အဖြေရှာခြင်း ...
Vol. 48 Ch. 574
အဝါရောင်နွေဦး ဝိညာဉ် ပေါင်းစည်းခြင်း ဆေးလုံးများသည် ဂေါ်ဖီထုပ်များမဟုတ်ချေ။ မန်ပိုနန်းတော်၌ ပထမအဆင့် ဆေးဖြစ်သည်။
သူတို့ကဲ့သို့သော အဆင့်ရှိ ပုဂ္ဂိုလ်များ သည်ပင် ထိုအဆင့်ဆေးလုံး အနည်းငယ်သာ ပိုင်ဆိုင်၏။ တစ်ဖက်တွင် စုရီသည် ခြိမ်းခြောက် ငွေညှစ်ခြင်းဖြင့် ခြောက်လုံးကိုပိုင်ဆိုင်ချေပြီ။
“ ဟမ့် ... မင်းကိုအဆီရစ်နေတဲ့ သိုးတစ်ကောင်အဖြစ် မြင်နေသလိုပဲ ... ။ ”
ရွယ်ယီမှ ခါးသီးစွာ ရယ်မောသည်။ စွေ့ကျင်းယန်၏ နောက်ခံသည် ထူးကဲလှပြီး သာလွန်ကောင်းမွန်ချေ၏။
သူမအတွက် သဘာဝအတိုင်း အဝါရောင်နွေဦး ဝိညာဉ်ပေါင်းစည်းခြင်း ဆေးလုံးသည် ပြတ်လပ်မှုမရှိချေ။
“ မဟုတ်ဘူး၊ တစ်ခုခုတော့ မူမမှန်ဘူး။ ”
နဝမမြောက်အကြီးအကဲမှ သူ့နဖူးကို ကုတ်ခြစ်လျက် ညည်းတွားလိုက်လေသည်။ ထို့နောက် စွေ့ကျင်းယန်ကို ကြည့်ပြီး၊
“ ကျင်းယန်မှာ ဆေးလုံးရှိမှန်း ... သူ ဘယ်လိုသိတာလဲ။ ”
-ဟု မေးမြန်း၏။
ထိုမေးခွန်းသည် ရွယ်ယီကို မျက်ခွံများ လှုပ်ယမ်းသွားစေသည်။ အမှန်တွင် စုရီသည် ဆေးလုံးကို သိရုံသာမက အရေအတွက် မည်မျှ ရှိကြောင်းပင် တွက်ဆထားနိုင်၏။
စွေ့ကျင်းယန်မှ စိတ်ပျက်လက်ပျက်နှင့်၊
“ ဒါကို ငါသိနေမှတော့ ဒီကို လာမေးနေပါ့မလား။ ”
-ဟု ရေရွတ်လိုက်သည်။
နဝမမြောက် အကြီးအကဲခမျာ တိတ်ဆိတ်သွားသည်။ ရုတ်တရက် ရွယ်ယီမှ တစ်စုံတစ်ရာကို သဘောပေါက်သွားပြီး သူမ အမူအရာ ပြောင်းသွား၏။
“ ကျင်းယန် ဘယ်သူလဲဆိုတာ သူသိနေတာရော ဖြစ်နိုင်မလား။ ”
“ ဖြစ်နိုင်တယ် ... သူက ခေါင်းတလား မျိုးရိုးရဲ့ မျက်မမြင်အဘိုးအိုအတွက် လာခဲ့တာပဲ နောက်ဆုံးတော့ ...
... အဲဒီအဖိုးကြီးက အမှောင်အင်မော်တယ် တောင်တန်းဒေသကို ဝင်ရောက်ဖို့ ကြိုးစားလာ ခဲ့တယ် မဟုတ်လား။ ”
စွေ့ကျင်းယန်မှ ပြောကြားလိုက်သည်။ သို့သော် ရွယ်ယီက ခေါင်းရမ်းကာ၊
“ မျက်မမြင်အဘိုးကြီးက ... မင်းအကြောင်းကို မသိနိုင်ဘူး မိုးပြာတိုက်ကြီး ရောက်တဲ့အခါ မင်းရဲ့အထောက်အထားကို မပေါက်ကြားဖို့ နန်းတော်သခင်ကိုယ်တိုင် အမိန့်ပေးထားပါတယ် ...
