သခင်အားကိုးနဲ့ မောက်မာတဲ့ခွေး
Vol. 40 Ch. 550
“တံခါးစောင့် ခွေး?”
လူတိုင်းအံ့အားသင့်သွားကြပြီး မျှော်လင့်တကြီး စောင့်စားနေခဲ့ကြရာမှ ထိုအဖြေကြောင့် လုံးဝ အလစ်အငိုက် မိသွားကြသည်။
ကောင်းပုလီ၏ မာနထောင်လွှားနေသော အမူအရာကို ကြည့်ရင်း လူတိုင်း ပါးစပ်အဟောင်းသားဖြင့် ချက်ချင်းမတုံ့ပြန်နိုင်ခဲ့။
လေထုက အနည်းငယ် လွဲချော်နေသည်ကို ခံစားမိသောအခါ ကောင်းပုလီသည် စိုးရိမ်လာပြီး အမြန်ရှင်းပြရသည်။
“ဟေး၊ ဟေး၊ တံခါးစောင့်ခွေးဖြစ်တော့ရာ ဘာဖြစ်လဲ? ဧကရီဖူယောင်ရဲ့ တံခါးစောင့်ခွေးဖြစ်ရတာ ရှက်စရာလား? အဲဒီအချိန်က ကောင်းကင်ခွေးမျိုးနွယ်ရဲ့ ဘယ်နှစ်ယောက်ကများ ကျုပ်ရဲ့ ဒီကောင်းမွန်တဲ့ ရာထူးကို မနာလိုခဲ့ကြသလဲဆိုတာ ခင်ဗျားတို့သိလား?!”
ကောင်းပုလီပြောစကားမှာ မှန်ပါသည်။ ဧကရီဖူယောင်၏ တံခါးစောင့် ခွေးဖြစ်လာခြင်းသည် ထိုအချိန်က ကောင်းကင်ခွေးမျိုးနွယ်တစ်ခုလုံး၏ မျက်လုံးထဲတွင် ဘိုးဘေးများအတွက် ကြီးမားသော ဂုဏ်သိက္ခာကို ယူဆောင်ပေးလာခြင်းသာဖြစ်၏။
သူ့အတွက် မိသားစုသစ်ပင်၌ သီးသန့်ဖော်ပြထားသော ထင်ရှားသည့် ရာထူးတစ်ခုပင် ရှိခဲ့ပြီး သူ၏ သြဇာလွှမ်းမိုးမှုသည် မည်မျှ ကြီးမားကြောင်း၊ မျိုးဆက်များစွာ ဂုဏ်ပြုခံရမည့် အဆင့်အတန်းဖြစ်ကြောင်းကို ဝါကြွားပြသခဲ့သည်။
ဘာပဲဖြစ်ဖြစ်၊
ခွေးကို မရိုက်ခင် ပိုင်ရှင်မျက်နှာကို အရင်ကြည့်ရသည် မဟုတ်လော။
မျိုးနွယ်မှ ကံကောင်းသော အဖွဲ့ဝင်တစ်ဦးက ဧကရီဖူယောင်၏ တံခါးစောင့်ခွေးဖြစ်လာခဲ့သောကြောင့် ထိုဆက်နွယ်မှုဖြင့် ခွင်းလွင်ကမ္ဘာရှိ အင်အားစုအများအပြားက ကောင်းကင်ခွေးမျိုးနွယ်အား အတင့်ရဲလို့ စိန်မခေါ်ဝံ့ကြ။
ရလဒ်အနေဖြင့် ထိုကာလအတွင်း ကောင်းကင်ခွေးမျိုးနွယ်၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းသည် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ဧကရာဇ်မျိုးနွယ်များစွာသည်ပင် အနည်းငယ်သတိထားဆက်ဆံလာရသည်အထိ။
ဤသည်မှာ ကောင်းပုလီသည် ယနေ့တိုင် အလွန် မာနထောင်လွှားနေရခြင်း၏ အကြောင်းရင်းဖြစ်သည်။
သခင်ရဲ့အားကိုးနဲ့ မောက်မာနေတဲ့ခွေးပေါ့!
