စုရွှမ်ကြွယ် ...
Vol. 48 Ch. 575
ချက်ချင်းပင် နှစ်ယောက်သား ခေါင်းယမ်းကာ မဆိုင်းမတွ ငြင်းဆိုကြသည်။ ရွယ်ယန်မှ ကူကယ်ရာမဲ့စွာ ပြုံးလျက်၊
“ ကျင်းယန် ကျေးဇူးပြုပြီး အဲလိုဟာသမျိုးတွေ မလုပ်ပါနဲ့ ရိုးရိုးသားသား ပြောရရင် ဒီနာမည်က ဟာသမဟုတ်ဘူး ... တားမြစ်ချက်ပဲ။ ”
ဤသည်မှာ အရိုင်းမြေကိုးပါးကို အုပ်စိုးသောဓားမိစ္ဆာတစ်ပါးဖြစ်သည်။ သူသည် ဧကရာဇ်များအနက် အဓိပတိဧကရာဇ်ဖြစ်၏။
ဧကရာဇ်တိုင်း၏ ပြိုင်ဘက်ကင်း ဓားသမားတစ်ယောက်ပေပင်။ စုရွှမ်ကြွယ်နှင့် ဓားတစ်လက် မရဏကမ္ဘာသို့ဝင်ကာ မြေခွေးအိုကြီးများကို အနိုင်ယူခဲ့၏။
ထိုအချိန်မှစကာ ယနေ့အချိန်အထိ မရဏကမ္ဘာတွင် နတ်ဓားရှင်အဖြစ် အသိအမှတ် ပြုထားခဲ့ကြသည်။
“ ဟမ့် ... စုရွှမ်ကြွယ်ဆိုရင်သာ ... ငါ့ဘိုးဘေးက လေးစားကောင်းလေးစားနိုင်မယ် အဲဒီလိုပဲ ... ခေါင်းတလားထမ်းသရဲအိုကြီးရဲ့ မျိုးဆက်တွေက ...
... စုရွှမ်ကြွယ်လိုလူကိုသာ နတ်ဘုရားလို ကိုးကွယ်မယ် ... ဒီကမ္ဘာကြီးမှာ မန်ပိုနန်းတော် အမွေကို နားလည်နိုင်တာ သူ့အပြင် အခြားသူမရှိနိုင်ဘူး။ ”
စွေ့ကျင်းယန်မှ အခိုင်အမာဆို၏။
“ ဒါပေမယ့် အဖိုးကြီးရွှမ်ကြွယ်က လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာခန့်က ကွယ်လွန်သွားပြီ မဟုတ်လား ... ပြီးတော့ စုရီနဲ့ သူ့ကြားမှာ နယ်ပယ်တစ်ခုလုံးခြားနေပါသေးတယ် ... ။ ”
ရွယ်ယန်မှ ငြင်းဆန်၏။ စွေ့ကျင်းယန်က ခေါင်းယမ်းလိုက်ပြီး၊
“ ငါ့ကို အထင်လွဲနေပြီ ... စုရီကို စုရွှမ်ကြွယ်လူပြန်ဝင်စားလာတာ ဖြစ်နိုင်ချေ အရမ်းများတယ်လို့ ပြောချင်တာ ... ။ ”
“ ဒါ ... ။ ”
“ လူဝင်စားတာလား ... ။ ”
နဝမမြောက် အကြီးအကဲနှင့် ရွယ်ယီ တို့ခမျာ မျက်လုံးများ ပြူးကျယ်ကုန်၏။
“ မဖြစ်နိုင်ပါဘူး ... လူဝင်စားခြင်း လမ်းရဲ့လျှို့ဝှက်ချက်ဟာ ဒဏ္ဍာရီတစ်ခုပါပဲ ရှေးခေတ်ကနေ ယခုအချိန်အထိ ဘယ်သူမှ မအောင်မြင်သေးဘူး ...
