အစားအစာအတွက် မှော်လက်နက်များဖြင့် လဲလှယ်ခြင်း၊ အစာအနည်းငယ်အတွက် ဦးညွှတ်နေရသော ကျင့်ကြံသူများ။
Vol. 6 Ch. 80
ဒေါက်… ဒေါက်…ဒေါက်..။
ကျိုးစွေ့ ဆက်လက်ကျင့်ကြံရန်ပြင်လိုက်စဉ်တွင် တံခါးခေါက်သံအား ရုတ်တရက်ကြားလိုက်ရသည်။
‘ဘယ်သူများပါလိမ့်…’
ကျိုးစွေ့သည် သူ၏ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်ရာ တံခါးအပြင်ဘက်တွင် သက်ကြီးကျင့်ကြံသူတစ်ဦးကို ထောက်လှမ်းမိလိုက်သည်။ သူသည် အသက်ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ်ခန့်ရှိပြီး ချီသန့်စင်ခြင်းအဆင့်(၈)ကျင့်ကြံမှုအဆင့်ရှိသည်။
ထိုသူအား သူ လျင်မြန်စွာ မှတ်မိလိုက်သည်။ ဤသည်မှာ သူ၏အိမ်နီးချင်း၊ လက်နက်ဖန်တီးရှင် ချန်ဝေ့ ဖြစ်သည်။ သို့သော် သူတို့သည် တစ်ဦးနှင့်တစ်ဦး အပေါ်ယံမျှသာ သိကျွမ်းပြီး များစွာရင်းနှီးခြင်းမရှိပေ။
ချန်ဝေ့ သူ့ထံသို့ အလည်လာမည်ဟု မမျှော်လင့်ထားချေ။
"ရောင်းရင်းချန်...၊ အကြောင်းမကြား ဘာမကြားနဲ့ ဘာကိစ္စများရှိလို့လဲ..။”
ကျိုးစွေ့က တံခါးဖွင့်ရင်း မေးလိုက်သည်။
“ရောင်းရင်းကျိုး..”
ကျိုးစွေ့ တံခါးဖွင့်သည်ကို မြင်သောအခါ၊ ချန်ဝေ့သည် ချက်ချင်းပင် စိတ်သက်သာရာရသွားပြီး လာရင်းကိစ္စအား ရှင်းပြလေသည်။
"ခင်ဗျားဆီမှာ လဲလှယ်ပေးနိုင်မယ့် အစားအစာအပိုလေးများ ရှိမလားလို့ပါ..၊ အပြန်အလှန်အနေနဲ့ အဆင့်နိမ့်မှော်လက်နက်တစ်ခုကို ကျုပ် ပေးနိုင်ပါတယ်။"
သူသည် ကျိုးစွေ့နှင့် စိတ်ဝိညာဉ်ဆန်၊အသားများအား လဲလှယ်လိုသည်။
"စိတ်ဝိညာဉ်ဆန်နဲ့အသားအတွက် လဲလှယ်မယ်... ခင်ဗျားမှာ စားစရာမရှိတော့ဘူးလား.."
ဤစကားကို ကြားသောအခါ ကျိုးစွေ့ အံ့အားသင့်သွားသည်။ ဤသည်မှာ လုံးဝ မကြားဖူးသောအရာ ဖြစ်သည်။
ယခင် မီယွင်မြို့တွင် စိတ်ဝိညာဉ်ဆန်နှင့် စိတ်ဝိညာဉ်သားရဲအသားများသည် တန်ဖိုးမရှိသလောက်ပင် ဖြစ်သည်။ ကျင့်ကြံသူများက ဤအစားအစာများကို ဆေးလုံးများ၊ မှော်လက်နက်များဖြင့် လဲလှယ်လိုပါက ၎င်းမှာ မဖြစ်နိုင်သော အရူးအိပ်မက်သာ ဖြစ်၏။
သို့သော် ယခုအခါတွင်၊ ဤချန်ဝေ့သည် အဖိုးတန်သော မှော်လက်နက်များကို လဲလှယ်ရန် အမှန်တကယ် ဆန္ဒရှိနေပြီး ၎င်းမှာ မယုံနိုင်စရာပင် ဖြစ်သည်။
၎င်းမှာ ရွှေကို ဆန်၊ ဂျုံမှုန့်တို့နှင့် လဲလှယ်နေသကဲ့သို့ ဖြစ်သည်။
ငြိမ်းချမ်းသောအချိန်တွင် မည်သူမျှ ဤသို့သော မိုက်မဲသည့်အရာကို ပြုလုပ်မည်မဟုတ်ပေ။
