← Chapters

သီချင်းဆိုချင်တယ်

Vol. 6 Ch. 75

သီချင်းဆိုချင်တယ်

Vol. 6 Ch. 75

“အထူးစစ်ဆင်ရေး - လက်ခံသူသည် ဖျော်ဖြေရေး အဆောက်အဦ တစ်ခုသို့ ရောက်ရှိနေကြောင်း ထောက်လှမ်း မိပါသည်။ ထို့ကြောင့် စစ်ဆင်ရေးတစ်ခု ပြုလုပ်ရမည် ဖြစ်သည်။

ဖျော်ဖြေပွဲသို့ လာရောက်သူ ရှစ်သောင်း၏ နှလုံးသားထဲမှ လက်ခံလာနိုင်မည့် သီချင်းတစ်ပုဒ်အား ဖျော်ဖြေရမည် ဖြစ်သည်။

အောင်မြင်ပါက - ကောင်းကင်ကျင့်စဉ် ‘နတ်ဘုရားစစ်ဆေးမှု နည်းစနစ်’အား လက်ခံရရှိပါမည်။

ကျဆုံးခဲ့လျှင် - မိန်းမလျာဟူသည့် ဂုဏ်ပုဒ်အား လက်ခံရမည်။

“မှတ်ချက် - ငြင်းပယ်ခွင့်မရှိ …။”

“အန်လင်း …”

အန်လင်းသည် ထိုစနစ်အား ကြိတ်ချေ ပစ်ချင်လာသည်။ မိန်းမလျာ အန်လင်း ဖြစ်လာစေချင်တယ်ပေါ့ …။

ထိုဂုဏ်ပုဒ်ကို လက်ခံမည့်အစား သေပစ်လိုက်မည်။

ထိုစနစ်သည် တိတ်တိတ်မနေလျှင် သူ့အား ပေါက်ပန်းလေးဆယ် စစ်ဆင်ရေးများကို ပေးလေ့ရှိသည်။ မဟုတ်မှလွဲ စနစ်သည်လည်း ရှောင်းဟုန်၏ လွှမ်းမိုးမှုအား ခံစားနေရသည်လား …။

လူရှစ်သောင်းရဲ့ စိတ်ထဲကနေ လက်ခံလာနိုင်တဲ့ သီချင်းကို ဆိုရမယ်ပေါ့ …။

ဒီဖေ … ရှစ်သောင်း ဆိုတာ ဒီဖျော်ဖြေရေး ကွင်းပြင် တစ်ခုလုံးရဲ့ အများဆုံး ဆန့်နိုင်တဲ့ ပမာဏကွ …။

တုန်ဖန်ရွှယ်သည် အလွန်ထင်ပေါ် ကျော်ကြားသူ ဖြစ်ပြီး အဆောက်အဦ တစ်ခုလုံး ပရိသတ်အပြည့် ဖြစ်နေသူသည်ပင်လျှင် လူတိုင်း ကြိုက်နှစ်သက်နိုင်မည့် သီချင်းကို သီဆိုဖျော်ဖြေရန် လိုအပ်သည်။

ထို့ကြောင့် အလွန်ခက်ခဲမည်မှာ သိသာ လွန်းလှသည်။ အန်လင်း၏ သီချင်းဆို စွမ်းရည်မှာ မဆိုးလှသော်လည်း တုန်ဖန်ရွှယ်နှင့် ယှဉ်နိုင်မည် မဟုတ်ပါ။

တုန်ဖန်ရွှယ်၏ သီဆိုသည့် အခါတွင် လူတိုင်း၏ မျှော်လင့်ချက်သည် တရိပ်ရိပ် တိုးလာပြီး တုန်ဖန်ရွှယ်၏ ထူးချွန်သည့် သီဆိုဖျော်ဖြေမှု နောက်သို့ ပျော်ရွှင်စွာဖြင့် လိုက်ပါ စီးမျောကြသည်။ လုံးဝကို မဖြစ်နိုင်ပေ။

