လက်သီးတစ်ချက်ဖြင့် ထိတ်လန့်စေခြင်း ...
Vol. 48 Ch. 567
ရီဖုန်းဟဲလက်ထဲ ဓားတစ်လက် ရောက်ရှိလာသည်နှင့် အငွေ့အသက်သည် ပို၍ ကြောက်စရာ ကောင်းလာတော့သည်။
ထိုအချိန်တွင် မြို့တော်အနှံ့ ဖုံးအုပ်ပေးထားသည့် ဆေးအိုးကိုးပါးဝင်္ကပါမှာ တိတ်ဆိတ်စွာ အသက်ဝင်လာ၏။ အဆုံး၌ ရေကန်အပေါ် အလုံးစုံလွှမ်းခြုံသွားချေပြီ။
ဤသို့သောတိုက်ပွဲကို ပိတ်ဆို့မထားသော် နောက်ဆက်တွဲရလဒ်သည် ဧရိယာတစ်ခုလုံးကို ပျက်စီးသွားစေနိုင်၏။
“ ငါ့အမြင်အရတော့ မင်းတို့သုံးယောက် အတူတူလာတာ ပိုကောင်းလိမ့်မယ်။ ”
စုရီမှ သက်ပြင်းချကာ ထပ်ပြောသည်။ ဤစကားများ ကြားသောအခါ ရီယွင်လန်ခမျာ မျက်ခုံးပင့်လိုက်လေသည်။ သူ့တူလေးသည် ရဲဝံ့လွန်းချေ၏။
ခွင်းဝူတောင် ရီမိသားစုသည် အုပ်စိုးရှင်များဖြစ်ပြီး မျိုးနွယ်စုတွင်ခိုင်မာသော ရှေးဟောင်းအမွေအနှစ်များရှိသည်။
ခွင်းဝူတောင် မျိုးနွယ်ဝင်တစ်ဦးအနေဖြင့် ဝိညာဉ်ပေါင်းစည်းခြင်းနယ်ပယ်တွင် ရီဖုန်းဟဲ၏ အုတ်မြစ်သည် ထိပ်တန်းအဆင့်ဖြစ်သည်ကို သိထားပြီးဖြစ်၏။
ဆိုလိုသည်မှာ ဤတိုက်ကြီးရှိ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများ အနေဖြင့် ရီဖုန်းဟဲ၏ ပြိုင်ဘက်တစ်ယောက် ဖြစ်မလာနိုင်ချေ။
သို့သော် ယခုမူ သူ့တူလေးစုရီသည် ထိုရီဖုန်းဟဲအပေါ် လုံးဝလျစ်လျူရှုပြီးဖြစ်နေ၏။
“ ဟမ့် ... ဒီစကားကို မင်းအသက်ရှင်မှ ဆက်ပြောပါ။ ”
တစ်ဖက်တွင် ရီဖုန်းဟဲခမျာ ဒေါသထွက်လာပြီး အေးစက်စွာအော်ဟစ်လျက် မဆိုင်းမတွ ခုတ်ပိုင်းချလိုက်တော့သည်။
“ ဝှစ် ... ။ ”
ဓားအလင်းများ ကောင်းကင်သို့ ပျံတက်ပေါ်လာပြီး အနက်ရောင်မီးတောက်များ တောမီးကဲ့သို့ လောင်မြိုက်သွား၏။
မီးပွားများသည် မိုးအဖြစ် သန္တာကျောက်တန်းပေါ်သို့ ပြုတ်ကျပြီးနောက် မြက်ခင်းပြင်တစ်ခုလုံး မီးတောက်များ စွဲလောင်ကုန်သည်။
“ ဘယ်လောက် ကြောက်စရာ ကောင်းလိုက်တဲ့ ဓားလဲ ... ကောင်းပြီ မင်းကို အရင် ငါလိုက်ပို့ပေးမယ်။ ”
စုရီက ရေရွတ်လျက် လေထုအလယ် လှမ်းတက်ကာ ဓားအလင်းကို ညာလက်သီးနှင့် ထိုးချလိုက်၏။
“ ဝူး ... ။ ”
“ ဝုန်း ... ။ ”
ကောင်းကင်ပေါ်ရှိ အနက်ရောင် မီးပင်လယ်ကြီးကိုလွင့်စင်သွားစေမည့် လေပြင်း များစွာ တိုက်ခတ်သွားသည်။
