ရှုထျန်းဇယ်အား နောက်ယောင်ခံခြင်း၊ သတ်ဖြတ်မည့် လေထန်မှောင်မိုက်သည့်ည။
Vol. 6 Ch. 82
ဩဂုတ်လ၊
ခြစ်ခြစ်တောက်ပူသော နေမင်းသည် ကောင်းကင်ကို ကြီးစိုးထားပြီး ရာသီဥတုကို ပို၍ ပူပြင်းစေသည်။
မီယွင်မြို့ရှိ အစားအစာရှားပါးမှုကပ်ဘေးမှာ ပိုမိုဆိုးရွားလာသည်။ တစ်ကိုယ်တော်ကျင့်ကြံသူများစွာသည် အင်မော်တယ်ရှားဂိုဏ်းထံမှ အကူအညီရရှိရန် မျှော်လင့်ချက်ဖြင့် မြို့တော်သခင်၏ စံအိမ်တော်ကို စတင်တိုက်ခိုက်ကြသည်။
သို့သော် အင်မော်တယ်ရှားဂိုဏ်းမှာမူ နှလုံးသားအေးစက်စွာဖြင့် လူတိုင်းကို လျစ်လျူရှုထားသည်။
မြို့တော်သခင်၏ စံအိမ်တော်ကို တိုက်ခိုက်ဝံ့သည့် မည်သူမဆို၊ အင်မော်တယ်ရှားဂိုဏ်းမှ ကင်းလှည့်အစောင့်များ၏ ပြင်းထန်ကြမ်းတမ်းသော တုံ့ပြန်မှုအား ကြုံတွေ့ရသည်။ တစ်ကိုယ်တော်ကျင့်ကြံသူအချို့ သေဆုံးပြီးနောက်တွင် မည်သူမျှ မြို့တော်သခင်၏ စံအိမ်တော်ကို မတိုက်ခိုက်ဝံ့တော့ပေ။
အစားအစာအတွက် အခြားရွေးချယ်စရာမရှိတော့သဖြင့် တစ်ကိုယ်တော်ကျင့်ကြံသူများသည် အချင်းချင်း သတ်ဖြတ်ကြတော့သည်။
နေ့စဉ်နေ့တိုင်း အသေအပျောက်များ ဖြစ်ပွားခဲ့၏။
တစ်မြို့လုံး ပရမ်းပတာဖြစ်နေပြီး တစ်ကိုယ်တော်ကျင့်ကြံသူများစွာသည် အခြားသူများ၏ တိုက်ခိုက်မှုများမှ မိမိတို့ကိုယ်ကိုကာကွယ်ရန် အုပ်စုများ ဖွဲ့စည်းလာကြသည်။
ကျိုးစွေ့၏အိမ်သည်လည်း တိုက်ခိုက်မှုအချို့ကို ကြုံတွေ့ခဲ့ရသည်။
သို့သော် ချီသန့်စင်ခြင်းအဆင့်(၉)သို့ ရောက်ရှိနေသော ကျိပင်းယွီ၊ ရှားကျင်းယန်နှင့် မုဇီယန်တို့က လုယက်သူအချို့အား ချေမှုန်းကာ၊ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ မကောင်းသောရည်ရွယ်ချက်များအား ဟန့်တားနိုင်ခဲ့သည်။
ထိုအချိန်မှစ၍ မည်သူမျှ သူတို့၏ခြံဝင်းကို ထပ်မံမတိုက်ခိုက်ရဲကြတော့ပေ။
မည်သို့ပင်ဖြစ်စေ၊ ဤတစ်ကိုယ်တော်ကျင့်ကြံသူများသည် အရူးများမဟုတ်ကြပေ။ သူတို့သည် အားနည်းသူကိုသာ အမြတ်ထုတ်ရန် သဘာဝအတိုင်း ရွေးချယ်တတ်ကြသည်။ ကိုယ်သေတွင်းကိုယ်တူး၍ အင်အားကြီးသူများအား တိုက်ခိုက်ကြမည် မဟုတ်ချေ။
ချီသန့်စင်ခြင်းအဆင့်(၉)ကျင့်ကြံသူသုံးဦးရှိသော အိမ်တစ်လုံးသည် ရန်စရန် လွယ်ကူသောအရာမဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ၊ ဤအချိန်အတောအတွင်း မုဇီယန်သည်လည်း ချီသန့်စင်ခြင်းအဆင့်(၉)သို့ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။
...
