← Chapters

ရွှေဈေးဖြင့် ဆန်ရောင်းခြင်း၊ တည်ငြိမ်သော ကျိုးစွေ့။

Vol. 6 Ch. 81

ရွှေဈေးဖြင့် ဆန်ရောင်းခြင်း၊ တည်ငြိမ်သော ကျိုးစွေ့။

Vol. 6 Ch. 81

ညနေစောင်း။

တစ်ကိုယ်တော်ကျင့်ကြံသူများစွာသည် မြို့လယ်ခေါင်မှ စိတ်ပျက်လက်ပျက်၊ လက်ဗလာဖြင့် ခေါင်းငိုက်စိုက်ကျကာ ပြန်လာကြသည်။

"ဘယ်လိုလဲ..၊ မင်းလည်း ဘာအစားအစာမှ မဝယ်နိုင်ခဲ့ဘူးလား..။"

တစ်ယောက်က မေးလိုက်သည်။

"ချီးကို ဝယ်ရမလားဟ..၊ ဆိုင်တွေအကုန်ပိတ်ထားတယ်.. ဘယ်သူမှ အရောင်းအဝယ်မလုပ်တော့ဘူး။ မင်းမှာ ဝိညာဉ်ကျောက်တုံးတွေရှိရင်တောင် ဆန်တစ်စေ့မှ ဝယ်လို့မရဘူး။"

မီးခိုးရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူတစ်ဦးက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ သူသည် ဤသို့သောအဖြစ်အား ယခင်က တစ်ခါမျှမကြုံတွေ့ခဲ့ဖူးပေ။

"တကယ့်ကို ရယ်ဖို့ကောင်းတယ်… ဘယ်လိုလုပ် စားစရာတွေ မရှိရတာလဲ..။ ငါတို့လို ကျင့်ကြံသူတွေက အငတ်ဘေးကြောင့် တကယ်ကြီး သေရတော့မှာတဲ့လားကွာ…။”

နောက်တစ်ယောက်က ညီးညူလိုက်သည်။

“အာ… အခုရက်ပိုင်းထဲ အစားအစာဈေးတွေ မိုးထိုးအောင်ကို တက်နေတာ မင်းမသိပါဘူးကွာ…၊ တစ်နေ့ကို သုံးခါလောက်တောင် ပြောင်းနေတာ…။”

ဝတ်ရုံဖြူဖြင့် ကျင့်ကြံသူတစ်ဦးက ထိတ်လန့်တကြား ပြောလိုက်သည်။

နံနက်ခင်းတွင် သူသည် ဆန်ဈေးကို တတ်နိုင်သော်လည်း အလွန်ဈေးကြီးသည်ဟု ထင်သောကြောင့် မဝယ်ခဲ့ချေ။

နေ့လည်ရောက်သောအခါ ဈေးနှုန်းမှာ နှစ်ဆတက်သွားပြီး သူ့အား စတင်ထိတ်လန့်စေမည်ဟု မည်သူက ထင်ထားမည်နည်း။

ညနေရောက်သောအခါ သူသည် ဈေးနှုန်းဆယ်ဆပေးသည့်တိုင် မည်သူမျှ မရောင်းတော့ပေ။

"ဟူး..၊ အမှန်ပဲ…။ အစောပိုင်းက ငါ အဆင့်နိမ့်မှော်လက်နက်တစ်ခုကို ဆန်နည်းနည်းနဲ့ လဲဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မှော်လက်နက်တစ်ခုက စိတ်ဝိညာဉ်ဆန် သုံးဆယ်ကီလိုဂရမ်နဲ့ပဲ လဲလို့ရတယ်…အဲ့ဒီထက်ပိုရင် လူတွေက လျစ်လျူရှုလိုက်ကြရော။"

"ဒါက များလွန်းသွားပြီ…။ အဆင့်နိမ့် မှော်လက်နက်တစ်ခုက စိတ်ဝိညာဉ်ဆန် သုံးဆယ်ကီလိုဂရမ်နဲ့ပဲ လဲလို့ရတယ်လား..၊ ချီးတဲ့မှ.. အဲ့ဒီစိတ်ဝိညာဉ်ဆန်တွေက အခြေတည်ဆေးလုံးလား…။ ဘာလို့ ဒီလောက်ဈေးကြီးရတာလဲ။ မဖြစ်နိုင်တာကွာ…။"

"ပြီးတော့ အဲ့ဒါက အဆိုးဆုံးတောင် မဟုတ်သေးဘူး၊ တစ်ယောက်ဆို ဟွမ်းလုံဆေးလုံးတစ်လုံး ထုတ်ပြတယ်၊ ဒါပေမဲ့ ဘယ်သူမှ ဆန်နဲ့ မလဲပေးဘူး။"

"ဝိုး၊ စိတ်ဝိညာဉ်ဆန်ဈေးက ဆေးလုံးတွေထက် ဘယ်တုန်းက ပိုဈေးကြီးသွားတာလဲ။ ရူးလောက်စရာပဲကွာ.."

