အဓိကပါဝင်ပစ္စည်း ရွှေကျောက်စိမ်းလင်ဇီး၊ အဆင့်နှစ် ယောင်သားရဲအမြုတေ။
Vol. 6 Ch. 77
အခြေတည်ဆေးလုံး၏ အဓိကပါဝင်ပစ္စည်းမှာ နှစ်သုံးရာသက်တမ်းရှိ ရွှေကျောက်စိမ်းလင်ဇီးမှိုဖြစ်ပြီး၊ အခြားတန်ဖိုးကြီးသော ဆေးဘက်ဝင်အပင်များစွာလည်း ပါဝင်ပေသည်။ သို့သော် ဤဖြည့်စွက်ဆေးပင်များက အရေးမပါလှဘဲ၊ တကယ့်အဓိကပါဝင်ပစ္စည်းမှာ ရွှေကျောက်စိမ်းလင်ဇီးသာ ဖြစ်သည်။
ရွှေကျောက်စိမ်းလင်ဇီးသည် အလွန်ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်များတွင်သာ ရှင်သန်ပြီး၊ အထူးအခြေအနေတွင်သာ ကြီးထွားနိုင်ပေသည်။
အင်မော်တယ်ရှားဂိုဏ်းနှင့် တစ္ဆေမိစ္ဆာဂိုဏ်းကဲ့သို့သော ဂိုဏ်းများက အခြေတည်ဆေးလုံး ထုတ်လုပ်မှုကို လက်ဝါးကြီးအုပ်ထားပြီး၊ ရွှေကျောက်စိမ်းလင်ဇီး ဈေးကွက်ကို ထိန်းချုပ်ကာ အပြင်သို့ ပျံ့နှံ့ခြင်းကို ဖြတ်တောက်ထားသည်။
ရွှေကျောက်စိမ်းလင်ဇီးသာ အပြင်သို့ မပျံ့နှံ့သရွေ့ ဆေးဖော်စပ်ပညာရှင် ဆရာသခင်တစ်ဦးပင်လျှင် အခြေတည်ဆေးလုံးကို ဖော်စပ်နိုင်မည်မဟုတ်ပေ။ ကျွမ်းကျင်သော ထမင်းချက်ပင် ဆန်မရှိဘဲ ထမင်းမချက်နိုင်ပေ။
ဂိုဏ်းကျင့်ကြံသူများမှလွဲ၍ အခြားမည်သူက ရွှေကျောက်စိမ်းလင်ဇီးအား စိုက်ပျိုးနိုင်တော့မည်နည်း။
တစ်ကိုယ်တော်ကျင့်ကြံသူများထဲတွင် အခြေတည်ဆေးလုံးကို ရရှိနိုင်သူ အလွန်ရှားပါးခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။ လက်ဝါးကြီးအုပ်မှုက အလွန်ပြင်းထန်လှသည်။
ကျိုးစွေ့သည် အခြေတည်ဆေးလုံးနှင့်ပတ်သက်သော အချက်အလက်များကို နားလည်သွားသည်နှင့် သက်ပြင်းတစ်ချက် ရှိုက်လိုက်တော့သည်။
သူသည် ဤလောကရှိ လက်ဝါးကြီးအုပ်မှု၏ ဆိုးရွားပြင်းထန်မှုကို နောက်ဆုံးတွင် နားလည်သဘောပေါက်သွားသည်။
ဗဟုသုတများသာမက ဆေးလုံးအမျိုးမျိုးနှင့် ဆေးဘက်ဝင်အပင်များကိုပါ အင်အားကြီးသူများကသာ အပိုင်စီး ထိန်းချုပ်ထားကြသည်။
ဤအရာများကို ရယူလိုပါက ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ရမည်သာ ဖြစ်၏။
တစ်ကိုယ်တော်ကျင့်ကြံသူအဖြစ် ဆက်လက်ရပ်တည်နေပါက တိုးတက်မှုသည် အလွန်အမင်း ခက်ခဲကြမ်းတမ်းလာပေလိမ့်မည်။
အဆင့်တက်ရန်မှာ မဖြစ်နိုင်တော့ပေ။
၎င်းမှာ အရူးတစ်ယောက်၏ လက်တွေ့မဖြစ်နိုင်သော အိပ်မက်တစ်ခုထက် မပိုပေ။
ဖြစ်နိုင်လျှင် သူသည်လည်း အဖွဲ့အစည်းကြီးတစ်ခုသို့ ဝင်ရောက်ကာ ဂိုဏ်းတပည့်တစ်ဦးအနေဖြင့်၊ လက်ဝါးကြီးအုပ်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လိုပေသည်။
