ကျွန်တော်က သစ္စာရှိပရိသတ်ပါဗျ …
Vol. 6 Ch. 74
တုန်ဖန်ရွှယ်၏ ဧည့်သည်အား လိုက်ပို့လိုက် ဟူသော ညွှန်ကြားချက်ကို ကြားလိုက်သည့်အခါတွင် မစ္စလျှိုမှာ တုံ့ဆိုင်း သွားသည်။
အန်လင်း၏ နှလုံးသားလေးမှာတော့ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပြီ ဖြစ်သည်။
အိုင်ဒဲလ်တစ်ဦး၏ ပစ်ပယ်ခြင်း ခံလိုက်ရသော ပရိသတ်အကြီးစား တစ်ယောက်၏ မျှော်လင့်ချက် ကင်းမဲ့သွားသည့် ခံစားချက် ဖြစ်သည်။
“အဲလိုကြီး မလုပ်ပါနဲ့ဦး မမတုန်ဖန်ရဲ့ … အတုအယောင် တာအိုသခင်က မမကို သေသေချာချာ တောင်းပန်ချင်လို့ ဒီကို ရောက်လာတာရယ် …”
ထျန်းလင်းလင်းက တုန်ဖန်ရွှယ်အား ပြောနေရင်းနှင့် အန်လင်းကို မျက်စိမှိတ်ပြ လိုက်သည်။
အန်လင်း သည်လည်း ချက်ချင်း ဆိုသလိုပင် တောင်းပန် တိုးလျှိုးသည့် အမူအရာ ပေါ်လာပြီးနောက် “ဟုတ်ပါတယ် ကောင်းကင် နတ်မိမယ် တည်ငြိမ်ရေ … ကျွန်တော်တို့ WeChat ဂရုထဲမှာ ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အတော်လေး အပြစ်ရှိတယ်လို့ ခံစားနေရပါတယ် … အဲဒါကြောင့် သေချာလေး တောင်းပန်ချင်လို့ လာခဲ့တာပါ …”
“သေချာတောင်းပန်မလို့ ဟုတ်လား …”
တုန်ဖန်ရွှယ်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြေလျော့လာသည်။
တကယ်တမ်းတွင် သူမစိတ်ထဲ တည်ငြိမ်နေပြီး ဖြစ်သည်။
ဂရုထဲတွင် အန်လင်း ပြုလုပ်ခဲ့သည်မှာ လုပ်ရိုး လုပ်စဉ်အတိုင်း ဖြစ်သည့်အတွက် ထိုအပြုအမူနှင့် ပတ်သက်၍ မည်သည့် စိတ်ခံစားချက်မှ မရှိတာ့ချေ။
သို့ပေမဲ့လည်း သူ၏ ငြင်းပယ်ချက်သည် သူမစိတ်ထဲတွင် စွဲမြဲနေသည့် အတွက်ကြောင့် ယခုလို တုံ့ပြန်မှုမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
“အဲဒီအပြင် ကျွန်တော်က သစ္စာရှိ ပရိသတ် တစ်ယောက်ပါဗျ …” အန်လင်းက တောက်ပနေသည့် မျက်ဝန်းများဖြင့် ပြောလိုက်သည်။
လက်မှတ် ရရှိရေးအတွက် သူ့အနေဖြင့် ‘ပရိသတ်’ ဟူသည့် ဂုဏ်ပုဒ်အား ခေတ္တမျှ မွေးစားထားရန် လိုအပ်သည်။
ထို့ပြင် …
‘ပရိသတ်’ ဟူသည်မှာလည်း အမှန်တရားပင် ဖြစ်သည်။ ထိုစကားလုံးများသည် အန်လင်း၏ နှလုံးသားထဲမှ စီးဆင်းလာခြင်း ဖြစ်သည်ကြောင့် ရိုးသားမှု အပြည့်ဖြစ်သည်။
