မရဏတရားစီရင်သူ ...
Vol. 48 Ch. 572
အနက်ရောင်ဝတ်စုံဝတ်ထားသော ကောင်မလေးသည် စုရီရုပ်သွင် ပျောက်ကွယ် သွားသည်ကို ကြည့်ပြီး အကြာကြီး မှင်တက်နေခဲ့သည်။
“ သူ ဘယ်သူလဲ၊ ငါ့မျိုးရိုးကို ဘယ်လိုများ သိနေရတာလဲ။ ”
အနက်ရောင် ဝတ်စုံဝတ်ထားသည့် ကောင်မလေးခမျာ သူမခါးတွင်ချိတ်ထားသည့် ကျောက်စိမ်းဆွဲသီးကို ပြန်ကြည့်၏။
ဤသည်မှာ ခရမ်းရောင်ဖျော့ဖျော့ ဆွဲသီးဖြစ်သည်။ သူမဖခင်မှ ပေးအပ်ခဲ့သော ကာကွယ်ရေးရတနာဖြစ်ပြီး ၎င်းကို သန့်စင်ထား သူသည် သူမအဖိုးဖြစ်၏။
မရဏတရားစီရင်ခြင်း ဟူသော ဘွဲ့အမည်ဖြင့် မရဏကမ္ဘာတွင် တန်ခိုးကြီးသူ တစ်ယောက်ဖြစ်သည်။
“ မဖြစ်နိုင်ဘူး ဒီကျောက်စိမ်းဆွဲသီးကို ငါဘိုးဘေးက လုပ်ခဲ့တာ စွေ့မျိုးနွယ်ဝင်တိုင်း တောင်မှ ဒီရတနာကိုသိတဲ့လူ နည်းပါတယ် ဒီလူက ဘယ်လိုသိနေရတာလဲ ...
... ဒါပေမယ့် မျက်မမြင်အဘိုးကြီးက သူ့ကိုပြောခဲ့တာ ဖြစ်နိုင်မလား နောက်ဆုံးတော့ မျက်မမြင်အဘိုးကြီးက မန်ပိုနန်းတော်ကို စုံစမ်း မေးမြန်းနေတာမို့ ငါ့နာမည်ကို သိဖို့ လွယ်လိမ့်မယ်။ ”
အနက်ရောင်ဝတ် မိန်းကလေးက မျက်မမြင်အဘိုးအိုနောက် လမ်းတစ်လျှောက် သူမခြေရာခံခဲ့ရပုံများကို တွေးတောလျက် ငြိမ်သက်သွား၏။
“ ဟမ့် ... နဝမမြောက် အကြီးအကဲကို မေးကြည့်ရအောင် ဒီစုရီရဲ့ ဇစ်မြစ်အကြောင်းက တစ်ခုခုတော့ ထူးဆန်းနေတယ် ငါ့အရှက်တရား အတွက် ဒီအတိုင်းထားလို့မရဘူး။ ”
စကားဆုံးသည်နှင့် အနက်ဝတ် မိန်းကလေးသည် ပျံသန်းနေသောအရှိန်ကို မြှင့်တင်လိုက်တော့သည်။
***
မိုးပြာတိုက်ကြီး၏ နွေဦးညသည် နွေးထွေးသောအရိပ်အမြွက်များဖြင့် ငြိမ်သက် နေ၏။
ရွှေခေတ်ရောက်ရှိလာသောအခါ ဤသို့ရှားပါးသည့် ငြိမ်းချမ်းမှုပြိုကွဲမည်ဖြစ်ပြီး ကသောင်းကနင်း ဖြစ်လာပေမည်။
သည်ရက်များအတွင်း ဆေးအိုးကိုးပါးမြို့သည် ပို၍အသက်ဝင်လာပြီး တေးဆိုငှက်ကလေးများကဲ့သို့သော ပြည့်တန်ဆာများပင်လျှင် အလုပ်အကိုင် ကောင်းမွန်လာသည်။
မိုးပြာခြံဝင်း။
လသည် မှိန်ဖျော့နေပြီး ကြယ်များ ကျဲပါးကာ ညလေပြေများ တိုက်ခတ်သွားသည်။ စုရီက စိတ်ဝိညာဉ် ပေါင်းစည်ခြင်း ဆေးလုံးကို မျက်မမြင်အဘိုးကြီးထံ ပစ်ပေးလိုက်၏။
“ ဒါ မင်းအတွက် လျော်ကြေးပဲ ယူသွား။ ”
မျက်မမြင်အဘိုးအိုသည် ဆေးလုံးကို လက်ခံယူကာ ထိုအရာကို မမျှော်လင့်ထား သောကြောင့် အံ့အားသင့်သွားသည်။
“ အဝါရောင်နွေဦး စိတ်ဝိညာဉ် ပေါင်းစည်းခြင်း ဆေးလုံး။ ”