“မျှမျှတတပြောရရင် ဧကရီဖူယောင်ရဲ့ ဘေးမှာ အလုပ်လုပ်နိုင်တယ်ဆိုတာ တံခါးစောင့်ခွေးအနေနဲ့တောင်မှ ရေတွက်မရနိုင်တဲ့လူတွေ မနာလိုအားကျရတဲ့အရာပါ။ အကြီးအကဲကောင်း၊ ကျွန်တော် ခင်ဗျားရဲ့ ခံစားချက်ကို နားလည်ပါတယ်!” စန်းလန်ကျွင်းက စိတ်ခံစားချက်အပြည့်ဖြင့် ချီးကျူးသည်။
“ဟားဟား၊ ညီလေး၊ မင်းက အလားအလာရှိတာပဲ!” ကောင်းပုလီသည် ပြုံးရွှင်စွာဖြင့် သူငယ်ချင်းကောင်းတစ်ဦးကို တွေ့လိုက်သကဲ့သို့ သူနှင့် ခွက်ချင်းတိုက်ရန် ခွက်ကိုမြှောက်သည်။
“မဟုတ်ပါဘူး၊ အကြီးအကဲကောင်းရာ၊ မြှောက်ပင့်နေတော့တာပဲ"
စန်းလန်ကျွင်းသည်လည်း ဝိုင်ခွက်ကို လျင်မြန်စွာ ကောက်ယူပြီး တစ်ဖက်လူထက် အနည်းငယ်နိမ့်အောင် ကိုင်ကာ ဂရုတစိုက် ခွက်ချင်းတိုက်သည်။
အလွန်အသေးစိတ်ကျသော လုပ်ရပ်ပင်။
တစ်စုံတစ်ဦးက သူဘာကြောင့် ဒီလိုလုပ်ရသည်ကို မေးပါက စန်းလန်ကျွင်းသည် သူတို့ကို တည့်တိုးသာ ပြန်ဖြေဖြစ်မည်။
“စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်”စာအုပ်ကို ပိုဖတ်ပါဦး ညီလေး။
ယဲ့ကျွင်းလင်သည် ဤအရာအားလုံးကို ကြည့်ပြီး စိတ်တွင်းမှ သက်ပြင်းမချဘဲ မနေနိုင်တော့။ ကျင့်ကြံသူလောက၏ စားပွဲဝိုင်းယဉ်ကျေးမှုမှာလည်း ရှည်လျားသော သမိုင်းကြောင်းတစ်ခု ရှိထားပုံပင်...
“ဟမ့်၊ တကယ်တော့ အဲ့ဒီဧကရီဖူယောင်ဆိုတာ ဘယ်လောက်အထိ အစွမ်းထက်သလဲ ငါ တကယ်ပဲ သိချင်တယ်” လီဝူကျယ်သည် သိုးသားပြုတ်ကို အားရပါးရဝါးမျိုနေရင်း စိတ်အားထက်သန်စွာမေးသည်။
ဤမေးခွန်းကို ကြားသောအခါ ဟုန်ချန်ယဲ့သည်လည်း ခါးနည်းနည်းပိုမတ်လာပြီး မျက်နှာက အလေးအနက်ရှိလာသည်။
သူသည်လည်း အပြိုင်အဆိုင်စိတ်များသူဖြစ်သည့်အလျောက် ထိုမေးခွန်းကို စိတ်ဝင်စားသည်။
ကောင်းပုလီက ခပ်ပြုံးပြုံးဖြေသည်။ “လူကလေး၊ မင်းက ဒီခေတ်ပိုင်းကျင့်ကြံသူဆိုတော့ အဘိုး နောက်ခံသမိုင်းအချို့ ပြောပြသင့်တယ်ထင်တယ်။ ရှေးဟောင်းခေတ်ဟာ ခွင်းလွင်ကမ္ဘာမှာ အကြီးကျယ်ဆုံးသော ကာလဖြစ်ပြီး ဧကရီဖူယောင်ဟာ အဲ့ဒီခေတ်ရဲ့ အစွမ်းထက်ဆုံးအဖြစ် အသိအမှတ်ပြုခံထားရပါတယ်!”
