← Chapters

ဆင်ရိုင်းမြက်၊ ‘နဂါးဆင်ကူ’ကို သန့်စင်ခြင်း။

Vol. 6 Ch. 88

ဆင်ရိုင်းမြက်၊ ‘နဂါးဆင်ကူ’ကို သန့်စင်ခြင်း။

Vol. 6 Ch. 88

အခြေတည်ဆေးလုံးများ ဖော်စပ်ရန် အသုံးပြုသော စိတ်ဝိညာဉ်ဆေးပင်များအပြင်၊ ဤသိုလှောင်အိတ်များတွင် အခြားစိတ်ဝိညာဉ်ဆေးပင်အမျိုးမျိုးလည်း ပါဝင်သည်။

ဤဆေးပင်များသည် အခြေခံအားဖြင့် အခြားကျင့်ကြံသူများထံမှ လုယက်လာခြင်းသာ ဖြစ်၏။

ဤမိစ္ဆာကျင့်ကြံသူများသည် ဆေးဖော်စပ်ပညာရှင်များ မဟုတ်သောကြောင့်၊ ဤစိတ်ဝိညာဉ်ဆေးပင်များကို သိုလှောင်အိတ်များထဲသို့ ဒီအတိုင်းပစ်ထည့်ထားပြီး နောက်ပိုင်းတွင် ရောင်းချရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

သို့သော် ထိပ်တန်း ဆေးဖော်စပ်ပညာရှင်တစ်ဦးဖြစ်သော ကျိုးစွေ့အတွက်မူ သူသည် စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ချင်းစီကို ကောင်းကောင်း မှတ်မိပေသည်။

မည်သို့ပင်ဖြစ်စေ၊ သူသည် 'စာအုပ်ကူ'ကို အသုံးပြု၍ ဆေးဖော်စပ်ပညာရှင်များနှင့် ပတ်သက်သော စာအုပ်အမြောက်အမြားကို ဝါးမျိုခဲ့ပြီး၊ ၎င်းတို့ထဲမှ အများစုမှာ စိတ်ဝိညာဉ်ဆေးပင်များနှင့် ပတ်သက်သည်။ ရလဒ်အနေဖြင့် သူသည် ထူးခြားသောမှတ်ဉာဏ်တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး၊ သူဖတ်ဖူးသမျှ အရာအားလုံးကို မှတ်မိနေသည်။ ဤသည်မှာ မည်သည့်ကျင့်ကြံသူထက်မဆို များစွာသာလွန်သော မှတ်ဉာဏ်စွမ်းအားတစ်ခု ဖြစ်သည်။

"ဟဟ.. ဒါက တကယ်တော့ နှစ်တစ်ရာသက်တမ်းရှိ ကောင်းကင်ကြာပန်းပဲ.. မယုံနိုင်စရာပဲ.. အနည်းဆုံး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ထောင်ချီအောင် တန်တယ်...”

"ဒါက အမြစ်မဲ့နွယ်ပင်လား... ဒါက ရွှေခြင်ဆီဆေးလုံး ဖော်စပ်ရာမှာ သုံးတဲ့ စိတ်ဝိညာဉ်ဆေးပင်တွေထဲက တစ်ခုပဲ..."

"ဒါက စိတ်ငြိမ်ပန်း ဖြစ်ပုံရတယ်... ဒါက ဝိညာဉ်အတွက် အကျိုးကျေးဇူးတချို့ရှိပြီးတော့ ကျင့်ကြံသူတွေကို ပိုပြီး ကောင်းကောင်း ဈာန်ဝင်စားနိုင်စေတယ်...”

"ရိုးရိုးသားသားပြောရရင် ဒီမိစ္ဆာကျင့်ကြံသူတွေ စိတ်ဝိညာဉ်ဆေးပင်တွေအများကြီးရဖို့ ကျင့်ကြံသူဘယ်လောက်ကိုတောင် လုယက်ခဲ့ကြတာပါလိမ့်...”

"ခဏလေး.. ဒီဆေးပင်က ဘာလဲ... ဘုရားရေ... ဒါက ဆင်ရိုင်းမြက်မလား..."