ထိုမြင်ကွင်းသည် ရှန့်စွေ့ယွင်၏ အမူအရာအပေါ် အနည်းငယ် ပြောင်းလဲသွားစေတော့၏။
သူသာ ထိုဓားမီးတောက်ကို ရင်ဆိုင်ရမည်ဆိုသော် ချေဖျက်ရန်အတွက် စစ်မှန်သောစွမ်းအင်ကို သုံးပြုရပေလိမ့်မည်။ ယခုမူစုရီသည် လက်သီးသက်သက်ဖြင့် ထိုးခွဲနေချေပြီ။
“ ဖုန်းဟဲ ... မပေါ့ဆနဲ့။ ”
ရီချောင်ချန်မှ သတိပေးသည်။ ရီဖုန်းဟဲ မျက်ဝန်းများသည် အေးစက်သော အလင်းများ တောက်ပလျက် တာအိုအမှန်တရားကို အသက်သွင်းလိုက်၏။
“ ဝှစ် ... ။ ”
နောက်ထပ် ဓားအလင်းတစ်လက် လေထုအလယ် ပြည့်လျှံလာ၏။ ထိုဓားသည် ကောင်းကင်နှင့် မြေကြီးအပေါ် တုန်လှုပ်စေကာ နတ်ဘုရားများပင် ကြောက်လန့်စေနိုင်မည်။
ထိုဓားကို မျက်နှာမူနေသော စုရီသည် ကျောက်စိမ်းရောင်ဝတ်ရုံများ တဖျပ်ဖျပ်လွင့်ပြီး ဆံပင်ရှည်များ ပြန့်ကျဲကုန်ကာ လေထဲ လှမ်းတက်လာပြန်၏။
“ ဟိတ် ... ။ ”
အမြင်အရ နှေးကွေးနေသော်လည်း အသက်တရှိုက်စာအတွင်း ရီဖန်းဟဲ အရှေ့သို့ ရောက်ရှိသွားကာ လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်တော့သည်။
လက်သီးရိပ်ကြီးသည် ဓားအလင်းကို ဖြတ်ကျော်ကာ မီးပင်လယ်ကြီးထံ ဝင်ရောက် သွားတော့၏။ ရိုးရှင်းပြီး ကြီးစိုးချေပြီ။
ကောင်းကင်နှင့် မြေကြီး ပြင်းစွာ တုန်ခါလျက် ရေလှိုင်းများ ပေပေါင်းများစွာ မြင့်တက်လာ၏။
ထို့ကြောင့် ရေကန်အပေါ် အုပ်မိုးထားသော တားမြစ်ဝင်္ကပါသည် ရုတ်ချည်း အသက်ဝင်လာ ခဲ့သည်။
“ သေစမ်း ... အရမ်းသန်မာတယ်။ ”
ဓားအလင်းကိုချိုးဖြတ်ကာ မီးပင်လယ်ထံ ဖြတ်သန်းလာနေသော စုရီလက်သီးချက်သည် ကြောက်မက်ဖွယ် ကောင်းသဖြင့် ရီဖန်းဟဲခမျာ မျက်နှာပြောင်းသွား၏။
တုန်လှုပ် ခြောက်ခြားစိတ်များနှင့် အရူးတစ်ယောက်နီးပါး ခွန်အားကို အကုန်အစင် အသုံးပြုကာ ထိုလက်သီးထံသို့ ဓားဖြင့် ချက်ချင်း ထိုးချပစ်လိုက်ရသည်။
“ ဘုန်း ... ။ ”
အနက်ရောင်ဓားကိုယ်ထည်သည် အလင်းများ တောက်လောင်လာပြီး နေမင်း ကဲ့သို့ စူးရှလာ၏။
ဤအခိုက်တွင် ရှန့်စွေယွင်သည် တုန်လှုပ်သွားသည်။ သူသာလျှင် ထိုလက်သီးနှင့် ရင်ဆိုင်ရသော် သူ့အစွမ်းရှိသမျှ အသုံးပြုရ ပေလိမ့်မည်။