"မတတ်နိုင်ဘူးလေ။ ရှားပါးလေ တန်ဖိုးရှိလေပဲ။ ဒါတွေအားလုံးက မီယွင်မြို့ရဲ့ စပါးကျီကို မီးရှို့ခဲ့တဲ့ အဲ့ဒီမိစ္ဆာကျင့်ကြံသူတွေကြောင့်ပဲ၊ အခုဆိုရင် စိတ်ဝိညာဉ်ဆန်က မရှိသလောက်ပဲ။"

"ဟုတ်တယ်၊ ဆေးလုံးတွေကို အစားအစာအဖြစ် သုံးလို့မရဘူး၊ ဗိုက်လည်းမပြည့်ဘူး။ အခုဆိုရင် စိတ်ဝိညာဉ်ဆန်က ဘယ်ဆေးလုံးထက်မဆို ပိုတန်ဖိုးရှိနေပြီ။"

"ဟာကွာ…၊ စိတ်ဝိညာဉ်ဆန်အားလုံး မီးလောင်သွားတယ်လို့ ငါမယုံဘူး၊ တစ်နေရာရာမှာ အများကြီး သိုလှောင်ထားတာ ရှိရမယ်။"

"ဟုတ်တယ်၊ စိတ်ဝိညာဉ်ဆန်တွေ အများကြီး သိုလှောင်ထားတယ်၊ ဒါပေမဲ့ လူတွေက လက်ဝါးကြီးအုပ်ထားပြီး မရောင်းချင်ဘဲ ဈေးနှုန်းကို မြှင့်တင်နေကြတယ်။ ဒါက ပေါ်တင် အမြတ်ထုတ်ပြီး ငါတို့ကို သွေးစုပ်နေတာပဲ။"

"အဲ့ဒီ မသမာတဲ့ကုန်သည်တွေ သေသင့်တယ်။ မီယွင်မြို့က အငတ်ဘေးဆိုက်ခါနီးဖြစ်‌နေတာတောင် သူတို့က စိတ်ဝိညာဉ်ဆန်ဈေးကို မြှင့်တင်နေကြတယ်။ သူတို့က ငါတို့ကို အငတ်ဘေးနဲ့ သေစေချင်နေတာ ရှင်းနေတာပဲ..။"

"တကယ်လို့သာ ဒီလိုအခြေအနေရောက်လာရင် အင်မော်တယ်ရှားဂိုဏ်းကို သေတဲ့အထိ တိုက်ကြစို့။ ငါကတော့ အငတ်ဘေးနဲ့ သေရမယ့်အစား မီယွင်မြို့ရဲ့ အစီအရင်ကို ဖွင့်ပစ်လိုက်ချင်တယ်။"

တစ်ကိုယ်တော်ကျင့်ကြံသူများစွာ ဆွေးနွေးနေကြပြီး၊ သူတို့၏မျက်နှာများမှာ အတော်ပင် ညှိုးငယ်နေသည်။

မြို့လယ်ခေါင်သို့ သွားခြင်းက အစားအစာဝယ်ရန် အခွင့်အရေးတစ်ခု ရနိုင်လိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။

သို့သော် အစားအစာရှားပါးမှုက ဆန်ဈေးနှုန်းများကို မဖြစ်နိုင်လောက်အောင် မိုးထိုးတက်သွားစေမည်ဟု မည်သူက ထင်ထားမည်နည်း။

တစ်ကိုယ်တော်ကျင့်ကြံသူများစွာသည် စိတ်ဝိညာဉ်ဆန်ကို မဝယ်နိုင်ကြဘဲ၊ ဆင်းရဲမွဲတေကာ မြေကြီးသာ စားရသည့်အခြေအနေသို့ ရောက်ရှိနေကြသည်။

အခြေခံအားဖြင့် စိတ်ဝိညာဉ်ဆန်မှာ ဈေးကွက်အတွင်း လည်ပတ်မှုမရှိတော့ဘဲ၊ ငွေရှိလျှင်ပင် ဝယ်ယူနိုင်မည်ဟု အာမမခံနိုင်တော့ပေ။