တုန်ဖန်ရွှယ်၏ ဖျော်ဖြေပွဲများသို့ အဆိုတော် အနည်းငယ်သာလျှင် လာရောက် ပူးပေါင်းကာ သီဆိုဖျော်ဖြေကြသည့် အကြောင်းအရင်းကို သိပါသလား။

အကြောင်းမှာ ပရိသတ်သည် တုန်ဖန်ရွှယ်နှင့်အတူ ပူးပေါင်းဖျော်ဖြေသည့် အဆိုတော်အား နှိုင်းယှဉ် ကြသောကြောင့် ဖြစ်သည်။ မတူညီသည့် အချက်များအား ယှဉ်ကြည့်ကာဖြင့် သူတို့ ပြောဆိုလေ့ ရှိသည်မှာ …

“ဪ … ဒီဟာက အဆိုတော်တဲ့လား … ဘယ်လိုအမှိုက်တွေကို ဆိုနေကြတာတုန်း …”

နာမည်ကျော် အဆိုတော် အများစုသည် တုန်ဖန်ရွှယ်နှင့် ပူးပေါင်း ဖျော်ဖြေခဲ့လျှင် သူတို့၏ ဂုဏ်သတင်း ကျဆင်းမည်ကို စိုးရိမ်သဖြင့် တုန်ဖန်ရွှယ်နှင့်အတူ ဖျော်ဖြေရန် မရဲပေ။

ထို့ကြောင့် နာမည်မရှိသည့် အဆိုတော် အများစုသာလျှင် တုန်ဖန်ရွှယ်၏ ဖျော်ဖြေပွဲများတွင် လာရောက် ဖျော်ဖြေလေ့ရှိသည်။ သူတို့တွင် ဆုံးရှုံးဖို့ရန် မရှိပေ။ သူတို့၏ ရည်ရွယ်ချက်မှာလည်း လူထုရှေ့တွင် အချိန်ကြာကြာ နေထိုင်နိုင်ရန် ဖြစ်သည်။ ဂုဏ်သိက္ခာနှင့် ပရိသတ်၏ တုံ့ပြန်ချက်မှာ သူတို့အတွက် အရေးမပါလှပေ။

ပရိသတ်သည်လည်း ထိုအဆိုတော်များအား မျှော်လင့်ချက် သိပ်မထားပေ။ ထမင်းသိုး ဟင်းသိုး ဟုသာလျှင် ဆက်ဆံကြသည်။ သူတို့အနေဖြင့် ကီးချော်ပြီး မဆိုသရွေ့ အဆင်ပြေသည်။

အကယ်၍ အန်လင်းသည် စင်ပေါ်တက်ပြီး သီချင်း ဆိုမည်ဆိုလျှင် သူ့အား ထမင်းသိုး ဟင်းသိုးကဲ့သို့ ဆက်ဆံကြမည်မှာ တွေးကြည့်စရာပင် မလိုချေ။ တုန်ဖန်ရွှယ်၏ သာလွန် ထူးကဲမှုနှင့် ပရိသတ်၏ စိတ်ပျက် အားလျော့မှုတို့ ရင်ဆိုင်တွေ့ကြမည် ဆိုလျှင် …

ထိုနှစ်ခု၏ သက်ရောက်မှု အောက်တွင် ပရိသတ်၏ စိတ်နှလုံးကို ဖမ်းစားနိုင်အောင် သီဆိုဖို့ရန်မှာ …

တစ်ခုတည်းသာလျှင် ပြောချင်တော့သည်။ မအေပေး စနစ် …။ နင်က ငါ့ကို မမ အန်လင်း အဖြစ် ပြောင်းလဲချင်တယ်ဆိုရင် ငါ့ကိုပဲ တိုက်ရိုက်ပြောပါ့လား …။ အခုလိုမျိုး လှည့်ပတ်ပြီး လုပ်နေစရာ မလိုပါဘူး …။

ရွေးချယ်မှု မရှိသည့်နောက်တွင် အဖြစ်မှန်ကိုသာ လက်ခံပြီး အန်လင်းမှာ ပျောက်ကွယ် သွားချင်တော့သည်။

မျှော်လင့်ချက် အားလုံးကို စွန့်လွှတ်လိုက်ပြီး ပြောင်းလဲမှု များကိုသာ စောင့်ကြို နေရမည်လား …။

မဟုတ်ဘူး ...