... နာကျည်းခြင်း ပင်လယ်ရဲ့ တစ်ဖက်ကမ်းကို ရောက်ရင် လူဝင်စားခြင်း လမ်းစဉ်လျှို့ဝှက်ချက်ကို တွေ့လိမ့်မယ်လို့ ဒဏ္ဍာရီမှာရှိတယ် ဒါပေမယ့် ...
... လူတိုင်းက နာကျည်းခြင်းပင်လယ်ဟာ အကန့်အသတ်မရှိမှန်း သိနေတာပဲ ဧကရာဇ်လို တန်းခိုးရှင်တွေတောင် ရှင်သန်ဖို့ ရုန်းကန်ရမယ် တကယ်လို့ အောင်မြင်ခဲ့ဦး ... အဲဒီစုရွှမ်ကြွယ်က အသက် (၅၀၀) ရှိသင့်နေပြီ။ ”
ထိုစကားကို ကြားပြီးနောက် စွေ့ကျင်းယန်သည် သူမ၏ ကောက်နုတ်ချက် မှားယွင်းနေကြောင်း သိရှိလိုက်၏။
“ ဒါဆို သူက ဘယ်သူလဲ ... ။ ”
“ ဒီအဖြေကို ... မရဏတရားစီရင်သူ သာလျှင် သိလိမ့်မယ် မရဏကမ္ဘာကိုရောက်ရင် စွေ့ဘိုးဘေးကို မေးနိုင်တယ်။ ”
“ ဒါက တစ်ခုတည်းသော နည်းလမ်းပဲ။ ”
စွေ့ကျင်းယန်မှ လက်လျော့လိုက်၏။ ရွယ်ရီက ရုတ်တရက် သတိရလာပြီး၊
“ ဖြစ်နိုင်ရင် သူနဲ့ ဆက်သွယ်ပါ ... အချက်အလတ်တွေ ရှာတွေ့နိုင်ရင် သူ့ရဲ့မူလကို ငါတို့သိနိုင်မယ်။ ”
-ဟု အကြံပြု၏။
ထိုစကားကြားချိန်မှသာ စွေ့ကျင်ယန်တစ်ယောက် မျက်ဝန်းများ တောက်ပလာပြီး၊
“ ဒါအကြံကောင်းပဲ။ ”
-ဟု ပြုံးရွှင်သွား၏။
“ ဒီကောင်လေးရဲ့ မူလဇစ်မြစ်က ထူးဆန်းတယ် ... လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတယ် ဘာပဲဖြစ်ဖြစ် ငါတို့ သူ့ရန်သူ မဖြစ်စေနဲ့ ... ။ ”
နဝမမြောက် အကြီးအကဲမှ သတိပေးသည်။
“ နဝမမြောက် အကြီးအကဲ ... ဒီလူက အဝါရောင်နွေဦး ဝိညာဉ်ပေါင်းစည်းခြင်း ဆေး (၆)လုံး ခြိမ်းခြောက်လုယူသွားတာ မေ့လိုက်မို့လား ... ။ ”
“ ဒါက ကံကောင်းမှုပါပဲ ... သူက မရဏတရားစီရင်သူရဲ့ ကျောက်စိမ်းဆွဲသီးကို အသိအမှတ်ပြုတဲ့အတွက် ...
... သူဟာ မင်းဘိုးဘေး ရှာနေတဲ့ ပုဂ္ဂိုလ်ဖြစ်နိုင်တယ် ဒါဆိုသဘာဝအတိုင်း သူက မင်းရန်သူဖြစ်မှာ မဟုတ်ဘူး ...