အချို့ကျင့်ကြံသူများမှာ ဒေါသထွက်နေကြသည်။ အကယ်၍ အင်မော်တယ်ရှားဂိုဏ်းသာ အဆုံးစွန်ထိရောက်အောင် ချောင်ပိတ်ခဲ့ပါက၊ သူတို့သည် မီယွင်မြို့အတွင်း၌ အငတ်ဘေးကြောင့် သေဆုံးရမည့်အစား သူတို့ကို ဆန့်ကျင့်တိုက်ခိုက်ရန် ပိုမိုလိုလားကြပေသည်။

သို့သော် ယခုအချိန်တွင်မူ သူတို့သည် အစွန်းဆုံးအခြေအနေသို့ မရောက်သေးပေ။ အချို့မှာ သူတို့၏သိုလှောင်အိတ်များထဲတွင် ဆန်အနည်းငယ် သိုလှောင်ထားပြီး၊ ၎င်းမှာ သူတို့ကို အချိန်အနည်းငယ်အထိ ထောက်ပံ့ပေးနိုင်သေးသည်။

…

ထိုအခိုက်အတန့်တွင်၊ အခန်းတစ်ခုအတွင်း။

စားပွဲပေါ်တွင် ဟင်းလျာအမျိုးမျိုးဖြင့် ပြည့်နှက်နေပြီး မွှေးကြိုင်နေကာ အလျှံပယ် ဖြစ်နေသည်။

အပြင်ဘက်မှ ကျင့်ကြံသူများနှင့် လုံးဝကွာခြားလှသည်။

ကျိုးစွေ့၊ မုဇီယန်၊ ကျိပင်းယွီနှင့် ရှားကျင်းယန်တို့သည် အပြင်ဘက်အခြေအနေကို သတိပြုမိကြသည်။ ဆန်နှင့်အသားရှားပါးမှုမှာ သူတို့ထင်ထားသည်ထက် ပို၍ဆိုးရွားနေသည်။

တစ်ကိုယ်တော်ကျင့်ကြံသူများစွာမှာ ဆာလောင်မွတ်သိပ်သည့်အခြေအနေတွင် ရှိနေကြပြီး၊ ၎င်းမှာ သူတို့အား အတော်လေး ဒေါသထွက်လွယ်စေသည်။

သူတို့သည် သေမျိုးလောကမှ သာမန်လူများမဟုတ်ဘဲ စွမ်းအားကိုယ်စီ ပိုင်ဆိုင်ထားကြသော ကျင့်ကြံသူများ ဖြစ်ကြသည်။

အကယ်၍ ဤကျင့်ကြံသူများ အဓိကရုဏ်း စတင်ခဲ့ပါက၊ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးမှုကို သံသယဖြစ်ဖွယ်မရှိဘဲ ဖြစ်ပေါ်စေပေလိမ့်မည်။

"ယောက်ျား၊ အပြင်မှာ အစားအစာရှားပါးပြီး ဈေးနှုန်းတွေက မတန်တဆကို တက်နေတယ်..။ ငါတို့မှာ အစားအစာအများကြီး သိုလှောင်ထားတာပဲဟာကို..၊ ဘာလို့ ဈေးကြီးကြီးနဲ့ ရောင်းပြီး အမြတ်အများကြီး မယူတာလဲ။"

မုဇီယန်သည် အနည်းငယ် စိတ်ဝင်စားမိကြောင်း ဝန်ခံရပေမည်။

စိတ်ဝိညာဉ်ဆန် ကီလိုဂရမ်ဆယ်ဂဏန်းမျှဖြင့်၊ မှော်လက်နက်တစ်ခု သို့မဟုတ် ဟွမ်းလုံဆေးလုံးတစ်လုံးဖြင့် လဲလှယ်နိုင်ခြင်းမှာ အလွန်ထူးခြားသည်ဟု ထင်ရသည်။ ၎င်းမှာ ရွှေတွင်းတစ်ခုပင် ဖြစ်သည်။

၎င်းမှာ ဆန်တစ်ပန်းကန်ကို ရွှေတုံးတစ်တုံးဖြင့် လဲလှယ်နေသကဲ့သို့ပင် ဖြစ်သည်။ အမြတ်မှာ ကြီးမားလှ၏။

ဆန်ကို မိုးထိုးသည့်ဈေးနှုန်းများဖြင့် ရောင်းချမည့်စိတ်ကူးကို မယဉ်မိစေရန်မှာ ခက်လှချေသည်။