"ကုန်သွားပြီ... ငါ့မှာ စားစရာမရှိတော့ဘူး..။ မီယွင်မြို့က ဒီလောက်ကြာအောင် ပိတ်ဆို့ခံရမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ငါလည်း အစားအစာအများကြီး သိုလှောင်ထားဖို့ မစဉ်းစားမိဘူးလေ။ ငါ သိုလှောင်ထားတဲ့ အစားအစာတွေလည်း စားလို့ကုန်သွားပြီ၊ ဥပုသ်ဆေးတစ်လုံးတောင် မကျန်တော့ဘူး။"
ချန်ဝေ့သည် နောင်တများဖြင့် ပြည့်နှက်နေသည်။
အကယ်၍သာ အစားအစာသည် မည်မျှအရေးကြီးသည်ကို သူသိခဲ့ပါက အစကတည်းက တစ်ပုံကြီး သိုလှောင်ထားပေလိမ့်မည်။
ယခုအခါ သူသည် အစားအစာအနည်းငယ်အတွက် မိမိကိုယ်ကို နှိမ့်ချရတော့သည်။
သို့သော် ၎င်းသည် ဘာမှမတတ်နိုင်သော ကိစ္စဖြစ်သည်။ ကျင့်ကြံသူတစ်ဦး၏ သိုလှောင်အိတ်ထဲရှိ နေရာသည် အကန့်အသတ်ရှိပြီး အများစုမှာ တစ်ကုဗမီတာ သို့မဟုတ် နှစ်ကုဗမီတာသာ ရှိကြသည်။ ၎င်း၏အများစုကို လျှို့ဝှက်ကျမ်းများ၊ မှော်လက်နက်များ၊ ဆေးလုံးများနှင့် အခြားတန်ဖိုးကြီးပစ္စည်းများက နေရာယူထားသည်။ မည်သူက အစားအသောက်များအား သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းထားမည်နည်း။
ထို့အပြင် ဥပုသ်ဆေးလုံးများသည် ဈေးမပေါသဖြင့် မည်သူမျှ ပမာဏအများအပြား သိုလှောင်ထားမည်မဟုတ်ပေ။
"ခင်ဗျားမှာ အစားအစာကုန်သွားရင်တောင် ထပ်ဝယ်လို့ရသေးတာပဲ..။ ဆိုင်တွေက အခု အကန့်အသတ်နဲ့ ရောင်းချပေးနေတယ် မဟုတ်ဘူးလား...။ ဘာလို့ ခင်ဗျားရဲ့ မှော်လက်နက်တွေကို ဒီလောက်နည်းတဲ့ဈေးနဲ့ ရောင်းရတာလဲ။"
ကျိုးစွေ့က မေးလိုက်သည်။
“ခင်ဗျား မသိသေးဘူးလား…ရောင်းရင်းကျိုး..။”
ထိုစကားကို ကြားသောအခါ ချန်ဝေ့ အနည်းငယ် အံ့အားသင့်သွားပုံရသည်။
"မနေ့ညက မီယွင်မြို့ရဲ့ စိတ်ဝိညာဉ်ဆန်နဲ့အသားတွေ သိုလှောင်ထားတဲ့ဂိုဒေါင်ကို တစ္ဆေမိစ္ဆာဂိုဏ်းသူလျှိုတွေ တိုက်ခိုက်ခဲ့ပြီးတော့ စားနပ်ရိက္ခာအများကြီး ဖျက်ဆီးခံလိုက်ရတယ်..။”
"အခုဆိုရင် အင်မော်တယ်ရှားဂိုဏ်းတောင် အစားအစာအများကြီး မထောက်ပံ့နိုင်တော့ဘူး။ ခင်ဗျားသာ အခု ဆိုင်တွေမှာ အစားအစာသွားဝယ်ရင် ဘယ်လောက်ပဲ တတ်နိုင်တတ်နိုင်.. ဆန်တစ်စေ့တောင် ဝယ်လို့မရတော့ဘူး။"
"တစ္ဆေမိစ္ဆာဂိုဏ်းက စိတ်ဝိညာဉ်ဆန်ဂိုဒေါင်ကို တိုက်ခိုက်ခဲ့တယ် ဟုတ်လား။"
ကျိုးစွေ့ မှင်တက်သွားသည်။ သူသည် အမြဲတစေ အိမ်တွင်းအောင်းကာ အပြင်သို့ ရှားရှားပါးပါးသာ ထွက်သောကြောင့် အပြင်တွင် ဖြစ်ပျက်နေသည့်အရာများအား သိပ်မသိပေ။
