သုံးစက္ကန့်ရာဇပလ္လင်
Vol. 40 Ch. 551
သို့သော်လည်း ကောင်းပုလီသည် ကောင်းကင်ဧကရာဇ်ယဲ့၏ စစ်မှန်သော အထောက်အထားမှာ နက်နဲသော လျှို့ဝှက်ချက်တစ်ခုဟု ခံစားရကာ သံသယများ ရှိနေဆဲဖြစ်သည်။
သူသည် ကောင်းကင်ဧကရာဇ်ယဲ့ဟူသော ဘွဲ့နာမည်ကို လုံးဝ မကြားဖူးခဲ့သော်လည်း မှော်ကြေးမုံက တစ်ဖက်လူ၏ ကံကြမ္မာအရှိန်အဝါကို မခံမရပ်ဖြစ်ကာ ကွဲကြေပျက်စီးသွားခဲ့သောကြောင့် ဤလူငယ်လေးကား သူတို့နှင့်မတူခြားနားသော အနေအထားတစ်ခုတွင်ရှိကြောင်း ခန့်မှန်းမိနေသည်။
ဧကရီဖူယောင်၏ နောက်လိုက်ဖြစ်ခဲ့ဖူးသော ကောင်းပုလီသည် ကျင့်ကြံရေးနယ်ပယ်မှ ဟိုစပ်စပ်ဒီစပ်စပ် ဗဟုသုတအစုံကို ကျယ်ပြန့်စွာ သိရှိထားပြီး မရေမရာကိစ္စများကို ရဲရဲဝံ့ဝံ့ ခန့်မှန်းပြောဆိုရမည်ဆိုလျှင် အလွန်စိတ်ပါဝင်စားတတ်၏။
“ဒီလူငယ်လေးက ဒဏ္ဍာရီလာ ကောင်းကင်ဘုံသားတော်များ ဖြစ်နေမလား?” ကောင်းပုလီ လျှို့ဝှက်စွာ တွေးလိုက်သည်။
မဖြစ်နိုင်သော ထိုအတွေးက ခေါင်းထဲဝင်လာသောအခါ ကောင်းပုလီသည် ကိုယ့်အတွေးကိုယ် အံ့သြမိရုံသာမက စဥ်းစားကြည့်တော့လည်း ကျိုးကြောင်းဆီလျော်နေသလို ခံစားရပြန်၏။
ရှေးခေတ်တစ်ချိန်က ကောလာဟလတစ်ခုသည် အလွန်ကြာရှည်စွာ ပျံ့နှံ့ခဲ့သည်။
ထိုကောလဟလမှာ တစ်နေ့ ခွင်းလွင်ကမ္ဘာသည် ကြီးမားသော အကျပ်အတည်းနှင့် ကြုံတွေ့ရပါက ကောင်းကင်ဘုံက ခွင်းလွင်ကမ္ဘာ၏ ကံတရားကို စုဆောင်းပြီး ကံကြမ္မာ၏ သားတော်ကို မွေးဖွားပေးလိမ့်မည်၊ ထိုသူသည် ကောင်းကင်ဘုံ၏ ကာကွယ်မှုနှင့် အသိအမှတ်ပြုမှုကို ရရှိလိမ့်မည်ဖြစ်ပြီး မသေမျိုးဧကရာဇ်များ ကြောက်ရွံ့လိုက်နာရသော လျှပ်စီးဘေးဒဏ်သည်ပင် ထိုလူသားကိုတော့ ဒုက္ခပေးဝံ့မည်မဟုတ်။
ယခင်က ကျင့်ကြံသူများစွာသည် ဤကောလာဟလကို အပျင်းပြေ စိတ်ကူးယဥ်ပုံပြင်တစ်ပုဒ်ဟုသာ ခံစားခဲ့ရပြီး အလေးအနက် မထားခဲ့ကြသော်လည်း ယခု ကောင်းပုလီသည် ထိုအရာမှာ အမှန်တရားဖြစ်နိုင်ချေ အလွန်များသည်ဟု ခံစားမိနေရ၏။
ယဲ့ကျွင်းလင်မှာ အမှန်တကယ်ပင် ဒဏ္ဍာရီလာ ကောင်းကင်ဘုံသားတော် ဖြစ်လေမလားဟု သူစတင်တွေးတောယူဆလာမိသည်။
မဟုတ်ပါက ဤလူငယ်ထံမှ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသော ထူးခြားသည့် အရည်အချင်း အသွင်အပြင်များကို မည်သို့ ရှင်းပြနိုင်မည်နည်း?