“အစွမ်းထက်ဆုံး?”
ထိုချီးမြှောက်စကားကို ကြားသောအခါ လီဝူကျယ်သည် မကျေမနပ်ဖြင့် မေးခွန်းထုတ်လာသည်။ “ဧကရီဖူယောင်က ဘယ်လောက်ပဲ အားကောင်းပါစေ၊ သူက ကောင်းကင်ဧကရာဇ်ယဲ့ထက် ပိုပြီးအားကောင်းနိုင်သလား?”
ထိုစကားဆုံးသည်နှင့် တစ်ပြိုင်နက်၊
နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ကောင်းပုလီသည် သူ နားကြားမှားသွားသည်ဟုပင် သံသယဝင်ကာ မသေမချာပြန်မေးရသည်။ “မင်း ဘာပြောလိုက်တာလဲ? ကောင်းကင်ဧကရာဇ်ယဲ့?”
“ဟုတ်တယ်၊ ကောင်းကင်ဧကရာဇ်ယဲ့!” လီဝူကျယ်က အတည်ပြုသည်။
“မကြားဖူးဘူးကွ”
ကောင်းပုလီက ခေါင်းကိုတွင်တွင်ခါသည်။
“ခင်ဗျား ဒါဘာသဘောနဲ့ပြောတာလဲ?!” လီဝူကျယ်သည် ချက်ချင်း စိတ်တိုလာဟန်ရှိပြီး ဆံပင်ဝါဝါနှင့် အဘိုးအိုကို လက်ညှိုးငေါက်ငေါက်ထိုးကာ မေးခွန်းထုတ်သည်။
ကောင်းပုလီ: “…”
ပြဿနာက မင်းပြောတဲ့ ကောင်းကင်ဧကရာဇ်ယဲ့ကို ငါတကယ်ပဲ မကြားဖူးတာပါ!
“ညီလေး၊ မင်း အဲ့နာမည်ကို မှတ်မိသလား?”
ကောင်းပုလီသည် စန်းလန်ကျွင်းဘက်သို့ လှည့်ပြီး မေးသည်။
စန်းလန်ကျွင်းလည်း အလားတူ တွေဝေနေပြီး ခေါင်းခါပြသည်။
ဤအချင်းအရာကို မြင်သောအခါ လီဝူကျယ်သည် ဒေါသတကြီးဖြင့် ထအော်တော့၏။ “ကောင်းကင်ဧကရာဇ်ယဲ့ဆိုတာ အမှောင်မျိုးနွယ်ဂယက်ကို နှိမ်နင်းပြီး ကန့်သတ်ဇုန်ခုနှစ်ခုရဲ့ မျိုးနွယ်သခင်များနဲ့ တစ်ကိုယ်တည်း ကြံ့ကြံ့ခံတိုက်ခိုက်ခဲ့တဲ့ သူရဲကောင်းပဲ! ဒီလို ခမ်းနားတဲ့ အောင်မြင်မှုတွေကိုတောင် ခင်ဗျားတို့က မမှတ်မိဘူးလား?!”
လေထုသည် ရုတ်တရက် တင်းမာသွားသည်။
ကောင်းပုလီ ခပ်တိုးတိုးရေရွတ်မိ၏။ “ငါကျတော့ ဘာလို့ ဒီအကြောင်းမသိရတာလဲ? ပုံပြင်ဇာတ်လမ်းကြီးများ ဖြစ်နေမလား?
သို့သော် လီဝူကျယ် ဒေါသထွက်လာသည်ကို မြင်သောအခါ ကောင်းပုလီသည် သူ့စိတ်ကို ဆက်မဆွမိစေဖို့ ချက်ချင်းပင် ကြက်ပေါက်လေးကဲ့သို့ တဆတ်ဆတ်ခေါင်းညိတ်သည်။
“အား၊ ဟုတ်တယ် ဟုတ်တယ် မှတ်မိပြီ!”
