စွေ့မျိုးရိုး ...
Vol. 48 Ch. 571
ကြီးမားလှသော သစ်ပင်ကြီး တစ်ပင်အောက်တွင် လူတစ်ယောက် ရပ်နေ သည်ကို မြင်လိုက်ရ၏။
ကျောက်စိမ်းရောင် ၀တ်ရုံစသည် တဖျပ်ဖျပ်လွင့်နေပြီး ထူးထူးခြားခြား အသွင်ဖြင့် ချောမောသော လူငယ်တစ်ယောက်ဖြစ်သည်။
“ ဆေးအိုးကိုးပါး ဝင်္ကပါမရှိဘဲ ... နင်ငါ့ကိုဟန့်တားလို့ ရမယ်ထင်လား။ ”
အနက်ဝတ်မိန်းကလေးမှ ပြုံးကာ မေး၏။ သူမအပြုံးသည် ချစ်စရာကောင်းပြီး အသံသည် ချိုမြိန်နေသည်။
သာမာန်လူများကို မဆိုနှင့် ကျင့်ကြံသူများအတွက်ပင် ၎င်း၏ဆွဲဆောင်မှု အပေါ် တွန်းလှန်ရန် ခက်ခဲပေလိမ့်မည်။
“ မှန်တယ် ... မင်းနဲ့ ရန်ငြိုးမရှိရင် ... ငါမင်းကို ထွက်သွားဖို့တားမှာ မဟုတ်ဘူး ရန်ငြိုး ရှိရင်တော့ မင်း မလွတ်မြောက်နိုင်ဘူး။ ”
စုရီမှ ပြန်ဖြေသည်။ အနက်ရောင်ဝတ် မိန်းကလေး၏ မျက်ဝန်းများ မှေးစင်းလျက်၊
“ ဟုတ်လား ... ဒါဆို ဆရာစုက ငါတို့ကြားမှာ ရန်ငြိုးရှိနေတယ်လို့ ထင်လား။ ”
-ဟု ပြန်မေး၏။
“ မျက်မမြင်အဘိုးကြီးကို ဒဏ်ရာပေးခဲ့တာ မင်းလား။ ”
“ ဟမ့် ... ခေါင်းတလားထမ်းမျိုးရိုးရဲ့ အဆက်အနွယ် အဖိုးကြီးကို မေးနေတာဆိုရင် ဟုတ်တယ် ... ငါသူ့ကိုဒဏ်ရာရစေခဲ့တယ်။ ”
စုရီမှ မီးခိုးရောင်သလင်းကျောက်ကဲ့သို့ ပိုးချည်မျှဉ်ကြိုးတစ်စကို ထုတ်ပြလိုက်သည်။
“ ဒီဝိညာဉ်ချည်ကြိုးက မင်းပစ္စည်းလား။ ”
အနက်ရောင်ဝတ် မိန်းကလေးမှ ခေါင်းညိတ်ပြလိုက်ပြီး၊
“ မှန်တယ် ... ။ ”
-ဟု တုန့်ပြန်၏။
ထို့နောက် စုရီကလက်ချောင်းထိပ်ဖြင့် ဝိညာဉ်ချည်ကြိုးကို ချေမွလိုက်ရာ ချက်ချင်းပင် အမှုန်အဖြစ်သို့ ပြောင်းလဲသွား၏။
အနက်ရောင် ဝတ်စုံဝတ်ထားသည့် မိန်းကလေးခမျာ မျက်မှောင်ကြုတ်သွားပြီး အဆုံးတွင် ပြုံးရယ်လျက်၊