မျှော်လင့်ချက် သေးသေးလေး ရှိရင်ပင် လက်မလျှော့နိုင်ချေ။

အခြားသူတစ်ဦး၏ စိတ်ဆန္ဒကြောင့် အန်လင်းသည် မည်သည့်အခါတွင်မျှ ကွေးသွားလိမ့်မည် မဟုတ်။

စနစ်သည် သူ၏ တိုက်ခိုက်လိုသည့် စိတ်ဝိညာဉ်အား လောင်ကျွမ်းစေလိုက်ပြီ ဖြစ်သည်။ လှုပ်ရှား ရုန်းကန် ရတော့မည်။ အန်လင်းသည် သေချာပေါက် ရင်ဆိုင် တိုက်ခိုက်တော့မည်။

“ကောင်းကင် နတ်မိမယ်တည်ငြိမ်ရေ … ငါစင်ပေါ်မှာ သီချင်း ဆိုချင်တယ်လို့ …” အန်လင်းသည် သူ့အရှေ့တွင် ရှိနေသည့် ဂန္တဝင်ဆန်သည့် အလှတရားလေးအား ပြောလိုက်သည်။

“ဘာဖြစ်တယ် …”

ထျန်းလင်းလင်းမှာ ချက်ချင်း ဆိုသလိုပင် အံ့ဩလွန်းသဖြင့် အာမေဋိတ် အသံများပင် ထွက်ကျလာသည်။

အန်လင်းက အမှတ်တရ လက်မှတ် ထိုးခိုင်းဖို့ လာတာ မဟုတ်ဘူးလား။ ဘာလို့များ တုန်ဖန်ရွှယ်ရဲ့ ဖျော်ဖြေပွဲမှာ ရုတ်တရက်ကြီး သီချင်း ဆိုချင်လာရတာတုန်း။

တုန်ဖန်ရွှယ်၏ မျက်လုံးထဲတွင်လည်း ထိတ်လန့်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သို့ပေမဲ့လည်း သူမသည်လည်း စိတ်လှုပ်ရှားလာသဖြင့် “ကောင်းပြီ … ငါစီစဉ်ပေးမယ် … နင်က စင်ပေါ်ကို ဘယ်အချိန်လောက် တက်ချင်လဲ …”

“နင် အခုဆိုမယ့် သီချင်းပြီးရင် တက်မယ်လေ … ဒါနဲ့ ဖြစ်နိုင်မယ်ဆိုရင် နင်စင်ပေါ်က မဆင်းခင် ငါ့အတွက် စကားနည်းနည်းလောက် ပြောပေးလို့ ရမလားဟင် …” အန်လင်းသည် ထိုသို့တောင်းဆိုနေစဉ် ပိုပိုပြီး ရှက်လာမိသည်။

တုန်ဖန်ရွှယ်သည် သူမ၏ ပါးစပ်လေးအား လက်ဖြင့်အုပ်ကာ ရယ်မော လိုက်သည်။ “လုပ်ပေးရမှာပေါ့ … နင့်မှာ သီချင်းဆိုတာနဲ့ ပတ်သက်ပြီး ဆုတွေဘာတွေ ရထားဖူးလား … ဒီတိုင်းကြီးတော့ နည်းနည်း အဆင်မပြေဘူးလေ …”

အန်လင်းက လည်ချောင်း ရှင်းလိုက်ပြီးနောက် “အဟမ်း … ငါက  ရှန့်မြို့ အလယ်တန်းကျောင်း သီချင်းဆိုပြိုင်ပွဲရဲ့ ချန်ပီယံလေ … အဲဒါကော အဆင်ပြေလား …”

“တုန်ဖန်ရွှယ် …”

“ထျန်းလင်းလင်း …”

သူမတို့နှစ်ဦးစလုံး၏ အတွေးထဲတွင် ဖြစ်ပေါ်လာသည့် တစ်ခုတည်းသော အတွေးမှာ …

‘သေချာပေါက်ကို ထည့်မတွက်ဘူးဟေ့ …’