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုးစွေ့သည် စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ချင်းစီကို သေသေချာချာ စစ်ဆေးနေစဥ်၊ ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး မိုးကြိုးပစ်ခံရသကဲ့သို့ တုန်လှုပ်သွားသည်။

သူ၏မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းအောင်ပင် အလင်းရောင်များ တောက်ပနေပြီး သွေးများ ဆူပွက်သွားတော့သည်။

ချက်ချင်းပင် သူသည် ဆေးပင်ကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ကြမ်းတမ်းသောစွမ်းအင်များဖြင့် ဖုံးလွှမ်းနေပြီး၊ ရှေးဟောင်းဆင်ရိုင်းတစ်ကောင်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့် အားမာန်တို့ စီးဆင်းနေသကဲ့သို့ ဖြစ်နေသည်။

ယခင်က သူသည် ဆင်ရိုင်းမြက်ကို မရေမတွက်နိုင်အောင် အကြိမ်များစွာ ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ဤမိစ္ဆာကျင့်ကြံသူများထံတွင် ၎င်းအား တွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမျှ ထင်မထားမိပေ။

သူ၏မျက်လုံးများသည် မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်နေပြီး၊ ဆေးပင်ကို အပေါ်အောက် သေသေချာချာ စစ်ဆေးကာ မှားယွင်းသွားမည်ကို စိုးရိမ်နေသည်။

"သိပ်ကောင်းတယ်..."

ကျိုးစွေ့ က လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း စိတ်လှုပ်ရှားမှုအား ထိန်းချုပ်မထားနိုင်တော့ပေ။

နေရာအနှံ့တွင် အသည်းအသန် ရှာဖွေတုန်းက မတွေ့ရှိခဲ့ဘဲ၊ မမျှော်လင့်စွာ မည်သည့်အားမျှမစိုက်ရဘဲ လာရောက်တွေ့ရခြင်း ဖြစ်၏။

ယခင်က သူသည် ဆင်ရိုင်းမြက်ကို မည်သို့ရရှိနိုင်မည်အား စဉ်းစားနေခဲ့ပြီး၊ ရွှမ်ပေါင်မျှော်စင်ကိုပင် အကူအညီတောင်းရန် စဉ်းစားခဲ့သည်။

သို့သော် ဤအထူးအပင်မှာ ရုတ်တရက် သူ၏ရှေ့မှောက်တွင် ပေါ်လာမည်ဟု မည်သူက ထင်ထားမည်နည်း။

ဆင်ရိုင်းမြက်၊ နဂါးအသွင်ပြောင်းဂျင်ဆင်းနှင့် အခြားပစ္စည်းများနှင့်အတူ အလွန်လိုချင်နေသော ‘နဂါးဆင်ကူ’ကို သန့်စင်နိုင်ပေတော့မည်။

နဂါးဆင်ကူတွင် ပါဝင်သော စွမ်းအားသည် သူ့အတွက် မလွန်ဆန်နိုင်လောက်အောင် ဆွဲဆောင်နိုင်ပေသည်။

၎င်းကို အောင်မြင်စွာ သန့်စင်ပြီးသည်နှင့် သူသည် နဂါးဆင်၏ ခန္ဓာကိုယ်နှင့် နဂါးဆင်၏ ခွန်အားကို ပိုင်ဆိုင်ပေလိမ့်မည်။

မည်သည့်ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်မျှမလိုဘဲ၊ သူသည် အသန်မာဆုံး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပေလိမ့်မည်။

မှန်ပေသည်၊ အရေးကြီးဆုံးမှာ သူသည် သူ၏ဇနီးများရှေ့တွင် သူ၏ယောက်ျားပီသမှုကို ပြန်လည်ရယူရန် လိုအပ်သည်။

ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူရန် ဖြစ်၏။

"အရင်ဆုံး ဒီဆင်ရိုင်းမြက်ကို ငါယူသွားရမယ်....”

ကျိုးစွေ့သည် အတွေးတစ်ချက်ဖြင့် ဆင်ရိုင်းမြက်ကို အိမ်သို့ ပြန်ယူလာရန် 'ရွှေစားကူ'ကို ချက်ချင်း အမိန့်ပေးလိုက်သည်။

သိုလှောင်အိတ်ထဲရှိ အခြားရတနာများအတွက်မူ ၎င်းတို့ကို ဤနေရာတွင် လောလောဆယ် ထားခဲ့နိုင်သည်။

နောက်ပိုင်းတွင် သူတို့ကို ကိုင်တွယ်ရန် အချိန်ရှိပေသည်။

ယခုအချိန်တွင် ဆင်ရိုင်းမြက်ထက် ပို၍အရေးကြီးသော ရတနာဟူ၍ မရှိပေ။

ရွှစ်…။

မကြာမီမှာပင် 'ရွှေစားကူ' တစ်ကောင်သည် ဆင်ရိုင်းမြက်နှင့်အတူ ဘေးကင်းလုံခြုံစွာ အိမ်သို့ ပြန်ရောက်လာသည်။

"စလိုက်တာပေါ့..."

