ခွေးအဖြစ်မွေးဖွားလာမိလို့ တောင်းပန်ပါတယ်
Vol. 40 Ch. 547
“ကောင်းကင်ခွေးမျိုးနွယ်က ဘာဖြစ်လို့လဲ?" ယဲ့ကျွင်းလင် မျက်ခုံးပင့်ကာ ဝင်မေးလိုက်သည်။
စန်းလန်ကျွင်းသည် လေးစားသမှုဖြင့် ဖြေဆိုသည်။ “ကောင်းကင်ခွေးမျိုးနွယ်က အမြင့်ဆုံး နတ်သားရဲမျိုးနွယ်ပါ။ သူတို့ရဲ့ အရည်အချင်းနဲ့ ဉာဏ်ရည်ဉာဏ်သွေးက ဒဏ္ဍာရီလာနတ်သားရဲတွေနီးပါး မြင့်မားပါတယ်။ ဒီမျိုးနွယ်ဟာ တစ်ချိန်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ဖူးပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကောင်းကင်ခွေးမျိုးနွယ်ထဲက ကံကောင်းတဲ့ မျိုးနွယ်ဝင်တစ်ဦးကို ဧကရီဖူယောင်က သူမရဲ့ နောက်လိုက်အဖြစ် ရွေးချယ်ခဲ့တဲ့အတွက် အဲ့ဒီမျိုးနွယ်ဝင်ဟာ တစ်ခေတ်တစ်ခါတုန်းက အတော်လေး သြဇာလွှမ်းမိုးခဲ့ပါတယ်!”
ဤအကြောင်းကြောင့်ပင် ကောင်းပုလီ၏ နောက်ခံကို ကြားသောအခါ စန်းလန်ကျွင်း အလွန်အံ့အားသင့်သွားခဲ့ခြင်း ဖြစ်သည်။
ကောင်းပုလီက ပြုံးလျက်ဆိုသည်။ “တာအိုရောင်းရင်း၊ အသင်ပြောတဲ့ ကံကောင်းတဲ့မျိုးနွယ်ဝင်က ဒီအဘိုးကြီးပါပဲ”
“ဟိုက်~”
စန်းလန်ကျွင်းသည် ချက်ချင်းပင် သက်ပြင်းရှိုက်လိုက်မိပြီး ခန်းမထဲရှိလေထုသည်လည်း လှုပ်ရှားသွားသယောင်ထင်ရ၏။
သူ၏အမူအရာသည် ထိတ်လန့်အံ့သြနေဟန်ရှိပြီး မျက်လုံးများမှာ မယုံနိုင်စရာ အံ့ဖွယ်တည်ရှိမှုတစ်ခုကို ကြည့်နေသကဲ့သို့။
သူ့ရှေ့မှ ကောင်းကင်ခွေးမျိုးနွယ် အဖွဲ့ဝင်သည် တစ်ချိန်က ဧကရီဖူယောင်၏နောက်လိုက် ဖြစ်ခဲ့ဖူးသည်ဟု ဆိုလိုပါသလော?
