စွေ့ကျင်းယန် ...
Vol. 48 Ch. 573
အမှောင်အင်မော်တယ်တောင်တန်းသည် မဟာရှနိုင်ငံရှိ တားမြစ်နယ်မြေသုံးပါး အနက်မှ တစ်ပါးဖြစ်သည်။
သဲမုန်တိုင်းများသည် အမှောင် အင်မော်တယ်တောင်ကြားတွင် တစ်နှစ်ပတ်လုံး ဖြတ်သန်းတိုက်ခတ်နေသည်။
နေရာတိုင်း၌ မြုံနေသော သဲတောင်တန်းများနှင့် လွင်ပြင်များမှတပါး အခြားမရှိချေ။
ယခုမူ ဤနေရာတွင် သဲတောင်တန်းကြီးတစ်ခုကို နောက်ခံပြုလျက် နန်းတော်တစ်လုံး ထွက်ပေါ်နေသည်။
သဲတောင်များနှင့် မနီးမဝေး ကောင်းကင်ယံတွင် ပေတစ်သောင်းကျယ်သော အာကာသဆုံမှတ်တစ်ခုရှိ၏။
အနီးကပ်စစ်ဆေးကြည့်သော် ထိုအာကာသဆုံမှတ်အတွင်း အနက်ရောင် ပလ္လင်တစ်လုံး ပျံဝဲနေသည်ကို မြင်နိုင်မည်။
ထိုပလ္လင်သည် ဆယ်ပေခန့်သာ ရှိသော်လည်း ကျောက်ဆောင်ကြီးများကဲ့သို့ တည်ငြိမ်နေ၏။ အာကာသအက်ကြောင်းများ မည်မျှရွေ့လျားနေပါစေ မလှုပ်ချေ။
ဤသည်မှာ တည်နေရာ ရွေ့ပြောင်း ပလ္လင်ဖြစ်သည်။ မန်ပိုနန်းတော်မှ ထိုပလ္လင်ဖြင့် ရောက်ရှိလာခြင်းဖြစ်၏။
“ ဂျူနီယာစွေ့ မင်းပြန်လာပြီလား ... ။ ”
ဝေဖန်းက အနက်ရောင် ကျောက်တုံးကြီးများဖြင့် တည်ဆောက်သော နန်းတော်တစ်ခုအတွင်းမှနေ၍ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
အနက်ဝတ် မိန်းကလေးက သူ့ကို တစ်ချက်သာကြည့်လိုက်ပြီး ဒေါသတကြီးဖြင့်၊
“ မြန်မြန်ဖယ် ... နဝမမြောက် အကြီးအကဲကို ငါတွေ့ရမယ်။ ”
-ဟု တုန့်ပြန်၏။
သူမလေသံသည် နည်းနည်းမျှပင် ယဉ်ကျေးခြင်း မရှိချေ။ သို့သော် ဝေဖန်းမှ စိတ်မဆိုးဘဲ ပြုံးပြီး ဘေးသို့ ဖယ်ပေးလိုက်သည်။
“ နဝမမြောက်အကြီးအကဲက ... ကာကွယ်သူရွယ်ယီနဲ့ အရေးကြီးတဲ့ ဆွေးနွေးမှု တစ်ခု ပြုလုပ်နေတယ် ... ။ ”
သို့သော် သူ စကားမဆုံးခင်မှာပင် အနက်ရောင်၀တ် မိန်းကလေးသည် နန်းတော် အတွင်း ဝင်ရောက်သွားပြီဖြစ်၏။
လျှို့ဝှက်အခန်းတစ်ခု၌ မီးအိမ်များ မှိန်ပျပျလင်းနေသည်။ အဖြူရောင်၀တ်လုံဖြင့် အဖိုးအိုတစ်ဦးသည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။
“ ရွယ်ယီ ... ဒီခရီးမှာ မိုးပြာမူလကို သိမ်းနိုင်ဖို့က မင်းအပေါ်မှာပဲ မူတည်တယ်။ ”
“ နဝမမြောက်အကြီးအကဲ စိတ်ချနေပါ မိုးပြာတိုက်ကြီးရဲ့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူတွေက အမှောင်တားမြစ်စွမ်းအား သက်ရောက်မှုကို နှစ်ပေါင်းများစွာ ...