ကျိုးစွေ့၏ မျက်လုံးများ တောက်ပလာပြီး၊ သူသည် ဆင်ရိုင်းမြက်၊ နဂါးအသွင်ပြောင်းဂျင်ဆင်းနှင့် အခြားပါဝင်ပစ္စည်းတစ်ပုံကြီးကို 'ကူနတ်ဘုရားပန်းကန်' ထဲသို့ တွန့်ဆုတ်မနေဘဲ ပစ်ထည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဝိညာဉ်ကျောက်တုံးအမြောက်အမြား လောင်ကျွမ်းလာပြီး၊ သန့်စင်သောစွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ 'ကူနတ်ဘုရားပန်းကန်’ ကို အားဖြည့်ပေးသည်။

ဤတစ်ကြိမ်တွင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်သိန်းအပြည့် လောင်ကျွမ်းသွားသည်။

မှန်ပေသည်၊ ဤသို့သော ဝိညာဉ်ကျောက်တုံးအနည်းငယ်မှာ သူ့အတွက် သိသာထင်ရှားသော ဆုံးရှုံးမှုမဟုတ်ပေ။

ပင်လယ်ထဲမှ ရေတစ်စက်ဟု မဆိုနိုင်သော်လည်း များစွာ ထိခိုက်မှုမရှိပေ။

ဒုန်း…ဒုန်း…ဒုန်း….

တစ်ခဏအတွင်းမှာပင် 'ကူနတ်ဘုရားပန်းကန်' သည် တုန်ခါလာသည်။ ရှေးဟောင်း လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများ ပေါ်ထွက်လာပြီး ရှေးဟောင်းအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ အတွင်းရှိပစ္စည်းများသည် ချက်ချင်း သန့်စင်ခံလိုက်ရပြီး၊ ပရမ်းပတာအခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားသည်။

အခိုးအငွေ့များ၏ နက်ရှိုင်းသောနေရာမှ ကြီးမားသော အသက်စွမ်းအင်တစ်ခု စိမ့်ဝင်လာပြီး သက်ရှိတစ်မျိုးအား မွေးထုတ်ပေးနေသည့်ဟန် ရသည်။

အခိုးအငွေ့များထဲမှ တိမ်တိုက်များကို ဖြတ်ပျံဝဲနေသော နတ်နဂါးတစ်ကောင်နှင့် ကောင်းကင်နှင့်မြေကြီးကို တိုက်ခိုက်နေသော နတ်ဆင်တစ်ကောင်၏ ပုံသဏ္ဍာန်များ ပေါ်ထွက်လာသည်။

၎င်းတို့သည် ရှေးပဝေသဏီကတည်းက တည်ရှိခဲ့သော ရှေးဟောင်းသတ္တဝါများဖြစ်ပြီး၊ စိတ်ကူးပင်မယဉ်နိုင်သော စွမ်းအားနှင့် ထာဝရအသက်ကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေသည်။

ဘုန်း…

တစ်ခဏအတွင်းမှာပင် အထွတ်အထိပ် နတ်သားရဲနှစ်ကောင် မျက်နှာချင်းဆိုင်တွေ့ကြသောအခါ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ ရေနှင့်မီးကဲ့သို့ အတူတကွ မတည်ရှိနိုင်သကဲ့သို့ နတ်သားရဲနှစ်ကောင်မှာလည်း အတူတူပင်ဖြစ်သည်။

၎င်းမှာ တိုက်ပွဲဆာလောင်သော ဗီဇ သို့မဟုတ် ၎င်းမှာ သွေးမျိုးဆက်ကြောင့် ဖြစ်နိုင်သည်။ နတ်နဂါးနှင့် နတ်ဆင်တို့သည် အခိုးအငွေ့၏နက်ရှိုင်းသောနေရာတွင် အဆက်မပြတ် တိုက်ခိုက်နေကြပြီး၊ ထိပ်တိုက်တွေ့မှုတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းထမှုများ ဖြစ်ပေါ်စေသည်။

ရေနတ်မင်း ကုန်ကုန်းနှင့် မီးနတ်မင်း ကျူးရုံတို့ တိုက်ခိုက်နေသည့် ရှေးဟောင်းဒဏ္ဍာရီတစ်ခု အသက်ဝင်လာသည့်သဖွယ်ဖြစ်နေသည်။