ထိုအဆင့်အတန်းသည် မည်မျှမြင့်မားခမ်းနားလှသည်အား ဖော်ပြစရာစကားပင် မရှိခဲ့ပါလေ။
ကြက်များနှင့် ခွေးများပင် တာအိုကျင့်ကြံနိုင်ကာ ကောင်းကင်သို့တက်နိုင်ခဲ့ကြသည့် ထိုတစ်ခေတ်တစ်ခါက သြဇာရှင်တစ်ဦး။
ဧကရီဖူယောင်သည် ခွင်းလွင်ကမ္ဘာ၏ ထိပ်ဆုံးအဆင့်တွင် ရှိပြီး ဘီလီယံနှင့်ချီသော သက်ရှိသတ္တဝါများက ကိုးကွယ်ယုံကြည်ကြသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူမ၏ အနီးကပ်သစ္စာခံ နောက်လိုက်ဖြစ်ခြင်းသည် အလွန်ကြီးမားသော ဂုဏ်ထူးရာထူးဖြစ်ပြီး အစွမ်းထက်ဆုံး မသေမျိုးဂိုဏ်းများသို့ ဝင်ရောက်ခြင်းဖြင့်ပင် လဲလှယ်၍ မရနိုင်သော နောက်ခံတစ်ခု ဖြစ်လေသည်။
အတိတ်က မသေမျိုးဘုရင်တစ်ဦးသည်ပင် ထိုအဘိုးကြီးကို အကြီးအကဲကောင်းဟု တရိုတသေ ခေါ်ဝေါ်သုံးနှုန်းခဲ့ရ၏။
ဝမ်းနည်းစရာမှာ ဧကရီဖူယောင်သည် ကျဆုံးသွားခဲ့ပြီဖြစ်ပြီး ထိုမယှဥ်ပြိုင်နိုင်သော နောက်ခံသည်လည်း အတိတ်ဇာတ်ကြောင်းတစ်ခုထက် မပိုတော့ပါလေ။
သို့သော်လည်း စန်းလန်ကျွင်းသည် ကောင်းပုလီကို အမြဲတစေ အထင်ကြီးခဲ့သည့်အတိုင်း မပြောင်းမလဲမြင်မိဆဲပင်။
ယွင်ရှန်းမသေမျိုးကျွန်းမှ လျှို့ဝှက်ချက်များကို သိရှိခဲ့ရသော ယဲ့ကျွင်းလင်သည်လည်း ဤဒဏ္ဍာရီလာ ဧကရီအကြောင်းကို ကြားသိခဲ့ဖူးသည်။ ယဲ့ကျွင်းလင်ကို အံ့အားသင့်စေသည်မှာ မျက်စိရှေ့ရှိ ထိုအဘိုးကြီးသည် တိုက်တိုက်ဆိုင်ဆိုင် ထိုဧကရီ၏ နောက်လိုက်ဖြစ်ခဲ့ဖူးခြင်းပင်။
“ဪ၊ မင်းမှာ ဒီလိုကြီးကျယ်တဲ့ နောက်ခံရှိလိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး” ယဲ့ကျွင်းလင်က စိတ်ဝင်တစားဖြင့် ပြောလာသည်။
ကောင်းပုလီ၏ နဖူးမှ ချွေးအေးများ စီးကျနေပြီး လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာပွတ်သပ်ကာ မျက်နှာချိုသွေးသော အပြုံးဖြင့် ပြန်ဖြေသည်။ “လုံးဝ မဟုတ်ပါဘူး၊ ကျွန်တော့် နောက်ခံက ဘယ်လောက်ပဲ ကြီးကျယ်ပါစေ၊ အရှင်နဲ့တော့ နှိုင်းယှဥ်လို့ မရပါဘူး”
ဟုတ်တယ်လေ၊ လာနောက်နေတာလား? သူ့ကိုမှော်မှန်နဲ့ခိုးကြည့်ဖို့လုပ်တာတောင် အကြည့်တစ်ချက်နဲ့ ကွဲအက်သွားသေးတာ၊ မင်းနောက်ခံနဲ့တော့ မယှဥ်ရဲပါဘူး လူငယ်လေးရယ်။
ကွဲအက်သွားသော မှန်အကြောင်း ပြန်စဥ်းစားရင်း ကောင်းပုလီ နှလုံးသားနာကျင်ကြေကွဲရပြန်သည်။
ငါ့ရဲ့ ပျော်ရွှင်မှု အရင်းအမြစ်လေး...