“ ဆရာစု ... မင်းရဲ့သူငယ်ချင်းအတွက် သူ့ဒေါသကို ဖြေဖျောက်ဖို့ စီစဉ်နေတာလား။ ”
-ဟု စူးစမ်းလိုက်၏။
“ ဘဝဆိုတာ တစ်ကြိမ်ပဲ ... ရှင်သန်ခွင့်ရတာပါ အပြစ်ကို ကျေကျေနပ်နပ် ခံယူရင် ငါမင်းကိုရက်စက်မှာ မဟုတ်ဘူး။ ”
“ အိုး ... ဒါဆို ငါ့ပြစ်ဒဏ်ကို ဘယ်လိုလက်ခံရမလဲ။ ”
အနက်ဝတ် မိန်းကလေးမှ ပြုံးလျက် စိတ်ဝင်တစား ဖြစ်လာသည်။ စုရီက မဆိုင်းမတွ ခေါင်းညိတ်လိုက်၏။
“ ဝိညာဉ်ပေါင်းစည်းခြင်း ဆေးသုံးလုံး။ ”
ထိုတောင်းဆိုချက်ကြောင့် အနက်ဝတ် ကောင်မလေးခမျာ အံ့အားသင့် သွားတော့၏။ သူမမျက်ဝန်းများသည် မယုံနိုင်လောက်အောင် ပြူးကျယ်လာသည်။
“ ဆရာစု၊ မင်း ... နောက်နေတာလား။ ”
“ မဟုတ်ဘူး ... ။ ”
“ ဒါဆို တမင်သက်သက် မင်းညစ်နေတာပဲ။ ”
အနက်ရောင်ဝတ် မိန်းကလေးမှ နှာခေါင်းရှုံ့လိုက်ကာ၊
“ ဒီဆေးလုံးက စိတ်ဝိညာဉ်ကို ပြန်လည်ပုံဖော်နိုင်တဲ့ ရတနာတစ်ခုဆိုတာ ဘယ်သူ မသိဘဲနေမလဲ ...
... ဆေးတစ်လုံးက ထိပ်တန်းဝိညာဉ်ရေး ရတနာတစ်ခုရဲ့ တန်ဖိုးနဲ့ညီမျှတယ် သုံးလုံးကို ချက်ချင်း မင်းတောင်းတာက ဘယ်လိုတောင် လောဘကြီးလိုက်လဲ။ ”
-ဟု ဝေဖန်လိုက်၏။
“ မင်း အဖမ်းခံရတဲ့ ကံကြမ္မာနဲ့ယှဉ်ရင် ဒီဆေးသုံးလုံးက သိပ်မများပါဘူး။ ”
“ ဟမ့် ... ။ ”
အနက်ရောင် ဝတ်စုံဝတ်ထားသည့် မိန်းကလေးက နှင်းဆီရောင် နှုတ်ခမ်းများကို ကိုက်လျက် ချိုသာစွာပြုံးလိုက်ပြီး၊
“ ဒါဆို ဆရာစုက ... ငါ့ကို ဖမ်းဖို့ နည်းလမ်းရှိ၊မရှိ ကြိုးစားကြည့်ချင်ပါတယ်။ ”
-ဟု စိန်ခေါ်လိုက်၏။
သူမ၏ စိတ်နေစိတ်ထားသည် ဆန့်ကျင်ဘက်လိင်အပေါ် ပြင်းစွာဆွဲဆောင်မှု ဖြစ်ပေါ်လာသည်။ စုရီမှ ထိုအရာကို လျစ်လျူရှုကာ၊
“ ဝိညာဉ်အရိုးက စိတ်ဝိညာဉ်ကျင့်ကြံခြင်း မျိုးရိုးအတွက် ပထမတန်းစား အရည်အချင်းပဲ ဒါပေမယ့် ငါ့ရှေ့မှာတော့ ...