... မျက်မမြင်အဖိုးကြီးမှာ စွမ်းအားတွေ အပြည့်ရှိရင်တောင် မင်းနောက်ခံကို သိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ... ။ ”
-ဟု မှတ်ချက်ပေး၏။ စွေ့ကျင်းယန်တစ်ယောက် မျက်ခုံးပင့်ကာ အံ့ဩသွားလေသည်။
“ တကယ်လား ... ။ ”
“ တကယ်ပါ ... ။ ”
“ ဒါဆို ... သူ ဘာလို့ငါ့မျိုးရိုးကို ခန့်မှန်းနိုင်တာလဲ ငါ့အဘိုးပေးတဲ့ ကျောက်စိမ်း ဆွဲသီးကို မှတ်မိတယ်လို့တော့ မပြောနဲ့။ ”
သူမ ပြောသည့်အတိုင်း ကျောက်စိမ်း ဆွဲသီးကို ခါးမှဖြုတ်ကာ အမူအရာက လွဲမှားစွာ ပြန်ကြည့်နေသည်။ နဝမမြောက် အကြီးအကဲမှ၊
“ ဒီဆွဲသီးက … မရဏလောကရဲ့ တရားစီရင်ရေးမှူး လက်ရာပဲ မဟုတ်လား။ ”
-ဟု မေးမြန်းလိုက်၏။
စွေ့ကျင်ယန်က ခေါင်းညိတ်ပြသည်။ နဝမမြောက်အကြီးအကဲနှင့် ရွယ်ယီသည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ နှစ်ယောက်စလုံး မောဟိုက်သွား၏။
သူတို့ပင် မသိခဲ့သော ဤဆွဲသီးကို မြင်ပြီးနောက် စုရီသည် စွေ့ကျင်းယန်နောက်ခံ အပေါ် ဆုံးဖြတ်နိုင်ခဲ့ပုံပေပင်။ ယင်းသည် အဓိပ္ပါယ်မရှိချေ။
“ ဒီစုရီရဲ့ဇစ်မြစ်က လုံးဝမရိုးရှင်းဘူး။ ”
ခဏအကြာတွင် ရွယ်ယီသည် မျက်ခုံးပင့်လိုက်တော့၏။ စုရီသည် မျက်မမြင် အဘိုးကြီးကဲ့သို့ မရဏကမ္ဘာမှ လာပုံရသည်။ နဝမမြောက်အကြီးအကဲက၊
“ ဒါပေမယ့် မန်ပိုနန်းတော်ရဲ့ အမွေကို သိနေပြီး ကျောက်စိမ်းဆွဲသီးကို ကြည့်လိုက်ရုံနဲ့ မရဏတရားစီရင်ရေးမှူးအပေါ် အသိအမှတ် ပြုနိုင်တဲ့လူမျိုး မင်းကြားဖူးသလား ... ပြီးတော့ သူက အရမ်းငယ်တယ်။ ”
-ဟု ပြောကြားလိုက်သည်။ ရွယ်ယီနှင့် စွေ့ကျင်းယန်တို့မှာ တိတ်ဆိတ်သွားတော့၏။
ဤအရာအားလုံးသည် ငါးမျှားနေခဲ့ပုံပေါက်ပြီး လုံးလုံးလျားလျား လေးနက်နေသည်။ ထိုအချင်းအရာကို ပိုတွေးလေ ပိုထင်ရှားလာလေပင်။
ရုတ်တရက် နဝမမြောက်အကြီးအကဲမှ တစ်စုံတစ်ခုကို သတိရလာကာ၊
“ ကျင်းယန် ... မရဏတရားစီရင်သူက ဒီခရီးစဉ်အတွက် မင်းကိုကျောက်စိမ်းဆွဲသီး ပေးခဲ့တာလား။ ”
-ဟု မေးမြန်းလာ၏။
“ အဲဒီလို ပြောလို့ရတယ်။ ”
“ ဒါဆို ... မင်းကို ညွှန်ကြားချက်တွေ ပေးခဲ့သေးလား။ ”
စွေ့ကျင်းယန်မှ ခဏမျှစဉ်းစားပြီး၊
“ ငါ့အဖေပြောတာတော့ ဒီဆွဲသီးက ငါ့ကိုကာကွယ်ပေးနိုင်တယ်လို့ ပြောတယ် ... ဒါကြောင့် ငါက သိမ်းဖို့လုပ်တော့ ...