“အိုး … တကယ်လား …”
တုန်ဖန်ရွှယ်၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားပြီး မယုံကြည်သည့် အပြုံးတစ်ခုကို မျက်နှာတွင် ချိတ်ဆွဲလျက် “နင်က ငါ့ရဲ့သစ္စာရှိ ပရိသတ်လို့ ပြောတယ်မလား … အဲဒီတော့ သေချာအောင်လို့ မေးခွန်းသုံးခု မေးမယ် …”
“မေးပါ …” အန်လင်းသည် အနည်းငယ် စိုးရိမ်စိတ် ဝင်လာသည်။
အိုင်ဒဲလ်တစ်ဦးရဲ့ စမ်းသပ်မှုပေါ့ …။ စိတ်လှုပ်ရှားစရာပဲ …။
တုန်ဖန်ရွှယ်က သူမ၏ လက်ချောင်းသွယ်သွယ် တစ်ချောင်းအား ထောင်လိုက်ပြီးနောက် “မေးခွန်းနံပါတ် တစ် … ငါသီချင်းဆိုတာကို ကြိုက်လား …”
အန်လင်းက တစ်စက္ကန့်မျှ ဘာမျှ မတွေးနိုင်အောင် ဖြစ်သွားသည်။ ဗုဒ္ဓေါ …။
ထို့နောက် ချက်ချင်း ဆိုသလိုပင် “ကြိုက်တာပေါ့ … အရမ်းကိုပဲ … နင့်ရဲ့အသံလေးက နတ်သမီးလေး အတိုင်းပဲ … နားထောင်တဲ့ သူတွေကို မူးယစ်သွားစေတယ် …”
အန်လင်း ပြောသည်ကို ကြားလိုက်သည့်အခါတွင် တုန်ဖန်ရွှယ်သည် စိတ်ကျေနပ်သည့် အမူအရာဖြင့် ခေါင်းညိတ် လိုက်သည်။
“မေးခွန်း နံပါတ် နှစ် … ငါဆိုထားတဲ့ သီချင်းတွေက ဘာတွေလဲ …”
“ကိုရေ ဘာတွေလဲ … ဂယ်ပဲ ဂယ်ပဲ … မိုးရေထဲမှာပဲ …”
အန်လင်းက အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိ ဖြေလိုက်သည်။ ထိုသီချင်းများမှာ ထိပ်တန်း သီချင်းများအဖြစ် ရပ်တည်နေခြင်း ဖြစ်သည်။ တုန်ဖန်ရွှယ်၏ ပရိသတ်တစ်ဦး မဟုတ်ခဲ့လျှင်တောင်မှဘဲ ထိုသီချင်းများကို သိနိုင်ပေသည်။
“နောက်ဆုံးမေးခွန်း …”
တုန်ဖန်ရွှယ်၏ မျက်နှာတွင် ညှို့ယူ ဖမ်းစားနိုင်သည့် အပြုံးတစ်ခု ပေါ်လာကာ အန်လင်းအား ကြည့်လိုက်သည်။ သူမ မျက်လုံးများမှာ ရေကဲ့သို့ ကြည်လင်လျက် ရှိသည်။
“နင်ထင်သလား … ငါက လှတယ်လို့ …”
အန်လင်းမှာ အမှောင်ကျ သွားပြန်သည်။
သောက်ခွေး … ဒါက ဘယ်လိုမေးခွန်းကြီးလဲ …
လှတယ်လို့ ဖြေရမှာလား မလှဘူးလို့ ဖြေရမှာလားဟ …
ဒါ သက်သက်မဲ့ မေးခွန်းလှည့်တာပဲ …
သူမက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု တစ်ခုခု ရှိနေလို့ ရုပ်ဆိုးလို့ ခေါ်ခံရတာကို ကြိုက်တာမျိုးလား …
ဟုတ်တယ် … အဲလိုပဲ ဖြစ်ရမယ် …