... မင်းရဲ့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ခွန်အားမျိုးနဲ့ ... သဏ္ဍန်မဲ့ နှလုံးသားအိမ်မက်ကို သုံးရင်တောင် ... ငါ့နှလုံးသားကို လှုပ်ခတ်စေမှာ မဟုတ်ဘူး မယုံရင် မင်းစမ်းကြည့်နိုင်တယ်။ ”
-ဟု သတိပေးလိုက်၏။
အနက်ရောင် ဝတ်စုံဝတ်ထားသည့် မိန်းကလေးခမျာ ရုတ်တရက် အေးခဲသွားပြီး အံ့အားသင့်ဖွယ် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာတော့၏။
တစ်ဖက်လူသည် သူမ၏ ကျင့်ကြံမှုအပေါ်သာမက မွေးရာပါစွမ်းရည်နှင့် လျှို့ဝှက်နည်းစနစ်ကိုပင် မြင်နိုင်နေသည်။
ထိုလူရှေ့တွင် သူမ၏လျှို့ဝှက်ချက်များ အားလုံးကို ရှင်းရှင်းလင်းလင်း ဖောက်ထွင်းပြီး မြင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
အချိန်အတော်ကြာ ငြိမ်သက်နေရာမှ၊
“ နင် ... မန်ပိုနန်းတော်ရဲ့ အမွေကို သိနေတာလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ ဒါလျှို့ဝှက်ချက်ပဲ ... ။ ”
စုရီမှ တုန့်ပြန်၏။ အနက်ဝတ် မိန်းကလေးခမျာ မျက်မှောင်ကြုတ်လျက် စိတ်ရှုပ်ထွေးသွားသည်။
“ မင်းရှုံးနိမ့်တာကို ဝန်ခံဖို့ ဆန္ဒမရှိဘူးလား။ ”
စုရီမှ မေးသည်။
“ မှန်တယ် ... နင်ပြောနေတဲ့ မျက်မမြင်အဘိုးကြီးဟာ အမှောင်အင်မော်တယ် တောင်တန်းကို စိမ့်ဝင်ပြီး ငါ့မန်ပိုနန်းတော်ရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူဖို့ကြိုးစားတယ် အဲဒါက သဘာဝမကျဘူး ...
... ငါသူ့ကို နာကျင်စေခဲ့တာ ဝန်ခံပါတယ် ဒါပေမယ့် လျော်ကြေးအနေနဲ့ အဝါရောင်နွေဦး ဝိညာဉ်ပေါင်းစည်းခြင်း ဆေးပြား(၃)ကတော့ များလွန်းပါတယ်။ ”
ထို့နောက် သူမ၏ ဖြောင့်စင်း သွယ်လျလွန်းသော လက်ညိုးတစ်ချောင်းကို ထောင်ပြကာ၊
“ နင့်အတွက် စိတ်မကောင်းစွာနဲ့ ငါဆေးတစ်လုံး ပေးနိုင်တယ်။ ”
-ဟု ပြောကြားလိုက်သည်။
စုရီမှ ခေါင်းခါလိုက်သည်။
“ မင်းနဲ့ ငြင်းခုန်ဖို့ ငါဒီမှာမဟုတ်ဘူး သုံးလုံးပေးပါ။ ”
“ ဟမ့် ... ။ ”
အနက်ရောင်ဝတ် အမျိုးသမီးမှ ဒေါသထွက်လွန်းသဖြင့် အံကြိတ်လိုက်တော့၏။ မည်မျှ လွှမ်းမိုးနိုင်လွန်းသနည်း။
ဤသည်မှာ မိန်းကလေးတစ်ယောက်ထံ ခြိမ်းခြောက် ငွေညှစ်ဝံ့သည့်လူနှင့် ပထမဆုံး အကြိမ် ကြုံတွေ့ရခြင်းပေပင်။
သို့သော် သံသယဖြစ်ဖွဘ် အချက်အလက်များကြောင့် သည်းခံလိုက်သည်။ စုရီသည် မိုပြာတိုက်ကြီးမှ ဖြစ်သော်လည်း မန်ပိုနန်းတော်အကြောင်း သိထား၏။