... အဖေက ခါးမှာချိတ်ဆွဲထားဖို့ အလေးအနက်ပြောတယ် အဲဒါက ဘိုးဘေးရဲ့ အမိန့်တဲ့ ... သိမ်းမထားနဲ့တဲ့ ...
... အဲဒီတုန်းက ငါဘာမှမတွေးခဲ့ဘူး ... အခုပြန်တွေးကြည့်တော့ ဒီစုရီက ငါ့ဘိုးဘေး ပေးခဲ့တဲ့ ဆွဲသီးကို မှတ်မိသွားတာ ဖြစ်နိုင်တယ်။ ”
နဝမအကြီးအကဲနှင့် ရွယ်ယီခမျာ ထိုအချင်းအရာအပေါ် မှတ်ချက်မပေးနိုင်ခဲ့ဘဲ မသေချာမရေရာမှုများဖြင့် ပြည့်နှက်လာ၏။
အဘယ့်ကြောင့်ဆိုသော် ဤအဖြေသည် သူတို့၏နှလုံးသားများကို လှုပ်ခါစေပြီး ဖော်ပြ၍ မရနိုင်သော အံ့သြမှု မျိုးခံစားရသည်။
မရဏတရားစီရင်သူ စွေ့လုံရှောင်သည် ကြောက်စရာကောင်းသည့် တည်ရှိမှုမျိုး ဖြစ်၏။ ထို့ကြောင့် မန်ပိုနန်းတော်သခင်မှ ကျင်းယန်ကို ဤခရီးတွင် ပါဝင်ခွင့်မပြုရန် ငြင်းဆိုခဲ့သည်။
သို့သော် စွေ့ခေါင်းဆောင်က အတွေ့အကြုံရစေရန် ရည်ရွယ်ကြောင်းစာပို့ လာသဖြင့် သဘောတူလိုက်ခြင်းဖြစ်၏။
ယခုမူ စွေ့မိသားစုခေါင်းဆောင်သည် မရိုးရှင်းကြောင်း သဘောပေါက်လိုက်ကြသည်။ အရေးအကြီးဆုံးသည် ကျောက်စိမ်းဆွဲသီး ပိုင်ရှင် မရဏတရားစီရင်သူဖြစ်၏။
ကျောက်စိမ်းဆွဲသီးသည် ကာကွယ်ရေး ရတနာတစ်ခုမျှသာဖြစ်ပါက ၎င်းကိုမည်သူမျှ မတွေ့ရှိစေရန် သိမ်းဆည်းထားခြင်းသည် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သို့သော် တရားစီရင်ရေးမှူးသည် ထိုသို့ပြုလုပ်ခြင်းကို ခွင့်မပြုခဲ့ချေ။ လူတိုင်း မြင်သာရန် ချိတ်ဆွဲစေသည်။
ဆိုလိုသည်မှာ တစ်စုံတစ်ယောက်သည် ဤဆွဲသီးကိုမှတ်မိကာ စွေ့ကျင်းယန်အပေါ် ဒုက္ခမပေးမိစေရန်ဖြစ်နေ၏။
ယင်းသည်ပင် နားမလည်နိုင်စရာ ဖြစ်နေသည်။ မရဏ တရားစီရင်ရေးမှူးသည် မိုးပြာတိုက်ကြီးရှိ တစ်စုံတစ်ဦးမှ သူ့ဆွဲသီးကို မှတ်မိနိုင်မည်ဟု မှန်းဆနေခြင်းပေပင်။
ထို့ပြင် စွေ့ကျင်းယန်ကို ထိုသူမြင်စေရန် စေလွှတ်ခဲ့၏။ ဤသည်မှာ ဆွဲသီးကိုငါးစာကဲ့သို့ ငါးမျှားနေခြင်းဖြစ်သည်။
အထက်ပါ သုံးသပ်ချက်များသည် သူတို့ကိုပို၍ပင် အံ့ဩလာစေသည်။ မည်မျှပင် ကောင်းကင်ကိုအံတုသော အရည်အချင်းမျိုး ရှိပါစေ ထိုစုရီသည် ဝိညာဉ်ထင်ရှားခြင်းအဆင့်မှ လူငယ်တစ်ယောက်သာဖြစ်သည်။
မရဏတရားစီရင်သူ၏ အာရုံစူးစိုက်မှုကို ရရှိနိုင်စရာ အကြောင်းမရှိချေ။ စွေ့ကျင်းယန်မှ ထိုသဘောတရားအပေါ် လက်မခံဟန်ဖြင့်၊