... သုံးရက်နေရင် မိုးပြာတိုက်ကြီးရဲ့ ရွှေခေတ်ရောက်လာလိမ့်မယ် ငါတို့မိုးပြာမူလကို သိမ်းပိုက်ပြီးတာနဲ့ စုရီဆီသွားလည်ရအောင်။ ”
***
နဝမမြောက် ကြယ်နယ်မြေ။ ကြယ်သေသစ်ပင်ကြီးသည် ညှိုးနွမ်းယိုယွင်း နေသည့် လက္ခဏာများ ပြသနေပြီဖြစ်၏။
“ ဂျွတ် ... ။ ”
ပင်စည်သည် ပြိုကျပျက်စီးတော့မည် ထိတ်လန့်တုန်လှုပ်ဖွယ် အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။
“ ငှက်ကလေး၊ ငါတို့ထွက်သွားဖို့ အချိန်တန်ပြီ။ ”
အားချန်မှ သစ်ကိုင်းပေါ်တွင်ရပ်ကာ ပြောကြားလိုက်သည်။ သူမ မျက်နှာပေါ်တွင် ဝမ်းနည်းနေသည့်ပုံပေါ်လွင်၏။ မီးခိုးရောင် စာငှက်က အတောင်များ ဖျပ်ဖျပ်ခတ်ပြီး၊
“ ငါမျောက်ကလေးရဲ့ ရုပ်ကြွင်းကို သွားယူလိုက်ဦးမယ်။ ”
-ဟု တုန့်ပြန်၏။
ထို့နောက် နှစ်ယောက်သား အထီးကျန်အုတ်ဂူတစ်လုံးရှေ့ ပြန်ပေါ်လာ တော့သည်။
“ ဝုန်း ... ။ ”
မီးခိုးရောင်စာငှက်မှ အုတ်ဂူကို ဖြိုခွဲပစ်လိုက်ကာ ယွမ်မိုရှင်း၏ ရုပ်ကြွင်းကို ပြန်လည်ရယူလျက် ကျောက်သေတ္တာတစ်ခု အတွင်း ချိတ်ပိတ်လိုက်၏။
“ အားချန် ... ငါတို့ဘယ်သွားမလဲ။ ”
မီးခိုးရောင်စာငှက်မှ မေးသည်။
“ တာအိုစုဆီ သွားတွေ့ရအောင် ... ။ ”
“ ငါတို့ မိုးပြာမျိုးစေ့ ပြန်ယူမလို့လား။ ”
“ မဟုတ်ဘူး ... တာအိုစုလိုလူလက်မှာ မိုးပြာမျိုးစေ့ကို ထားခဲ့တာ အကောင်းဆုံးပါပဲ ငါသူ့ကို မေးခွန်းအချို့ မေးစရာရှိတယ်။ ”
“ ဒါဆို သွားရအောင်။ ”
ထို့နောက် မီးခိုးရောင်စာငှက်သည် လျင်မြန်စွာဖြင့် အားချန်ပခုံးပေါ် ခိုနားလိုက်ကာ ပြိုကျနေသော ကြယ်သေသစ်ပင်ကြီးထံ တစ်ချက် မျှော်ကြည့်လိုက်သည်။
***
ညနေစာစားသောက်ပြီးနောက် စုရီသည်ကြိမ်ကုလားထိုင်တွင် လှဲလျောင်းလျက် သက်တောင့်သက်သာ အနားယူနေသည်။
ကောင်းကင်တခွင် များပြားလှသော ကြယ်အစက်အပြောက်များကို ရှင်းလင်းစွာ မြင်နိုင်၏။
“ ဆရာစု ... သုံးနာရီအတွင်း ကောင်းကင်ကြီးမှာ ပြင်းထန်တဲ့ အပြောင်းအလဲ တစ်ခုပေါ်တော့မယ်။ ”
မျက်မမြင်အဘိုးအိုက သူ့ဘေးတွင် ကောင်းကင်ပေါ် မော့ကြည့်လျက် မှတ်ချက်ပေး လာသည်။ စုရီက မျက်လုံးများ မှိတ်လိုက်၏။
“ ငါခဏလောက် အနားယူလိုက်ဦးမယ် ... သိပ်စိတ်မပူပါနဲ့ ရွှေခေတ်လာတော့မယ်။ ”
မျက်မမြင်အဘိုးကြီး၊ ဝမ်ရှင်းကျောက်၊ ဧကရာဇ်ရှနှင့် အခြားသူများသည် သိမ်မွေ့သော အကြည့်ချင်းဖလှယ်ကုန်ကြသည်။
