← Chapters

‘ရွှေစားကူ’များ၏ ပြိုင်ဘက်ကင်းကာကွယ်နိုင်စွမ်း၊ မိစ္ဆာကျင့်ကြံသူများအား သုတ်သင်ခြင်း။

Vol. 6 Ch. 84

‘ရွှေစားကူ’များ၏ ပြိုင်ဘက်ကင်းကာကွယ်နိုင်စွမ်း၊ မိစ္ဆာကျင့်ကြံသူများအား သုတ်သင်ခြင်း။

Vol. 6 Ch. 84

"မဖြစ်နိုင်တာ... သူတို့ ဘာမှဖြစ်မသွားဘူးလား...”

"ဒီထူးဆန်းတဲ့ပိုးကောင်တွေက ဘာတွေလဲ... ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းရတာလဲ...”

သက်လတ်ပိုင်းကျင့်ကြံသူမှာ မယုံကြည်နိုင်ဖြစ်သွားသည်။ အဆောင်များစွာဖြင့် တိုက်ခိုက်ခံရသော်ငြား မည်သည့်ထိခိုက်မှုမျှမရှိဘဲ လေထဲတွင် ဆက်လက်ပျံဝဲနေသည့် ရွှေပိုးကောင်များကို မြင်တွေ့လိုက်ရသည်။

သူတို့၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး တိုက်ခိုက်မှုအားလုံးအား အလွယ်တကူ ပိတ်ဆို့လိုက်သည်။

ဤသည်မှာ 'ရွှေစားကူ' ၏ ဒုတိယစွမ်းရည်ဖြစ်သော “အလုံးစုံချေဖျက်ခြင်း” ပင် ဖြစ်၏။

သူတို့၏ ခုခံနိုင်စွမ်း မြင့်မားသည့် အလွန်အမင်း မာကျောလှသော အခွံများဖြင့် ပေါင်းစပ်လိုက်သည့်အခါတွင်မူ၊ ပစ်လွှတ်လိုက်သော သာမန်အဆောင်တိုက်ကွက်များသည် အယားပြေကုတ်ပေးသလောက်သာ ဖြစ်သွားသည်။

ထိုအလုံးစုံချေဖျက်ခြင်းစွမ်းရည်သည် ‘ရွှေစားကူ’အုပ်စုအား သဘာဝကပ်ဘေးတစ်ခု ဖြစ်လာစေခြင်းပင် ဖြစ်၏။

အင်မော်တယ်များသည်ပင် သူတို့၏အမည်ကို ကြားရုံမျှဖြင့် တုန်လှုပ်ကြောက်ရွံ့ကြပြီး မလွတ်မြောက်နိုင်မည်ကို စိုးရိမ်ကြသည်။

ယခုအခါ သူတို့သည် သာမန်လောကတွင် ပေါ်ထွက်လာပြီး သူတို့၏စွမ်းအားအချို့ကို ပြသနေကြသည်။ ၎င်းမှာ သူတို့၏အစွမ်းအား ကနဦးသရုပ်ပြမှုသာ ရှိသေးပေသည်။

"ဟုတ်သား.. ငါ့ဆီမှာ ဒုတိယအဆင့် မိုးကြိုးအဆောင်တွေ ရှိသေးတယ်..”

"သာမန်ပိုးကောင်တစ်ကောင်က ဒုတိယအဆင့်အဆောင်တစ်ခုကို ခံနိုင်မယ်လို့ ငါမယုံဘူး..”

သက်လတ်ပိုင်းကျင့်ကြံသူ၏ မျက်နှာမှာ ရှုံ့မဲ့သွားသည်။

ရွှေရောင်ပိုးကောင်များက သူ့ထံသို့ ဆက်လက်တိုးဝင်လာသည်ကို မြင်သောအခါ၊ ဆံပင်မွှေးများပင် ထောင်လာပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

ဤထူးဆန်းသော ပိုးကောင်များသာ သူ့အနားသို့ အမှန်တကယ်ရောက်ရှိလာပါက သေချာပေါက် သူသေရပေမည်။

ဒုတိယအဆင့်အဆောင်သည် ဂိုဏ်းချုပ်က သူ့အား ပေးအပ်ခဲ့သော အလွန်အဖိုးတန်သည့်ဝှက်ဖဲဖြစ်သော်လည်း၊ သူ့အသက်နှင့်ယှဉ်လျှင် နှမြောမနေနိုင်တော့ပေ။