“ဒီလူရဲ့ တိုက်ခိုက်ရေး အရည်အချင်းဟာ အရင်တစ်ချိန်က ဧကရီဖူယောင်ထက်တောင် ပိုအားကောင်းနေသေးတယ်။ ဖြစ်နိုင်ရင် အနာဂတ်မှာ သူဟာ အဆုံးစွန်ထိ သာလွန်အောင်မြင်နိုင်ပြီး မသေမျိုးဧကရာဇ်တွေရဲ့ အထက်မှာ ဦးဆောင်ရပ်တည်ရင်း ဆုတ်ယုတ်နေတဲ့ ခွင်းလွင်ကမ္ဘာကို သာယာဝပြောမှုဆီ လမ်းကြောင်းပေးနိုင်လိမ့်မယ်!”
ဤအချင်းအရာကို တွေးမိသောအခါ ကောင်းပုလီမှာ ထူးထူးခြားခြား ရင်ခုန်စိတ်လှုပ်ရှားလာသည်ကို ခံစားမိ၏။
ထိုစဉ်က သူသည် ဧကရီဖူယောင်၏ တံခါးစောင့်အဖြစ် အမှုထမ်းခဲ့ပြီး အကန့်အသတ်မဲ့ ဘုန်းတန်ခိုးအရှိန်အဝါကို ခံစားခဲ့ရသည်။ ယခုတွင်လည်း သူသည် ဒဏ္ဍာရီလာ ကောင်းကင်ဘုံသားတော်၏ တံခါးစောင့်ခွေးအဖြစ် ထမ်းဆောင်ကူညီဖို့ရာ နောက်ထပ် အခွင့်အရေးတစ်ခု ရလာပြန်လေပြီ။ သူ၏ အနာဂတ်ခွေးဘဝလမ်းကြောင်းကာ ဒီ့ထက်ပိုပြီးချောမွေ့စရာ မရှိလေတော့။
ဒါက ခွေးတစ်ကောင်ရောက်နိုင်တဲ့ အမြင့်ဆုံးအဆင့်ပဲ။ လူသားတွေတောင် ထိုင်အားကျနေရုံကလွဲပြီး ဘာမှတတ်နိုင်ကြမှာမဟုတ်ဘူး!