အန်လင်းသည် တုန်ဖန်ရွှယ်အား ‘မလှဘူး … တော်တော်လေး ရုပ်ဆိုးတယ်’ဟု ဖြေခါနီးမှာပင် မျက်လုံးထောင့်မှနေ ထျန်းလင်းလင်းအား မြင်လိုက်ရသည်။ “လှတယ်လို့ပြော …”
အန်လင်းက ချက်ချင်း ဆိုသလိုပင် “လှတာပေါ့ … အရမ်းကို လှပလွန်းတယ် … နှင်းတောင်ထိပ်မှာ ရပ်နေတဲ့ နတ်သမီးလေးလိုပဲ … နင့်ရဲ့အလှအပက အရမ်းကို ကြည်လင် သန့်စင်လွန်းတယ် …”
အန်လင်းသည် ထိုကဲ့သို့ အဖြေမျိုး ပေးလာလိမ့်မည်ဟု တုန်ဖန်ရွှယ်က မျှော်လင့်မထားပေ။ သူမမျက်နှာသည် ရှက်သွေး ဖြာလာပြီးနောက် အန်လင်း၏ အဖြေအား အလွန်ကျေနပ် နေပုံရသည်။
အန်လင်း သည်လည်း အနည်းငယ် ကြောင်အနေမိသည်။
ဘုရားရေ … သူမရဲ့ အလှအပကို ချီးကျူးလိုက်တာနဲ့ ဒီလိုတွေ ဖြစ်သွားတာပေါ့ …
ဘယ်လိုတောင် အူကြောင်ကြောင်နိုင်တဲ့ မေးခွန်းမျိုးလဲ … ဒီလိုဟာမျိုးကို စမ်းသပ်ချက်လို့ကော ခေါ်နိုင်သေးရဲ့လား …
“မမတုန်ဖန် … တွေ့ပြီလား … အတုအယောင် တာအိုသခင်က မမရဲ့ စစ်ဆေးမှုကို ကျော်ဖြတ် နိုင်သွားပြီဆိုတော့ ပရိသတ်စစ်စစ် တစ်ယောက် ဖြစ်သွားပြီပေါ့နော် … အဲတော့ သူ့ကို လက်မှတ်လေး ဘာလေး ထိုးမပေးချင်ဘူးလား …” ထျန်းလင်းလင်းက တုန်ဖန်ရွှယ်ကို ဖက်ကာဖြင့် ပြောသည်။
တုန်ဖန်ရွှယ်သည် အလွန်အမင်း ချီးကျူး ဂုဏ်တင်ခံရခြင်းအား သဘောကျနှစ်ခြိုက်သူ ဖြစ်သည်။
ပို၍ တိတိကျကျ ဆိုရလျှင် သူမသည် ထိုသို့ ချီးကျူးခံရခြင်းအား စွဲလမ်းနေသူ ဖြစ်သည်။
ထို့ကြောင့် သူမအား စိတ်ကျေနပ် စေသည်အထိ ချီးကျူး ဂုဏ်တင်လိုက်မည် ဆိုလျှင် အရာအားလုံး လွယ်ကူသွားမည် ဖြစ်သည်။
တုန်ဖန်ရွှယ်သည် အလွန်အမင်း ကျေနပ်နေသော်လည်း ထျန်းလင်းလင်း၏ စကားကို ကြားလိုက်သည့် အခါတွင် သူမသည် ခေါင်းကို ခါယမ်း လိုက်တော့သည်။ “သဘောမတူနိုင်ဘူး … နင်ကောင်းကောင်းကြီး သိပါတယ် … ငါဘယ်တုန်းကမှ လက်မှတ် မထိုးပေးဘူး ဆိုတာ …”
“အာ … လုပ်ပါ … လင်းလင်းကို ခြွင်းချက် ထားလိုက်လေနော်လို့ …”
ထျန်းလင်းလင်းသည် တုန်ဖန်ရွှယ်အား သူမ၏ အရည်လဲ့နေသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ခံနိုင်ရည်စွမ်းမဲ့အောင် ကြိုးစားနေလေသည်။
တုန်ဖန်ရွှယ်၏ မျက်နှာတွင် ဆုံးဖြတ်ရခက်သည့် အရိပ်အယောင်များ ပေါ်လာသော်လည်း သူမသည် တိတ်ဆိတ်နေမြဲ ဖြစ်သည်။