ခက်သည်မှာ သူ၏ စိတ်ဝိညာဉ်အမြစ်ပင်ကိုယ်ပါရမီသည် သတ်မှတ်ချက်နှင့် ဝေးကွာလွန်းလှရာ၊ သူ့အား တန်ဖိုးရှိသည်ဟု မှတ်ယူကြမည်မဟုတ်ပေ။
မျက်နှာပြောင်တိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ ဖားယားလျှင်ပင် မည်သူမျှ သူ့ကို လိုချင်မည်မဟုတ်ချေ။
ဤသည်မှာ ဤလောက၏ ခါးသီးသော အမှန်တရားပင်ဖြစ်သည်။
သို့သော် အခြေတည်ဆေးလုံးမရှိဘဲ အခြေတည်အဆင့်သို့ သေချာပေါက်မရောက်နိုင်ဟု မဆိုလိုချေ။ ထိုသို့သာဖြစ်ပါက ဤလောကတွင် အခြေတည်အဆင့်သို့ ရောက်ရှိသော ပထမဆုံးကျင့်ကြံသူဆိုသည်မှာ ရှိလာမည်မဟုတ်ပေ။
ကျင့်ကြံခြင်းလောကတွင် အခြေတည်ဆေးလုံးမပါဘဲ အခြေတည်အဆင့်သို့ ရောက်ရှိနိုင်သော ကျင့်ကြံသူများ အမှန်တကယ် ရှိပေသည်။ ၎င်းတို့သည် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်အမြစ်၊ သို့မဟုတ် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ပိုင်ရှင်များဖြစ်၏။
သူတို့သည် ကိုယ်ပိုင်အားထုတ်မှုဖြင့် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်စွမ်းရှိကြပေသည်။
ပြဿနာမှာ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်မှလွဲ၍ အခြားစိတ်ဝိညာဉ်အမြစ်ရှိသော ကျင့်ကြံသူများသည် သူတို့၏ အခြေတည်အဆင့် တက်လှမ်းခြင်းလုပ်ငန်းစဥ်တွင် အတိုင်းအတာတစ်ခုအထိ အန္တရာယ်နှင့် ရင်ဆိုင်ရခြင်းပင်ဖြစ်သည်။
ဤသို့ဖြင့် အောင်မြင်နိုင်ခြေမှာ ခုနစ်ဆယ်ရာခိုင်နှုန်း၊ ငါးဆယ်ရာခိုင်နှုန်း သို့မဟုတ် သုံးဆယ်ရာခိုင်နှုန်းမျှသာ ရှိသည်။
မအောင်မြင်ပါက အပြီးတိုင် ပျက်သုဉ်းရမည်ဖြစ်ပြီး၊ ‘ကံကောင်းစွာဖြင့် ရှင်သန်နိုင်ခဲ့သည်’ ဟူ၍မရှိပေ။
အခြေတည်ဆေးလုံးများ မရှိသည့်အခါ အသက်ဖြင့်လောင်းကြေးထပ်၍၊ အခြေတည်အဆင့်သို့ တက်လှမ်းရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိချေ။
ခေတ်အဆက်ဆက်တွင် အခြေတည်ဆေးလုံးမပါဘဲ အောင်မြင်စွာ အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သော ကံကောင်းသူအနည်းငယ်တော့ ရှိနေသေးလေ၏။
“အင်း... အခြေတည်ဆေးလုံးမပါဘဲနဲ့ အခြေတည်အဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းလို့တော့ ရတယ်.. ဒါပေမဲ့.. အောင်မြင်နိုင်ခြေက အရမ်းကို နည်းတယ်..”
"ဘာလို့ မလိုအပ်တဲ့ စွန့်စားမှုကို လုပ်နေရမှာလဲ... အောင်မြင်နိုင်ခြေက ကိုးဆယ်ရာခိုင်နှုန်းဆိုရင်တောင်၊ ကျရှုံးနိုင်ခြေ ဆယ်ရာခိုင်နှုန်း ရှိသေးတယ်မလား.. တစ်ရာရာခိုင်နှုန်း သေချာပေါက် အောင်မြင်နိုင်မယ့်နည်းလမ်း ရှိနေမှာတော့ ဘာလို့ စွန့်စားနေရမှာလဲ...”
"အသက်က အပိုမပါဘူး.... ကျရှုံးတာနဲ့ ကိစ္စပြတ်ပြီပဲ...”