ခွေးအဖြစ် မွေးဖွားလာတဲ့အတွက် ငါ အရမ်းဂုဏ်ယူမိတယ်။
နောက်တော့၊
လူတိုင်း ဝလင်စွာ စားသောက်ပြီးနောက် လင်တုရှိုမှ နေရာထိုင်ခင်းများကို စီစဉ်ခင်းကျင်းပေးခဲ့သည်။
နောက်ရက်များတွင်လည်း ယဲ့ကျွင်းလင်တို့ ဆရာတပည့်အပေါင်းမှာ ရွှယ်ထျန်းသူတော်စင်နယ်မြေတွင် အလွန် သက်သောင့်သက်သာ ဟန်ကျပန်ကျ နေထိုင်နိုင်ခဲ့ကြ၏။
သို့သော် အပြင်ကမ္ဘာတွင် ထိုက်ချူသူတော်စင်နယ်မြေကို ဖယ်ရှားသုတ်သင်ခြင်းကြောင့် ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ် အပြောင်းအလဲများက အလယ်ပိုင်းဒေသတွင် ဆက်လက် ပြင်းထန်နေခဲ့သည်။
မည်သို့ပင်ဆိုစေ ၎င်းသည် တစ်ချိန်က မဟာသူတော်စင်နယ်မြေကြီး လေးခုထဲမှ တစ်ခုအပါအဝင်ဖြစ်သည်နှင့်အညီ နှစ်များစွာကြာအောင် ကျင့်ကြံရေးရင်းမြစ်များကို ရေတွက်မရနိုင်သည်အထိ စုဆောင်းထားခဲ့သော သမိုင်းဝင်ဘဏ္ဍာတိုက်ကြီးဖြစ်ပြီး သဘာဝအရင်းအမြစ် ကြွယ်ဝစုံလင်သည့် နယ်မြေများစွာကိုလည်း သိမ်းပိုက်ထားသေး၏။
ထို့ကြောင့် ဤကျောက်တောင်ကြီး ပြိုလဲသွားသောအခါ အလယ်ပိုင်းဒေသရှိ အင်အားစုများစွာသည် လိုအင်လောဘကို မထိန်းချုပ်နိုင်တော့ဘဲ ကျန်ရစ်ခဲ့သော ရင်းမြစ်များအား စတင်၍ အပြိုင်အဆိုင်လုယက်ကုန်ကြတော့သည်။
ဝေလငါးတစ်ကောင် သေလွန်သောအခါ ပင်လယ်ကြမ်းပြင်တွင် အဆီအနှစ်အာဟာရဓာတ်စိမ့်ဝင်ပြီး ရေအောက်သတ္တဝါများသာမက သစ်ပင်ပန်းမန်များပါ သန်မာအားကောင်းလာမည်။
ထိုစကားပုံအတိုင်း ဒီတစ်ခေါက်အခွင့်အရေးကား ဝေလငါးတမျှကြီးမားသည်။
စဉ်ဆက်မပြတ်ဖြစ်ပွားနေသော ရုန်းရင်းဆန်ခတ် တိုက်ပွဲများကြား စန်းမင်တာအိုဂိုဏ်းသည် ရုတ်တရက် အစွမ်းကိုငုပ်လျှိုးဖုံးကွယ်ထားခဲ့သော မြင်းနက်တစ်ကောင်ကဲ့သို့ ပေါ်ထွက်လာပြီး နတ်ဓားတစ်လက်အလား နေရာတိုင်းကို အပြောင်အစင်ရှင်းလင်းသုတ်သင်ခဲ့သည်။
တားဆီးမရနိုင်သော အရှိန်အဟုန်ဖြင့်။
အပြိုင်အဆိုင် လုယက်ခွဲဝေဖို့ ပြင်ဆင်နေကြသော မသေမျိုးဂိုဏ်းငယ်လေးများမှာ မဟာတာအိုဂိုဏ်းတစ်ခု၏ ဝင်ရောက်စွက်ဖက်မှုတွင် ရှေ့မတိုးရဲလောက်အောင် တွန့်ဆုတ်သွားခဲ့ကြသည်။
လူအများတွေ့ရှိခဲ့ရသော ကြောက်စရာအချက်မှာ စန်းမင်တာအိုဂိုဏ်းမှ ကျင့်ကြံသူများသည် ကောင်းကင်မှ ဆင်းသက်လာသော နတ်စစ်သည်တော်များကဲ့သို့ပင် ထင်ရပြီး ၎င်းတို့၏ စုစုပေါင်းခွန်အားသည် အလယ်ပိုင်းဒေသရှိ ဂိုဏ်းများအားလုံးပေါင်း၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းကို ကျော်လွန်နေကာ ဂိုဏ်းချုပ် ယဲ့ဝူရှန်းသည် ကောင်းကင်နတ်ဘုရား ဝင်ပူးထားသကဲ့သို့ တန်ခိုးအာနုဘော် အကန့်အသတ်မဲ့ကြီးမားနေခဲ့လေ၏။