ဤဆေးများသည် မန်ပိုနန်းတော်မှ ထုတ်လုပ်သော အဖိုးတန် ဆေးဝါးများအနက် တစ်ပါးဖြစ်သည်။ ဆေးလုံးတစ်လုံးသည် မြို့တစ်မြို့ နီးပါးတန်ဖိုးရှိ၏။
“ ကျေးဇူးအများကြီးတင်ပါတယ် ဆရာစု။ ”
မျက်မမြင်အဘိုးအိုက ကျေးဇူးတင် စကားဆိုသည်။ စုရီ ဝိုင်ပုလင်းကို ကောက်ယူပြီး တစ်ငုံသောက်လိုက်၏။
“ ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး ... မင်းအဲဒီကောင်မလေးအပေါ် အာဃာတတွေ မထားဖို့ ငါမျှော်လင့်ပါတယ် ဒီကောင်မလေးက စွေ့လုံရှောင်ရဲ့ မြေးတစ်ယောက်ပဲ။ ”
“ မရဏတရားစီရင်သူ ... ။ ”
မျက်မမြင်အဘိုးအိုခမျာ ချက်ချင်းပင် အံ့အားသင့်သွားခဲ့သည်။ စွေ့လုံရှောင်ဟူသည် မရဏကမ္ဘာ၏ အုပ်စိုးရှင် (၆)ပါးထဲမှတစ်ပါး ဖြစ်သည်။
လူဝင်စားခြင်း လမ်းကြောင်း ခြောက်သွယ်ကို ကြီးကြပ်ရသည့် မရဏတရား စီရင်ရေးမှူးအဖြစ် လူသိများပြီး ဒဏ္ဍာရီ ဆန်ဆန် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်၏။
“ ဒီမိန်းကလေးက အရမ်းသန်မာပြီး ငါ့ဇာစ်မြစ်ကို တစ်ချက်ကြည့်ရုံနဲ့ သိတာတာ အံ့သြစရာ မရှိတော့ပါဘူး ... သူမက မန်ပိုနန်းတော်ရဲ့ တပည့်တစ်ယောက်ထက် သာလွန်နေတာပဲ။ ”
မျက်မမြင်အဘိုးအိုက ရေရွတ်လျက် သူ့ဒေါသများ ပျောက်ကွယ်သွားတော့သည်။ မရဏကမ္ဘာ၏ မျိုးနွယ်ဟောင်းတစ်ဦးအနေဖြင့် မရဏတရားစီရင်သူ မည်မျှ ကြောက်စရာ ကောင်းသည်ကို သဘာဝကျကျ သိ၏။
“ ဒီလိုတိုက်ကြီးမှာ မြေခွေးအိုကြီး စွေ့လုံရှောင်ရဲ့ သားမြေးတွေထဲက တစ်ယောက် တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။ ”
စုရီက ညည်းညူလိုက်သည်။ သတ္တမမြောက်တပည့် ရွှမ်နင်သည် စွေ့လုံရှောင် အကူအညီဖြင့် သူ့ထံလိုက်လာခြင်းဖြစ်၏။
မရဏကမ္ဘာ၌ပင် လူဝင်စားခြင်း နည်းလမ်အပေါ် လူအနည်းငယ်သာ သိသည်။ တစ်ဖက်လူသည် သူများအနက် တစ်ဦးပေပင်။
ရွှမ်နင်အတွက် ကမ္ဘာများကြားတွင် လမ်းကြောင်းဖွင့်ရန် သူ့မျိုးနွယ်စု၏ မွေးရာပါ မြင့်မြတ်သောသစ်ပင်ကို အသုံးပြုခဲ့သည်။
ယင်းကြောင့် ရွှမ်နင်သည် ဓားရှိနှလုံးသွေးအရိပ်အယောင်ကို ခံယူကာ ဤတိုက်ကြီးသို့ ရောက်ရှိလာခြင်းဖြစ်၏။
တစ်နည်းဆိုရသော် စွေ့လုံရှောင်သည် စုရွှမ်ကြွယ် မသေဘဲ လူပြန်ဝင်စားနိုင်ခဲ့ကြောင်း ခိုင်မာစွာ သိရှိထားသည်။
ထိုစဉ်က အနက်ဝတ် မိန်းကလေးခါးရှိ ကျောက်စိမ်းဆွဲသီးသည် မြေခွေးအိုကြီး၏ လက်ရာဖြစ်၏။