အလွန်အမင်း သတိကြီးတတ်သော ကျိုးစွေ့အတွက် အခြေတည်အဆင့်သို့ တက်လှမ်းရန် အခြေတည်ဆေးလုံးက မဖြစ်မနေ လိုအပ်သည်မဟုတ်သော်လည်း၊ အခြေတည်ဆေးလုံးရှိပါက ကျရှုံးခဲ့လျှင်ပင် သူ၏အသက်မှာ အန္တရာယ်ရှိမည်မဟုတ်ကြောင်း နားလည်သည်။
အဓိကအချက်မှာ သူသည် အသက်ခြောက်ဆယ်၊ ခုနစ်ဆယ်အရွယ် ကျင့်ကြံသူအိုကြီးတစ်ဦးမဟုတ်ဘဲ၊ အသက်နှစ်ဆယ့်တစ်နှစ်မျှသာရှိသော လူငယ်တစ်ဦးဖြစ်ခြင်းပင်ဖြစ်၏။
သူ့တွင် အခြေတည်အဆင့်သို့ တက်လှမ်းဖို့ ကြိုးစားရန် အချိန်အများအပြား ရှိနေပြီး၊ ယခုအချိန်တွင် မလိုအပ်သော စွန့်စားမှုများ ပြုလုပ်ရန် လုံးဝမလိုအပ်ပေ။
လုံးဝမတတ်သာတော့သည် အခြေအနေမှသာ မိမိဘာသာ အခြေတည်အဆင့်သို့ တက်လှမ်းရန် ကြိုးစားခြင်းသည်လည်း ကိစ္စရှိမည်မဟုတ်ချေ။
“ဒါပေမဲ့ ရွှေကျောက်စိမ်းလင်ဇီးက အစားထိုးမရနိုင်တာတော့ မဟုတ်ဘူး.. တကယ်လို့ ငါသာ အဆင့်နှစ် ယောင်သားရဲအမြုတေတစ်ခုကို ရှာနိုင်ခဲ့ရင်.. အဲ့ဒါကို အခြေတည်ဆေးလုံး ဖော်စပ်ရာမှာ ရွှေကျောက်စိမ်းလင်ဇီးအစား အစားထိုးလို့ရတယ်...”
ကျိုးစွေ့ ၏မျက်လုံးများ မှေးကျဉ်းသွားသည်။
ယန်တောင်တန်းကျားငါးကောင်ထံမှ သူရရှိခဲ့သော သတင်းအချက်အလက်များအရ ထိုကျင့်ကြံသူငါးဦးသည် တိမ်မြူခိုးတောင်တန်းသို့ ယောင်သားရဲများကို အမဲလိုက်ပြီး၊ အဆင့်နှစ် ယောင်သားရဲအမြုတေများ ရယူရန် လာရောက်ခဲ့ကြကြောင်း သူနားလည်လိုက်သည်။
အဆင့်နှစ် ယောင်သားရဲအမြုတေဆိုသည်မှာ အတိအကျ မည်သည်ဖြစ်သနည်း။
အမှန်တကယ်တွင် အဆင့်နှစ် ယောင်သားရဲတိုင်းတွင် ယောင်သားရဲအမြုတေမရှိပေ၊ ထူးခြားသော ပါရမီကို ပိုင်ဆိုင်ထားမှသာလျှင် အဆင့်နှစ် ယောင်သားရဲအမြုတေကို ပျိုးထောင်နိုင်ပေသည်။
တစ်ချိန်က တစ်ကိုယ်တော်ကျင့်ကြံသူအချို့သည် အဆင့်နှစ် ယောင်သားရဲများကို အမဲလိုက်နိုင်ခဲ့ပြီး အဆင့်နှစ် ယောင်သားရဲအမြုတေများကို ရရှိခဲ့ကြသည်။ ဤသည်မှာ သူတို့ကို ရွှေကျောက်စိမ်းလင်ဇီးအစား အဓိကပါဝင်ပစ္စည်းအဖြစ်အစားထိုးကာ၊ အခြေတည်ဆေးလုံးများကို အောင်မြင်စွာ ဖော်စပ်နိုင်စေခဲ့သည်။
ပြဿနာမှာ ထိုကိစ္စသည် အောင်မြင်ရန် မဖြစ်နိုင်သလောက် ခက်ခဲပေသည်။