လအနည်းငယ်အတွင်း၌ပင် စန်းမင်တာအိုဂိုဏ်းသည် လျှပ်စီးကဲ့သို့ မြန်နှုန်းဖြင့် ထိုက်ချူသူတော်စင်နယ်မြေ ချန်ရစ်ထားခဲ့သော နယ်မြေအများစုကို လျင်မြန်စွာ သိမ်းပိုက်ခဲ့ပြီး ၎င်း၏ သြဇာလွှမ်းမိုးမှုအား မကြုံစဖူး အတိုင်းအတာအထိ ချဲ့ထွင်နိုင်ခဲ့သည်။
ထိုသို့သော ပြိုင်ဘက်ကင်း ထွန်းကားအောင်မြင်လာမှုသည် အင်အားစုအားလုံးကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပြီး မထင်ထားသောအချိန်တွင် အလစ်အငိုက်မိစေခဲ့သည်။
စန်းမင်တာအိုဂိုဏ်းသည် မူလက မဟာတာအိုဂိုဏ်းကြီးရှစ်ခုတွင် အင်အားအနည်းဆုံးဖြစ်ကြောင်း လူတိုင်းအသိပင်။ နောက်ပိုင်းတွင် ကျန်မဟာတာအိုဂိုဏ်းကြီး ခုနစ်ခုသည် မသေမျိုးစစ်တပ်ကို စုရုံးပြီး သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့ကို ချေမှုန်းသတ်ဖြတ်ရန် အရှေ့ပိုင်းဒေသအား ချီတက်ခဲ့ကြ၏။
ရလဒ်အနေဖြင့် သူတို့အားလုံး တစ်စမကျန် ဖျက်ဆီးခံခဲ့ရသည်။
ဤသို့ဖြင့် တစ်ခုတည်းကျန်ရစ်ခဲ့သော စန်းမင်တာအိုဂိုဏ်းသည် အင်အားတစ်စက်တလေမှ မယုတ်လျော့ခဲ့လေရာ ကျန်မဟာတာအိုဂိုဏ်းကြီး ခုနစ်ခု၏ ဆုတ်ယုတ်ချိန်ကို အခွင့်အကောင်းယူလျက် နယ်မြေသစ်များအား အရူးအမူးချဲ့ထွင်ပြီး ကျန်ရစ်သော လက်တစ်ဆုပ်စာဂိုဏ်းသားလေးများကိုလည်း အခွင့်အရေးရှိတုန်း လက်နက်ချကာ ရင်းမြစ်နယ်မြေများ လွှဲပြောင်းပေးရန် အကျပ်ကိုင်ခဲ့သည်။
ထိုကာလအတွင်း ရိုင်းစိုင်းရူးသွပ်စွာ ကြီးထွားသန်မာလာသော စန်းမင်တာအိုဂိုဏ်းသည် သူတော်စင်နယ်မြေကြီး လေးခုအပြီး ဒုတိယနေရာနှင့် ထိုက်တန်သော သူတော်စင်အရှင်သခင်လောင်းတစ်ပါး ဖြစ်နေလေပြီ။
ထိုက်ချူသူတော်စင်နယ်မြေ ပျက်စီးချိန်တွင် စန်းမင်တာအိုဂိုဏ်းသည် အခွင့်အရေးကို တစ်ဖန် ဆုပ်ကိုင်ခဲ့ပြီး အင်အားတစ်ဖန်စုစည်းလျက် ရေတွက်မရသော မသေမျိုးဂိုဏ်းများအား ဆက်တိုက်ချေမှုန်းကာ ထိုက်ချူသူတော်စင်နယ်မြေ၏ ရင်းမြစ်နယ်မြေအများစုကို သိမ်းပိုင်ဆက်ခံရင်း အလယ်ပိုင်းဒေသတွင် ကြယ်တစ်ပွင့်အဖြစ် တမုဟုတ်ချင်း လင်းလက်ပွင့်လန်းလာခဲ့တော့သည်။
ထို ရုန်းရင်းဆန်ခတ် အာဏာလုပွဲများ တစ်ဖန်ပြန်လည်ငြိမ်သက်သွားချိန်တွင်၊
စန်းမင်တာအိုဂိုဏ်းသည် ကြီးမားသော ကြေညာချက်တစ်ခုအား အပြင်လောကသို့ တရားဝင် ထုတ်ပြန်ခဲ့သည်-
“ယနေ့မှစ၍ ကျွန်ုပ်တို့၏ စန်းမင်တာအိုဂိုဏ်းကို စန်းမင် သူတော်စင်နယ်မြေဟု ပြောင်းလဲခေါ်ဆိုမည်!”