၎င်းကျောက်စိမ်းဆွဲသီးကို နတ်ဘုရားရတနာဖြစ်သော ကမ္ဘာတစ်သောင်း သစ်ပင်မှ ပြုလုပ်ထားသည်။
တစ်နည်းဆိုရသော် စွေ့လုံရှောင်သာလျှင် ကမ္ဘာတစ်သောင်းသစ်ပင်၏ အနှစ်သာရများကို ထုတ်ယူပြီး ဆွဲသီးကို ပြုလုပ်နိုင်မည်။
စွေ့မျိုးရိုးရှိ အခြားသော မည်သည့် ကျွမ်းကျင်သူမဆို ပြုလုပ်နိုင်မည် မဟုတ်ချေ။ မျက်မမြင် အဘိုးအိုက၊
“ ဆရာစုက မရဏတရားစီရင်ရေးမှူးကို သိနေတာလား။ ”
-ဟု မေးမြန်းလာ၏။
“ ဟား ဟား ဟား ... ငါက ခေါင်းတလားထမ်း သရဲအိုကြီးရဲ့ ကြွေးရှင် ဖြစ်သလို ဒီမြေခွေးအိုကြီးရဲ့ ကြွေးရှင်လည်း ဖြစ်တယ် ... ။ ”
“ ..... ။ ”
မျက်မမြင်အဖိုးအိုခမျာ ဖော်မပြနိုင်သော ထိတ်လန့်မှုတစ်ခု သူ့နှလုံးသားတစ်လျှောက် ဝင်ရောက်လာ၏။
ဤမတိုင်မီတွင် သူသည် စုရီအပေါ် အကြွေးစုဆောင်းသူ၏ မျိုးဆက်ဟု ယူဆထား ခဲ့သည်။ ယခုမူ သူထင်ထားသည်ထက် ပို၍ လျှို့ဝှက်ဆန်းကြယ်နေပုံပေပင်။
“ မန်ပိုနန်းတော်အကြောင်း မင်းတွေ့ခဲ့တာတွေကို ငါ့ပြောပြပါဦး။ ”
စုရီက မေးမြန်းလိုက်သည်။ မျက်မမြင်အဘိုးအိုမှ လည်ချောင်းရှင်းထုတ်ပြီး သူရှာဖွေတွေ့ရှိသမျှကို ထုတ်ဖော် ပြောပြလာ၏။
မန်ပိုနန်းတော်သည် အမှောင်အင်မှော်တယ် တောင်တန်းကို သိမ်းပိုက်ထားပြီး အပြင်လူများ ဝင်ရောက်ရန် ကန့်သတ်ထားချေပြီ။
မျက်မမြင် အဘိုးအို၏ အဆိုအရ သူတို့သည် ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူ(၃၀)ကျော် ရောက်ရှိလာ၏။
အသန်မာဆုံး သုံးဦးသည် ဝိညာဉ်ပြောင်းလဲခြင်းနယ်ပယ်တွင် ဖြစ်သည်။ ထိုသုံးဦးအထက်တွင် နဝမမြောက် အကြီးအကဲ တစ်ယောက်ရှိ၏။
မန်ပို နန်းတော်သည် စည်းကမ်း တင်းကျပ်သော အထက်တန်းကျကျ အင်အားစု တစ်ခုဖြစ်သည်။
ထို့အကြောင့် အကြီးအကဲတိုင်းသည် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်တွင် ရှိရမည်မှာ သဘာဝပေပင်။
အကြီးအကဲများအောက်တွင် ကာကွယ်သူများ၊ သင်းထောက်များနှင့် အမာခံ တပည့်များ ရှိကြသည်။
အကြီးအကဲများ အထက်တွင် နန်းတော်သခင်နှင့် မြစ်သံတမန်များ ရှိချေ၏။ မြစ်သံတမန်များသည် အမြင့်ဆုံးရာထူးဖြစ်ကာ ဤရာထူးအတွက် ဧကရာဇ်အဆင့် တန်ခိုးရှင်များသာ ရရှိနိုင်မည်။
မြစ်ဟူသည် သေလွန်သူများ၏ ဝိညာဉ်များအတွက် မေ့လျော့ခြင်းမြစ်ကြီးကို ရည်ညွှန်းသည်။
“ သူတို့က ဒီကိုဘာအတွက် လာမှန်း မသိသေးပေမယ့် မိုးပြာတိုက်ကြီးရဲ့ကံကြမ္မာကို စိတ်ဝင်စားနေတာ သေချာပါတယ် ...