သူတို့၏ အမွေအနှစ်များကို မြင်နိုင်နေသကဲ့သို့ သူမ၏မွေးရာပါစွမ်းရည်ပင် မြင်နိုင်နေသည်။
ဤအရာအားလုံးသည် စုရီမှာ မရိုးရှင်းကြောင်း ပြောပြနေ၏။ ထိုကြောင့် မဆင်မခြင်မလုပ်ဝံ့ချေ။
မဟုတ်သော် သူမ၏ဝှက်ဖဲများနှင့် အဆင့်အတန်းအရ လျစ်လျူရှုပြီးဖြစ်ပေမည်။ အဆုံးတွင် ယဉ်ကျေးသိမ်မွေ့နေခြင်း မရှိဘဲ သင်ခန်းစာ သင်ပေးမိမည်ဖြစ်၏။
“ ဒီလိုဆို ဘယ်လိုလဲ ... ငါ့မေးခွန်းတချို့ နင်ဖြေပေးပါ ဒါဆို ... ဝိညာဉ်ပေါင်းစည်းခြင်း ဆေးလုံး သုံးလုံးပေးမယ်။ ”
စုရီမှ ခေါင်းခါလိုက်သည်။
“ မင်း ငါနဲ့ညှိနှိုင်းဖို့ အရည်အချင်း မရှိဘူး။ ”
“ နင် ... ။ ”
စုရီစကားကြောင့် မိန်းကလေးသည် ဒေါသအမျက်ထွက်ကာ တုန်ရင်လာတော့သည်။ အံကြိတ်လျက်၊
“ စုရီ ... မန်ပိုနန်းတော်က နင့်အပေါ် ပစ်မှတ်ထားခံရမှာကို လုံးဝမစိုးရိမ်ဘူးလား။ ”
-ဟု ခြိမ်းခြောက်လိုက်၏။
“ မဟုတ်ဘူး ... မန်ပိုနန်းတော်ကသာ ငါ့ပစ်မှတ်ထားလာမှာကို စိုးသင့်တယ်။ ”
“ ..... ။ ”
မိန်းကလေးမှ တွန့်ဆုတ်နေစဉ် စုရီမှ တဖြည်းဖြည်းမှောင်စပျိုးလာသော ကောင်းကင် အပေါ် မော့ကြည့်ကာ၊
“ အချိန်က အဖိုးတန်တယ် ... အဲဒါကို ပြန်စဉ်းစားဖို့ နောက်ထပ် အသက်သုံးရှိုက်စာ အချိန်ပေးမယ် ပြီးရင် အကျိုးဆက်တွေကို မင်းရင်ဆိုင်ရလိမ့်မယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ကောင်းပြီ ငါသဘောတူတယ်။ ”
ထို့နောက် သူမ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးထုတ်ပြီး ဆေးလုံး သုံးလုံးကိုသွန်ကာ ပစ်ပေးလာ၏။
ဆေးလုံး တစ်လုံးချင်းစီသည် နှင်းဖြူရောင်အဆင်းဖြင့် ရှည်လျားလေသည်။ ဆေးလုံးကိုယ်ထည်ပေါ်တွင် ငွေမှုန်ငွေမွှားများ ပြန့်ကျဲနေပြီး နှစ်သက်ဖွယ်ကောင်းသော ဆေးမွှေးရနံ့ ထုတ်လွှတ်နေ၏။
“ ကျေးဇူးပြုပြီး သတိထားပါ။ ”
“ ဝှစ် ... ။ ”
မိန်းကလေးက ပစ်ပေးလိုက်သည်။ စုရီမှ ဂရုမစိုက်ဘဲ လက်ဝှေ့ရမ်းကာ ဆေးလုံးများကို လေထဲ ရပ်တန့်စေခဲ့၏။
“ ခရစ် ... ။ ”
ထို့နောက် ဆေးလုံးများထံမှ အခိုးအငွေ့များထွက်လာကာ များမကြာခင် နှင်းဖြူဆေးလုံးများသာ ကျန်ရစ်ပြီး ချက်ချင်း လေထဲပျောက်ကွယ်သွားတော့သည်။
“ နင် ... ။ ”
မိန်းကလေးခမျာ မျက်လုံးပြူးသွား၏။ ဤဆေးလုံးများကို ပစ်လွှတ်လိုက်သောအချိန်၌ ‘အရိပ်’ နည်းစနစ် အသုံးပြုထားသည်။