“ကျုပ် ဝိုင် အရမ်းသောက်လိုက်မိလို့ ခဏလေး မေ့သွားတာပါ၊ ညီလေးရာ စိတ်လျှော့ပါဦး၊ စိတ်မဆိုးပါနဲ့!”
ထိုစကားကို ကြားပါမှ၊
လီဝူကျယ်၏ အမူအရာ ပျော့ပြောင်းသွားပြီး နှာတစ်ချက်မှုတ်သည်။ “ဒီလိုလူမျိုးကိုတောင် မေ့သွားတာ၊ ခင်ဗျား တကယ်ပဲ အတော်မူးနေပုံရတယ်"
ထို့နောက် သူသည် စန်းလန်ကျွင်းဘက်သို့ လှည့်ကြည့်ပြီး အလေးအနက်မေးသည်။ “ခင်ဗျားကော? မှတ်မိသလား?”
စန်းလန်ကျွင်းမှာ ပစ်မှတ်ထားခံလိုက်ရ၍ တောင့်တင်းသွားပြီး တစ်ဖက်မှ ကောင်းပုလီက ရူးသွပ်စွာ အချက်ပြနေသည်ကို မြင်လိုက်ရသဖြင့် အတင်းအဓမ္မ ပြုံးကာ သတိဖြင့်ပြန်ဖြေသည်၊ "နေပါဦး ကြားဖူးသလိုလိုပဲ… ဪ....ကျွန်တော် မှတ်မိပါပြီ…”
“ဒီလိုမှပေါ့!”
လီဝူကျယ်သည် သူကအကြည့်ကို ကောင်းပုလီထံ ပြန်လှည့်ပြီး မေးသည်။ “အကြီးအကဲကောင်း၊ ကျွန်တော့်ကို ပြောပြပါဦး၊ ကောင်းကင်ဧကရာဇ်ယဲ့နဲ့ ဧကရီဖူယောင်ယှဥ်ရင် ဘယ်သူက ပိုအစွမ်းထက်လဲ?”
ကောင်းပုလီ စိတ်ထဲမှ ဝမ်းနည်းပမ်းနည်း ညည်းညူမိသည်။
လီဝူကျယ်၏ ဦးနှောက်တွင် တစ်ခုခု မှားယွင်းနေသည်ဟု သူခံစားနေရသည်။ ဧကရီဖူယောင်ကိုပင် တကယ်မရှိသော စိတ်ကူးယဉ် ဇာတ်ကောင်တစ်ဦးနှင့် အတင်းနှိုင်းယှဉ်ရန် တောင်းဆိုနေသည်လေ။
အတိတ်တုန်းကလိုသာဆိုလျှင် သူသည် ကောင်းကင်ဧကရာဇ်ယဲ့ဆိုသူမှာ ဧကရီဖူယောင်၏ ဖိနပ်ကိုပင် သယ်ဆောင်ရန် မသင့်လျော်ဟု သေချာပေါက် ပြန်ပြောခဲ့မည်ဖြစ်သော်လည်း ယခု သူသည် အခြားသူ၏ ခြိမ်းခြောက်မှုအောက်တွင် ရှိနေသဖြင့် ခေါင်းကို အဆုံးထိငုံ့ထားမှ တော်ကာကျမည်။ သို့သော် မိမိအထင်အမြင်အား လုံးလုံးဆန့်ကျင်နေသော အလိမ်အညာတစ်ခုကို ထုတ်ပြောရန် ခက်ခဲနေဆဲ…
“အဟမ်း၊ သူတို့ပြောနေတဲ့ ကောင်းကင်ဧကရာဇ်ယဲ့က ငါပါပဲ” ယဲ့ကျွင်းလင်က ချောင်းတစ်ချက်ဟန့်လျက် ခပ်ပြုံးပြုံးဝင်ပြောသည်။
ပျံ့နှံ့နေသော ထိုကောလဟလမှာ အတော်လေးရယ်စရာကောင်းသော်ငြား သူ့ကိုထိခိုက်စရာမရှိဟုထင်သောကြောင့် တပည့်များအား အတည်ပြုယုံကြည်စေခဲ့သည်။
သို့သော် ယခု ကောင်းပုလီသည် ဧကရီဖူယောင်၏ အနီးကပ်နောက်လိုက်၊ ထို ရှေးဟောင်းခေတ်၏ သက်ရှိ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သည်။ မျက်မြင်သက်သေများရှေ့တွင် ဒီကောလဟလက ဆက်တည်မြဲဖို့ရာ မသေချာတော့။