ညသန်းခေါင်ယံ၊ တိတ်ဆိတ်သောအခန်းထဲတွင်။
ကျိုးစွေ့သည် ကြမ်းပြင်ပေါ်တွင် ခြေချိတ်ထိုင်ကာ 'ကူနတ်ဘုရားကျင့်စဉ်' ကို လည်ပတ်၍ တိတ်တဆိတ် ကျင့်ကြံနေပြီး၊ သဘာဝဝိညာဉ်စွမ်းအင်များကို ရှူသွင်းရှူထုတ်ကာ အစစ်အမှန်ချီကို မြှင့်တင်နေသည်။
ဤသည်မှာ သူ၏ဇနီးမယားများနှင့် ပျော်ပါးခြင်းမရှိသော ရှားရှားပါးပါးညတစ်ည ဖြစ်သည်။
သူ ဆန္ဒမရှိ၍မဟုတ်ဘဲ၊ မတတ်နိုင်တော့ခြင်းပင် ဖြစ်၏။
ဤစွဲမက်ဖွယ်ကောင်းသော အမျိုးသမီးသုံးဦးသည် မကြာသေးမီက သူတို့၏ကျင့်ကြံမှုကို များစွာတိုးတက်စေခဲ့ပြီး၊ သူတို့၏ တိုက်ပွဲဝင်စွမ်းရည်မှာ ပြင်းထန်လှသည်။ ပြီးခဲ့သောလများအတွင်း၊ အဆက်မပြတ်တိုက်ပွဲများက သူ့ကို အတော်လေးပင်ပန်းစေခဲ့ကာ၊ သူတို့ကို မြင်လျှင်ပင် ဒူးခွေကျလုမတတ် ဖြစ်နေရသည်။
ဤအတိုင်းသာ ဆက်သွားပါက သူသည် နေ့စဉ်နေ့တိုင်း အားဖြည့်ဆေးများ စားသုံးရမည်ကိုပင် စိုးရိမ်မိသည်။
အသက်နှစ်ဆယ့်တစ်နှစ်သာ ရှိသေးသောလူငယ်တစ်ဦးဖြစ်ပြီး၊ အားဖြည့်ဆေးများကို စတင်မှီခိုနေရပြီဆိုခြင်းက လုံးဝမခံမရပ်နိုင်စရာပင်။
"ငါဒီလိုဆက်သွားလို့မဖြစ်ဘူး.. ယောက်ျားတစ်ယောက်က ကောင်းကောင်းအနားယူဖို့လိုတယ်.."
"ငါသာ ဒီအတိုင်းဆက်သွားနေလို့ကတော့ အနိစ္စသဘောနဲ့ ကိစ္စချောဖို့ သိပ်မလိုတော့ဘူး..”
ကျိုးစွေ့ အသက်ပြင်းပြင်းရှူလိုက်သည်။
သူ၏အားအင်ပြည့်ဝသော ဇနီးသုံးဦးအကြောင်း တွေးမိသောအခါ သူ မတုန်လှုပ်ဘဲ မနေနိုင်ချေ။
သူသာ အလျင်အမြန် သူ၏ခန္ဓာကိုယ်ကို မမြှင့်တင်ပါက၊ ခံနိုင်ရည်မရှိတော့မည်အား စိုးရိမ်မိသည်။
များမကြာမီအတွင်း သူသည် ပုစွန်ပျော့တစ်ကောင် ဖြစ်သွားပေလိမ့်မည်။
ချောမောလှပသော ဇနီးများရှိပါလျှက် မြင်သာမြင်၊ မကြင်ရပါက ဝမ်းနည်းစရာကောင်းလှပေမည်။
"ဟမ်... ရှုထျန်းဇယ်ဘက်မှာ လှုပ်ရှားမှု ရှိတာလား..."