နင်အခုရောက်နေတာ တုန်ဖန်ရွှယ်ရဲ့ ဖျော်ဖြေပွဲ …။ ဟွားနိုင်ငံရဲ့ နာမည်အကြီးဆုံး အဆိုတော် …။ ဒီကုန်းမြေကြီးမှာပါ နာမည်အကြီးဆုံး ဖြစ်နိုင်သေးတယ် …။

အဲလိုလူကို ပရိသတ်တွေရှေ့မှာ နင့်ရဲ့ အလယ်တန်းကျောင်း သီချင်းဆို ပြိုင်ပွဲတုန်းက ရခဲ့တဲ့ ဆုအကြောင်း ကြွားစေချင်တယ်ပေါ့ …။

အလယ်တန်းတုန်းက ရခဲ့တဲ့ ဆုကို ကြွားခိုင်းမဲ့အစား နင့်ကိုယ်နင် သတ်သေလိုက်ပါ့လား …။

“အဟမ်း …” တုန်ဖန်ရွှယ်မှာ တံတွေးပင် သီးသွားတော့သည်။

သူမက အားတင်းကာ ပြုံးလိုက်ပြီးနောက် “မစ္စတာအန်ရေ … မိတ်ဆက် စကားကို ကျွန်မဘာသာပဲ ပြောလိုက် ပါတော့မယ်နော် … ကောင်းကောင်း ဖျော်ဖြေနိုင်မယ်လို့ မျှော်လင့်ပါတယ် … ဆိုမယ့်သီချင်း မစ္စလျှိုကို ပြောထားလိုက်နော် … သူမက သေချာစီစဉ် ပေးပါလိမ့်မယ် …”

အန်လင်းက တည်ကြည်ည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

တုန်ဖန်ရွှယ်က သူ့အကြောင်း အနည်းငယ်မျှပင် ပြောစေကာမူ ပရိသတ် ရှစ်သောင်းလုံးသည် သူ့အား ထမင်းသိုး ဟင်းသိုးအဖြစ် ရှုမြင်ကြတော့မည် မဟုတ်ပေ။ အဆင့်မြင့်စားဖွယ် သို့မဟုတ် နတ်သုဒ္ဓါအလား မှတ်ယူကြမည် ဖြစ်သည်။

ထို့ကြောင့် ပရိသတ်များ၏ စိတ်ပျက်မှုသည်လည်း သိသိသာသာကို နည်းသွား ပေလိမ့်မည်။

ထိုနည်းဖြင့် ပရိသတ်များ၏ စိတ်ပျက် အားလျော့သည့် ပြဿနာမှာ ဖြေရှင်းပြီးသား ဖြစ်သည်။

တုန်ဖန်ရွှယ်၏ သာလွန်ထူးကဲမှု …။

အန်လင်း အနေဖြင့် သူမအား စင်ပေါ်တွင် ဆိုးဝါးစွာ သီဆို ဖျော်ဖြေပေးရန် မတောင်းဆိုနိုင်ချေ။ ထို့ကြောင့် သူကိုယ်တိုင် စင်ပေါ်တက်ကာ အရည်အချင်း များကို ထုတ်ပြရမည် ဖြစ်သည်။

ထိုသို့ပြုလုပ်ရန် သူ့အသိစိတ်ကလည်း ခွင့်ပြုမည် မဟုတ်သလို တုန်ဖန်ရွှယ် သည်လည်း ချက်ချင်းပင် ငြင်းပယ် လိမ့်မည်။ သူမသည် ချီးကျူး ဂုဏ်တင်ခံရခြင်းအား နှစ်သက်သူ ဖြစ်သည်။ သူမ၏ ဂုဏ်သိက္ခာအား ထိုနည်းဖြင့် ပျက်ပြားစေရန် ခွင့်ပြုမည် မဟုတ်ချေ။

အန်လင်းမှာ ဘာလုပ်ရမှန်း မသိတော့ချေ။

ပရိသတ်သည် သူ့အား အဆိုတော် တစ်ဦးအဖြစ် သတ်မှတ်လျှင်တောင် သူတို့၏ စိတ်နှလုံးသားအား ဖမ်းစားနိုင်ရန် မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။