တစ်ဖက်လူသည်သာ ဆေးလုံးကို တိုက်ရိုက်ထိတွေ့သော် စိတ်ဝိညာဉ်တစ်ခုလုံး အိမ်မက်ဆိုးထဲ ပိတ်မိမည်ဖြစ်၏။
ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများပင် ထိုကဲ့သို့သောတိုက်ခိုက်မှုကို တားဆီးရန် ရုန်းကန်ရနိုင်သည်။
သို့သော် ဤစုရီသည် တစ်ချက် ကြည့်လိုက်ပြီး ၎င်းကို မြင်နိုင်နေချေပြီ။ စုရီမှ ခေါင်းခါလိုက်သည်။
“ ငါ့ရှေ့မှာ ... ဒီလိုအသေးအဖွဲ လှည့်ကွက်တွေကို စမ်းကြည့်တာ ရယ်စရာလို့ မထင်ဘူးလား။ ”
-ဟု မှတ်ချက်ပေး၏။
အနက်ဝတ် မိန်းကလေးမှ ရှက်ရွံ့လာပြီး ချက်ချင်းမျက်နှာနီမြန်းလျက်၊
“ နင် ... စောင့်နေ ... ။ ”
-ဟု ဆိုကာ လှည့်ထွက်သွားသည်။
“ နေဦး ... ။ ”
“ ငါဆေးလုံးတွေ ပေးပြီးပြီ မဟုတ်လား။ ”
စုရီ၏ ဟန့်တားသံကြောင့် အနက်ဝတ် မိန်းကလေးမှ ပြန်လှည့်ကြည့်ကာ မျက်ခုံးပင့်ပြီး မေးမြန်း၏။
“ မင်းက ... ငါ့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့တယ် မဟုတ်လား အဲဒီအတွက် သဘာဝအတိုင်း တန်ဖိုးတစ်ခုပေးရမယ် ... နောက်ထပ် ဆေးသုံးလုံးကို ပေးပြီးရင် မင်းထွက်သွားနိုင်တယ်။ ”
“ နင် ... ။ ”
အနက်ဝတ် မိန်းကလေးခမျာ ဒေါသအလွန်ထွက်လာပြီး စုရီကို ကိုက်စားရန် တွေးတောလာ၏။ စုရီက ကောင်းကင်ကို မော့ကြည့်ကာ၊
“ မှောင်လာပြီ ... မင်းအချိန် ဆွဲနေဦးမယ်ဆိုရင် နောက်ထပ်ဆေးသုံးလုံးက ဖြေရှင်းဖို့ လုံလောက်မှာ မဟုတ်ဘူး။ ”
-ဟု ပြောကြားလိုက်တော့၏။
“ ကောင်းပြီ ငါနင့်ကို ပေးလိုက်မယ် ဒါပေမယ့် ဒီကိစ္စ မပြီးသေးဘူး။ ”
အဆုံးတွင် အံကြိတ်လျက် ဆေးသုံးလုံး ထပ်မံပေးအပ်လိုက်၏။ ပြီးနောက် ချက်ချင်းပင် ပြေးထွက်လာခဲ့သည်။ မဟုတ်သော် စုရီမှ ထပ်မံ ခြိမ်းခြောက်ဦးမည်ကို စိုးရိမ်၏။
“ မင်းမျိုးရိုးက စွေ့မဟုတ်လား ... ။ ”
ထိုအမူအရာကြောင့် စုရီမှ ပြုံးလျက် မိန်းကလေးထံ မေးမြန်းလိုက်သည်။ လေထု အလယ် ပျံသန်းနေသော မိန်းကလေးမှ ချက်ချင်း ပြန်လှည့်ကြည့်၏။
“ နင် ... ဘယ်လိုသိလဲ။ ”
“ မင်းရဲ့မျိုးရိုးကြောင့်သာ မဟုတ်ရင် မင်းမှာရှိသမျှ ရတနာတွေကို ပေးအပ်ရင်တောင် ငါမင်းကို လွှတ်ပေးမှာမဟုတ်ဘူး။ ”
ထို့နောက် စုရီသည် သူမကိုကျောခိုင်းပြီး ထွက်ခွာသွားတော့သည်။ နေဝင်ရီတရောအချိန် အလင်းရောင်အောက်တွင် ချက်ချင်းပင် မှုန်ဝါးပျောက်ကွယ်သွားတော့၏။
***