တိုက်ပွဲအပေါ် အာရုံစိုက်ထားသော ရီယွင်လန်သည်လည်း မျက်ဝန်းများ မှေးစင်းပြီး ရောင်ဝါကို တိတ်တဆိတ် ဖြန့်ကျက်ထား၏။
တိုက်ပွဲစသည်နှင့် စုရီသည် ခွန်အားကို ဤသို့အပြည့်အဝ ပြသနိုင်လိမ့်မည်ဟု မည်သူမျှ မထင်ထားချေ။
ရီဖုန်းဟဲအပေါ် အစွမ်းထက်ဆုံး တိုက်ခိုက်မှုများကိုပင် အသုံးပြုရန် ဖိအားပေး ခံနေရပြီဖြစ်၏။
“ ဝုန်း ... ။ ”
စုရီလက်သီးသည် ဓားအလင်းကို ထိမှန်သွားသည်။ ကြယ်တံခွန်များ ကြွေကျလာ သကဲ့သို့ လေဟာနယ် ပြိုကျသွား၏။
“ ခရစ် ... ။ ”
လူအုပ်ကြီး၏ ထိတ်လန့်နေသော အကြည့်များအောက်၌ ထိုမီးပင်လယ်ကြီးမှာ အပိုင်းပိုင်းကွဲအက်သွားသည် ။
တစ်ဖက်တွင် လက်သီးစွမ်းအားသည် လျော့ကျမသွားဘဲ ရီဖုန်းဟဲထံသို့ ပြင်းထန်စွာ ဝင်ရောက်ထိမှန်သွားတော့၏။
“ ဘောင်း ... ဘောင်း ... ။ ”
ရီဖုန်းဟဲ ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ်ရတနာများ ပေါက်ကွဲလျက် တုန်ယင်စွာ နောက်ဆုတ်သွားချေပြီ။
“ အဟွတ် ... အဟွတ် ... ။ ”
အရေပြားအနှံ့ တစ်လက်မ မကျန် ကွဲအက်လာပြီး သွေးများစိမ့်ထွက်နေခဲ့ကာ အရိုးများကျိုးကုန်၏။
ဆံပင်များ ပွထလျက် ဒဏ်ရာ အပြင်းအထန်ရရှိသွားကာ ရေကန်ထဲ ပြုတ်ကျ လုနီးပါးပေပင်။ သူ့လက်ထဲရှိ ဓားသည်ပင် ပြုတ်ကျသွား၏။ တိုက်ပွဲဝင်ရန် ခွန်အား မကျန်ရှိတော့ချေ။
လက်သီးအစွမ်းသည် အလွန်ပြင်း၏။ ထို့ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားချေပြီ။
ရီဖုန်းဟဲသည် ဝိညာဉ်ပေါင်းစည်းခြင်း အဆင့်၌ မည်မျှတန်ခိုးကြီးမားသည်ကို လူတိုင်း မြင်နိုင်၏။ သို့သော် စုရီလက်သီးတစ်ချက်ပင် မတားဆီးနိုင်ခဲ့ချေ။
“ ဘယ်လောက်တောင် ကြီးစိုးလိုက်လဲ ... ။ ”
ရှန်စွေ့ယွင်ခမျာ ကြီးလွန်းစိုးသော လက်သီးချက်ကြောင့် နှလုံးသားတဒိတ်ဒိတ် ခုန်လာသည်။
“ မင်းတို့ကို ငါ့ဆီအတူတူလာဖို့ ... ပြောခဲ့တယ်မဟုတ်လား ... အခုတော့ မင်းကိုယ်မင်း ပိုတွက်နေမိပြီ။ ”
လျစ်လျူရှုသော အသံနှင့်အတူ စုရီတစ်ယောက် ရီဖုန်းဟဲထံ ဖြည်းဖြည်းစွာ လျှောက်လှမ်းလာသည်။
“ ရပ် ... ။ ”
ဤအခိုက်တွင် ရီရွယ်ရှင်းသည် စုရီထံဦးတည်သော ဓားတစ်ချက်နှင့် ပစ်လွှတ် လာခဲ့၏။
“ ရွှပ် ... ။ ”
“ မင်း ... ဟန့်တားနိုင်မယ်ထင်လား ... ။”