“ဒါဆို အခု မင်းက သူ့ဘက်ကနေ ရပ်တည်ပေးချင်တာလား?” ယဲ့ကျွင်းလင်သည် မြေကြီးပေါ်တွင် ဖားကဲ့သို့ ပက်လက်လန်နေသော ကျန်းထျန်းမင်ကို ညွှန်ပြလိုက်ပြီး ဆော့ကစားလိုသည့်အမူအရာဖြင့် မေးလာသည်။
“အကြီးအကဲကောင်း၊ ခင်ဗျား ရွှယ်ထျန်း သူတော်စင်နယ်မြေကို ကာကွယ်ပေးမယ်လို့ ကျွန်တော့်ကို ကတိပေးခဲ့ပါတယ်” ကျန်းထျန်းမင်က ရှက်ရွံ့သောအမူအရာဖြင့် မရဲတရဲပြောလာသည်။
သူသည် မူလက ကောင်းပုလီကတော့ ယဲ့ကျွင်းလင်နှင့် ရင်ဆိုင်နိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း သူအားကိုးရသူပင် ထိုသူအား လုံးဝမစော်ကားရဲကြောင်း မြင်လိုက်ရလေပြီ။
ကောင်းပုလီမှာ သွေးအန်ချင်လောက်အောင် ဒေါသထွက်သွားရသည်။
ရိုးရိုးသားသားပြောရလျှင် ယဲ့ကျွင်းလင်တစ်ယောက် ရွှယ်ထျန်း သူတော်စင်နယ်မြေကို ရောက်လာသည်အားမြင်သော် သူ့မှာ ဘောင်းဘီသေးစိုလုနီးနီးပင် ကြောက်လန့်သွားခဲ့ပြီး တားမြစ်နယ်မြေ အနက်ရှိုင်းဆုံးတစ်နေရာ၌ တိတ်တိတ်လေး ပုန်းအောင်းနေခဲ့ရသည်။
မှော်ကြေးမုံကိစ္စကြောင့် ယဲ့ကျွင်းလင်စာရင်းလာရှင်းသည်လားဟု ကောင်းပုလီထင်မှတ်ခဲ့ခြင်းပင်။ သွားမထိသင့်သော ပုဂ္ဂိုလ်ကို ကွယ်ရာမှ ချောင်းမြောင်းကြည့်ရှုခြင်းသည် အမျက်ကြီးကြီးသင့်ခံရမည့် ပြစ်မှုမျိုးသာဖြစ်ကာ တစ်ဖက်လူသတ်လိုလျှင်ပင် ကျိုးကြောင်းမသင့်လျော်ခြင်းမရှိ။
ထို့ကြောင့် သူသည် ချီအရှိန်အဝါကို တက်နိုင်သမျှဖိထိန်းဖုံးကွယ်ရင်း ယဲ့ကျွင်းလင်သူ့ကို ရှာတွေ့သွားမည်အား သေမလောက်ကြောက်နေခဲ့ရ၏။
ရလဒ်အားဖြင့်၊
သကောင့်သား ကျန်းထျန်းမင်သည် ဦးနှောက်ချို့ယွင်းသွားဟန်တူကာ သူ့ကိုတကယ်ကြီး အသုံးချဖို့ကြံစည်ခဲ့လေသည်။
သူ့ကို သက်သက်ကြီး ဒုက္ခတွင်းထဲတွန်းပို့တဲ့ကောင်။
တစ်ဖက်လူ၏ အကူအညီ တောင်းခံသံကို ကြားပြီးနောက် ကောင်းပုလီသည် ၎င်းကို ခပ်တည်တည်လျစ်လျူရှုရန်သာ ရွေးချယ်ခဲ့ပြီး သေချင်ယောင်ဆောင်ကာ လွတ်မြောက်ရန် ကြိုးစားခဲ့သည်။
မမျှော်လင့်ဘဲ ယဲ့ကျွင်းလင်ထံမှ ကိုယ်တိုင်ဖော်ထုတ်ခံရပြီး နောက်ဆုံးမှာတော့ ရှေ့ထွက်ကာ အားလုံးကို ရင်ဆိုင်ဖို့မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
ကောင်းပုလီသည် ကျန်းထျန်းမင်၏ အောက်ခြေလွတ်သောအပြုအမူကြောင့် အံတင်းတင်းကြိတ်ကာ ဒေါသတထောင်းထောင်းထွက်လာမိသည်။
မင်းကြွားချင်ရုံသက်သက်နဲ့ ငါ့ကိုပါ ချောက်ထဲတွန်းချမယ်ပေါ့လေ!