တစ္ဆေမိစ္ဆာဂိုဏ်းက စိတ်ဝိညာဉ်ဆန်ဂိုဒေါင်ကို အမှန်တကယ် တိုက်ခိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ဤသည်မှာ အင်မော်တယ်ရှားဂိုဏ်းအတွက် ပြင်းထန်သောထိုးနှက်ချက်တစ်ခုဖြစ်မည်မှာ သံသယဖြစ်စရာမလိုပေ။
မည်သို့ပင်ဖြစ်စေ ကျင့်ကြံသူတစ်ဦး၏ သိုလှောင်အိတ်ထဲရှိနေရာသည် အကန့်အသတ်ရှိပြီး၊ သူတို့၏အစားအစာအားလုံးကို ဤအိတ်များထဲတွင် သိုလှောင်ရန် မဖြစ်နိုင်ပေ။ စိတ်ဝိညာဉ်ဆန်နှင့် အသားအမြောက်အမြားမှာ ဂိုဒေါင်များတွင် သိုလှောင်ထားဆဲဖြစ်သည်။
ပုံမှန်အားဖြင့် ထိုနေရာများတွင် အစောင့်အကြပ် ထူထပ်ပေသည်။
သို့သော် တစ္ဆေမိစ္ဆာဂိုဏ်းသူလျှိုများက ခြေတစ်လှမ်းသာနေသည်မှာ ထင်ရှားလှသည်။ သူတို့သည် တစ်နည်းနည်းဖြင့် အစောင့်များကို ကျော်လွှားပြီး ဂိုဒေါင်ထဲရှိ စိတ်ဝိညာဉ်ဆန်နှင့်အသားများကို ဖျက်ဆီးရန် မီးရှို့နိုင်ခဲ့ကြသည်။
ယင်းကြောင့် မီယွင်မြို့ရှိ အင်မော်တယ်ရှားဂိုဏ်း သိုလှောင်ထားသော စားနပ်ရိက္ခာများ သိသိသာသာ လျော့ကျသွားစေသည်။
သူတို့သာ ခွဲတမ်းစနစ်ကို ဆက်လက်ကျင့်သုံးခဲ့ပါက မီယွင်မြို့ရှိ ကျင့်ကြံသူများသည် တစ်နှစ်ကျော်ကြာအောင် တောင့်ခံနိုင်ပေလိမ့်မည်။
သို့သော် ယခုအခါ စိတ်ဝိညာဉ်ဆန်အမြောက်အမြား မီးလောင်ကျွမ်းသွားပြီး၊ အသားများ ဖျက်ဆီးခံရကာ စားနပ်ရိက္ခာအများအပြား ပျောက်ကွယ်သွားချေပြီ။
ဤသည်မှာ မီယွင်မြို့တွင် အငတ်ဘေးကို သေချာပေါက် ဖြစ်ပေါ်စေမည်ဖြစ်ပြီး ထိုအခါ ကျင့်ကြံသူမည်မျှ အငတ်ဘေးဆိုက်မည်ကို မည်သူသိနိုင်မည်နည်း။
ချန်ဝေ့သည် မှော်လက်နက်များကို အစားအစာနှင့် လဲလှယ်ရန် ဆန္ဒရှိခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။
မည်သို့ပင်ဖြစ်စေ မည်မျှအဖိုးထိုက်တန်သောမှော်လက်နက်ဖြစ်စေ သင့်အား ဗိုက်ပြည့်စေမည်မဟုတ်ပေ။
ယခုအခါ ကျင့်ကြံသူမည်မျှက ဆေးလုံးများ၊ မှော်လက်နက်များ၊ အဆောင်များ စသည်တို့ကို အစားအစာနှင့် လဲလှယ်ရန်အလျှင်လိုနေကြမည်အား မည်သူသိမည်နည်း။
"စိတ်မကောင်းပါဘူး…၊ ဒါပေမဲ့ ကျွန်တော်တို့ကိုယ်တိုင်လည်း အစားအစာအများကြီး သိုလှောင်မထားဘူး။ ရောင်းရင်းချန်ဆီမှာ အစားအစာရှိရင် ခင်ဗျားနဲ့ လဲလှယ်လို့ရမယ့် အဆောင်တချို့ ကျွန်တော့်မှာ ရှိတယ်။ ဈေးနှုန်းကတော့ သက်သာမယ်လို့ အာမခံပါတယ်။"