... ဆရာစုနဲ့ ရီမိသားစု တိုက်ပွဲတုန်းက မန်ပိုနန်းတော်ရဲ့ ကာကွယ်သူတစ်ဦး လူအုပ်ထဲ ရှိနေခဲ့တယ် ... သူ့နာမည်က ဝေဖန်းလို့ ငါသိလိုက်ရတယ် ...
... သူက အသက်ငယ်ငယ်နဲ့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို တက်ရောက် နိုင်ပြီး လက်ရှိသုံးယောက်ထဲက တစ်ယောက်။ ”
စုရီသည် အေးခဲနေသော ရေဝဲကြီးလို မျက်လုံးများဖြင့် အနက်ရောင်မိန်းကလေးကို သတိရသွားသည်။
ထိုအချက်ကို အခြေခံ၍ တစ်ဖက်လူသည် မန်ပိုနန်းတော်၏ တပည့်ဖြစ်ကြောင်း သိနိုင်၏။ သဏ္ဍာန်မဲ့ နှလုံးသားအိပ်မက်ကျမ်း (၉)ပါးကို လေ့ကျင့်ထားသူတိုင်း ထိုကဲ့သို့သော မျက်လုံးမျိုး ပိုင်ဆိုင်မည်။
မျက်မမြင်အဘိုးအိုက၊
“ ဒါပေမယ့် ထူးဆန်းတာက မန်ပိုနန်းတော်ဟာ အမှောင်အင်မော်တယ် တောင်မှာရှိတယ်ဆိုတာ သေချာနေတာတောင် သူတို့ကို ဘယ်သူမှ မသိကြဘူး။ ”
“ ဒါက မထူးဆန်းပါဘူး ... သူတို့ အပြင်ထွက်တဲ့အခါ ဘယ်သူမှ မသိအောင်လို့ လူတွေရဲ့ မှတ်ဉာဏ်အပေါ် ဖျက်ပစ်ကြတယ် ဒါကြောင့် သူတို့ရှိနေတာကို လူတွေ မသိကြတာပါ။ ”
စုရီမှ ရှင်းပြသည်။ သို့မှသာ မျက်မမြင်အဖိုးအိုက သတိရသွားပြီး၊
“ ငါဒါကို တကယ်မေ့နေတာပဲ။”
-ဟု ညည်းတွား၏။
“ ကောင်းပြီ ရွှေခေတ်က သုံးရက်အတွင်း ရောက်ရှိလာတော့မယ် မင်းဒီမှာပဲ နေသင့်တယ် အချိန်ရောက်လာတဲ့အခါ ငါလမ်းညွှန်ပေးမယ် အဲဒါက မင်းရဲ့ ပြန်လည်ထူထောင်ရေးအတွက် အလွန်အထောက်အကူ ဖြစ်လိမ့်မယ်။ ”
“ ကျေးဇူးတင်ပါတယ် ဆရာစု။ ”
မျက်မမြင်အဘိုးအိုခမျာ နှလုံးသားများ တုန်ခါလာတော့သည်။ ဆရာစုထံမှ လမ်းညွှန်မှု ရရှိခြင်းသည် ကြီးစွာသော ကံကြမ္မာပေပင်။
***