... ခံစားခဲ့ရတယ် ဒီလိုလူတွေက ငါနဲ့ဝေးလွန်းတယ် အာရုံစိုက်ဖို့ ထိုက်တန်တာ ဆိုလို့ အခြားကမ္ဘာရဲ့ ကျွမ်းကျင်သူတွေပဲ။ ”
အဖိုးအိုရှေ့တွင် ထိုင်နေသော စပါးပင်အရောင်ဝါဝတ် အမျိုးသမီးတစ်ဦးမှ ပြန်ဖြေသည်။ သူမသည် ဝေဖန်းကဲ့သို့သော ကာကွယ်သူတစ်ဦးပေပင်။ ဝိညာဉ် ပြောင်းလဲခြင်းအဆင့်၌ ရှိကြ၏။
ရွယ်ရီသည် ပျော့ပျောင်းသော အဖြူရောင်ဆံပင်ရှည်များရှိပြီး ဝါကျင့်ကျင့် မျက်ဝန်းများ ပိုင်ဆိုင်ချေပြီ။
“ ဟားဟားဟား ... မင်းရဲ့ အရည်အချင်းတွေကို ငါယုံတယ်။ ”
နဝမမြောက် အကြီးအကဲမှ ရယ်မောလျက်ခေါင်းညိတ်သည်။
“ မိုးပြာမူလကို ငါတို့သာသိမ်းနိုင်ရင် နန်းတော်သခင်ကို သတင်းပို့ပြီးတာနဲ့ မင်းကို မန်ပိုနန်းတော်ရဲ့ ဆယ့်သုံးယောက်မြောက် အကြီးအကဲအဖြစ် ငါအကြံပေးမယ် ...
... ဒါ့ပြင် မင်းဧကရာဇ်ဖြစ်အောင် ကြိုးစားတဲ့အခါ မင်းကိုမေ့လျော့ခြင်းမြစ်ရဲ့ အရင်းအမြစ်ထဲ ဝင်ခွင့်ပြုမယ်။ ”
“ မေ့လျော့ခြင်းမြစ်ရဲ့ အရင်းအမြစ်ဒေသ။ ”
ဤသည်မှာ မန်ပိုနန်းတော်၏ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘွားပိုင် တားမြစ် နယ်မြေဖြစ်သည်။
ကောလဟာလများအရ မန်ပိုနန်းတော် သမိုင်းတစ်လျှောက် နန်းတော်သခင်တိုင်းသည် ထိုဒေသတွင် ၎င်းတို့၏ တာအိုအနှစ်သာရကို ချန်ထားခဲ့ကြသည်။
ထို့ကြောင့် တာအိုကိုပေါင်းစည်းပြီး ဧကရာဇ်ဖြစ်လာရန် မျှော်လင့်သူများအတွက် ဤအနှစ်သာရများကို တွေးတောခြင်းသည် မထင်မှတ်ဘဲ အကျိုးရှိမည်ဖြစ်၏။
“ နဝမမြောက်အကြီးအကဲ ... အခု ငါပြောတဲ့အတိုင်း မင်းငါ့ကို စိတ်ချနိုင်ပါတယ်။ ”
“ ဟားဟားဟား ... ။ ”
မန်ပိုနန်းတော်၏ ရည်ရွယ်ချက်သည် အများနည်းတူပေပင်။ ဤသည်မှာ တိုက်ကြီး တစ်ခုလုံး၏ ရှင်သန်မှုအရင်းအမြစ်ဖြစ်၏။
၎င်းသည် ထူးခြားပြီး တန်ဖိုးမှာ မှန်းဆ၍မရနိုင်ချေ။ ဉာဏ်အလင်းရယူရာတွင် များစွာ အထောက်အကူပေးသည်။
“ ဝုန်း ... ။ ”
ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် လျှို့ဝှက်ခန်းအပြင်ဘက်မှ တံခါးကိုတွန်းဖွင့်ကာ ဝင်ရောက်လာချေပြီ။
နဝမမြောက်အကြီးအကဲနှင့် ရွယ်ယီက ခေတ္တမျှ အံ့အားသင့်သွားပြီး တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လျက် နှစ်ယောက်သား အနည်းငယ် စိတ်ပျက်သွားလေသည်။
ဤစခန်းတစ်ခုလုံးတွင် ထိုမျှ ရမ်းကားသောအပြုအမူမျိုး ပြုလုပ်ဝံ့သည်မှာ လူတစ်ယောက်တည်းသာ ရှိ၏။
စွေ့ကျင်းယန်။ တောက်ပသော ကျောက်မျက်လေး သို့မဟုတ် ကျောက်စိမ်း ရတနာဟု အဓိပ္ပါယ်ရသည်။
နှစ်ယောက်သား လှည့်ကြည့် လိုက်သောအခါတွင် ချောမောလှပသည့် မိန်းကလေး တစ်ယောက် တင်းမာစွာ ဝင်ရောက်လာ၏။