ကျိုးစွေ့က အမူအရာမပျက် ပြောလိုက်သည်။
သူသည် ၎င်းနှင့် အစားအစာ လဲလှယ်ရန် အစီအစဉ်မရှိပေ။
ဝန်ခံရလျှင်၊ သူ့တွင် အစားအစာများစွာ ရှိပြီး သူသည် မှော်လက်နက်များနှင့် ဆေးလုံးများစွာကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်မည့်အခွင့်အရေးကို အရယူနိုင်ပေသည်။
၎င်းအား အခွင့်ကောင်းယူ၍ ကြီးပွားချမ်းသာမည့် ကံကြမ္မာကောင်းကိုပင် ဖန်တီးနိုင်ပေသည်။ ခက်သည်မှာ ၎င်းသည် အလွန်အန္တရာယ်များခြင်းပင်ဖြစ်သည်။
အခြားကျင့်ကြံသူများက သူ့တွင် အစားအစာများစွာ ရှိသည်ကို သိရှိသွားပါက သူရင်ဆိုင်ရနိုင်သော ခြိမ်းခြောက်မှုမှာ သာမန်မနာလိုမှုနှင့်လောဘကို ကျော်လွန်သွားနိုင်ပေသည်။
မီယွင်မြို့တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရာ သူသည် ကျင့်ကြံသူများ၏ သဘာဝကို ကောင်းကောင်း နားလည်နေပြီ ဖြစ်၏။
ဤကျင့်ကြံသူများ ပြသသော ဖော်ရွေသောအသွင်အပြင်များကြောင့် အလှည့်စားခံ၍ မဖြစ်ချေ။ အကျိုးအမြတ်ရရှိသည်နှင့်တစ်ပြိုင်နက်၊ အားနည်းသူကို အနိုင်ကျင့်ကာ မျက်တောင်မခတ် သတ်ဖြတ်တတ်သော လုယက်ကျင့်ကြံသူများ အသွင်သို့ ပြောင်းလဲသွားပေမည်။
ကြွယ်ဝမှုသည် သူ့အလိုလို သတ်ဖြတ်လုယက်မှုများအား ဖိတ်ခေါ်တတ်သည်။
ဤသည်မှာ ကျင့်ကြံသူတစ်ဦး၏ ဘဝပင်ဖြစ်သည်။
သူသည် အချိန်မရွေး ငွေရှာနိုင်သည်ဖြစ်ရာ မလိုအပ်သော စွန့်စားမှုများပြုလုပ်၍ အန္တရာယ်အား လက်ယပ်မခေါ်ချင်ပေ။
"ခင်ဗျားမှာလည်း အစားအစာမရှိဘူးလား။ ဒါဆိုရင်တော့ သွားလိုက်ပါဦးမယ်။"
ထိုစကားကို ကြားသောအခါ ချန်ဝေ့၏ မျက်နှာမှာ ဖြူဖျော့သွားပြီး မပျော်မရွှင်ဖြင့် ပြောလိုက်သည်။
သူသည် အစက သူ၏မှော်လက်နက်ကို အစားအစာနှင့်လဲလှယ်ရန် မျှော်လင့်ချက်ဖြင့် ဤနေရာသို့ လာခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုတွင်မူ ဤခွေးကောင်လေးက သူ့တွင်ရှိသော အစားအစာအား အဆောင်များဖြင့်ပင် လဲလှယ်လိုနေသေးသည်။ ၎င်းသည် မည်သို့မျှ အဓိပ္ပါယ်မရှိချေ။
တောနက်ထဲတွင် ရှိနေပါက အဆောင်များသည် အသုံးဝင်နိုင်ပေသည်။ သို့သော် မီယွင်မြို့တွင် နေထိုင်နေစဥ် အဆောင်များက ဝါးစား၍မရချေ။ သူ၏ကျန်ရှိသောအစားအစာများအား အမှန်တကယ် လဲလှယ်ခဲ့ပါက သူသည် အငတ်ဘေးကြောင့် သေဆုံးသွားနိုင်ပေသည်။
သူသည် ထိုသို့သောအရာကို ပြုလုပ်ရအောင်အထိ မမိုက်မဲပေ။