အကြောင်းမှာ အဆင့်နှစ် ယောင်သားရဲတစ်ကောင်၏ စွမ်းအားသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်ပြီး၊ အချို့သားရဲများမှာ သာမန်အခြေတည်အဆင့် ကျင့်ကြံသူများထက်ပင် ပို၍အားကောင်းကြသည်။ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက် အဆင့်နှစ် ယောင်သားရဲတစ်ကောင်ကို ရင်ဆိုင်ခြင်းသည် ကိုယ်သေလမ်းကိုယ်ရှာခြင်း ဖြစ်၏။
အခြေတည်အဆင့် ကျင့်ကြံသူများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်မှသာ အခြေအနေမှာ ပိုမိုလွယ်ကူပေလိမ့်မည်။
သို့သော် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးက အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး၏ အကူအညီအား ရယူနိုင်ခဲ့သည် ဆိုပါက အခြေတည်ဆေးလုံးကိုသာ တိုက်ရိုက်တောင်းခံလိုက်ရုံပင် ဖြစ်သည်။
သို့ဆိုလျှင် အဘယ်ကြောင့် ယောင်သားရဲအမြုတေကို လိုအပ်ဦးမည်နည်း။
ထို့အပြင် အမြုတေရှိသော အဆင့်နှစ် ယောင်သားရဲအရေအတွက် နည်းပါးသောကြောင့်၊ ယောင်သားရဲအမြုတေတစ်ခုရရှိရန် ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ရန် လိုအပ်နိုင်ပေသည်။
၎င်းမှာ ကျင့်ကြံသူများအား အဆင့်နှစ် ယောင်သားရဲအမြောက်အမြားကို ရှာဖွေနိုင်ရန်၊ တိမ်မြူခိုးတောင်တန်း၏ အတွင်းပိုင်းအထိ စွန့်စားဝင်ရောက်ရမည်ဟု ဆိုလိုပေသည်။
သို့သော် တိမ်မြူခိုးတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသောနေရာတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးနှင့် စွမ်းအားတူညီသော အဆင့်သုံး ယောင်သားရဲများ ရှိနေပြီး အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
အဆင့်သုံး ယောင်သားရဲတစ်ကောင်ကို လှုံဆော်မိပါက သေချာပေါက် သေဆုံးခြင်းပင်ဖြစ်သည်။
မှန်ပေသည်၊ မည်သို့ပင်ဖြစ်စေ အဆင့်နှစ် ယောင်သားရဲအမြုတေဖြင့် အခြေတည်ဆေးလုံး ရယူနိုင်ရန်၊ တစ်ကိုယ်တော်ကျင့်ကြံသူများစွာသည် မဟာမိတ်ဖွဲ့ကာ အဆင့်နှစ်ယောင်သားရဲများကို အမဲလိုက်ရန် တိမ်မြူခိုးတောင်တန်း၏ နက်ရှိုင်းသောအတွင်းပိုင်းသို့ စွန့်စားဝင်ရောက်ကြဆဲဖြစ်သည်။
မရေမတွက်နိုင်သော အသက်များ ဆုံးရှုံးခဲ့ရသော်လည်း သူတို့သည် မည်သည့်အခါမျှ နောက်မဆုတ်ခဲ့ကြပေ။
အင်မော်တယ်လမ်းစဉ်ပေါ်သို့ ခြေချမိသည်နှင့် နောက်ဆုတ်လိုသူ အနည်းငယ်မျှသာ ရှိပေသည်။
"အဆင့်နှစ် ယောင်သားရဲအမြုတေလား.. ဒါကိုရဖို့ လုံးဝမဖြစ်နိုင်တာတော့လည်း မဟုတ်သေးဘူး...”
ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်၏။
သာမန်တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအတွက် အဆင့်နှစ် ယောင်သားရဲအမြုတေတစ်ခုကို ရရှိရန် သေမင်းနှင့်လောင်းကြေးထပ်ရပေမည်။
သို့သော် သူသည် သာမန်မဟုတ်ပေ၊ သူသည် 'ကူပိုးကောင်' များစွာကို ထိန်းချုပ်နိုင်စွမ်းရှိလေသည်။ အထူးသဖြင့် သူသည် 'ရွှေစားကူ' ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီး ဖြစ်သည်။ ၎င်းတို့ကို ကြီးမားသောတပ်ဖွဲ့တစ်ခုအဖြစ် အောင်မြင်စွာ မွေးမြူနိုင်ခဲ့ပါက၊ အဆင့်နှစ် ယောင်သားရဲတစ်ကောင်ကို သတ်ဖြတ်ရန်မှာ အခက်အခဲမဟုတ်တော့ပေ။ အရေးကြီးဆုံးအချက်မှာ သူသည် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်စရာမလိုဘဲ၊ 'ကူ' များကို အဝေးမှ ထိန်းချုပ်နိုင်ခြင်းပင်ဖြစ်သည်။
မတော်တဆ ကျရှုံးခဲ့လျှင်ပင် သူ၏ခန္ဓာကိုယ်သည် မည်သည့်ထိခိုက်မှုမျှ ခံစားရမည်မဟုတ်ချေ။
သူသည် ထိုတစ်ကိုယ်တော်ကျင့်ကြံသူများနှင့် မတူပေ။
ထိုကျင့်ကြံသူများသည် တစ်ကြိမ်ကျရှုံးသည်နှင့် မုချ သေလမ်းသို့ မြန်းရမည်ဖြစ်သော်လည်း၊ သူသည် အကြိမ်များစွာ အကျရှုံးခံနိုင်ပေသည်။
"နေဦး.. ငါ အဆင့်နှစ်ယောင်သားရဲတွေကို အမဲလိုက်နိုင်ရုံတင်မကဘူး... သူတို့ကို မွေးမြူလို့လည်း ရနိုင်တာပဲ..”
ရုတ်တရက် ကျိုးစွေ့ အကြံတစ်ခုရသွားသည်။
သူ့တွင် ပထမအဆင့် ဝိညာဉ်အရက်အမြောက်အမြား ထုတ်လုပ်နိုင်သော 'အရက်ကူ' များ ရှိသည်။
ဝိညာဉ်အရက်ကို ပမာဏအများအပြား ကျွေးမွေးပါက အဆင့်တစ်ယောင်သားရဲတစ်ကောင်သည် အဆင့်နှစ်သို့ ဆင့်ကဲပြောင်းလဲနိုင်သည့် အခွင့်အရေးရှိပေသည်။
အကယ်၍ 'အရက်ကူ' သည် ၎င်း၏ကျင့်ကြံမှုကို အဆင့်နှစ်သို့ ထပ်မံမြှင့်တင်နိုင်ပါက ၎င်းသည် အဆင့်နှစ် ဝိညာဉ်အရက်ကို ထုတ်လုပ်နိုင်ပေလိမ့်မည်။
ထိုအချိန်တွင် အဆင့်နှစ်ယောင်သားရဲကို မွေးမြူခြင်းက ပို၍ပင် လွယ်ကူလာပေမည်။
"ဒီအကြံ မဆိုးဘူး.."
"အဆင့်တစ် ယောင်သားရဲအများကြီးကို ဖမ်းယူမွေးမြူပြီးတော့.. ဝိညာဉ်အရက်ကို သုံးပြီး ပျိုးထောင်လိုက်မယ်..."
"အရေအတွက်သာ အများကြီးဆိုရင် အဆင့်နှစ်ယောင်သားရဲတစ်ကောင်ကို ပျိုးထောင်ပေးဖို့ မဖြစ်နိုင်စရာအကြောင်းမရှိဘူး...”
"အဆင့်နှစ် ယောင်သားရဲတစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲသွားတာနဲ့ ငါ ထောင်ချောက်ဆင်မယ်.. အဆင့်နှစ်သို့ ချိုးဖျက်တက်နေတဲ့အချိန်ကို ငါ အမိအရ ဖမ်းဆုပ်လိုက်မယ်... ပြီးရင် သတ်ပြီး အထဲက အမြုတေကို ထုတ်လိုက်ရုံပဲ...”
"ဒီနည်းနဲ့ဆိုရင် အဆင့်နှစ်ယောင်သားရဲအမြုတေတွေကို ငါ အဆုံးမရှိ ထုတ်ယူနိုင်ပြီးတော့ အခြေတည်ဆေးလုံးကို ဖော်စပ်နိုင်လိမ့်မယ်..”
ကျိုးစွေ့ မျက်လုံးများ မှေးကျဉ်းသွားပြီး စိတ်လှုပ်ရှားမှုအရိပ်အယောင်တစ်ခု ထင်ဟပ်နေသည်။ သူသည် ဂိုဏ်းတစ်ခု၏ အကူအညီမပါဘဲ၊ အခြေတည်ဆေးလုံးများ ဖော်စပ်နိုင်မည့် နည်းလမ်းတစ်ခုအား ရှာတွေ့သွားတော့သည်။
“အဟတ်… ဘာကိစ္စ လေလံပွဲတွေကို သွားနေရမှာလဲ… ကိုယ့်ဘာသာ အခြေတည်ဆေးလုံး ဖော်စပ်လိုက်တာက အကောင်းဆုံးပဲ…”