ရုတ်တရက် ကျိုးစွေ့စိတ်ထဲတွင် တစ်ချက်လှုပ်ရှားသွားသည်။ ရှုထျန်းဇယ်အနီးတွင် ထားထားသော သူ၏ကိုယ်ပွားသည် တစ်စုံတစ်ခုကို အာရုံခံမိပုံရသည်။ အရိပ်မည်းများ ရုတ်တရက် ရှုထျန်းဇယ်၏အိမ်သို့ ဝင်ရောက်သွားသည်။
ထိုအရိပ်များသည် အတော်ပင် လျှို့ဝှက်ဆန်းကြယ်ကြပြီး၊ သူတို့အားလုံးမှာ အနည်းဆုံး ချီသန့်စင်ခြင်းအဆင့်(၈)ကျင့်ကြံသူများ ဖြစ်ကြသည်။
သေသေချာချာ ရေတွက်ကြည့်ရာ အနည်းဆုံး ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူ ခုနစ်ဦး၊ ရှစ်ဦးသည် ရှုထျန်းဇယ်၏အိမ်သို့ ဝင်ရောက်ခဲ့ကြသည်။
ဝန်ခံရလျှင် သူသည် ရှုထျန်းဇယ်၏ လုပ်ကြံမှုအား မည်သည့်အခါကမှ မမေ့ခဲ့ပေ။ ယန်တောင်တန်းကျားငါးကောင်နှင့် ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို ဘယ်တုံးကမျှ မေ့မထားဘဲ၊ အမြဲတစေ စိတ်ထဲတွင် တေးထားခဲ့သည်။
သင့်အား အဆက်မပြတ် စောင့်ကြည့်နေကာ မျက်စိကျနေသော ဝံပုလွေတစ်ကောင်ရှိပါက၊ မည်ကဲ့သို့ ကောင်းမွန်စွာ အိပ်ပျော်နိုင်မည်နည်း။
သူသည် အမြဲတမ်း လက်စားချေလိုခဲ့သည်။
ဤအနှောင့်အယှက်ကို ဖယ်ရှားရန် အချိန်ကောင်းကို ရှာဖွေရန်သာ လိုအပ်သည်။
ယခုအခါ မီယွင်မြို့၏ ပရမ်းပတာကာလတွင် ကျင့်ကြံသူများသည် တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်နေကြသည်။
ဤကာလအတွင်း ကျင့်ကြံသူအချို့၏ သေဆုံးမှုမှာ အရေးမကြီးဘဲ၊ မည်သူမျှ စုံစမ်းစစ်ဆေးမည်မဟုတ်ပေ။
သူသည် မူလက ဤညတွင် ရှုထျန်းဇယ်ကို လုပ်ကြံရန် စီစဉ်ထားခဲ့သော်လည်း၊ ဧည့်သည်များစွာသည် ရုတ်တရက် ရှုထျန်းဇယ်အိမ်သို့ ရောက်ရှိလာမည်အား မမျှော်လင့်ထားချေ။
"သူတို့ကို မျက်ခြည်မပြတ် စောင့်ကြည့်ထား..."