အနာဂတ်တွင် ဂိုဏ်းမှပေးမည့် အပြစ်ဒဏ်အား စဉ်းစားမနေအားချေ၊ လက်ရှိသေရေးရှင်ရေးမှ လွတ်မြောက်နိုင်ရေးကသာ အရေးအကြီးဆုံး ဖြစ်သည်။

သူသာ သေဆုံးသွားပါက အခြားမည်သည့်အရာမျှ အရေးမကြီးတော့ပေ။

ရွှစ်… ရွှစ်… ရွှစ်…

နှမြောစရာကောင်းသည်မှာ ဒုတိယအဆင့် မိုးကြိုးအဆောင်ကို အသုံးပြုရန် အချိန်နှောင်းခဲ့ချေပြီ။

'ရွှေစားကူ' များသည် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းများကဲ့သို့ ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး သူတို့၏အမြန်နှုန်းမှာ အဆများစွာ တိုးမြင့်သွားသောကြောင့် ဖြစ်သည်။

သူသည် ဒုတိယအဆင့် မိုးကြိုးအဆောင်ကို ထုတ်ဖော်ရန်ပင် အခွင့်အရေးမရလိုက်ဘဲ၊ 'ရွှေစားကူ' တစ်ကောင်က ဓားအလင်းတန်းတစ်ခုကဲ့သို့ စွမ်းအင်အကာအကွယ်အား အလွယ်တကူ ထိုးဖောက်သွားသည်။

အကာအကွယ်ချိုးဖြတ်ခြင်း...။

ခလွပ်...

ကွဲအက်သံနှင့်အတူ စွမ်းအင်အကာအကွယ်သည် ဖန်သားတစ်ခုအလား ကွဲကြေသွားသည်။ 'ရွှေစားကူ' သည် ချက်ချင်းပင် သူ၏ခေါင်းအား ထိုးဖောက်ဝင်ရောက်သွားပြီး၊ ဖရဲသီးတစ်လုံးကဲ့သို့ ဖောက်ခွဲလိုက်ရာ နေရာတိုင်းတွင် သွေးများပြန့်ကျဲသွားသည်။

"ဒါ..ဒါ....”

သက်လတ်ပိုင်းကျင့်ကြံသူသည် နောက်ဆုံးထွက်သက်မတိုင်ခင်တွင် တုန်လှုပ်ခြောက်ခြားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့၏တည်နေရာ မည်သို့ဖော်ထုတ်ခံလိုက်ရသည်အား မသိရသလို၊ ရန်သူက မည်သူဖြစ်၍ အဘယ်ကြောင့် သူတို့ကို တိုက်ခိုက်သည်ကိုလည်း မသိနိုင်ခဲ့ချေ။

သူသည် နောင်တများဖြင့် ပြည့်နှက်နေချေသည်။ မီယွင်မြို့တွင် ဤသို့ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံသူတစ်ဦး ရှိနေသည်ကိုသာ သူသိခဲ့ပါက၊ သူသည် ဤမစ်ရှင်တွင် ဘယ်တော့မှ ပါဝင်ခဲ့မည်မဟုတ်ပေ။ သို့သော် ယခုအခါ အလွန်နောက်ကျသွားပြီဖြစ်သည်။

ဘုန်း...ဘုန်း...ဘုန်း...

ဤသို့သော ကံဆိုးမှုသည် သက်လတ်ပိုင်းကျင့်ကြံသူတစ်ဦးတည်းသာ ကြုံတွေ့ရသည်မဟုတ်ပေ၊ အခြားမိစ္ဆာကျင့်ကြံသူများသည်လည်း တူညီသောကံကြမ္မာနှင့် ဆုံတွေ့လိုက်ရသည်။

တစ်ချိန်တည်းတွင်ပင် 'ရွှေစားကူ' များသည် ဤတစ္ဆေမိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များနှင့် ဦးခေါင်းခွံများကို ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားသည်။