ဤသည်မှာ စုရီဖြစ်၏။ ကောင်းကင်ကြီး ပြိုကျလျှင်ပင် တည်ငြိမ်နေနိုင်သေးသည်။ စုရီမှ အတွေးထဲ နစ်မျောနေ၏။ သူ့တွင် မိုးပြာမူလ ရှိသဖြင့် ကောင်းခြင်းသည် ရရှိပြီးဖြစ်သည်။
မဟာတာအိုများ ကောင်းကင်မှ ရွာကျချိန်တွင် မိုးပြာမူလသည် အလိုအလျာက် စုဆောင်းပေးပေမည်။
လက်ရှိကျင့်ကြံမှုသည် ဝိညာဉ် ထင်ရှားခြင်းအဆင့် ပြီးပြည့်စုံမှုသို့ ရောက်ရှိ သွားခဲ့ပြီဖြစ်သည်။
ကောင်းကင်ကြီး ပွင့်လာသောအခါ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်သို့ လွယ်ကူစွာ တက်ရောက်နိုင်ပေမည်။
မိုးပြာတိုက်ကြီးတခွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူများသည် ဝိညာဉ်ပြောင်းလဲခြင်း အဆင့်တွင်သာရှိသည်။
ဤအခြေအနေများ အောက်တွင် ထိုက်တန်သော ပြိုင်ဘက်များကို ရှာဖွေရန်မှာ သူ့အတွက် အနည်းငယ် ခက်ခဲလာသည်။
ထို့ကြောင့် ရွှေခေတ်ကို မျှော်လင့်၏။ အချိန်များ တရွေ့ရွေ့ ကုန်လွန်နေတော့သည်။ ကောင်းကင်နှင့် မြေကြီးကြား ဖိအားတစ်ခု ဆင်းသက်လာ၏။
နက်ရှိုင်းသော တောင်တန်းများနှင့် သစ်တောများ၌နေထိုင်ကြသည့် နတ်ဆိုးများမှာ ကြောက်ရွံ့တုန်လှုပ်ကုန်သည်။
မြို့ပေါ်ရှိ သာမန်လူများသည်ပင် လမ်းမများပေါ်ထွက်မလာတော့ဘဲ ဆိတ်ငြိမ်စွာ စောင့်ကြည့်နေကြသည်။
တစ်စုံတစ်ရာ ဖြစ်ပျက်မည်ကို ခံစားမိသော်လည်း သူတို့နားမလည်ကြချေ။ ထိုစဉ် စုရီက မျက်လုံးများ ဖွင့်လိုက်ပြီး၊
“ အချိန်ကျပြီ ... ။ ”
-ဟု တိုးတိုးလေးပြောလိုက်သည်။
ထိုစကားကို ကြားသကဲ့သို့ ရုတ်တရတ် မှုန်ဝါးဝါး ကောင်းကင်နက်နက်မှ အသံတစ်သံ ပဲ့တင်ထပ်လာတော့၏။
“ ဝုန်း ... ။ ”
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော တစ်စုံတစ်ရာပြိုလဲသံကြီး ထွက်ပေါ်လာသည်။ ကောင်းကင်နှင့်မြေကြီး တုန်လှုပ်သွား၏။
မိုးပြာတိုက်ကြီးအနှံ့ သာမန်လူများ၊ သက်ရှိများနှင့် သားရဲများအားလုံး တုန်လှုပ် ခြောက်ခြားလျက် ကောင်းကင်ပေါ် မော့ကြည့်လိုက်တော့သည်။
“ ခရစ် ... ။ ”
ကြယ်တာရာများ တဖြည်းဖြည်း ရွေ့လျားလာနေသည်ကို သာမန်မျက်စိဖြင့်ပင် မြင်လာနိုင်၏။ အဆုံး၌ ကောင်းကင်ကြီး ရုတ်တရက် အက်ကွဲလာသည်။
ထိုမြင်ကွင်းသည် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ထင်မှားစေ၏။ ဤသို့သော ပြောင်းလဲမှုသည် သေမျိုးများအတွက် ကြောက်မက်ဖွယ် ကောင်းချေပြီ။
***