သူမက နဝမမြောက် အကြီးအကဲနှင့် ရွယ်ယီကိုမြင်ချိန်တွင် အံ့သြသွားဟန်ဖြင့်၊
“ ဟမ့် ... ဒီမှာ ဘယ်သူမှ ရှိနေမှာ မဟုတ်ဘူးလို့ထင်ခဲ့တာ ကောင်းပြီ မင်းတို့ကို အနှောင့်အယှက် မဖြစ်စေဘူး မဟုတ်လား။ ”
-ဟု ဆိုပြီး ဖျာတစ်ချပ်တွင် ထိုင်ချကာ ရေနွေးကြမ်းတစ်ခွက် ငှဲ့သောက်လိုက်သည်။
ယဉ်ကျေးသိမ်မွေ့မှု လုံးဝမရှိချေ။ ထိုမြင်ကွင်းကြောင့် နဝမမြောက်အကြီးအကဲနှင့် ရွယ်ယီမှ ခေါင်းခါလိုက်တော့သည်။
သူတို့အတွက် တုန့်ပြန်ပြောဆိုစရာ စကားမရှိတော့ချေ။ သေချာသည်မှာ ခွင့်လွှတ် ထားခြင်းဖြစ်၏။
မန်ပိုနန်းတော်တွင် စွေ့ကျင်းယန်သည် ထူးခြားသော တည်ရှိမှုဖြစ်သည်။ သူမဖခင်မှာ စွေ့မျိုးရိုး၏ မိသားစုခေါင်းဆောင်ပေပင်။
သူမ အဖိုးသည် လူဝင်စားခြင်း လမ်းစဉ်ခြောက်ပါးအပေါ် ကြီးကြပ်သူဖြစ်ပြီး မရဏတရားစီရင်ရေးမှူး ရာထူးရရှိထား၏။
သူမအမေပင်လျှင် တစ်ချိန်က မန်ပိုနန်းတော်၏ မြစ်သံတမန်တစ်ဦးဖြစ်သည်။ ရာထူးမှ နုတ်ထွက်ထားသည်မှာ ကြာပြီဖြစ် သော်လည်း ဂုဏ်သိက္ခာမြင့်မား၏။
လက်ရှိနန်းတော်သခင်သည် စွေ့ကျင်းယန်အမေကို ‘သိုင်းအဒေါ်’ ဟု ခေါ်ဆို နေရဆဲပေပင်။
ထို့ကြောင့် စွေ့ကျင်းယန်သည် မန်ပိုနန်းတော်၏ တပည့်မျှသာဖြစ်သော်လည်း ဝါစဉ်အရ နန်းတော်သခင်နှင့် အဆင့်တူတွင် ရှိနေသည်။
ကျင့်ကြံမှု လောကတွင် အသက်အရွယ်နှင့်ရာထူးများသည် အမြဲတမ်း ရှုပ်ပွနေ၏။ ထို့ကြောင့် သူမအဆင့်အတန်းသည် မည်မျှပင် ထူးခြားနေပါစေ စွေ့ကျင်းယန်ကို သာမန်တပည့်တစ်ဦးသာ ဖြစ်နေပြန်သည်။
“ ကျင်းယန် ... မင်းတစ်ခုခု ဖြစ်လာတာလား။”
နဝမမြောက် အကြီးအကဲမှ ညင်သာစွာ မေးသည်။
“ ဟုတ်တယ် ... ငါ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့ ကြုံခဲ့ရတယ် ... ဒါကြောင့် မေးခွန်းနည်းနည်း မေးချင်တယ်။ ”
နဝမမြောက်အကြီးအကဲနှင့် ရွယ်ယီက အချင်းချင်း ပြန်ကြည့်၏။ သူတို့မျက်လုံးများ၌ ထူးဆန်းသော အလင်းများ လင်းလာသည်။
စွေ့ကျင်းယန်မှ ထူးဆန်းသည်ဟု အမည်တပ်သဖြင့် ထိုသူသည် အမှန်ပင် သာမန် မဖြစ်နိုင်တော့ချေ။
“ အဲဒါကို ပြောပြပါဦး။ ”
နဝမအကြီးအကဲက မေးသည်။ ထို့နောက် စုရီနှင့်တွေ့သော ဇာတ်လမ်းကို စွေ့ကျင်းယီမှ ပြန်ပြောပြလိုက်၏။
ဇာတ်လမ်းအပြည့်အစုံကို ကြားသောအခါတွင် နဝမအကြီးအကဲနှင့် ရွယ်ယီသည် ယခင်ကဲ့သို့ ငြိမ်သက်ခြင်း မရှိတော့ချေ။
သူတို့၏ အမူအရာများသည် ထိန်းမနိုင်သိမ်းမရသော ထိတ်လန့်မှုများနှင့် အံ့သြဖွယ် ဖြစ်လာသည်။
“ မင်းရဲ့ကျင့်ကြံမှုနဲ့ ... မျိုးရိုးကို ပိုင်းခြားသိမြင်နိုင်တာ အံ့သြစရာမဟုတ်ဘူး ငါတို့ဂိုဏ်းရဲ့ အမြင့်မြတ်ဆုံး အမွေနာမည်ကို သိနေတာကလည်း မထူးဆန်းဘူး ...