“ ငါ့အဘိုးက ... ဒီဖြစ်စဉ်မှာ ငါးမျှား နေတယ်ဆိုရင်တောင် ငါးကြီးတစ်ကောင် ဖြစ်သင့်တယ် ဒီစုရီလို ဂျူနီယာ တစ်ယောက် အပေါ် ... ဘယ်လိုများ စိတ်ဝင်စားမှာလဲ။ ”
-ဟု ညည်းတွားလိုက်၏။
လျှို့ဝှက်ခန်းတွင်းရှိ လေထုသည် ချက်ချင်းပင် တင်းကြပ်လာကာ သုံးယောက်လုံး နှလုံးသားများ တုန်ခါသွားကြသည်။
အဆိုပါ ကောက်ချက်သည် မယုံနိုင်လောက်စရာပေပင်။ နဝမမြောက် အကြီးအကဲမှ၊
“ ဖြစ်နိုင်ချေနှစ်ခုပဲ ရှိတယ် ... ပထမဖြစ်နိုင်ချေက စုရီမှာ တရားစီရင်ရေးမှူး စိတ်ဝင်စားတဲ့ တစ်စုံတစ်ရာရှိရမယ် ဒါမှမဟုတ် အဲဒီစုရီရဲ့မူလဇစ်မြစ်က ... တကယ့်ကို ထူးခြားရမယ်။ ”
-ဟု ပြောကြားလိုက်၏။
“ ငါ့ဘိုးဘေးလိုလူက ဝိညာဉ် ထင်ရှားခြင်းအဆင့်က တစ်စုံတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုကို စိတ်ဝင်စားမဲ့ နည်းလမ်းမရှိပါဘူး။ ”
စွေ့ကျင်းယန်မှ ခေါင်းရမ်းလျက် မှတ်ချက်ပေးသည်။
“ ဒါဆို ... တခြားဖြစ်နိုင်ခြေတစ်ခုပဲ ရှိတော့တယ်။ ”
နဝမမြောက် အကြီးအကဲနှင့် ရွယ်ယီသည် အံ့သြပြီး စိတ်ရှုပ်သွားသည်။ မိုးပြာတိုက်ကြီးမှ လူငယ်တစ်ဦးသည် မရဏကမ္ဘာ၏ တရားစီရင် ရေးမှူးကို သိနေသည်လော။ အဓိပ္ပါယ်မရှိချေ။
“ နဝမမြောက် အကြီးအကဲ ... မင်းဆိုလိုချင်တာက ဒီစုရီရဲ့နောက်ခံမှာ တစ်ခုခု ထူးခြားနေတယ်လို့ ဆိုချင်တာလား။ ”
စွေ့ကျင်းယန်မှ ရှုပ်ထွေးစွာမေး၏။ လက်ရှိမိုးပြာတိုက်ကြီးတွင် တစ်ဖက်လူသည် ဒဏ္ဍာရီတစ်ခုကို ရေးထိုးနေသူဖြစ်သည်။
ထုံးစံအတိုင်း ထိုအချင်းအရာသည် မန်ပိုနန်းတော်၏အာရုံကို စွဲဆောင်နေပြီဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ စုရီ၏ ဇစ်မြစ်နှင့် နောက်ခံသည် ရိုးရှင်းနေပြန်သည်။
ဝေးလံခေါင်သီသော နိုင်ငံငယ်လေးရှိ မျိုးနွယ်စုမှ ဆင်းသက်လာပြီး ဖခင်စုဟုန်လီနှင့် မိခင်မှာ ကွယ်လွန်ထားသည်။
၎င်းနှင့် ပတ်သတ်၍ သံသယဝင်စရာ မရှိချေ။ ထို့ကြောင့် နဝမမြောက်အကြီးအကဲနှင့် ရွယ်ယီတို့မှ စုရီသည် စွေ့ဘိုးဘေးအာရုံကို ဖမ်းစားထားသည်ဟု ဆိုခြင်းအပေါ် ပဟေဋ္ဌိဖြစ်ခဲ့ရသည်။
“ ဒီသာမန် နောက်ခံပုံပေါက်လေ ... ပိုပြီးထူးခြားလေပါပဲ မနှစ်က သူဟာ စုမျိုးရိုးရဲ့ အသုံးမကျသူဖြစ်ပြီး ကျင့်ကြံမှုဆုံးရှုံးခဲ့တယ် ...