[ T.N - ကုန်ကုန်းနဲ့ ကျူးရုံတို့အကြောင်းကို သိချင်ရင် တရုတ်ဒဏ္ဍာရီတွေမှာ ဖတ်ကြည့်ကြပါကုန် ]

'ကူနတ်ဘုရားပန်းကန်'တစ်ခုလုံး တဝီဝီမြည်လာပြီး မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် သင်္ကေတများ ပေါ်ထွက်လာသည်။

ရွှေရောင်အလင်းတန်းများ ပန်းကန်လုံးထဲသို့ စိမ့်ဝင်သွားသည်။

မိုးကြိုးများ လင်းလက်လာပြီး မြေကြီး တုန်ခါကာ အခြားဖြစ်ရပ်ဆန်းများစွာလည်း ပေါ်ထွက်လာသည်။

ဤသို့သော ဖြစ်ရပ်ဆန်းများသည် ကျိုးစွေ့ အခြား 'ကူပိုးကောင်'များကို သန့်စင်တုန်းတွင် မည်သည့်အခါကမှ မပေါ်ပေါက်ခဲ့ဖူးပေ။

သို့သော် သူ နဂါးဆင်ကူကို သန့်စင်စဉ်တွင်မူ ၎င်းတို့ ပေါ်ပေါက်ခဲ့သည်။

ဤသည်မှာ 'ကူ'၏ ထူးခြားပြီး ပြိုင်ဘက်ကင်းသော လက္ခဏာရပ်များကို သက်သေပြရန် လုံလောက်ပေသည်။

ကျိုးစွေ့သည် အလွန်ပင် စိတ်လှုပ်ရှားနေပြီး၊ ဤသန့်စင်မှု အောင်မြင်မည်၊ ကျရှုံးမည် မသေချာပေ။

အချိန်မည်မျှကုန်ဆုံးသွားသည်ကို သူ မသိသော်လည်း၊ နတ်ဆင်နှင့် နတ်နဂါးကြားက တိုက်ပွဲ ပြီးဆုံးသွားပုံရသည်။ သူတို့နှစ်ဦးလုံး အပြင်းအထန် ဒဏ်ရာရပြီး သူတို့၏ကြီးမားသော ခန္ဓာကိုယ်များမှာ ပရမ်းပတာအခိုးအငွေ့ထဲသို့ ကျသွားသည်။

ဝူးရှ်…

ပရမ်းပတာအခိုးအငွေ့များသည် သူတို့၏ခန္ဓာကိုယ်များထဲသို့ ဝင်ရောက်သွားပြီး၊ သူတို့ကို နတ္ထိအဖြစ်သို့ အရည်ပျော်သွားစေရာ၊ ၎င်းမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်မျိုးအဖြစ်သို့ ပြောင်းလဲသွားသည်။

တစ်ခဏအတွင်းမှာပင် မရေမတွက်နိုင်သော ပရမ်းပတာအခိုးအငွေ့များ စုစည်းသွားပြီး၊ ရုပ်ခန္ဓာတစ်ခုကို ဖွဲ့စည်းကာ နတ်ဆင်နှင့်နတ်နဂါးတို့ ပေါင်းစည်းသွားပြီး၊ တစ်ခုတည်းအဖြစ်သို့ ရစ်ပတ်သွားသည်။

ချက်ချင်းပင် ရွှေရောင် 'ကူပိုးကောင်'တစ်ကောင်သည် 'ကူနတ်ဘုရားပန်းကန်'ထဲတွင် ပေါ်လာသည်။

၎င်းသည် ခန့်ညားပြီး နက်နဲလှသော အရှိန်အဝါကို ထုတ်လွှတ်နေပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အသက်စွမ်းအင်များက အတွင်း၌ စီးဆင်းနေသည်။

တစ်ချက် ဟိန်းဟောက်လိုက်ရုံဖြင့် ကောင်းကင်နှင့်မြေကြီးကို ပဲ့တင်ထပ်သွားစေနိုင်ပုံရသည်။ ၎င်း၏ သေးငယ်သော ခန္ဓာကိုယ်သည် စိတ်ကူးပင်မယဉ်နိုင်လောက်သော အလားအလာနှင့် စွမ်းအားကို ဝှက်ထားပြီး၊ နတ်နဂါးနှင့်နတ်ဆင်တို့ ၎င်းထဲတွင် နေထိုင်သကဲ့သို့ ဖြစ်နေသည်။ ၎င်းသည် အလွန်ပင်ရှေးကျသည့်အရှိန်အဝါကိုပေးစွမ်းကာ လေထဲတွင် ‌အတောင်ပံမရှိဘဲ ခရီးသွားနိုင်သည်။ ထို့အပြင် ဗလာနယ်တွင်လည်း လွတ်လပ်စွာ လှည့်လည်သွားလာနိုင်သည်။

