အလယ်အလတ်ဝိညာဉ်ကျောက်တုံး ငါးထောင်၊ အားလုံးက ဆူဖြိုးသောသိုးများဖြစ်သည်။
Vol. 6 Ch. 86
တစ်နာရီအကြာတွင်။
ကျိုးစွေ့၏ကိုယ်ပွားသည် တစ္ဆေမိစ္ဆာဂိုဏ်း ကျင့်ကြံသူများထံမှ ရရှိခဲ့သော သိုလှောင်အိတ်များကို မြေအောက်စခန်းထဲသို့ တိုက်ရိုက် ယူဆောင်လာခဲ့သည်။
'ရွှေစားကူ' ၏ တစ်နှစ်ကျော်ကြာ တူးဖော်မှုကြောင့် အိမ်သို့ ဝင်ပေါက်တစ်ခုတည်းသာ မဟုတ်တော့ပေ။
"ပညာရှိသောယုန်တွင် ဂယ်ပေါက် သုံးခုရှိသည်" ဟူသော ဆိုရိုးစကားအတိုင်း သူသည် လျှို့ဝှက်ဝင်ပေါက် ငါးခု၊ ခြောက်ခုကို တူးထားခဲ့သည်။
မှန်ပေသည်၊ သူ သိုလှောင်အိတ်များကို အိမ်သို့ ပြန်မယူလာခဲ့သည့် အကြောင်းရင်းမှာ၊ ဤတစ္ဆေမိစ္ဆာဂိုဏ်း ကျင့်ကြံသူများ၏ သိုလှောင်အိတ်များပေါ်တွင် အထူးနည်းလမ်းအချို့ ပါဝင်နေမည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်သည်။
ဤသည်မှာ မဖြစ်နိုင်သည့်ကိစ္စမဟုတ်ပေ။
တစ္ဆေမိစ္ဆာဂိုဏ်းက သူ၏ပင်မခန္ဓာကိုယ်ကို ရှာမတွေ့စေရန်၊ သူ၏ကိုယ်ပွားက ဤသိုလှောင်အိတ်များကို မြေအောက်ဂူထဲသို့ ယူဆောင်လာခဲ့သည်။
ဤနည်းအားဖြင့် တစ္ဆေမိစ္ဆာဂိုဏ်း ကျင့်ကြံသူများတွင် လှည့်ကွက်မည်မျှပင် ရှိစေကာမူ အသုံးဝင်တော့မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော်၊ မြေကြီးသည် ဝိညာဉ်အာရုံ၊ မှော်စွမ်းအင်၊ ရနံ့နှင့် ကျင့်စဉ်ပညာရပ်နည်းလမ်းအမျိုးမျိုးကို ပိတ်ဆို့နိုင်သောကြောင့် ဖြစ်သည်။
"ကျွတ်..ကျွတ်.. တစ္ဆေမိစ္ဆာဂိုဏ်း ကျင့်ကြံသူတွေဆိုတဲ့အတိုင်း သူတို့ဆီမှာ ရတနာတွေ အများကြီးပဲ…"
သူ မှတ်ချက်ချလိုက်သည်။
လိုအပ်သော ပြင်ဆင်မှုအားလုံး ပြုလုပ်ပြီးနောက်၊ ကျိုးစွေ့သည် သူ၏လုယက်ပစ္စည်းများကို စိတ်တည်ငြိမ်စွာ စတင်စစ်ဆေးတော့သည်။
သူသည် တွန့်ဆုတ်မနေဘဲ သိုလှောင်အိတ်ဆယ်လုံးကို ဖွင့်လိုက်သည်။
သူ၏မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်မှာ များပြားလှသော ဝိညာဉ်ကျောက်တုံးများဖြစ်ပြီး၊ ၎င်းတို့ထဲမှ အများစုသည် အလယ်အလတ်ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြသည်။
သေသေချာချာ ရေတွက်ကြည့်ရာ ဝိညာဉ်ကျောက်တုံးအရေအတွက်ချည်းပင်၊ အလယ်အလတ်ဝိညာဉ်ကျောက်တုံး ငါးထောင်သို့ ရောက်ရှိသွားသည်။
ဤသည်မှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးသိန်းနှင့် ညီမျှပေသည်။
ဤသည်မှာ မည်မျှကြီးမားသော ကြွယ်ဝမှုဖြစ်သည်အား ရိုးရိုးလေးပင် တွေးကြည့်နိုင်သည်။
သို့သော် သေသေချာချာ စဉ်းစားကြည့်ပါက ဤသည်မှာ ပုံမှန်ဟုသာ ဆိုရပေမည်။
