရှာဖွေပေးခဲ့လေပြီ။

သူတို့သည် ငွေရှာပေးသော လာဘ်ကောင်လေးများကဲ့သို့ သူ့အား များစွာအကျိုးပြုခဲ့‌ချေသည်။

‘အရင်ဆုံး.. ဒီအခြေတည်ဆေးလုံး ဖော်စပ်နည်းက ဘယ်လိုဟာဆိုတာ ကြည့်လိုက်ရတာပေါ့...’

ထိုအတွေးဖြင့် ကျိုးစွေ့ လက်ဝေ့ယမ်းလိုက်ပြီး အခြေတည်ဆေးလုံး ဖော်စပ်နည်းကို သူ၏ 'စာအုပ်ကူ' ထံသို့ ချက်ချင်း ပစ်ပေးလိုက်သည်။

သူသည် အခြေတည်ဆေးလုံး ဖော်စပ်နည်း၏ ပါဝင်အကြောင်းအရာများကို ကျက်မှတ်နေရန် စိတ်မဝင်စားပေ။ 'စာအုပ်ကူ' က ၎င်းကို ဝါးမျိုလိုက်သည်နှင့်၊ သူသည် အလိုအ‌‌လျောက် အပြည့်အစုံ မှတ်မိပေလိမ့်မည်။

သူမသေမချင်း အခြေတည်ဆေးလုံး ဖော်စပ်နည်း မှတ်ဉာဏ်က ပျောက်ကွယ်သွားမည်မဟုတ်ပေ။

ဂျွတ်...၊ ဂျွတ်...။

'စာအုပ်ကူ' သည် ချက်ချင်းပင် ၎င်းပေါ်သို့ ခုန်တက်ပြီး၊ အခြေတည်ဆေးလုံး ဖော်စပ်နည်းကို တစ်ဂျွတ်ဂျွတ်မြည်အောင် ဝါးမျိုလိုက်တော့သည်။

ချက်ချင်းပင် ကြီးမားသော သတင်းအချက်အလက်လှိုင်းလုံးကြီးတစ်ခုသည် သူ၏ သိစိတ်ပင်လယ်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်လာတော့သည်။

All Chapters