ထိုအချိန်မှာပင် အန်လင်းသည် အတွေးတစ်ချက် လက်လာသည်။ သူသည် သိုလှောင်လက်စွပ် အတွင်းမှ ဆေးပုလင်း တစ်ခုအား ထုတ်ကာ တုန်ဖန်ရွှယ်ကို လက်ဆောင် ပေးလိုက်သည်။
“ကောင်းကင်နတ်မိမယ် တည်ငြိမ်ရေ … ဒီပုလင်းထဲမှာ ပါတာက အဆင့်ခုနစ် ဝိညာဉ်ဆေးလုံးတွေပါ … ရေခဲအရေပြားဆေးလုံးလို့ ခေါ်ပါတယ် … သူတို့က အသားအရေကို ဖြူဝင်းလာစေပြီး ရေခဲလိုမျိုး ကြည်လင်တဲ့ အရေပြား ဖြစ်လာစေပါတယ် …”
“အဲဒီအပြင် သူမှာပါတဲ့ အကျိုးကျေးဇူးတွေက ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ အစာခြေဖျက်မှုတွေကို သင့်တင့်မျှတစေတယ် … အရိုးတွေ အရွတ်တွေကို အာဟာရဓာတ် ပြည့်ဝစေတယ် … သွေးကြောတွေကို သန့်စင်စေတယ် … ကျွန်တော်က ဒီဆေးလုံးတွေကို အသုံးမလိုပါဘူး … ဒါကြောင့် လက်ဆောင်အဖြစ် ပေးချင်ပါတယ် …”
အလှကုန်ပစ္စည်း၏ အကျိုးကျေးဇူးများအား ကြားလိုက် ရသည့်အခါတွင် တုန်ဖန်ရွှယ်၏ နောက်ဆုံးသော ခံစစ်မှာ ပြိုလဲသွားပြီ ဖြစ်သည်။
“မစ္စတာအန်က အရမ်းကြင်နာတတ်တာပဲ …”
သူမသည် ထိုသို့ပြောရုံတင်မက အန်လင်း လက်ထဲရှိ ဆေးလုံးများအား တည်ငြိမ်စွာဖြင့်ပင် ဆွဲယူလိုက်သည်။
ထျန်းလင်းလင်းသည် အန်လင်းအား အဓိပ္ပာယ်အပြည့်နှင့် မျက်စိမှိတ်ပြ လိုက်သည်။ သူ၏ လျင်မြန်သော တွေးခေါ်နိုင်စွမ်းအား ချီးကျူးလိုက်ခြင်း ဖြစ်သည်။
“ဟူး … ကောင်းပြီလေ … လင်းလင်းက ပြောနေမှတော့ အမှတ်တရ လက်မှတ် ထိုးပေးလိုက်ပါ့မယ် …”
တုန်ဖန်ရွှယ်သည် စကားမပြောမီ သက်ပြင်းအသာ ချလိုက်သေးသည်။
အန်လင်းနှင့် ထျန်းလင်းလင်းတို့ နှစ်ဦးသားသည် သူတို့၏ လုပ်ငန်းမှာ အောင်မြင်သွားပြီ ဖြစ်သည့် အတွက် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြသည်။
“ဒါပေမဲ့လည်း ဒီအကြောင်းကို ဘယ်သူကိုမှ မပြောရဘူးနော် … ပြီးတော့ တခြားသူတွေကို လျှောက်မပြရဘူး … ဒါက ကိုယ့်ဘာသာ သီးသန့်သိမ်းထားဖို့ အတွက်ပဲနော် … နားလည်လား …” တုန်ဖန်ရွှယ်သည် လေးနက်သည့် အမူအရာဖြင့် ပြောသည်။
တုန်ဖန်ရွှယ်သည် ထိုကဲ့သို့ တောင်းဆိုချက်အား မည်သည့်အတွက် ပြုလုပ်ရခြင်းကို အန်လင်းအနေဖြင့် မသိသော်ငြား သူ၏ အထက်တန်းလွှာ လူကြီးမင်းသည်တော့ ထိုသတ်မှတ်ချက်များကို တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိမ့်မည် ဖြစ်သည်။