“ဟမ့်၊ ငါ ကာကွယ်မယ်ပြောတာ ရွှယ်ထျန်း သူတော်စင်နယ်မြေပါ၊ မင်းမပါဘူး၊ မင်းကဘာကောင်မလို့လဲ"
ထိုစကားကိုကြားသောအခါ၊
ကျန်းထျန်းမင်၏ နှလုံးသားသည် အေးစက်သွားပြီး လက်တွေ့ဖြစ်ရပ်ကို လုံးဝလက်ခံလိုက်ရသည်။
ဒီလို ခိုင်မာတဲ့ နောက်ခံရှိတဲ့ ကောင်းကင်ခွေးမျိုးနွယ်က စွမ်းအားရှင်တောင် ယဲ့ကျွင်းလင်ကို တိုက်ရိုက် မရင်ဆိုင်ရဲဘူးပဲ။
ဒီနောက်ခံအားကိုးနဲ့ စိန်ခေါ်မိတဲ့ငါကပဲ ဦးနှောက်မရှိတာ!
“တာအိုရောင်းရင်း၊ ဒီအဘိုးကြီးက သူနဲ့ သိပ်မရင်းနှီးပါဘူး၊ ဒီနေရာမှာ ခဏလောက်တည်းနေရုံသက်သက်ပါ” ကောင်းပုလီသည် ယဲ့ကျွင်းလင်ကို မျက်နှာချိုသွေးသော အပြုံးဖြင့် ရှင်းပြလာသည်။
“နားလည်ပြီ"
ယဲ့ကျွင်းလင် ခေါင်းညိတ်လိုက်သည်။
စကားပုံရှိသည်။ ပြုံးနေသောသူသာ အရိုက်ခံလွတ်မည်ဟု။
တစ်ဖက်လူက အစမှအဆုံးထိ ယဥ်ကျေးနှိမ့်ချသောအသွင်ကို ထိန်းသိမ်းထားသောကြောင့် ယဲ့ကျွင်းလင် သူ့ကိုဆက်ပြီး ဒုက္ခပေးလိုစိတ်မရှိတော့ပေ။
လင်တုရှိုသည် အခြေအနေကိုပြန်လည်ထိန်းညှိရန် အခွင့်အရေးယူပြီး ဝင်ပြောသည်။ “အကြီးအကဲ ယဲ့၊ နားလည်မှုလွဲတာ ပြေလည်သွားပြီဆိုတော့ ကျွန်တော်တို့ ထမင်းစားရင်း စကားပြောကြရအောင်လား?”
“ကောင်းပြီ၊ ဟော့ပေါ့တစ်ပွဲလောက် ကြီးကြီးကျယ်ကျယ် စားကြစို့။ ငါ အလယ်ပိုင်းဒေသကို ရောက်ကတည်းက ဘာမှ မည်မည်ရရမစားရသေးဘူး” ယဲ့ကျွင်းလင်က ပြောသည်။
“ကောင်းပါပြီ၊ ကျွန်တော် အခုချက်ချင်းပဲ ပါဝင်ပစ္စည်းတွေ ပြင်ဆင်လိုက်ပါ့မယ်!”
လင်တုရှိုသည် စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်သွားသည်။
လေထုက အတော်လေး ပေါ့ပါးသွားသည်ကို မြင်သောအခါ ကောင်းပုလီသည် လျှို့ဝှက်စွာ သက်ပြင်းချပြီး အပြုံးချိုချိုဖြင့်မေးသည်။ "တာအိုရောင်းရင်းက စားကောင်းသောက်ဖွယ် အထူးနှစ်သက်ပုံပဲနော်"
ယဲ့ကျွင်းလင်သည် ရုတ်တရက် တစ်ခုခုကို စဉ်းစားမိလိုက်ပြီး ကောင်းပုလီကို အဓိပ္ပာယ်ပါပါကြည့်ပါ ဆိုသည်။ “ခွေးသား ဟော့ပေါ့သာ ပါရင် သိပ် ကောင်းမှာပဲ…”
ကောင်းပုလီ: “!!!”
ထိုစကားကို ကြားရုံမျှဖြင့် သူသည် နှလုံးရောဂါရလုနီးပါး ဖြစ်သွားရသည်။
ခွေးသား ဟော့ပေါ့?
ဒီလူ သက်သက်စနောက်နေတာမလား?