အရောင်းအဝယ်အနည်းငယ်ပြုလုပ်ရုံဖြင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သောင်းပေါင်းများစွာကို အလွယ်တကူ ရရှိနိုင်မည်မဟုတ်လော။

"မဟုတ်ဘူး၊ ငါတို့ ဒီနည်းနဲ့ ငွေရှာလို့မဖြစ်ဘူး..။"

ကျိုးစွေ့က လက်ဝှေ့ယမ်းလိုက်ပြီး "ငါတို့ ဝိညာဉ်အရက်ရောင်းတာထက် ပိုပြီးအကျိုးအမြတ်များတဲ့ စီးပွားရေးရှိသေးလို့လား။ သာမန်အရက်ကို ဝိညာဉ်အရက်အဖြစ် ပြောင်းလဲတာရဲ့ အမြတ်က ဖော်ပြလို့မရလောက်အောင်ပဲ‌လေ..။ ငါတို့မှာ အခု ဝိညာဉ်ကျောက်တုံးတွေ မရှားဘူး..။"

“ငါတို့သာ ဆန်ကို အကြီးအကျယ် စရောင်းလိုက်ရင် ဘယ်လောက်ပဲ သတိထားထား… ငါတို့ သေချာပေါက် သတိပြုမိခံရလိမ့်မယ်။ အခြားကျင့်ကြံသူတွေက ငါတို့မှာ ရိက္ခာအများကြီး သိုလှောင်ထားတယ်ဆိုတာ သိသွားကြလိမ့်မယ်..။”

“အဲ့ဒီအချိန်ကျရင် သူတို့က ကျေးဇူးတွေတင်ပြီး ငါတို့နဲ့ အရောင်းအဝယ် လာလုပ်နေမယ် ထင်လား…။ ဟဟ.. ငါတို့ဆီက လုယက်ဖို့ကိုပဲ စဉ်းစားကြလိမ့်မယ်..။”

“ကျင့်ကြံသူမိသားစုတွေက ဆန်ကုန်သွယ်မှုကနေ အမြတ်အစွန်းကြီးကြီးမားမား ရနိုင်တာက သူတို့မှာ လွှမ်းမိုးနိုင်တဲ့အင်အားရှိလို့ပဲ။ သူတို့သာ ကျင့်ကြံသူအဓိကရုဏ်းနဲ့ ရင်ဆိုင်ရရင်တောင် ချွေးတစ်စက်မကျဘဲ နှိမ်နင်းနိုင်တယ်။ ငါတို့ကတော့ မတတ်နိုင်ဘူးလေ..။”

“အေးပေါ့… တစ်ကိုယ်တော်ကျင့်ကြံသူတချို့က တန်ဖိုးကြီးရတနာတွေနဲ့ လဲလှယ်ဖို့ ကမ်းလှမ်းလာရင်တော့၊ အသေးစားကုန်သွယ်မှုက ရွေးချယ်စရာတစ်ခု ဖြစ်နိုင်တယ်။ ရတနာမဟုတ်ရင်တော့ လုံးဝ အဓိပ္ပာယ်မရှိဘူး။"

ဤသို့သော စီးပွားရေးသည် ဝိညာဉ်ကျောက်တုံးအမြောက်အမြားကို သေချာပေါက် ယူဆောင်လာနိုင်ပြီး၊ သူ့ကို တစ်ညတည်းဖြင့် ချမ်းသာစေနိုင်သော်လည်း၊ ဤသို့သော အန္တရာယ်များသည့် လုပ်ငန်းကို ဆက်လက်ထိန်းသိမ်းထားရန် သူ၌ အင်အားမရှိပေ။

သူ၏လှုပ်ရှားမှုများ ဖော်ထုတ်ခံရပါက သူသည် တစ်ကိုယ်တော်ကျင့်ကြံသူများ၏ ဝန်းရံတိုက်ခိုက်ခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။

ဝိညာဉ်ကျောက်တုံးအနည်းငယ်အတွက် မိမိကိုယ်ကို အန္တရာယ်ဖြစ်စေခြင်းသည်၊ လက်ထဲရှိဖရဲသီးကို စွန့်လွှတ်၍ နှမ်းစေ့ကောက်နေသကဲ့သို့ပင် ဖြစ်သည်။