မည်သို့ပင်ဖြစ်စေ၊ ဤတစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများသည် စိတ်ဝိညာဉ်ကျောက်စိမ်းလည်ဆွဲကဲ့သို့သော ထိပ်တန်းအဆင့်မှော်ပစ္စည်းများကို မပိုင်ဆိုင်ကြပေ။ အိပ်မက်ထဲသို့ ကျရောက်သွားသည်နှင့် သူတို့အားလုံးသည် မြေပြင်တွင်အမြစ်စွဲနေသကဲ့သို့ ရပ်တန့်နေကြပြီး မည်သည့်ခုခံမှုမျှ မပြုလုပ်နိုင်ကြတော့ပေ။

သေဆုံးချိန်တွင်ပင် မည်သူက သူတို့ကိုသတ်ဖြတ်ခဲ့သည်ကို သူတို့မသိခဲ့ကြပေ။

တစ်ယောက်ပြီးတစ်ယောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ သွေးများ အိုင်ထွန်းနေတော့သည်။

"ဘယ်သူ.. ဘယ်သူက ငါ့ကို သတ်တာလဲ...”

.

ရှုထျန်းဇယ်သည် အလွန်အမင်း ကြောက်ရွံ့သွားသည်။ သူ၏ဝိညာဉ်စွမ်းအားသည် အခြားတစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများထက် အနည်းငယ် ပိုအားကောင်းပြီး၊ သက်လတ်ပိုင်းကျင့်ကြံသူ၏နောက်တွင်သာ ရှိသောကြောင့် အိပ်မက်ကမ္ဘာထဲမှ ရုန်းထွက်နိုင်သည်ဆိုရုံမျှ ရုန်းထွက်နိုင်ခဲ့သည်။

ကံမကောင်းစွာဖြင့် ၎င်းမှာ သူ၏အကန့်အသတ်ပင် ဖြစ်သည်။ နှစ်ဖက်အင်အား၏ ကွာဟချက်မှာ အလွန်ပင် ကြီးမားလှ၏။

အိပ်မက်မှ လွတ်မြောက်လာသည့်အချိန်တွင် ‘ရွှေစားကူ’များက သူ့အား ထိုးဖောက်သွားကာ အပေါက်ဖောက်ခံရသော အဝတ်စုတ်တစ်ခုအလား ဖြစ်သွားစေသည်။

တိုက်ကွက်တစ်ခုတောင်မှ မထုတ်လိုက်ရဘဲ၊ ထိုနေရာတွင်ပင် ကြောက်မက်ဖွယ်ကောင်းစွာ သေဆုံးသွားရတော့သည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ.. ငါ အင်မော်တယ်အဖြစ်ကို မရသေးဘူး.. ငါ အခြေတည်အဆင့်တောင် မဖြစ်သေးဘူးလေ...”

"ငါ ဒီနေရာမှာ ဘာမှမသိလိုက်ဘဲ တိတ်တိတ်လေးသေသွားဖို့က ဘယ်လိုဖြစ်နိုင်မှာလဲ...”

"ငါ... ငါဒါကို လက်မခံနိုင်ဘူး..”

ရှုထျန်းဇယ်သည် မလိုလားမှုပေါင်းများစွာဖြင့် သူမျက်နှာမှာ မည်းမှောင်နေတော့သည်။

သူ၏အစီအစဉ် မည်သည့်နေရာတွင် မှားယွင်းသွားပြီး၊ အဘယ်ကြောင့် ဤသို့သော လုပ်ကြံသတ်ဖြတ်မှု၏ သားကောင်ဖြစ်ခဲ့ရသည်အား နားမလည်နိုင်ခဲ့ချေ။

ကံမကောင်းစွာဖြင့် သူသည် ယခုအခါ မကျွတ်မလွတ်သောတစ္ဆေတစ်ကောင်အဖြစ်သာ ဆက်လက်ရှိနေနိုင်သည်။

အကြောင်းမှာ သူ၏သေဆုံးချိန်တွင်ပင် ရန်သူ၏အရိပ်ကို သူ မမြင်ခဲ့ရသောကြောင့် ဖြစ်သည်။

အခန်းတစ်ခုလုံးတွင် တိုက်လေယာဉ်များ ပျံဝဲနေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းစွာ တဝီဝီမြည်သံများနှင့် လေထဲတွင်ပျံဝဲနေသော 'ရွှေစားကူ' များသာရှိနေသည်။

...