ငါ့ကံကြမ္မာ ကပ်ဘေးဆိုက်တဲ့အချိန်ကိုများ ရောက်လာပြီလား?
လူငယ်၏ စားမတတ်ဝါးမတတ် အကြည့်အောက်တွင် ကောင်းပုလီသည် ချွေးပြိုက်ပြိုက်ကျလာပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်း အေးစက်သွားတော့၏။
“စိတ်မပူပါနဲ့၊ ငါ ဒီတိုင်းစတာပါ” ယဲ့ကျွင်းလင်သည် ဆံပင်ဝါဝါ အဘိုးအို၏ ပခုံးကို ပုတ်ကာ ရယ်မောသည်။
ကောင်းပုလီသည် လက်ဖြင့် နဖူးပေါ်မှ ချွေးများကို သပ်ချလိုက်ပြီး ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ “ဟားဟား၊ တာအိုရောင်းရင်းက ဟာသပြောရတာကို တော်တော်ကြိုက်ပုံပဲ"
မင်းဟာသက ငါ့ကိုသတ်စားဖို့ဖြစ်နေတာက တစ်ကဏ္ဍပေါ့။
“ဒါပေမယ့် ငါ ခွေးသားကို တကယ်ပဲ မြည်းစမ်းကြည့်ချင်တယ်” ယဲ့ကျွင်းလင်က စကားပြောင်းပြောပြန်သည်။
ကောင်းပုလီ: “…”
မင်းမကြားဖူးဘူးလား? ခွေးဆိုတာ လူတွေရဲ့အရင်းနှီးဆုံးမိတ်ဆွေပဲတဲ့၊ ငါတို့ မိတ်ဆွေလုပ်လို့မရဘူးလားကွာ။
ထိုအချိန်တွင် ပန်းရောင်ကြိုးသိုင်းဂါဝန်ဝတ်ထားသော ငွေရောင်ဆံပင်ရှိသည့် ပိန်ပိန်ဖြူဖြူ ပုရှောင်ရှီးက သူမ၏ ကလေးဆန်သော ချစ်စရာမျက်နှာလေးဖြင့် ပရော်ဖက်ရှင်နယ်ဆန်ဆန် အလေးအနက် ဝင်ပြောလာသည်။
“ခွေးသားကိုပြင်ဆင်တဲ့အခါ အသေးစိတ်ကျဖို့လိုအပ်ပါတယ်။ ပထမဆုံးအနေနဲ့ ခွေးရေမှ အမွေးတွေကို ဖယ်ရှားရမယ်၊ ရေအေးထဲမှာ ထည့်ပြီး သန့်စင်အောင် ခြစ်ထုတ်ရမယ်၊ လေးစင်တီမီတာလောက်ရှိတဲ့ လေးထောင့်အတုံးလေးတွေ လှီးရမယ်၊ ပြီးမှ ရေအေးထဲမှာ စိမ်ထည့်ပြီး ဆူပွက်အောင် တည်ပြီး အညစ်အကြေးတွေကို ဖယ်ရှားရမယ်၊ ပြုပြီးတဲ့အသားကိုလည်း ရေစင်စင်ဆေးပြီး ရေစစ်ရမယ်၊ ပြောင်းဖူးဝိုင်၊ ဆားနဲ့ အချိုမှုန့်တို့နဲ့ ရောပြီး ခဏလောက်ကြာအောင် နှပ်ထားရမယ်၊ ပြီးတော့ ဒယ်အိုးကို အပူပေးပြီး ကျိုထားတဲ့ ဝက်ဆီကို ထည့်ပြီး ၈၀%အထိ အပူပေးကြော်ရမယ်…”
ထိပ်တန်း မသေမျိုးစားဖိုမှူးတစ်ဦးအနေဖြင့် ပုရှောင်ရှီးသည် ခွေးသားကို မည်သို့ ပြင်ဆင်ရမည်အား အလွန်ကျွမ်းကျစ်စွာ ချောချောမွေ့မွေ့ပြောပြနိုင်သည်။ သူမ၏ ချစ်စဖွယ်မျက်လုံးလေးများပင် ဉာဏ်ပညာဖြင့် တောက်ပလာဟန်ရှိ၏။
ကောင်းပုလီသည် ငွေရောင်ဆံပင်စာဖိုမှူးမလေး၏ စကားများအား သနားစဖွယ်မျက်နှာငယ်ဖြင့် နားထောင်နေရှာသည်။
ညီမလေး၊ မင်း ဘယ်လိုတောင် ရက်စက်နိုင်ရတာလဲ?