ထို့ကြောင့် သူသည် တွန့်ဆုတ်မနေဘဲ အခြားနေရာများသို့ သွားရောက်ကာ အစားအစာအလုံအလောက် သိုလှောင်ထားသော အခြားကျင့်ကြံသူများနှင့် အစားအစာ လဲလှယ်နိုင်မည်လားကို ကြည့်ရပေအုံးမည်။
“ရောင်းရင်းချန်…၊ ဂရုစိုက်ပါ..။”
ကျိုးစွေ့က လက်ဝှေ့ယမ်းကာ ချန်ဝေ့ကို နှုတ်ဆက်လိုက်သည်။
သို့သော် သူသည် မကြာမီမှာပင် တံခါးလာခေါက်သူမှာ ချန်ဝေ့တစ်ဦးတည်းသာ မဟုတ်ကြောင်း သိရှိလိုက်ရသည်။
သူ၏အခြားအိမ်နီးချင်းများဖြစ်သော ရောင်းရင်းကျူး၊ ရောင်းရင်းစွန်း၊ ရောင်းရင်းဖုန်းနှင့် ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ရှိ အခြားကျင့်ကြံသူ ဒါဇင်ပေါင်းများစွာတို့သည်လည်း၊ ကျိုးစွေ့နှင့် အစားအစာလဲလှယ်ရန် မျှော်လင့်ချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
ထင်ရှားသည်မှာ ဤကျင့်ကြံသူများသည်လည်း အစားအစာအကျပ်အတည်းနှင့် ကြုံတွေ့နေရပြီး၊ စားနပ်ရိက္ခအများအပြား ရရှိနိုင်မည့် အခွင့်အရေးအား ရှာဖွေနေကြ၏။
အချို့သည် ဆေးလုံးဖော်စပ်နည်းများ၊ မှော်လက်နက်များ၊ ဆေးလုံးများ၊ လျှို့ဝှက်ကျမ်းများနှင့် အခြားသူတို့ ဝှက်ထားသော ရတနာများကိုပင် ကမ်းလှမ်းကြသည်။
ကံမကောင်းစွာဖြင့် သူတို့အားလုံးကို ကျိုးစွေ့က ငြင်းပယ်ခဲ့ပြီး သူ၏အိမ်၌ပင် အစားအစာများစွာ မကျန်တော့ကြောင်း ပြောခဲ့လေသည်။
ကျင့်ကြံသူများသည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားရုံသာ တတ်နိုင်တော့သည်။
မည်သို့ပင်ဖြစ်စေ၊ သူတို့သည် ချီသန့်စင်ခြင်းအဆင့်(၉)ရှိ ကျင့်ကြံသူနှစ်ဦးဖြစ်သော ကျိပင်းယွီနှင့် ရှားကျင်းယန်တို့၏ ကျောထောက်နောက်ခံရှိသော ကျိုးစွေ့ကို အတင်းအကျပ်ပြုလုပ်နိုင်မည်မဟုတ်ပေ။ ဤကျင့်ကြံသူများသည် မိမိတို့၏အစွမ်အစကို ချိန်ဆ၍ အကျိုးအပြစ်အား နှိုင်းယှဉ်ရပေမည်။
မှန်ပေသည်၊ အကယ်၍ ကျိုးစွေ့သည် ယခင်ကကဲ့သို့ ချီသန့်စင်ခြင်းအဆင့်(၁)တွင်သာ ရှိနေသေးပါက၊ သူသည် ဝံပုလွေများနှင့်ကျားများကဲ့သို့ ကြမ်းတမ်းသော ဤအိမ်နီးချင်းများ၏သတ်ဖြတ်ခြင်းကို ခံရနိုင်ပြီး သူ၏အစားအစာအားလုံး လုယက်ခံရပေလိမ့်မည်။
ဤအချိန်တွင် မည်သူမျှ အိမ်နီးချင်းဟူ၍ ထောက်ထားညှာတာနေကြမည်မဟုတ်ပေ။
အရေးကြီးဆုံးမှာ သူတို့သည် အစကတည်းက များစွာရင်းနှီးကြသူများ မဟုတ်ကြဘဲ၊ မေးထူးခေါ်ပြောလောက်သာ ရင်းနှီးကြလေသည်။