အလယ်တန်းကျောင်း သီချင်းဆိုပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် စကေးများအား ထုတ်သုံး လိုက်ရမည်လား။ အန်လင်းသည် ယခုအခါတွင် တာအိုခန္ဓာ အဆင့်၁၀ ကျင့်ကြံသူ တစ်ဦး ဖြစ်နေသောကြောင့် အသံအားမှာ သိသိသာသာ တိုးတက်လာသည် ဆိုလျှင်ပင် သူ၏ သီဆို နိုင်စွမ်းသည် တုန်ဖန်ရွှယ်အား နည်းနည်းလေးမျှပင် မမီနိုင်ပါ။

အခြားသော သာမန်အဆိုတော် တစ်ဦးနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အန်လင်း အတွက် အဆင်ပြေ နိုင်သေးသည်။

သို့သော်လည်း တစ်ဖက်လူမှာ တုန်ဖန်ရွှယ် ဖြစ်သည်။ ဂီတလောက တစ်ခုလုံးတွင် ထိပ်ဆုံး၌ ရပ်တည်နေသည့် အဆိုတော်တစ်ဦး ဖြစ်သည်။

သူမ၏ ဖျော်ဖြေပွဲတွင် ပရိသတ် သည်လည်း သူမ၏ အရည်သွေး မြင့်လှသည့် သီဆိုခြင်းကိုသာ နားထောင်လိုကြမည်။ ထို့ကြောင့် အန်လင်းအတွက် သူ၏ ယိုင်နဲ့နဲ့ သီဆိုစွမ်းရည်ဖြင့် ပရိသတ်၏ စိတ်အာရုံအား ဖမ်းစားဖို့ရန် မျှော်လင့်ချက် ရေးရေးလေးပင် မရှိပေ။

သူ၏ သီဆိုစွမ်းရည်အား ဘေးဖယ်ထားမည် ဆိုလျှင် သူအသုံးချ နိုင်သည့်အရာ ဘာကျန်နိုင်တော့မည်နည်း။

ဝှက်ဖဲ ကဲ့သို့သော အခြေအနေအား ချက်ချင်း ဆိုသလို ပြောင်းလဲပစ်နိုင်မည့် တစ်ခုခုသာ ရှိမည်ဆိုလျှင် …

သီဆိုနိင်စွမ်းဖြင့် မယှဉ်ပြိုင်နိုင်လျှင် သီချင်း၏ လွှမ်းမိုးနိုင်စွမ်းဖြင့် ယှဉ်ပြိုင်ရမည်။

ပရိသတ်၏ စိတ်အာရုံအား လှုပ်နှိုး လိုက်နိုင်မည့် သီချင်း အမျိုးအစားကို ရွေးချယ်ရမည်။ သို့မှသာ မျှော်လင့်ထားသည့် ရလဒ်ကို ရရှိနိုင်မည် ဖြစ်သည်။

ရုတ်တရက် ဆိုသလို သူ့မှတ်ဉာဏ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေသည့် သီချင်း တစ်ပုဒ်အား အမှတ်ရလိုက်သည်။ ထိုသီချင်းမှာ ပရိသတ် တစ်ဦး တစ်ယောက်မျှ မကြားဖူးသည့် သီချင်းဖြစ်သည်။ အလွန်အမင်း တက်ကြွသည့် အားမာန်ကို ပေးစွမ်းနိုင်သည့် သီချင်းလည်း ဖြစ်သည်။

ထိုသီချင်းနှင့်ဆိုလျှင် သူ့တွင် အခွင့်အရေး ရှိလိမ့်မည်။

“မစ္စတာအန်ရေ … အခု စင်ပေါ် တက်လိုက်ဦးမယ်နော် … မြန်မြန်လေး သီချင်း ရွေးထားလိုက်တော့ …”

တုန်ဖန်ရွှယ်သည် အန်လင်းအား ပြုံးပြကာ နှုတ်ဆက်ပြီးနောက် စင်ပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။