ကျိုးစွေ့သည် 'ကိုယ်ပွားကူ' ၏ ကူခွဲတစ်ကောင်ဖြစ်သော သူ၏ကိုယ်ပွားတစ်ယောက်အား ချက်ချင်း အမိန့်ပေးလိုက်သည်။ ၎င်းသည် 'ကူပိုးကောင်' တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး၊ ရှုထျန်းဇယ်အိမ်ရှိ ညောင်ပင်ကြီးတစ်ပင်ထဲသို့ ရောနှောသွားကာ ၎င်း၏တည်ရှိမှုကို ဖုံးကွယ်ထားလိုက်သည်။
တကယ်တော့ သူ၏ကိုယ်ပွားများအားလုံးသည် ‘ကူပိုးကောင်’များအဖြစ် ပြန်လည်ပြောင်းလဲနိုင်ပြီး၊ သစ်ပင်အမျိုးမျိုးနှင့် ရောနှောနိုင်စွမ်း ရှိကြသည်။
အရေးကြီးသောအချိန်များတွင်သာ ကူပိုးကောင်သည် လူပုံသဏ္ဍာန်ကိုယ်ပွားအဖြစ်သို့ ပြန်လည်ပြောင်းလဲပြီး မီယွင်မြို့အနှံ့ လှည့်လည်သွားလာသည်။
ဤနည်းအားဖြင့် သူ၏ကိုယ်ပွားများသည် မီယွင်မြို့အနှံ့ ဖြန့်ကျက်ထားသော စောင့်ကြည့်ကင်မရာများကဲ့သို့၊ မြို့၏နေရာအနှံ့အပြားကို စောင့်ကြည့်ကာ ကျရောက်လာမည်အန္တရာယ်ကို ကြိုမြင်နိုင်စေသည်။
ဝှမ်…
ကိုယ်ပွား၏အတွေးတစ်ချက်ဖြင့် တိတ်ဆိတ်၍ မမြင်နိုင်သော ဝိညာဉ်အာရုံကို ခြံဝင်းတစ်ခုလုံးသို့ ဖြန့်ကျက်လိုက်သည်။
ဤသည်မှာ အခြေတည်အဆင့်၏ ဝိညာဉ်အာရုံစွမ်းအားဖြစ်ရာ၊ အခြားအခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးမှလွဲ၍ မည်သူမျှ မထောက်လှမ်းနိုင်ကြောင်းကို သိထားရပေမည်။
ခြံဝင်းထဲရှိ ကျင့်ကြံသူများသည် အဓိကအားဖြင့် ချီသန့်စင်ခြင်းအဆင့်တွင်သာ ရှိကြရာ၊ ဝိညာဉ်အာရုံ၏စွမ်းအားကို သဘာဝအတိုင်း အာရုံမခံနိုင်ကြပေ။
သူတို့ စောင့်ကြည့်ခံနေရကြောင်းကိုလည်း သူတို့ မသိနိုင်ကြပေ။
...
ထိုအခိုက်အတန့်တွင် အိမ်အတွင်း၌။
ရှုထျန်းဇယ်အပြင် ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ရှိ ချီကျင့်ကြံသူကိုးဦး ရှိနေပြီး၊ တစ်ဦးချင်းစီမှ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအငွေ့အသက်များ ထုတ်လွှတ်နေသည်။ အားလုံးမှာ တစ္ဆေမိစ္ဆာဂိုဏ်းဝင်များဖြစ်သည်မှာ ထင်ရှားပေသည်။
"မင်္ဂလာပါ အစ်ကိုကြီးတို့.."
ရှုထျန်းဇယ်က ဦးညွှတ်ကာ ပြောလိုက်သည်။
"ကျွန်တော် မီယွင်မြို့ ဒုတိယအဆင့်အစီအရင်ရဲ့ ဗဟိုချက်အားလုံးကို ဖော်ထုတ်ပြီးပါပြီ... ခင်ဗျားတို့ထဲကတစ်ယောက်ယောက် ဒီအစီအရင်ဗဟိုချက်တွေထဲက တစ်ခုကို တိုက်ခိုက်ဖျက်ဆီးလိုက်တာနဲ့ မြို့ရဲ့အစီအရင်က သူ့အလိုလို ပြိုကျသွားပါလိမ့်မယ်... အဲ့ဒီအခါကျရင် ကျုပ်တို့တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ စစ်တပ်က မီယွင်မြို့ကို သေချာပေါက် သိမ်းပိုက်နိုင်ပြီး၊ အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂိုဏ်းသခင်ငယ် လန်ယွဲ့ရှီကို ဖမ်းဆီးနိုင်မှာပါ..."