ဤသူများအားလုံးမှာ ချီသန့်စင်ခြင်းအဆင့်(၉)ရှိ ကျင့်ကြံသူများဖြစ်ကြ၏။ တစ်ဦးချင်းစီတွင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးသောင်းသာ ရှိခဲ့လျှင်ပင် ၎င်းမှာ ပေါင်းလိုက်သည့်အခါ အတော်ပင် များပြားသော ပမာဏဖြစ်သည်။ သူသည် အခြေခံအားဖြင့် ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူဆယ်ဦးကို လုယက်ခဲ့ခြင်း ဖြစ်သည်။
သံသယဖြစ်ဖွယ်မရှိပေ၊ ဤတစ်ကြိမ် လုယက်ရရှိခဲ့သော ဝိညာဉ်ကျောက်တုံးပမာဏနှင့်ပင်၊ သူ့အား နှစ်ပေါင်းများစွာ ဝိညာဉ်အရက်ရောင်းချစရာ မလိုအောင် လုံလောက်စေသည်။
မိစ္ဆာလမ်းစဥ် ကျင့်ကြံသူများသည် အမှန်တကယ် ချမ်းသာကြွယ်ဝသည်ဟု ဆိုရပေမည်။
မည်သို့ပင်ဖြစ်စေ၊ သူတို့သည် မည်သည့်သမာအာဇီဝလုပ်ငန်းကိုမျှ မလုပ်ကြဘဲ၊ အခြားကျင့်ကြံသူများကို လုယက်ခြင်းကဲ့သို့ အသက်နှင့်လောင်းကြေးထပ်ရသည့်အလုပ်မျိုးကိုသာ အားသန်ကြသည်။
သူတို့မသတ်ဖြတ်ခံရသရွေ့ သူတို့ထံတွင် များပြားလှသော စည်းစိမ်ဥစ္စာများ မလွဲမသွေ ရှိနေပေလိမ့်မည်။
သို့သော် တစ်ချက်မှားလိုက်သည်နှင့်တစ်ပြိုက်နက် သူတို့ ပျောက်ကွယ်သွားမည်ဖြစ်ပြီး၊ နှစ်ပေါင်းများစွာ စုဆောင်းခဲ့သော သူတို့၏ပိုင်ဆိုင်မှုများသည် အခြားသူများ၏ လက်ထဲသို့ ကျရောက်သွားပေမည်။
"အဖိုးတန်ဆုံးတွေကတော့ ဒီဒုတိယအဆင့် မိုးကြိုးအဆောင်သုံးခုပဲ ဖြစ်ရမယ်" ဟု ကျိုးစွေ့က သိုလှောင်အိတ်မှ ထုတ်ယူလိုက်သော ဒုတိယအဆင့် မိုးကြိုးအဆောင်သုံးခုကို ကြည့်ရင်း ပြောလိုက်သည်။ ဒုတိယအဆင့် အဆောင်များတွင်လည်း အောက်ခြေအဆင့်၊ အလယ်အလတ်အဆင့်မှ ထိပ်တန်းအဆင့် စသည်ဖြင့် မတူညီသော အဆင့်များ ရှိသည်။
ဒုတိယအဆင့် ထိပ်တန်း မိုးကြိုးအဆောင်တစ်ခုအနေဖြင့် ၎င်း၏တန်ဖိုးမှာ အလိုလို ထင်ရှားပေသည်။ ၎င်းကို ဝိညာဉ်ကျောက်တုံးများဖြင့် တိုင်းတာ၍မရပေ။
အကြောင်းမှာ ထိုသို့သော အဆောင်မှာ အပြင်လောကတွင် ရောင်းချရန် လုံးဝ မရရှိနိုင်သောကြောင့် ဖြစ်သည်။
ထိုသို့သော အဆောင်တစ်ခုသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ အားအပြည့်သုံးထားသော တိုက်ကွက်တစ်ခုနှင့် ညီမျှသည်။
သာမန်ကျင့်ကြံသူများအတွက်မူ ၎င်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော လက်နက်တစ်ခု ဖြစ်သည်။
မိုးကြိုးအဆောင်တစ်ခုက ချီသန့်စင်ခြင်းအဆင့် အများအပြားအား အလွယ်တကူ ချေမှုန်းနိုင်ပေသည်။
အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးပင်လျှင် ထိုသို့သောအဆောင်ကြောင့် ချက်ချင်း အပြင်းအထန် ဒဏ်ရာရပေလိမ့်မည်။
တစ္ဆေမိစ္ဆာဂိုဏ်း ကျင့်ကြံသူသည် အမှန်တကယ်တွင် ဤဒုတိယအဆင့်ထိပ်တန်း မိုးကြိုးအဆောင်သုံးခုကို၊ အင်မော်တယ်ရှားဂိုဏ်း ကျင့်ကြံသူအုပ်စုကို ကိုင်တွယ်ရန် ရည်ရွယ်ချက်ဖြင့် ဂိုဏ်းချုပ်ထံမှ လက်ဆောင်အဖြစ် ရရှိခဲ့ခြင်းဖြစ်သည်။
"ကံကောင်းစွာနဲ့ ဒါက အငိုက်ဖမ်းတိုက်တာမျိုးဖြစ်လို့ သူတို့ ဘာမှ မတုံ့ပြန်နိုင်လိုက်တာပဲ..”