တကယ်တော့ ယဲ့ကျွင်းလင်လည်း တော်တော်လေး ရှက်နေမိသည်။
လူအများကြီး ကောလာဟလကို ယုံကြည်ပြီးကြပြီဖြစ်သောကြောင့် သူကိုယ်တိုင်ထွက်လာပြီး ရှင်းလင်းပြောဆိုရင်တောင် အသုံးမဝင်တော့ပေ။
ယခုတော့ ရှေ့မှီနောက်မှီတစ်ဦးနှင့် ဆုံတွေ့ရသောကြောင့် ထိုကောလဟလကို မကြာခင် အပြီးသတ်နိုင်တော့ပေမည်။
“ဟမ်၊ အသင်က ကောင်းကင်ဧကရာဇ်ယဲ့လား?” ကောင်းပုလီ၏ အမူအရာသည် ထူးဆန်းသွားပြီး သူသည် ရုတ်တရက် ကွဲကြေသွားသော မှော်ကြေးမုံနှင့် တစ်ဖက်လူ၏ ကြောက်မက်ဖွယ်စွမ်းအားကို စဥ်းစားမိလိုက်သည်။
သူ့နှလုံးသားမှာ ကြိုးဖြင့်တင်းတင်းဆွဲချည်ခံရသလို တင်းကျပ်သွားတော့၏။
စန်းလန်ကျွင်းက တိတ်တဆိတ် သတိပေးသည်။ “အကြီးအကဲကောင်း၊ သူ့မှာ နဝမအဆင့် မသေမျိုးစွမ်းအား ရှိတယ်နော်…”
ဒုန်း!
ကောင်းပုလီ၏ ခေါင်းထဲတွင် ဒုန်းခနဲအသံမြည်သွားပြီး သူ၏ ခွေးမျက်လုံးများမှာ ကြေးနီခေါင်းလောင်းများကဲ့သို့ ပြူးကျယ်လာသည်။
နဝမအဆင့် မသေမျိုးစွမ်းအား!
မသေမျိုးဧကရာဇ်တစ်ပါးသာ ကြိုးပမ်းခွင့်ရှိသော အမြင့်ဆုံး မသေမျိုးစွမ်းအားဖြစ်ပြီး ဤလူငယ်ကတော့ မသေမျိုးဘုရင်အဆင့်ဖြင့် ရရှိနိုင်နေလေပြီ!
“အကြီးအကဲကောင်း၊ အမြန်ပြောပါ၊ ကျွန်တော်တို့ဆရာသခင်နဲ့ ဧကရီဖူယောင်တို့ထဲမှာ ဘယ်သူက ပိုအစွမ်းထက်လဲ?” လီဝူကျယ်သည် စိုးရိမ်တကြီး ဖိအားပေးလာသည်။ သူ့မျက်နှာမှာ သိလိုစိတ်ကြောင့် နီရဲလျက်။
ဒီမတိုင်မီက သူသည် ယဲ့ကျွင်းလင်ကို ပြိုင်ဘက်ကင်းဟု အမြဲယုံကြည်ခဲ့ပြီး ယဲ့ကျွင်းလင်၏ နောက်ခံသမိုင်းကြောင်းကိုလည်း ခိုင်မြဲစွာ ယုံကြည်ခဲ့သည်။ ထို့ကြောင့် အစွမ်းထက်ဆုံးဟူသည့် နောက်တစ်ယောက်နာမည်ကို ကြားလိုက်ရသောအခါ သူ၏ယှဥ်ပြိုင်ချင်စိတ်က ထိန်းမရအောင်မြင့်တက်လာသည်။
ယဲ့ကျွင်းလင်၏ ထူးဆန်းသော စွမ်းအားအမျိုးမျိုးကို ပြန်လှန်စဉ်းစားရင်း ကောင်းပုလီသည် နောက်ဆုံးတွင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာတော့၏။
“ပြောရရင် မင်းရဲ့ဆရာသခင်က ပိုအစွမ်းထက်တယ်!”