တုန်ဖန်ရွှယ် ထွက်ခွာသွားပြီး နောက်တွင် ထျန်းလင်းလင်းသည် အန်လေးထံသို့ တုန်တုန်ယင်ယင်နှင့် လမ်းလျှောက်သွားသည်။ “ဟဲ့ … အတုအယောင် တာအိုသခင်ရေ … နင်ဘာတွေ လုပ်နေတာတုန်း … ရုတ်တရက်ကြီး သီချင်းဆိုချင်စိတ်တွေ ပေါက်လာတယ်ပေါ့ …”

အန်လင်း၏ မျက်နှာတွင် ခါးသီးသည့် အပြုံးတစ်ခု ပေါ်လာသည်။ “ငါ့မှာ ရွေးချယ်စရာ မရှိဘူး … ငါက သီချင်းဆိုရုံတင် မကဘူး ပွဲကိုရောက်လာတဲ့ ပရိသတ် ရှစ်သောင်းလုံးရဲ့ သဘောကျ နှစ်ခြိုက်မှုကိုလည်း ရယူရဦးမှာ … အဲလိုမှ မဟုတ်ရင် နင်က ငါ့ကို မမအန်လင်း အဖြစ် နေ့တိုင်း မြင်နေရလိမ့်မယ် …”

“ဟမ် …” ထျန်းလင်းလင်း၏ မျက်လုံးများမှာ တောက်ပကာ ပြူးကျယ်လာသည်။

အန်လင်းက မည်သည့် အတွက်ကြောင့် ‘မမအန်လင်း’ ဖြစ်သွားမည်ကို သူမ မသိသော်လည်းဘဲ သူကျရှုံးလျှင် ဆိုသည့် အတွေးမှာ ထျန်းလင်းလင်းအား အတော်လေး စိတ်လှုပ်ရှား စေသည်။

“မစ္စတာအန်ရေ … ရှင်ဆိုမယ့် သီချင်းနဲ့ ပတ်သက်ပြီး ဘာတွေလိုအပ်လဲ ပြောပါနော် …” မစ္စလျှိုက အန်လင်းထံသို့ လျှောက်လာသည်။ အန်လင်းသည် မကြာမီအချိန်တွင် စင်ပေါ်သို့ တက်ရတော့မည် ဖြစ်သဖြင့် ဆုံးဖြတ်ချက် ချရတော့မည် ဖြစ်သည်။

အန်လင်းက ခေါင်းခါ လိုက်ပြီးနောက် “ဘာမှ မလိုအပ်ပါဘူး …”

“ဘာ ...” မစ္စလျှိုသည် အန်လင်းအား နားမလည်စွာဖြင့် ကြည့်လိုက်သည်။

“ဘာတစ်ခုမှ မလိုဘဲ သီချင်းဆိုမယ်ပေါ့ …”

လာနောက်နေတာလား …။

ထျန်းလင်းလင်း၏ မျက်လုံးများမှာ ပို၍ တောက်ပ လာတော့သည်။ ဘာတစ်ခုမှ မပါဘဲ ပရိသတ် ရှစ်သောင်းအား သူ့အသံဖြင့် ဖမ်းစားမည်ပေါ့ …။

ထိုအဓိပ္ပာယ်မှာ သူမသည် မနက်ဖြန် မတိုင်မီတွင် ‘မမအန်လင်း’အား မြင်နိုင်တော့မည်ဟု ဆိုလိုခြင်းများလား …။

အန်လင်းသည် မစ္စလျှိုအား စိတ်အား ထက်သန်စွာဖြင့် ခေါင်းညိတ် ပြလိုက်သည်။ သူသီဆိုမည့် သီချင်းမှာ စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်မှ သီချင်းဖြစ်သည်။ ထိုသီချင်းအား မည်ကဲ့သို့ ဆိုရမည်ကို သေမျိုးကမ္ဘာတွင် သိရှိသူ တစ်ဦးမျှပင် မရှိ။ သူ၏ အသံသည်ပင်လျှင် လုံလောက်သည်ထက် ပိုပေသည် …။

***

All Chapters