ဒီ အဘိုးကြီးက မင်းကို ဘယ်နေရာမှာ ပြစ်မှားခဲ့မိလို့လဲ?
ဘာလို့ ရုတ်တရတ်ကြီး ရုပ်လေးနဲ့မလိုက် ကြောက်စရာကောင်းတဲ့စကားတွေ ထပြောနေရတာလား! ဒီ အဘိုးကြီးရဲ့ ရှေ့တောင် မရှောင်တော့ဘူးလား!!
ပုရှောင်ရှီးကတော့ သူမ၏ ဟင်းချက်ကမ္ဘာထဲတွင် နှစ်မြုပ်နေပုံရပြီး လက်ချောင်းလေးများဖြင့် ပါဝင်ပစ္စည်းများကို ရေတွက်နေရင်း စာရင်းပြုစုသည်။ “ခွေးသားကို ပြုပြင်ပြီးပြီဆိုရင်၊ ကြယ်ပဲလုံး၊ သစ်ကြံပိုးခေါက်၊ ဖာလာစေ့အနက်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ပဲချဥ်ဖတ်၊ ဂျင်းမှုန့်တို့နဲ့ တွဲဖက်စားသုံးနိုင်ပြီး၊ အစပ်ကြိုက်တတ်ရင် ငရုတ်သီး၊ စစ်ချွမ် ငရုတ်ကောင်းနဲ့ အခြား အမွှေးအကြိုင်တွေကိုလည်း ထည့်သွင်းနိုင်ပြီး စပ်စပ်ထုံထုံလေး စားသုံးနိုင်ပါတယ်…”
“ဟာကွာ နားထောင်ရုံနဲ့တင် သွားရည်ကျလုနီးပါးပဲ” လီဝူကျယ်သည် တံတွေးတစ်ချက်မျိုချလိုက်ပြီး အကြည့်က ကောင်းပုလီထံသို့ မသိမသာဝေ့ဝဲသွားသည်။
“ငါလည်း အရမ်း အရသာရှိမယ်လို့ ထင်တယ်” ဟုန်ချန်ယဲ့က မေးစေ့ကိုပွတ်သပ်ရင်း မှတ်ချက်ပြုသည်။
“တကယ်ကို အရသာရှိမှာပေါ့” ယဲ့ကျွင်းလင်က ထောက်ခံရင်း သက်ပြင်းချသည်။
ရှင်းလင်းသော၊ ကြည်လင်သော၊ နူးညံ့ကလေးဆန်သည့် အသံဖြစ်သော်လည်း ဤအချိန်၌ ကောင်းပုလီအတွက် နားထဲတွင် နတ်ဆိုးတစ်ကောင် ကျိန်စာတီးတိုးရွတ်ဆိုနေသကဲ့သို့ နှလုံးသားကို တုန်လှုပ်ကြောက်ရွံ့စေ၏။
“တော် တော်ပါတော့၊ ဆက် မပြောပါနဲ့တော့…”
ကောင်းပုလီသည် နားထောင်လေ ပို၍ ထိတ်လန့်လေဖြစ်ပြီး မကြာမီ နေရာတွင်ထိုင်ချကာ နားများကို ပိတ်ပြီး မြေကြီးပေါ် လူးလှိမ့်ငိုယိုတော့မည့်မျက်နှာမျိုး ဖြစ်နေလေပြီ။
အရှင်ဘုရား!
သူတို့လူသားတွေဟာ အပြစ်ကင်းစင်တဲ့ ခွေးတစ်ကောင်အပေါ် ဘာလို့ ဒီလို မကောင်းတဲ့ စိတ်ထားမျိုးထားရှိရတာလဲ?
ခွေးအဖြစ် မွေးဖွားလာတဲ့အတွက် ငါကပဲ တောင်းပန်ပါတယ်!