ဤအရာကို ကြားသောအခါမှ လီဝူကျယ်သည် သက်ပြင်းချပြီး ကျေနပ်စွာပြုံးသည်။ “ကောင်းတာပေါ့”
ကောင်းပုလီသည် သူ့စကားထဲ အမှားမပါဟုသာ မှတ်ယူထားသည်။ ယဲ့ကျွင်းလင်၏ မသေမျိုးဘုရင်အဆင့်က ဧကရီဖူယောင်၏ မသေမျိုးဘုရင်အဆင့်တုန်းကထက် ပိုအစွမ်းထက်သည် အမှန်ပင်။
ဝိနည်းလွတ်အဖြေတစ်ခုသာ ဖြစ်၏။
ကျန်သူများအတွက်မူ ဧကရီဖူယောင်ဟူသော ဒဏ္ဍာရီလာ အင်အားအကြီးဆုံးပုဂ္ဂိုလ်ကို အမြဲတစေ ကြားဖူးနေခဲ့ရာမှ ယခုတော့ ပို၍အင်အားကြီးသော နောက်ပုဂ္ဂိုလက်တစ်ဦး၏ဘေးတွင် ထိုင်နေရလေပြီ။
“တကယ်ကြီး မှန်နေတာပဲ…” လင်တုရှိုသည် နက်နက်ရှိုင်းရှိုင်း တုန်လှုပ်သွားသည်။
အကြီးအကဲယဲ့၏ နောက်ကြောင်းသမိုင်းကို သူလည်း အကြွင်းမဲ့ယုံကြည်လိုက်ပြီ!
“အရင်က လျိုချင်းမင်ပြောခဲ့တာတွေ မှန်တဲ့ပုံပဲ" ကျန်းထျန်းမင်သည် တိုးတိုးရေရွတ်ရင်း ယဲ့ကျွင်းလင်အပေါ် သူ၏ လေးစားမှုသည် ပို၍ပင် ကြီးထွားလာသည်။
ကောလာဟလကို နေရာ၌ပင် ငြင်းဆန်ဖယ်ရှားခံရမည်ဟု မျှော်လင့်ခဲ့မိသော်လည်း ပြဇာတ်ဆန်ဆန်အလှည့်အပြောင်းတစ်ခု ဖြစ်ပွားခဲ့ပြီး ယဲ့ကျွင်းလင်ကို အံ့အားသင့်စေခဲ့လေသည်။
ဒီလိုလည်း ရတာပဲလား?
လူတိုင်း စားသောက်နေစဉ်၊
မှောင်မိုက်ပြီး စိုထိုင်းသော ကောင်းကင်ထောင်ထဲတွင်၊
ကမ္ဘာတစ်ခုလုံးထံမှ စွန့်ပစ်ခံထားရသော ရှုပ်ပွညစ်ပတ်နေသည့် လူငယ်တစ်ဦးသည် အားနည်းစွာ ထောင့်တစ်နေရာတွင် ကွေးနေပြီး တိုးညင်းစွာ ရေရွတ်နေသည်။
“ကျေးဇူးပြုပြီး၊ ကျွန်တော်ကို ထွက်ခွင့်ပေးပါ၊ ကျွန်တော်ပြောတာ အားလုံး မှန်ပါတယ်၊ ဘာလို့ ခင်ဗျားတို့ ကျွန်တော်ကို မယုံကြတာလဲ…”