ထိုသို့ဖြင့် တုန်ဖန်ရွှယ်သည် လှပသည့် ကဒ်တစ်ခုအား ထုတ်လိုက်ကာ အမှတ်တရ လက်မှတ်ရေးထိုး ပေးလိုက်သည်။
သူမ၏ အမှတ်တရ လက်မှတ်သည် အလွန်ချောမွေ့သည်။ လှုပ်ရှားမှု တစ်ခုတည်းနှင့် ရေးထိုးပြီးစီးသွားပြီ ဖြစ်သည်။
အန်လင်းနှင့် ထျန်းလင်းလင်းတို့ နှစ်ဦးသားသည် တုန်ဖန်ရွှယ်၏ လက်မှတ်အား ငုံကြည့်လိုက်သည့်အခါ သူတို့၏ မျက်နှာများတွင် ထိတ်လန့်မှုများ ပေါ်လာကြသည်။
တုန်ဖန်ရွှယ်၏ သီချင်းဆိုသံမှာ အလွန်လှပသည်။ သူမ၏ ရုပ်ရည်မှာလည်း လှပလွန်းသည်။ သို့ပေမဲ့ သူမ၏ လက်ရေးမှာ ….
ဘာလို့များ အဲလောက်တောင် ရုပ်ဆိုးရတာတုန်း …။
အန်လင်းသည် ကဒ်ပေါ်ရှိ ရှုပ်ထွေးနေသည့် တိုင်လုံးများအား ကြည့်ကာ တိတ်ဆိတ် ငြိမ်သက်သွားသည်။
ဒါက အနုပညာဆန်တဲ့ အရေးအသားမျိုးလား …။
မဟုတ်ဘူး …။
အနုပညာဆန်သည့် အရေးအသားမှာ အဓိပ္ပာယ်ဖော်ရန် ခက်ခဲသည်။ ထိုအရေးအသားတွင် လှပသည့် ရှုထောင့်များ ဖွဲ့စည်းပုံများအား တွေ့နိုင်သေးသည်။
သို့သော်လည်း ဒီလက်ရေးမှာမူ …
ရှုပ်ထွေးနေသည့် တိုင်လုံးများသာလျှင် ဖြစ်သည်။
ထျန်းလင်းလင်းသည် တုန်ဖန်ရွှယ်၏ လက်ရေးအား ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ သူမသည် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့ပြီးမှ စကားတစ်ခွန်း ထွက်လာနိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားလိုက်ရသည်။ “ဟီးဟီး … အရမ်းမိုက်တဲ့ လက်မှတ်ပဲ …”
တုန်ဖန်ရွှယ်သည် သူမလက်မှတ် ထိုးထားသည့် ကဒ်အား အန်လင်းထံသို့ ကမ်းပေး လိုက်သည်။ ထို့နောက်တွင် သူ့နားနားကပ်ကာ “ဒီဟာကို သေသေချာချာ သိမ်းထားရမယ်နော် … တခြားသူတွေကို ပြလိုက်တာနဲ့ နင့်ကို လိုက်ဖမ်းပြီး သတ်ပစ်မယ် …”
တုန်ဖန်ရွှယ်၏ စကားများကြောင့် အန်လင်းမှာ မျက်နှာရှုံ့မဲ့လာသည်။ သို့ပေမဲ့လည်း နာခံစွာဖြင့်ပင် ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။
နောက်ဆုံးတော့ တုန်ဖန်ရွှယ် မည်သည့် အခါတွင်မျှ လက်မှတ် မထိုးရသည့် အကြောင်းအရင်းကို နားလည်ခဲ့ပြီလေ …။