သူ၏မျက်လုံးများတွင် အေးစက်စက် အလင်းတစ်ချက် လက်သွားသည်။
လွန်ခဲ့သောနှစ်နှစ်အတွင်း သူသည် မီယွင်မြို့တွင် လျှို့ဝှက်စွာ နေထိုင်ခဲ့ပြီး၊ လူကောင်းတစ်ဦးအဖြစ် ဟန်ဆောင်ကာ ထိပ်တန်းအဆင့် အဆောင်ပညာရှင်တစ်ဦးအဖြစ် အသွင်ယူထားခဲ့သည်။ မြို့ထဲရှိ တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် မိတ်ဖွဲ့ကာ၊ မီယွင်မြို့၏ အစီအရင်ဗဟိုချက်များကို စုံစမ်းစစ်ဆေးခဲ့သည်။
ထို့နောက် အရေးကြီးသောအချိန်တွင် မီယွင်မြို့သို့ ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ပေးလိုက်နိုင်သည်။
"ကောင်းတယ်..."
ထိုစကားကို ကြားသောအခါ သက်လတ်ပိုင်းကျင့်ကြံသူတစ်ဦးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "မီယွင်မြို့သာ ကျိုးပေါက်သွားရင် ညီလေးရှု.. မင်းကို သေချာပေါက် ဂုဏ်ပြုလိမ့်မယ်... မင်းရဲ့ အကျိုးပြုရမှတ်တွေသာ လုံလောက်ရင် ဂိုဏ်းထဲမှာ အခြေတည်ဆေးလုံးတစ်လုံးနဲ့ လဲလှယ်ပြီးတော့ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်မှာပဲ...”
"မခံယူဝံ့ပါဘူး.. ကျွန်တော်က သတင်းစုံစမ်းတာပဲ အဖြစ်ရှိတဲ့ အရေးမပါတဲ့သူပါ.. အစ်ကိုတို့ရဲ့ အကျိုးပြုမှုနဲ့ မနှိုင်းယှဉ်နိုင်ပါဘူးဗျာ..”
"အစီအရင်ဗဟိုချက်တွေကို တိုက်ခိုက်မှာက အစ်ကိုတို့လေ.. အဲ့တာကမှ ကြီးကျယ်တဲ့အကျိုးပြုမှုပါပဲ..”
“ကျွန်တော်သာ အဲ့ဒီထဲက အကြွင်းအကျန်နည်းနည်းလောက် ရခဲ့ရင်ကို ကျေနပ်လှပါပြီ..”