ဤ ကြေညာချက် ထုတ်ပြန်လိုက်သည်နှင့် ထိုက်ချူသူတော်စင်နယ်မြေ ပျက်စီးခြင်းထက် မနည်းသော ရုန်းရင်းဆန်ခတ် အဖြစ်အပျက်များ အလယ်ပိုင်းဒေသတွင် တစ်ဖန်အုံကြွလာပြန်တော့၏။
ကျင့်ကြံသူအများမှာ ထိုကြေညာချက်ဖြင့် ကြီးစွာ တုန်လှုပ်သွားကြပြီး သူတို့သည် သူတော်စင်နယ်မြေ အသစ်တစ်ခု မွေးဖွားခြင်းကို မျက်မြင်တွေ့ရှိခဲ့ရပြီဖြစ်ကြောင်း နားလည်ခဲ့ကြရသည်။
သူတော်စင်နယ်မြေအသစ်တစ်ခု ဖြစ်တည်လာခြင်းဆိုသည်မှာ ကျင့်ကြံရေးလောက၏ သမိုင်းဝင်အချိန်တစ်ခုသာဖြစ်၏။
သူတို့သည် ယနေ့မှစ၍ အလယ်ပိုင်းဒေသတွင် မဟာသူတော်စင်နယ်မြေကြီး သုံးခုသာ ရှိတော့မည်ဟု တွေးထင်ခဲ့ကြသော်လည်း စန်းမင်တာအိုဂိုဏ်း၏ ရည်မှန်းချက်သည် ဤမျှကြီးကျယ်ရဲဝံ့လိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြ။ စန်းမင်တာအိုဂိုဏ်းသည် စတုတ္ထ မဟာသူတော်စင်နယ်မြေ၏ အဆင့်သို့ သူတို့သဘောနှင့်သူ တက်ရောက်နေရာယူကာ ထိုက်ချူသူတော်စင်နယ်မြေ၏အမည်အား အပြီးတိုင် အမြစ်ဖြတ်ဖယ်ရှားခဲ့လိုက်သည်။
အရာအားလုံးမှာ ထင်မထားလောက်အောင် မြန်ဆန်နေခဲ့သည်ပင်။
“ဂိုဏ်းချုပ်ယဲ့က သတ္တိကောင်းလှချည်လား? မဟုတ်ဘူး အခု သူတော်စင်သခင်ယဲ့လို့ ခေါ်ရတော့မှာပေါ့နော်"
“သင်္ခါရတွေပါပဲ! စန်းမင်တာအိုဂိုဏ်း ဆိုတဲ့နာမည်လည်း အတိတ်မှာကျန်ခဲ့ပြီ!”
"အရင်က မဟာတာအိုဂိုဏ်းကြီးရှစ်ခုထဲ အားအနည်းဆုံးကောင်က ဒီလောက်အထိ ကြီးထွားလာနိုင်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး”
“စကားပုံရှိသလိုပေါ့၊ ပန်းတိုင်မရောက်ခင်အထိ အောင်နိုင်သူကို ဆုံးဖြတ်လို့မရနိုင်ဘူးတဲ့လေ! အိပ်မက်ကိုလက်မလျှော့ဘဲ သတ္တိလည်းရှိနေသရွေ့ မဖြစ်နိုင်တာမရှိဘူး!”
...