ထိုလက်မှတ်ကိုသာ မြင်ပါက သူမ၏ ပရိသတ်များကို ဆုံးရှုံးလိုက်ရမည် ဖြစ်သည်။
သူက လက်မှတ်အား စိုက်ကြည့်နေရင်းနှင့် တိတ်ဆိတ်စွာ တွေးတော နေမိသည်။
တတ်နိုင်သလောက် ကြိုးစား ကြည့်သော်လည်း ‘တုန်ဖန်ရွှယ်’ ဟူသည့် စာလုံး သုံးလုံးအား အနည်းငယ် ပုံပေါ်လာသည် ဆိုရုံမျှပင် မြင်မိလေသည်။
အကယ်၍ အခြားသူ တစ်ဦးကိုသာ ပေးလိုက်မည် ဆိုပါက သူတို့သည် ထိုသည်မှာ တုန်ဖန်ရွှယ်၏ လက်ရေးဟု ယုံကြည်ရန် ငြင်းဆိုကြမည် ဖြစ်သည်။
သူ၏ အထက်တန်းလွှာ လူကြီးမင်းအား ပေးလိုက်မည် ဆိုလျှင် …
အန်လင်းအား သူ့ကို လူနုံတစ်ဦးကဲ့သို့ ဆက်ဆံသည်ဟု မှတ်ယူကာ ဒေါသတကြီးဖြင့် စိတ်ဝိညာဉ်ကျောက်တုံး များစွာအား ပြန်လည်ပေးအပ်ရန် တောင်းဆိုမည်လား …။
တွေးမိလေလေ ဖြစ်လာနိုင်ချေများကို စဉ်းစားမိလေလေ ဖြစ်သည်။
ဟုတ်သည်။ အန်လင်းသည်ပင်လျှင် လက်မှတ်အတုအား ရလိုက်ခြင်းဟု သံသယဝင် နေမိသည်။
သို့သော်လည်း အန်လင်းသည် ထိုစိုးရိမ်ပူပန်မှုများအား မကြာမီမှာပင် မေ့ပျောက် သွားတော့သည်။
သူလက်ခံရရှိထားသည့် အရာသည် တုန်ဖန်ရွှယ်၏ လက်မှတ် အစစ်ဖြစ်သည်။ ထိုမျှမကသေး သူမ၏ ပထမဦးဆုံးသော လက်မှတ်လည်း ဖြစ်သည်။
“ကောင်းကင် နတ်မိမယ်တည်ငြိမ်ရေ … နောက်တစ်ခုလောက် ပေးနိုင်ဦးမလားဟင် …”
အန်လင်းသည် တုန်ဖန်ရွှယ်အား မျှော်လင့်ချက် ပြည့်ဝနေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
တုန်ဖန်ရွှယ် သည်လည်း သူ၏ တောင်းဆိုချက်ကြောင့် အနည်းငယ် တွေဝေသွားသည်။
“ဘာလို့လဲ …”
“ဘာလို့လဲဆိုတော့ …” အန်လင်းသည် အနည်းငယ် ရှက်သွေး ဖြာလာသည်။
“ဘာလို့လဲဆိုတော့ တစ်ခုကို အချိန်ပြည့် သယ်ဆောင်သွားချင်ပြီး တစ်ခုကို အိပ်ရာဘေးမှာ မှန်ဘောင်နဲ့ တင်ထားချင်လို့ပါ …”
အန်လင်း၏ စကားအား ကြားလိုက် ရသည့်အခါတွင် ထျန်းလင်းလင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူမ၏ နားကိုပင် သံသယဖြစ်မိသည်။
ဘုရားရေ … အန်လင်းက ဘာတွေ တွေးနေတာတုန်း … တကယ်ကြီး လက်မှတ် လိုချင်နေတာလား …
အန်လင်း၏ စကားလုံးများကြောင့် တုန်ဖန်ရွှယ် သည်လည်း ကြောင်အ သွားတော့သည်။