ထိုအခိုက်အတန့်တွင် အိမ်၌ရှိနေသော ကျိုးစွေ့သည် ဤမြင်ကွင်းကို သူ၏ကိုယ်ပွားမှတစ်ဆင့် သိရှိလိုက်ရသည်။

"ချီသန့်စင်ခြင်းအဆင့်(၉)ကျင့်ကြံသူဆယ်ယောက်.. 'အိပ်မက်ဝိညာဉ်ကူ'..'ရွှေစားကူ' တို့ရဲ့ စွမ်းအားနဲ့ တစ်ခဏအတွင်းမှာပဲ လုံးဝပျက်စီးသွားတယ်...”

"ငါ့ရဲ့လက်ရှိ တိုက်ခိုက်ရေးစွမ်းအားနဲ့ဆိုရင် ချီသန့်စင်ခြင်းအဆင့်အတွင်းမှာ ငါ့ကို ပြိုင်ဘက်ကင်းလို့ ပြောလို့ရပြီ...”

"ဒါပေမဲ့ 'အိပ်မက်ဝိညာဉ်ကူ' ရဲ့ စွမ်းအားကို တွန်းလှန်နိုင်ခဲ့တဲ့ ဒီတစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူကတော့ တကယ်ကို သာမန်မဟုတ်ဘူး...”

"ဝိညာဉ်တိုက်ခိုက်မှုတွေကို ခုခံနိုင်တဲ့ ဝိညာဉ်ပစ္စည်းတစ်ခုရှိတာက 'အိပ်မက်ဝိညာဉ်ကူ' ရဲ့ စွမ်းအားကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်နိုင်ပုံပဲ...”

"အင်း... ဝိညာဉ်အာရုံစွမ်းအားရှိတဲ့ အခြေတည်အဆင့် ကျင့်ကြံသူနဲ့ရင်ဆိုင်ရရင်တော့ 'အိပ်မက်ဝိညာဉ်ကူ' က ချက်ချင်းသတ်ဖြတ်နိုင်တဲ့ အတိုင်းအတာ မရှိသေးဘူး...”

ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။

သူသည် ဤတိုက်ပွဲ၏ ရလဒ်များကို အတော်ပင် ကျေနပ်နေသည်။

တစ္ဆေမိစ္ဆာဂိုဏ်း ကျင့်ကြံသူသည် တိုက်ပွဲအတွင်း တန်ပြန်တိုက်ခိုက်နိုင်လုနီးပါး ဖြစ်ခဲ့သော်လည်း၊ ရလဒ်အရကြည့်လျှင် ၎င်းမှာ ချက်ချင်းသတ်ဖြတ်ခြင်းပင် ဖြစ်သည်။

ပြိုင်ဘက်တွင် ဝှက်ဖဲများရှိခဲ့လျှင်ပင် သူတို့တွင် တုံ့ပြန်ရန် အချိန်မရှိခဲ့ပေ။

ဤသည်မှာ ကျင့်ကြံသူတို့၏တိုက်ပွဲပုံစံပင် ဖြစ်၏။ အောင်မြင်မှု၊ ရှုံးနိမ့်မှုကို မျက်စိတစ်မှိတ်အတွင်းမှာပင် ဆုံးဖြတ်လေ့ရှိသည်။ အကွက်သုံးရာတိုင်အောင် ကြာမြင့်စွာတိုက်ရသည့် တိုက်ပွဲဟူသည် မရှိပေ။

၎င်းမှာ စစ်မြေပြင်တွင် စနိုက်ပါများ၏တိုက်ပွဲကဲ့သို့ဖြစ်ပြီး၊ အခွင့်အရေးတစ်ခုကို ရှာဖွေကာ ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းပင်ဖြစ်သည်။

ဒုတိယတစ်ချက် မလိုအပ်ပေ။ ဤနေရာတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။

မှန်ပေသည်၊ ဤတိုက်ပွဲက သူ့အား 'အိပ်မက်ဝိညာဉ်ကူ' ၏ အကန့်အသတ်များကိုလည်း သိရှိစေသည်။ ၎င်းမှာ သူထင်သလောက် မရှုံးနိမ့်နိုင်သောအရာ မဟုတ်ပေ။