... ထူးဆန်းတာက နှလုံးသား အိပ်မက်ကျမ်း(၉)ပါးရဲ့ နက်နဲသိမ်မွေ့မှုကို နားလည်သဘောပေါက်နေတာပဲ ... ။ ”
ရွယ်ယီမှ ခေါင်းညိတ်လိုက်သည်။ သာမာန်တပည့်များသည် ထိုကျမ်း၏ပထမဆုံး သုံးခန်းကိုသာ လေ့ကျင့်နိုင်၏။
အမွေခံတပည့်များနှင့် သင်းထောက်များသည် ဒုတိယသုံးခန်းနှင့် ကာကွယ်သူနှင့် အထက်သာလျှင် တတိယ သုံးခန်းကို လေ့ကျင့်ခွင့်ရှိ၏။
တစ်နည်းအားဖြင့် မန်ပိုနန်းတော်အတွင်း၌ပင် အကြီးအကဲများ အောက်ရှိ မည်သူမျှ နဝမအဆင့်ကို လေ့ကျင့်ခွင့်မရှိသေးချေ။
ထို့ကြောင့် နှလုံးသား အိပ်မက်ကျမ်း (၉)ပါး၏ နဝမအဆင့်၌မှတ်တမ်းတင်ထားသော သဏ္ဍာန်မဲ့နှလုံးသားအိမ်မက်ဆိုး အကြောင်းကို မသိနိုင်သည်မှာ သဘာဝပေပင်။ ရွယ်ယီမှ မျက်မှောင်ကြုတ်လိုက်သည်။
“ ဒီစုရီက နှလုံးသားအိမ်မက်ဆိုးကျမ်း ကိုးပါးအကြောင်းကို တကယ် သိနေတာလား ဒါက အရမ်းထူးဆန်းလွန်းတယ်။ ”
“ ဟုတ်တယ်၊ ဒီကောင်ဘယ်လိုသိတာလဲ။ ”
“ ဒါသံသယဖြစ်စရာ ပထမအချက်ပဲ။ ”
နဝမမြောက် အကြီးအကဲမှ ခေါင်းညိတ်လျက် အသက်ပြင်းပြင်းရှူကာ၊
“ ဒုတိယအချက်ကတော့ ... အရိပ် နည်းစနစ်ဖြစ်တဲ့ မရဏကမ္ဘာရဲ့အထွတ်အထိပ် စိတ်ဝိညာဉ်နည်းစနစ်တစ်ခုပဲ ...
... မိုးပြာတိုက်ကြီးရဲ့ ဒီလို ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျင့်ကြံသူတွေက အရိပ်နည်းစနစ်ကို နားမလည်သင့်ဘူး ... ။ ”
-ဟု မှတ်ချက်ပေး၏။
နဝမမြောက်အကြီးအကဲအသွင်မှာ လေးနက်လာချေပြီ။ ဤလူငယ်သည် သာမန် မဟုတ်ကြောင်း ထင်ရှားနေ၏။
“ မှန်တယ် ... တစ်ခုခုလွဲချော်နေတာကို ခံစားမိလို့ သူနဲ့တိုက်ခိုက်ဖို့စိတ်ကူး စွန့်ခဲ့ရတယ် ဒါကြောင့် ဝိညာဉ် ပေါင်းစည်းခြင်း ဆေးလုံး ခြောက်လုံးကိုလည်း ပေးလိုက်ရတယ်။ ”
စွေ့ကျင်းယန်မှ အံကြိတ်ပြီး ရေရွတ်၏။ သူမစကားကြောင့် တစ်ဖက်တွင် ထိုင်နေသော အဖိုးအိုနှင့် အမျိုးသမီးခမျာ ချက်ချင်း မျက်လုံးများ ပြူးကျယ်လျက်၊
“ ဝိညာဉ်ပေါင်းစည်းခြင်းဆေး ခြောက်လုံး ... ။ ”
-ဟု အော်ဟစ်လိုက်သည်။
သူတို့နှစ်ဦး၏ မျက်နှာတွင် အသွေးအသားများ ထုတ်ယူခံလိုက်ရသကဲ့သို့ မျက်နှာများပျက်ယွင်းလာပြီး နှလုံးသားများ နာကျင်သွားတော့သည်။
***