ဟုတ်သည်။ တုန်ဖန်ရွှယ်သည် သူမ၏ ဆိုးဝါးလှသည့် လက်ရေးကို သိနေသည့် အတွက်ကြောင့် အခြားသူများအား လက်မှတ် ရေးထိုးပေးရန် ငြင်းပယ်ရခြင်း ဖြစ်သည်။
သို့ပေမဲ့လည်း သူမအရှေ့တွင် ရှိနေသည့်သူသည် ထိုကြောက်မက်ဖွယ် လက်ရေးအား မြင်တွေ့လိုက်သော်ငြား နောက်တစ်ခု တောင်းဆို နေသေးသည်။
ဒါက ဘယ်လို အခြေအနေမျိုးပါလိမ့် …။ သူမရဲ့ လက်ရေးက အရမ်းကို လှလာလို့များလား …။
မဟုတ်ဘူး …
ဒါက အချစ်ပဲ …။
ခြွင်းချက်မရှိ ချစ်မြတ်နိုးမှု …။ လူတစ်ယောက်၏ အရာအားလုံးအား ချစ်မိခြင်း …။ မည်သည့် ပစ်ချက်မဆို သဘောကျမိခြင်း …။
တုန်ဖန်ရွှယ်၏ မျက်နှာတွင် ရှက်ရွှံ့သည့် အရိပ်အယောင်များ ပေါ်ထွက်လာပြီး သူမနှလုံးသားလေးမှာ ပြင်းထန်စွာ ခုန်လှုပ်နေလေသည်။
ထျန်းလင်းလင်းသည် ဘေးမှနေ ကြည့်နေရင်းနှင့် ပို၍ ပို၍ အံ့အားသင့် လာမိသည်။
သောက်ခွေးဟေ့ …
မမတုန်ဖန်က ဖမ်းစား ခံလိုက်ရတာလား …
“ကောင်းပါပြီရှင် …” တုန်ဖန်ရွှယ်သည် နူးညံ့စွာဖြင့် ပြောလေသည်။ သူမ၏ လေသံမှာ ကနဦး လေသံနှင့် လားလားမျှပင် မဆိုင်တော့ချေ။
သွားပြီ … မမတုန်ဖန်တော့ ပါသွားပြီ …
ထျန်းလင်းလင်း သည်လည်း အန်လင်း၏ အလဲထိုးခြင်းကို ခံလိုက်ရပေပြီ။
အန်လင်းသည် ပလေးဘွိုင်း တစ်ယောက်ဟု မထင်ရချေ။ အေးစက်စက် နိုင်သည်ဟု နာမည်ကျော်သည့် တုန်ဖန်ရွှယ်အား တစ်ဖက်လှည့်နှင့် ရိသဲ့သဲ့ ပြောလိုက်နိုင်သည်။
အန်လင်းသည်တော့ ထိုအချင်းအရာများကို သတိပြုမိခြင်း မရှိချေ။ သူက ဝမ်းမြောက်စွာဖြင့် တုန်ဖန်ရွှယ်၏ လက်မှတ်အား လက်ခံလိုက်ကာ ထိုတစ်ခုကို သူ၏ အထက်တန်းလွှာ လူကြီးမင်းအား ပေးအပ်မည် ဖြစ်သည်။
သူမ၏ ဦးဆုံးလက်မှတ်လေးမှာတော့ …
အဖိုးဖြတ်မရသည့် ထိုလက်မှတ်သည် သူ၏ ပိုင်ဆိုင်မှုသာလျှင် ဖြစ်သည်။
ထိုသည်မှာ ပရိသတ် အကြီးစားများ၏ ရူးသွပ်မှု တစ်ခုပင် ဖြစ်သည်။ ဘယ်လောက်ပင် ရုပ်ဆိုးနေပါစေ ထိုသည်မှာ သူ၏ အိုင်ဒဲလ်ထံမှ ရရှိသည့် အမှတ်တရ လက်မှတ် ဖြစ်သည်။
“တင်း တောင် …”
ထိုအချိန်မှာပင် စနစ်ထံမှ အသိပေးချက်တစ်ခု ပေါ်ထွက်လာသည်။
အန်လင်းသည် စနစ်အတွင်းသို့ ဝင်ရောက် လိုက်သည့်အခါတွင် ‘အထူးစစ်ဆင်ရေး’ ကဏ္ဍမှာ မီးလင်းနေသည်ကို အံ့ဩဖို့ကောင်းစွာဖြင့် တွေ့လိုက်ရတော့သည် ...။
***