ဆုံးရှုံးမှုသည် အကျိုးအမြတ်ထက် ပိုများ၏။

"ရှင်ပြောတာမှန်တယ် ယောက်ျား။ ဝိညာဉ်အရက်ရောင်းရုံနဲ့တင် ငါတို့ရဲ့ ဘဏ္ဍာတိုက်ကို ဖြည့်တင်းဖို့ လုံလောက်နေပြီ..၊ စွန့်စားစရာမလိုပါဘူး။ ငါတို့ရဲ့ အရေးကြီးဆုံးပန်းတိုင်က အခု လုံလုံခြုံခြုံနေထိုင်ပြီး တိတ်တဆိတ်နဲ့ သိပ်မထင်ရှားအောင် နေဖို့ပဲ။"

ကျိပင်းယွီက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

"ဟုတ်တယ်၊ ငါတို့ စွန့်စားနေစရာမလိုပါဘူး.."

ရှားကျင်းယန်လည်း သဘောတူသည်။ သူမ၏ချစ်လှစွာသော ယောက်ျားသည် အမြဲတမ်း သတိကြီးတတ်ပြီး ခြေလှမ်းတိုင်းအား သေသေချာချာ ဂရုစိုက်တတ်ပေသည်။

ချီသန့်စင်ခြင်းအဆင့်(၇) ကျင့်ကြံသူ ဖြစ်လာပြီးနောက်တွင်ပင်၊ သူ၏စိတ်နေသဘောထားမှာ မည်သည့်အခါမျှ မပြောင်းလဲခဲ့ပေ။

သို့သော် သူ၏ ဤတည်ငြိမ်သော အကျင့်စရိုက်က သူမအား ကြီးမားသော လုံခြုံမှုကို ပေးစွမ်းသည်။

သူမသည် ယခင်က စုံတွဲအချို့ကို သိကျွမ်းခဲ့ဖူးသည်။ အများအားဖြင့်၊ ယောက်ျားသည် ယောင်သားရဲများကို အမဲလိုက်ရန် စွန့်စားလေ့ရှိပြီး၊ မတော်တဆ သေဆုံးကာ အမျိုးသမီးကျင့်ကြံသူများကို မုဆိုးမအဖြစ် ထားခဲ့လေ့ရှိသည်။

ဤသည်မှာ ပဋိပက္ခများ၏ ရလဒ်ပင်ဖြစ်သည်။ အလားတူအဖြစ်အပျက်များမှာ ရှားပါးသည်မဟုတ်ပေ။

"ကြည့်ရတာ ဒီရက်ပိုင်းထဲ ကောင်းကောင်းစားသောက်ပြီး မင်းတို့တွေ လန်းဆန်းနေကြပုံပဲ..။"

"ဒီလို အသေးအဖွဲကိစ္စတွေကိုတောင် ခေါင်းထဲထည့်တတ်နေကြပြီ...။"

"ခဏစောင့်၊ သွားပြီး သန့်ရှင်းရေးလုပ်လိုက်ကြ၊ ငါ မင်းတို့ကို ဘယ်လိုပညာပေးမလဲ စောင့်ကြည့်လိုက်စမ်း..။"

ကျိုးစွေ့က လက်ကို ဟန်ပါပါ ဝှေ့ယမ်းလိုက်လေသည်။

"ယောက်ျားကတော့လေ…”

ထိုစကားကို ကြားသောအခါ မုဇီယန်၏ ခြေထောက်များ အနည်းငယ် တုန်သွားပြီး၊ ဘာဖြစ်လာမည်ကို သိရှိနေဟန်ဖြင့် မျက်နှာနီမြန်းသွားသည်။

"ခစ်ခစ်.. ကောင်းပြီ ယောက်ျား၊ ကျွန်မ မကြာခင် လာခဲ့မယ်။"

ကျိပင်းယွီက ရယ်မောလိုက်ပြီး ကျိုးစွေ့အား မြူဆွယ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ဟမ့်..၊ ကောင်လေး၊ မင်းငါ့ကို ဘယ်လိုပညာပေးမလဲ ကြည့်လိုက်ချင်သေးတယ်..။"

ရှားကျင်းယန်က ကျိုးစွေ့ကို စိန်ခေါ်သလို ကြည့်လိုက်သည်။

တစ်ခဏအကြာတွင် အခန်းထဲတွင် နွေဦး၏နွေးထွေးမှုဖြင့် ပြည့်နှက်နေပြီး၊ အပြင်လောက၏ ပူပန်မှုများကို အပြည့်အဝ လျစ်လျူရှုထားသော အရိပ်များ ယိမ်းနွဲ့နေလေသည်။

All Chapters