ရှုထျန်းဇယ်က ကျိုးနွံစွာ ပြန်ဖြေသည်။
သူသာ အမှန်တကယ် ထိပ်တန်းအကျိုးပြုရမှတ်များ ရရှိခဲ့ပါက ဤတစ္ဆေမိစ္ဆာဂိုဏ်းမှ ညီအစ်ကိုများသည် သူ့အား ချောင်းမြောင်းလုပ်ကြံနိုင်သည်အား ကောင်းစွာသဘောပေါက်လေသည်။
မိစ္ဆာလမ်းစဥ်တွင် ညီအစ်ကိုချင်း ခင်မင်ရင်းနှီမှုဟူ၍မရှိ၊ အရာအားလုံး ကိုယ်ကျိုးအတွက် တွက်ချက်မှုများသာ ရှိသည်။
လူတိုင်း အခြေတည်ဆေးလုံးကို လိုချင်ကြသော်လည်း၊ ၎င်းကို ရရှိရန် အသက်ရှင်နေရန် လိုအပ်သည်။
"ဟားဟား၊ ညီလေးရှုက နှိမ့်ချနေပါပြီ.. မင်းရဲ့ ပံ့ပိုးကူညီမှုကို ဂိုဏ်းက သေချာပေါက် အမှတ်ရနေမှာဖြစ်သလို.. မင်းရဲ့ ဝေစုကိုလည်း သေချာပေါက် လျစ်လျူရှုမှာ မဟုတ်ပါဘူးကွ..” သက်လတ်ပိုင်းကျင့်ကြံသူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရှုထျန်းဇယ်၏ ကျိုးနွံမှုကို အတော်ပင် ကျေနပ်နေသည်။
"အစ်ကိုကြီး၊ ဂိုဏ်းက ဘာလို့ ရုတ်တရက်ကြီး မီယွင်မြို့ရဲ့ အစီအရင်ကို ချိုးဖျက်ချင်ရတာလဲ.. အစက မီယွင်မြို့ကို ရန်သူ အသိုက်ထဲကထွက်လာအောင် ငါးစာအဖြစ် စီစဉ်ထားတာမဟုတ်ဘူးလား.. အဲ့တာကြောင့်ပဲ ကျုပ်တို့ တမင် မြို့အစီအရင်ကို မချိုးဖျက်ခဲ့တာလေ.. ဘာလို့ အခုမှ အစီအစဉ်တွေ ပြောင်းသွားရတာလဲ.."
ရှုထျန်းဇယ်သည် ဤအကြောင်းအား အရမ်းပင် သိချင်နေ၏။
၎င်းမှာ ယခင်စီစဉ်ထားသည့်အတိုင်းမဟုတ်တော့ရာ၊ မည်သည့်အပြောင်းအလဲများ ဖြစ်ပွားခဲ့သည်အား သိလိုပေသည်။
"ကောင်းပြီ၊ ဂိုဏ်းရဲ့မူလအစီအစဉ်ကတော့ အဲ့ဒီအတိုင်းပဲ.. ဒါပေမဲ့ အင်မော်တယ်ရှားဂိုဏ်းက အဲ့ဒီလိပ်အိုကြီးနှစ်ကောင်က အရမ်းစိတ်ရှည်လွန်းတယ်.. ငါတို့က နည်းအမျိုးမျိုးနဲ့ ဆွဲဆောင်ခဲ့ပေမယ့် သူတို့က မီယွင်မြို့ကို လာဖို့ စိတ်ကူးမရှိပုံပဲ.. မီယွင်မြို့ကို လက်လွတ်လိုက်ပြီလို့တောင် အောက်မေ့ရတယ်..”
"ဒါပေမဲ့ ငါတို့ တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ ရွှေအမြုတေဘိုးဘေးကလည်း အလွယ်တကူ လှုပ်ရှားလို့မရဘူး... တခြားဂိုဏ်းတွေရဲ့ရန်ကို သတိထားရအုံးမယ်လေ.."
"ဒါကြောင့် အင်မော်တယ်ရှားဂိုဏ်းကို အပြည့်အဝဖိအားပေးနိုင်အောင်လို့.. မီယွင်မြို့ကို ချိုးဖြတ်ပြီးတော့ လန်ယွဲ့ရှီကို အရှင်ဖမ်းဖို့ ဆုံးဖြတ်လိုက်တာပဲ..”
"အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂိုဏ်းသခင်ငယ် လန်ယွဲ့ရှီသာ ငါတို့ တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ လက်ထဲကို ရောက်သွားပြီဆိုရင် အင်မော်တယ်ရှားဂိုဏ်းက အဲ့ဒီလိပ်အိုကြီးနှစ်ကောင် ဆက်ပြီး သည်းခံနိုင်လိမ့်မယ်လို့ မယုံဘူး..”
သက်လတ်ပိုင်းကျင့်ကြံသူ၏ သတ်ဖြတ်လိုသော အရှိန်အဝါက ပြင်းထန်လာသည်။