ဓားစွမ်းအင်သည် ပိုးသားမျှင်ကဲ့သို့ ပြိုးပြက်လင်းလက်နေသော်လည်း စုရီမှ ခေါင်း အနည်းငယ်ခါယမ်းလိုက်ပြီး လက်ဖဝါးဖြင့် ဖမ်းယူလိုက်လေသည်။
“ ဝုန်း ... ။ ”
ဓားပိုးမျှင်ခမျာ စုရီလက်ဖဝါးအတွင်း အပိုင်းပိုင်းကွဲသွားသည်။ တစ်ချိန်တည်းမှာပင် လေဟာနယ်အတွင်း ဓားရည်ရွယ်ချက်များ စုပ်ဝဲအဖြစ်သို့ တဟုန်ထိုးတက်လာ၏။
“ မလုပ်နဲ့ ... ။ ”
လေထုအလယ် ဒဏ်အပြင်းအထန် ရရှိသွားသော ရီဖုန်းဟဲခမျာ ထိတ်လန့်လာပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
သို့သော် စုရီမှ ရပ်တန့်ရန် ဆန္ဒမရှိချေ။ ဤနည်းဖြင့် ခွင်းဝူတောင် ရီမိသားစုမှ ဝိညာဉ် ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူသည် အမှုန်အဖြစ် ကြေမွှသွားတော့၏။
ကန်ရေမျက်နှာပြင်သည် ချက်ချင်း သွေးများဖြင့်နီရဲလာပြီး များမကြာခင် မှိန်ဖျော့ ပျောက်ကွယ်သွားတော့၏။ ဤတိုက်ပွဲသည် အစမှအဆုံးတိုင် စက္ကန့်ပိုင်းမျှသာကြာသည်။
“ မင်း ... ။ ”
ရီချောင်ချန်မှ အံကြိတ်ကာ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များကို ထုတ်ဖော်လိုက်၏။
အစောပိုင်းတွင် ရီရွယ်ရှင်း၏ ဓားသည် စုရီအပေါ်ဟန့်တားနိုင်လိမ့်မည်ဟု ယုံကြည်ကာ ရပ်ကြည့်နေခဲ့ခြင်းဖြစ်သည်။
ဤသို့ စုရီမှဓားအလင်းကိုဖမ်းကာ ရီဖုန်းဟဲအပေါ် လက်သီးဖြင့် တစ်ချက်တည်း ထိုးသတ်လိမ့်မည်ဟု မမျှော်လင့်ထားချေ။
တစ်ဖက်တွင် ရီယွင်လန်သည် သက်ပြင်းချလိုက်ပြီး သက်သာရာရသွားသည်။ သူ့တူသည် မရိုးရှင်းချေ။
ယုဖေးသည် အသက်(၁၇)ဖြင့် ဝိညာဉ်ထင်ရှားခြင်း အဆင့်သို့ ရောက်ရှိကာ မျိုးဆက်သစ်များအတွင်း ပြိုင်ဘက်ကင်း၏။ သို့သော် စုရီသည် သူမထက် သာလွန်ချေပြီ။
ထိုစဉ် စုရီသည် ရီရွယ်ရှင်းထံ လှည့်ကြည့်လိုက်၏။ ရီရွယ်ရှင်းတစ်ယောက် ခန္ဓာကိုယ်တောင့်တင်းသွားပြီး ရောင်ဝါများကို ချက်ချင်းဖွင့်ထုတ်လိုက်ရသည်။
ရီဖုန်းဟဲသေဆုံးခြင်းသည် စုရီကို ရင်ဆိုင်ရသောအခါတွင် ထိန်းချုပ်မရနိုင်သည့် ကြောက်ရွံ့မှုများ ဝင်ရောက်လာချေပြီ။
“ ဟမ့် ... ။ ”
ထိုစဉ်စုရီသည် သူမထံပြေးလာနေပြီ ဖြစ်သည်။ ကြီးမားသော တောင်ကြီးတစ်လုံး ရွေ့လျားလာသကဲ့သို့ ဖိအားများ ချက်ချင်း ခံစားလာရကာ လှုပ်ရှားမရတော့ချေ။
***