... ဒါပေမယ့် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့ကစပြီး လုံးဝပြောင်းလဲသွားပုံရတယ် အခုဆိုရင် မျိုးဆက်သစ်တွေထဲမှာ အလေးစားရဆုံးဖြစ်လာတယ်။ ”
ဤအဖြစ်အပျက်သည် တစ်နှစ်အတွင်း ဝေးလံခေါင်သီသောနိုင်ငံမှ လူငယ်တစ်ဦး၏ ခရီးလမ်းဖြစ်သည်။
“ ဒီလို မယုံကြည်နိုင်လောက်အောင် အံ့ဖွယ်ဖြစ်ရပ်တွေနဲ့ လူတစ်ယောက်ရဲ့မူလက ဘယ်လိုလုပ် သာမန် ဖြစ်နိုင်မှာလဲ။ ”
နဝမမြောက်အကြီးအကဲ စကားအဆုံး၌ စွေ့ကျင်းယန်နှင့် ရွယ်ရီသည် တိတ်ဆိတ်သွား တော့၏။
“ ပြီးတော့ ခေါင်းတလားထမ်းမျိုးရိုးက သူ့အနားပေါ်လာတာ မမေ့နဲ့ ... မရဏကမ္ဘာမှာ ခေါင်းတလားထမ်း သရဲအိုကြီးမျိုးရိုးက ...
... အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်တယ် ခွန်အားနဲ့ ဂုဏ်သတင်းအရ စွေ့ဘိုးဘေးထက် မနိမ့်ဘူး ... ဒီလိုမျိုးရိုးရဲ့ တစ်စုံတစ်ယောက်က စုရီအနားဘာလို့ ရှိနေရတာလဲ။ ”
ဤတစ်ကြိမ် သုံးသပ်ချက်ကြောင့် စွေ့ကျင်းယန်မှ တုန်လှုပ်ချောက်ချားမှုကို မထိန်းနိုင်တော့ဘဲ၊
“ ဒါဆို သူက မရဏကမ္ဘာကလား ... ။ ”
-ဟု ပြန်မေးတော့၏။
“ ဖြစ်နိုင်တယ် ... မမေ့ပါနဲ့၊ သူက ငါတို့ မန်ပိုနန်းတော်ရဲ့ အမွေနဲ့ လျှို့ဝှက်နည်းစနစ်ကို ကောင်းကောင်း နားလည်တယ် ...
... မရဏတရားစီရင်သူတောင် သူ့ကို သတိထားမိတယ် မဟုတ်ရင် ... ကျင်းယန်ကို ကျောက်စိမ်းဆွဲသီးပေးပြီး တိုက်ကြီးဆီ ဘယ်သူလွှတ်မှာလဲ။ ”
“ ဒါပေမယ့် ငရဲကမ္ဘာမှာ စုမျိုးရိုးမရှိပါဘူး။ ”
စွေ့ကျင်းယန်မှ မျက်မှောင်ကြုတ်ပြီး ငြင်းဆန်လိုနေ၏။
“ ပြီးတော့ ... ငါ့ဘိုးဘေးအာရုံကို ဖမ်းစားနိုင်တဲ့ စုမျိုးရိုးနာမည်နဲ့ လူလည်း မရှိဘူး ဟမ့် ... နေဦး ဒါ စုရွှမ်ကြွယ်ဖြစ်နိုင်မလား။ ”
“ စုရွှမ်ကြွယ် ... ။ ”
ဤနာမည်သည် တားမြစ်ချက်တစ်ခု ဖြစ်နေကာ နဝမမြောက်အကြီးအကဲနှင့် ရွယ်ယီ ခမျာ တုန်လှုပ်သွားတော့သည်။
“ မဖြစ်နိုင်ဘူး ... ။ ”
***