"ဒါသာ မျက်နှာချင်းဆိုင်တိုက်ပွဲဖြစ်ခဲ့လို့ သူတို့ကို ဒီဒုတိယအဆင့် အဆောင်တွေကို ထုတ်သုံးခွင့်ပေးလိုက်မိရင် သေချာပေါက် အဆုံးသတ်ကောင်းမှာမဟုတ်ဘူး…" ကျိုးစွေ့က နက်နက်နဲနဲ စဉ်းစားလိုက်သည်။
ဤသည်မှာ ကျင့်ကြံခြင်းလောက၏ အန္တရာယ်ပင် ဖြစ်၏။
ပြိုင်ဘက်သည် အန္တရာယ်မရှိပုံရသော ချီကျင့်ကြံသူတစ်ယောက်တည်းသာ ဖြစ်နေလျှင်ပင်၊ ၎င်းထံတွင် မည်သို့သောဝှက်ဖဲ၊ မည်သို့သောအထူးနည်းလမ်းများ ရှိမည်အား မည်သူမျှကြိုမသိနိုင်ချေ။
ဒုတိယအဆင့် အဆောင်အနည်းငယ်ကို ထုတ်ယူလိုက်ပါက အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ခြိမ်းခြောက်နိုင်ပြီး၊ သတ်ဖြတ်ရန်ပင် ဖြစ်နိုင်သေးသည်။
ထို့ကြောင့် မည်သည့်အရာကိုပြုလုပ်သည်ဖြစ်စေ သတိထားသင့်သည်။
သို့မဟုတ်လျှင် မချိန်မရွေး ရန်သူ၏ ငိုက်ဖမ်းခြင်းကို အလွယ်တကူ ခံရနိုင်ပြီး မည်သို့သေဆုံးသွားသည်ကိုပင် မသိလိုက်ဘဲ သေဆုံးသွားနိုင်သည်။
ဤတစ္ဆေမိစ္ဆာဂိုဏ်း ကျင့်ကြံသူများသည် ဥပမာတစ်ခုပင်ဖြစ်သည်။
သူသာ ၎င်းတို့အား အမှန်တကယ် မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ပါက၊ သူ့အား အမှန်တကယ်ပင် ဒုက္ခအချို့ ပေးနိုင်ပေလိမ့်မည်။
သို့သော် ကျိုးစွေ့သည် ရန်သူနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ရလောက်အောင်ထိ မမိုက်မဲပေ။
သူသာ အရိပ်ထဲမှ လျှပ်တစ်ပြတ် တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်နိုင်ပါက၊ ပေါ်ပေါ်ထင်ထင် ဘယ်တော့မှ ယှဉ်ပြိုင်မည်မဟုတ်ပေ။
ဤသည်မှာ သေရေးရှင်ရေး တိုက်ပွဲတစ်ခုဖြစ်ပြီး သိုင်းပြိုင်ပွဲမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ အဆုံးသတ်ပန်းတိုင်မှာ အနိုင်ရရန်သာဖြစ်၏။
သို့သော် ယခုအခါ ဤဒုတိယအဆင့် ထိပ်တန်း မိုးကြိုးအဆောင်သုံးခုသည် သူ့ပိုင်ဆိုင်မှုဖြစ်လာပြီး၊ သူ၏ဝှက်ဖဲ ဖြစ်လာတော့သည်။
ဤဒုတိယအဆင့် အဆောင်သုံးခုဖြင့် သူသည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးနှင့် အမှန်တကယ်ရင်ဆိုင်ရလျှင်ပင် သူ၌ ခုခံရန် နည်းလမ်းတစ်ခု ရှိနေပေလိမ့်မည်။
“မြင်းတစ်ကောင်က ညဘက် မြက်မစားပဲ ဝမလာနိုင်သလို၊ လူတစ်ယောက်ကလည်း မသမာတဲ့ငွေမပါပဲနဲ့ ချမ်းသာမလာနိုင်ဘူး..”
ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်ရင်း အလွန်ကျေနပ်နေသည်။
ဝိညာဉ်ကျောက်တုံးများမရှိလျှင်ပင် ဤဒုတိယအဆင့် မိုးကြိုးအဆောင်သုံးခုတည်းနှင့်ပင် အရာအားလုံးကို ဖြည့်ဆည်းပေးရန် လုံလောက်သည်။
ရောင်းချခဲ့ပါက ဒုတိယအဆင့် ထိပ်တန်းမိုးကြိုးအဆောင်တစ်ခု၏ ဈေးနှုန်းမှာ အလယ်အလတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ထက်ကျော်လွန်နိုင်ပေသည်။
မှန်ပေသည်၊ ဒုတိယအဆင့် အဆောင်များအပြင် ဤမိစ္ဆာလမ်းစဥ် ကျင့်ကြံသူများတွင် ပထမအဆင့် အဆောင်များစွာလည်း ရှိနေသေးသည်။
ရေခဲအဆောင်များ၊ မီးလုံးအဆောင်များ၊ အဆိပ်ပြင်းအဆောင်များ၊ မီးခိုးအဆောင်များ၊ မြေပြိုအဆောင်များ စသည်တို့နှင့် အပြည့်အကျပ်ဖြစ်နေသည်။ မိစ္ဆာကျင့်ကြံသူဆယ်ဦးပေါင်းလိုက်လျှင် ပထမအဆင့် အဆောင်ပေါင်း အနည်းဆုံး နှစ်ရာ၊သုံးရာခန့်ကို တွေ့ရပေသည်။
"ရူးလောက်စရာပဲ.. ဒါက လက်နက်တိုက်များလားကွာ… အဆောင်တွေတင် မနည်းမနောပဲ…"
အဆောင်များစွာကို မြင်သောအခါ ကျိုးစွေ့၏နှုတ်ခမ်းများ တွန့်သွားသည်။
သူသည် မိစ္ဆာကျင့်ကြံသူများ၏ အစွမ်းအစအား မြည်းစမ်းခွင့်ရခဲ့သည်။ သူတို့ထံတွင် ဆေးလုံးများစွာ မရှိသော်လည်း၊ မှော်လက်နက်များနှင့် အဆောင်များစွာအပြင် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးလည်း ရှိကြသည်။
သူတို့အားလုံးသည် လက်နက်အပြည့်အစုံတပ်ဆင်ထားပြီး မည်သည့်အချိန်တွင်မဆို သူတို့၏ခန္ဓာကိုယ်များမှ လက်ပစ်ဗုံးတစ်ခုကို ထုတ်ယူနိုင်သကဲ့သို့ ဖြစ်နေသည်။
ဆိုရလျှင်၊ အဆောင်များသည် သူ၏ယခင်ဘဝ ကမ္ဘာမြေပေါ်ရှိ လက်ပစ်ဗုံးများ၊ အမြောက်ဆံများကဲ့သို့ပင် ဖြစ်သည်။
ဝန်ခံရလျှင် သာမန်ကျင့်ကြံသူများသည်လည်း ရန်သူများကို တိုက်ခိုက်ရန် ကျင့်စဉ်ပညာရပ်များကို ထုတ်သုံးနိုင်သည်။ ပြဿနာမှာ ကျင့်စဉ်ပညာရပ်တစ်ခု ထုတ်ဖော်နိုင်ရန် ပြင်ဆင်ချိန် အနည်းငယ် လိုအပ်ပေသည်။
သေရေးရှင်ရေးတိုက်ပွဲတစ်ခုတွင် သင့်အား ကျင့်စဉ်ပညာရပ်တစ်ခု ထုတ်ဖော်ရန် မည်သူက အချိန်ပေးနေပါမည်နည်း။ သင့်အား ချက်ချင်းလက်ငင်း သတ်ဖြတ်နိုင်ရန်သာ ကြိုးစားပေလိမ့်မည်။
ဤအချိန်တွင် အဆောင်များသည် အလွန်အရေးကြီးသော အခန်းကဏ္ဍတွင် ရှိသည်။