အကယ်၍ ပြိုင်ဘက်သည် ဝိညာဉ်တိုက်ခိုက်မှုများကို တွန်းလှန်နိုင်သော ရတနာတစ်ခုကို ပိုင်ဆိုင်ထားပါက၊ ကြီးမားသောခုခံမှုကို ထုတ်ဖော်နိုင်ပြီး၊ 'အိပ်မက်ဝိညာဉ်ကူ' အတွက် ဤသို့သော ကျင့်ကြံသူအား ချက်ချင်းသတ်ဖြတ်ရန် အခြေခံအားဖြင့် မဖြစ်နိုင်ပေ။

သို့သော် သူသည် 'အိပ်မက်ဝိညာဉ်ကူ' မှာ လုံးဝအသုံးမဝင်ဟု မထင်ပေ။

'အိပ်မက်ဝိညာဉ်ကူ' က အခြေတည်အဆင့် ကျင့်ကြံသူများကို မကိုင်တွယ်နိုင်ရခြင်း၏ အကြောင်းရင်းမှာ 'အိပ်မက်ဝိညာဉ်ကူ' သည် လက်ရှိတွင် အဆင့်တစ်၌သာ ရှိနေသောကြောင့် ဖြစ်သည်။

၎င်းသာ အဆင့်နှစ်သို့ တက်လှမ်းသွားပါက ၎င်း၏စွမ်းအားသည်လည်း အဆများစွာ တိုးပွားလာပေလိမ့်မည်။

ထိုအခါတွင် အိပ်မက်၏စွမ်းအားသည် ပို၍ပင် ပြင်းထန်လာမည်ဖြစ်ရာ ပြိုင်ဘက်တွင် ကာကွယ်ရန် ဝိညာဉ်လက်နက်ရှိလျှင်ပင် ၎င်းမှာ အချည်းနှီးဖြစ်ပေလိမ့်မည်။

၎င်းမှာ ကျည်ကာအင်္ကျီဝတ်ဆင်ထားသကဲ့သို့ ဖြစ်သော်လည်း၊ အားကောင်းသော ကျည်ဆန်တစ်တောင့်သည် ၎င်းကို တစ်ချက်တည်းဖြင့် ထိုးဖောက်နိုင်သေးသည်။

အများစုမှာ သာမန်သေနတ်ကျည်ဆန်များကိုသာ ကာကွယ်နိုင်သည်။

ဤသည်မှာ လှံနှင့်ဒိုင်းကြားက ပြိုင်ပွဲတစ်ခုဖြစ်ပြီး၊ မည်သည့်ဘက်၏ စွမ်းအားက ပိုမိုအားကောင်းသည်ကို ကြည့်ရှုရခြင်းဖြစ်သည်။

"ကျရှုံးခဲ့ရင်တောင် ဘာမှ အရေးမကြီးဘူး.. ဘာလိုဖြစ်ဖြစ် အဲ့တာက ကိုယ်ပွားပဲလေ.. ရန်သူက ရှာတွေ့ခဲ့ရင်တောင် ကိုယ်ပွားပဲ ဒုက္ခရောက်မှာ...”

“

"'အိပ်မက်ဝိညာဉ်ကူ'အစွမ်းနဲ့ ကိုယ်ပွားရဲ့အစွမ်း ပေါင်းစပ်လိုက်ရင် အစကတည်းက မရှုံးနိမ့်နိုင်သလောက်ပဲ...”

"ငါမနိုင်ရင် ပြေးမယ်... ငါအနိုင်ယူနိုင်ရင် ချက်ချင်းသတ်လိုက်ရုံပဲ... ဒါက လုံးဝစိတ်အချရဆုံးပဲ..”

ကျိုးစွေ့သည် ဤ 'ကူပိုးကောင်' နှစ်ကောင်၏ စွမ်းအားသည် တစ်ခုနှင့်တစ်ခု အပြည့်အဝ ဖြည့်စွက်ပေးပြီး၊ ခြေရာလက်ရာမကျန် တိတ်တဆိတ်သတ်ဖြတ်နိုင်စွမ်းရှိသည်အား ခံစားမိလေသည်။

သူ့အတွက်မူ မူလခန္ဓာကိုယ်အနေဖြင့် အဝေးမှ စောင့်ကြည့်ရုံဖြင့် လုံလောက်သည်။ သူ ကိုယ်တိုင် စွန့်စားရန် မလိုအပ်ပေ။

ဤသည်ထက် ပို၍လုံခြုံသော တိုက်ခိုက်နည်း မရှိတော့ပေ။

All Chapters