၎င်း၏ ခြေလေးချောင်း မြေပေါ်တွင် ရှိနေသည့်အခါ ၎င်းသည် အဆုံးမရှိသော အားအင်နှင့် အသက်စွမ်းအင်ကို ပိုင်ဆိုင်ထားသကဲ့သို့ ခံစားရသည်။

၎င်းသည် ကောင်းကင်၏အရှင်သခင်နှင့် မြေကြီး၏ဘုရင်ဖြစ်သည်။

၎င်းသည် 'ကူပိုးကောင်'တစ်ကောင်မျှသာဖြစ်သော်လည်း၊ နတ်သားရဲတစ်ကောင်နှင့် တန်းတူညီမျှသော အားအင်နှင့်အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ဝူးရှ်…

နောက်တစ်စက္ကန့်တွင် ကျိုးစွေ့သည် ရွှေရောင်'ကူပိုးကောင်'၏ ခန္ဓာကိုယ်အတွင်းပိုင်းမှ သတင်းအချက်အလက်များ စီးဝင်လာသည်ကို ချက်ချင်းခံစားလိုက်ရသည်။ ၎င်းသည် သူ၏သိစိတ်ပင်လယ်ထဲသို့ ဒီရေအလားတိုးဝင်လာသည်။

[ နဂါးဆင်ကူ၊ ကောင်းကင်နှင့်မြေကြီးကြား အံ့ဖွယ်ပိုးကောင်များထဲမှတစ်ကောင်၊ ရှေးဟောင်း နတ်နဂါးနှင့် ငရဲဆင်တို့၏ သွေးသားတော်စပ်မှုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။ ၎င်းသည် အထွတ်အထိပ်သို့ ကြီးထွားလာသောအခါ နတ်နဂါးနှင့်ဆင်တို့၏ စွမ်းအားများကို ပိုင်ဆိုင်ပေလိမ့်မည်။ ၎င်းသည် ကောင်းကင်ကို ဖြတ်ပျံနိုင်၍၊ မြေအောက်ကမ္ဘာသို့ တူးဝင်နိုင်သလို၊ တိမ်တိုက်များကို ဖြတ်ကျော်တက်လှမ်းနိုင်ကာ၊ ပုံစံအမျိုးမျိုးသို့ပြောင်းလဲနိုင်ပြီး အရာအားလုံးနီးပါးကို ပြုလုပ်နိုင်သည်။]

[ မှတ်ချက်- ၎င်းကို ကောင်းစွာ ပျိုးထောင်ပါ။ ၎င်းသာ မပျက်စီးပါက ၎င်းသည် နတ်ဘုရားတစ်ပါးကဲ့သို့ အစွမ်းထက်ရန်ကံကြမ္မာပါသော 'ကူပိုးကောင်'တစ်ကောင်ဖြစ်သည်။ ၎င်း၏စွမ်းအားများနှင့် ပါရမီများသည် သင်၏ကျင့်ကြံမှုနှင့်အတူ ကြီးထွားလာမည်ဖြစ်ပြီး ၎င်း၏အလားအလာမှာ အဆုံးမရှိပေ။]

ထိုအခိုက်တွင် ကျိုးစွေ့သည် ဤပြိုင်ဘက်ကင်းသော နတ်ဘုရားကျင့်စဉ်ဖြစ်သည့် "ကူနတ်ဘုရားကျင့်စဉ်"ကို အသက်သွင်းလိုက်သည်။ သူ၏ဝိညာဉ်သည် ‘နဂါးဆင်ကူ’နှင့် ချက်ချင်း ပေါင်းစပ်သွားပြီး 'ကူပိုးကောင်'ကို စိတ်အလိုရှိတိုင်း ထိန်းချုပ်နိုင်သကဲ့သို့ ခံစားလိုက်ရသည်။

ဝှစ်…

တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ‘နဂါးဆင်ကူ’သည် 'ကူနတ်ဘုရားပန်းကန်’မှ ခုန်ထွက်လာပြီး၊ ချက်ချင်းပင် ကျိုးစွေ့၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ၎င်းသည် သွေးကြောများတစ်လျှောက် ရွေ့လျားသွားပြီး နောက်ဆုံးတွင် သူ့နှလုံးသား၏ နက်ရှိုင်းသောနေရာတွင် နေရာယူလိုက်တော့သည်။

All Chapters