အကြောင်းမှာ အဆောင်တစ်ခု အသုံးပြုခြင်းသည် မည်သည့် ပြင်ဆင်ချိန်မျှ မလိုအပ်သောကြောင့် ဖြစ်သည်၊။ အဆောင်ကိုအသက်သွင်းလိုက်သည်နှင့် ချက်ချင်းပင် ပေါက်ကွဲမှုကို ဖြစ်စေနိုင်သည်။
ဤနည်းအားဖြင့် ရန်သူသည် တုံ့ပြန်ရန် အချိန်မရှိတော့ပေ။
အဆောင်များသည် အရေးကြီးသောအချိန်တွင် သင့်အသက်ကို အမှန်တကယ် ကယ်တင်နိုင်ပြီး ရန်သူကို တန်ပြန်တိုက်ခိုက်ရန်ပင် အသုံးပြုနိုင်သည်။
အဆောင်ပညာသည် ကျင့်ကြံခြင်းလောကတွင် ကြီးမြတ်သော ပညာရပ်ကြီးလေးရပ်ထဲမှ တစ်ခုဖြစ်လာခြင်းမှာ အကြောင်းမဲ့မဟုတ်ပေ။
အထူးသဖြင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားသော ကျင့်ကြံခြင်းလောကတွင် အဆောင်များသည် ဆေးလုံးများထက်ပင် ပို၍ ဝယ်လိုအားမြင့်လေသည်။
ကျင့်ကြံသူတစ်ဦးတွင် အဆောင်ဆယ်ခု သို့မဟုတ် ထို့ထက်ပို၍ မကိုင်ဆောင်ထားပါက၊ သူသည် သံသယဖြစ်ဖွယ်မရှိ ဆူဖြိုးသော သိုးတစ်ကောင်သာ ဖြစ်သည်။
ဤသည်မှာ သေနတ်တစ်လက်ကို သယ်ဆောင်ထားသော်လည်း ကျည်ဆန်မရှိသော လူတစ်ဦးနှင့် တူညီသည်။
ဤတစ္ဆေမိစ္ဆာဂိုဏ်း ကျင့်ကြံသူများတွင် ပထမအဆင့် အဆောင်အမြောက်အမြား ရှိနေရခြင်းမှာ၊ ၎င်းတို့သည် အဆက်မပြတ် တိုက်ခိုက်သတ်ဖြတ်နေရသော ပတ်ဝန်းကျင်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရသောကြောင့် ဖြစ်သည်။
တစ်ခါတစ်ရံ ရန်သူများနှင့် ကြုံတွေ့ရသည့်အခါ လျှပ်တစ်ပြတ်ပစ်လွှတ်လိုက်သော အဆောင်ဒါဇင်ပေါင်းများစွာက ရန်သူကို အပြင်းအထန် ဒဏ်ရာရစေနိုင်သည်။
"အင်း.. ဒီလောကမှာ သတိကြီးတဲ့ ကျင့်ကြံသူတွေ အရမ်းများတာပဲ.. ငါသတိထားဖို့လိုတယ်…"
ကျိုးစွေ့က ဤမိစ္ဆာကျင့်ကြံသူများ၏ နည်းလမ်းများကို တွေ့မြင်ပြီးနောက် လန့်သွားသည်။
သူသည် ချက်ချင်းပင် နိုးနိုးကြားကြားဖြစ်သွားပြီး ထပ်မံ၍ စိတ်ပိုင်းဖြတ်လိုက်သည်။ သူသည် ဤမိစ္ဆာကျင့်ကြံသူများနှင့် ဘယ်တော့မှ အနီးကပ်တိုက်ခိုက်တော့မည် မဟုတ်ချေ။ တိုက်ခိုက်မှုများသည် အဝေးမှသာ ဖြစ်ရပေမည်။
ရန်သူက မိမိကိုယ်ကို ဖောက်ခွဲလိုလျှင်ပင်၊ သူ့ကို မထိခိုက်စေရန် လုံလောက်သော အကွာအဝေးအား ခွာထားရပေမည်။
သို့မဟုတ်လျှင် ရန်သူက လျှပ်တစ်ပြတ် အဆောင်ဒါဇင်ပေါင်းများစွာကို ပစ်လွှတ်ကာ၊ သူနှင့်အတူအပါခေါ်ရန် ကြိုးစားပါက သူသည် အနိစ္စသဘောနှင့်ကိစ္စချောရပေလိမ့်မည်။
ထို့အပြင် ဤသည်မှာ ကျင့်ကြံခြင်းလောကတွင် အထူးအဆန်းမဟုတ်သော ဖြစ်နေကျဖြစ်ရပ်သာ ဖြစ်၏။